ပထမဆုံးရုံးတက်ခြင်း
Vol. 20 Ch. 199
လိန်ရှင်းနန်ပြောသော ကလေးဘဝကအိပ်မက်ဆိုသည်မှာ ကလေးမလေးချင်ချင်၏ မိုးနီအိပ်မက်ကမ္ဘာအတွင်း သူမကြုံတွေ့ခဲ့ရသော အိပ်မက်ဆိုးကို ဆိုလိုခြင်းဖြစ်သည်။
ထိုအိပ်မက်ဆိုးမှာ သူမစိတ်ထဲတွင် မမေ့နိုင်အောင်စွဲထင်နေကာ ယခုအချိန် လျစ်လျူရှုလို့မရနိုင်ခဲ့။
ထိုအိပ်မက်ဆိုး ပြောခဲ့သလိုပင် သူမနှလုံးသားထဲ အစိတ်အပိုင်းတစ်ခုလစ်ဟာနေခဲ့သလို တကယ်ခံစားလာရသည်။ သို့သော် သမားတော်လော့ကလည်း ဘာမှပြောမလာသည့်အတွက် သူမဘာသာ ဘာကိုမှကောက်ချက်မချလိုက်ချင်။
အိပ်မက်ဆိုးတဲ့လား။
လိန်စီးယွမ် မျက်နှာအကြီးအကျယ်ပျက်သွားသည်။
"ဘယ်သူလဲ၊ မင်းကို မိုးနီသုံးပြီးများ ပြုစားလိုက်တာလား"
စိတ်ရောခေါင်းရော အလွန်မာသော ဤညီမငယ်လေးအကြောင်း သူကောင်းကောင်းသိပေသည်။ များသောအားဖြင့် သူမစိတ်ထဲမှ ပူပင်ကြောင့်ကြမှုများကို အစ်ကိုရင်းဖြစ်သူကိုပင် ဖွင့်ဟတိုင်ပင်လေ့ရှိသူမဟုတ်။ ဤသို့ပြောပြလာကတည်းက ထိုအိပ်မက်ဆိုသည်မှာ ရိုးရိုးအိပ်မက်တစ်ခုမဟုတ်နိုင်ကြောင်း သူသိလိုက်၏။
ထို့ကြောင့် သူ၏ ပထမဆုံးကောက်ချက်မှာ ညီမဖြစ်သူ မလိုသူထံမှ မိုးနီရေအခတ်ခံရသည်လား ဟူ၍ပင်။
ဤမိန်းကလေးမှာ လူအတော်များများကို ရန်စကျော်ခွခဲ့ဖူးသည် မဟုတ်ပေလော။
လိန်ရှင်းနန်က ခေါင်းခါပြသည်။
"မဟုတ်ဘူး ကလေးမလေးတစ်ယောက်ကို မိုးနီအိပ်မက်ပျောက်အောင်ကူညီပေးနေတုန်း အဲ့ကမ္ဘာထဲမှာ ကျွန်မရဲ့အိပ်မက်ဆိုးနဲ့တွေ့ခဲ့တာ"
"ဘယ်လိုအိပ်မက်ဆိုးလဲ"
လိန်စီးယွမ်က မေးလိုက်သည်။
လက်တွေ့ဆန်သော်လည်း အိပ်မက်တစ်ခုလိုဖြစ်နေသော အိပ်မက်ဆိုးမှတ်ဉာဏ်က သူမ၏ ရင်ထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး စူးရှသောနာကျင်မှုကလည်း ရှိနေဆဲပင်။ လိန်ရှင်းနန်သည် မသိလိုက်စွာဖြင့် ရင်ဘတ်ပေါ်သို့ လက်ဖြင့်ဖွဖွဖိထားပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ မိမိမြင်တွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြလိုက်သည်။
လိန်စီးယွမ်က ငြိမ်သက်စွာနားထောင်ပေးနေခဲ့ပြီး အကြည့်က စားပွဲထက်ရှိ တလှုပ်လှုပ်ယိမ်းနွဲ့နေသော မီးအိမ်မီးတောက်ကိုသာစိုက်ကြည့်နေခဲ့ရင်း အတွေးများနေဟန်ရှိ၏။
အမျိုးသမီး အတော်ကြာသည်အထိ နောက်ကြောင်းပြန်လို့အပြီးတွင် လိန်စီးယွမ်ကဆိုသည်။
"အိပ်မက်လမ်းလျှောက်သူတစ်ယောက် တခြားသူရဲ့မိုးနီအိပ်မက်ကမ္ဘာထဲဝင်နေပြီး သူ့ကိုယ်ပိုင်အိပ်မက်ဆိုးကိုတွေ့ရတယ်ဆိုတဲ့အဖြစ်မျိုး ငါတောင်မကြားဖူးဘူး။ တစ်ဖက်လူရဲ့အိပ်မက်ဆိုးက ကိုယ့်စိတ်ထဲကျူးကျော်လာမျိုးပဲ ကြုံဖူးတယ်"
"မင်းမြင်ခဲ့တဲ့အရာကလည်း တကယ့်အဖြစ်အပျက်ဖြစ်ဖို့ထက် ထင်ယောင်ထင်မှားဖြစ်ဖို့ကပိုများတယ်။ ကလေးမလေး၊ မင်းအလုပ်တွေတအားတွန်းလုပ်ပြီး ပင်ပန်းနေတာမဟုတ်ဘူးလား။ ကောင်းကောင်းအနားယူပြီး စိတ်ကိုပြန်ရှင်းလင်းသင့်တယ်"
"မင်းတွေ့ခဲ့တာ အိပ်မက်ဆိုးပဲဖြစ်ဖြစ် တခြားမိစ္ဆာသတ္တဝါပဲဖြစ်ဖြစ် သူတို့လိုကောင်တွေက ချက်ချင်းဖြေရှင်းလိုက်လို့ရတာမဟုတ်ဘူး။ အချိန်အရမ်းပေးရတယ်"
"သွား၊ အားလပ်ရက်ယူပြီး အပန်းဖြေခရီးလေးထွက်၊ ရည်းစားလေးဘာလေးရှာ၊ ရေကန်ပေါ် လှေလေးဘာလေးသွားလှော်၊ ဈေးပတ်ရင်း ပြဇာတ်တွေဘာတွေလည်းဝင်ကြည့်ခဲ့။ နောက်နှစ်ကျရင် ငါ့ကို ဝဝတုတ်တုတ်တူလေးတစ်ယောက်လောက် မွေးပေးနိုင်အောင်ကြိုးစား..."
အစပိုင်းတော့ လိန်ရှင်းနန်တစ်ယောက် တလေးတစားနားစိုက်ထောင်နေပါသော်လည်း နောက်ပိုင်းရောက်တော့ မျက်နှာချက်ချင်းရဲတက်ကာ အသံမှာ ပြန်လည်မာကျောအေးစက်သွားတော့၏။
"အရာရှိချုပ်အနေနဲ့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအထိ လိုက်စိုးရိမ်နေပေးဖို့မလိုပါဘူး။ အမြဲတမ်း ဒီဘူတာကိုပဲဆိုက်သွားတာ အရာရှိချုပ်မမောသေးရင်တောင် ကျွန်မတော့ နားထောင်ရတာပင်ပန်းနေပြီ"
"ငါတို့အခုပဲ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဆွေးနွေးနေကြတာမဟုတ်လား"
လိန်စီးယွမ်က စားပွဲကိုရိုက်ချကာ ဆူပူလာသည်။
"မင်းအသက်ဘယ်လောက်ရှိပြီလဲ ကိုယ့်ကိုယ်ပြန်ကြည့်။ မကြာခင်ပဲသုံးဆယ်ပြည့်တော့မှာ၊ နောက်ဆယ်နှစ်ဆို လေးဆယ်၊ ဟော ဘာမှမကြာဘူး ငါးဆယ်ဆီရောက်တော့မှာ။ အဲ့အရွယ်ရောက်မှာ မင်းကို ဘယ်ယောက်ျားကလိုချင်လိမ့်ဦးမယ် ထင်နေတာလဲ"
"ကောင်းပြီလေ၊ အဲ့လိုဆိုလည်း အပျိုကြီးလုပ်တာပေါ့"
"ဒါကိုထပ်ပြောပြန်ပြီ။ ငါမင်းကိုထမရိုက်ရဲဘူးများ ထင်နေလား"
လိန်စီးယွမ်က မျက်နှာညိုညိုဖြင့် ထရပ်လိုက်သည်။
"အဖေနဲ့အမေသာ မင်းကိုစောင့်ရှောက်ဖို့အပ်မသွားရင် ငါမင်းကို ညီမလို့သဘောမထားတာတောင်ကြာလောက်ပြီ။ ဒီလောက်ဆိုးသွမ်းရိုင်းစိုင်းနေတာ အဲ့အပြုအမူတွေ ဘယ်ကတတ်လာသလဲ"
ညကင်းလှည့်တပ်ဖွဲ့ချုပ်တစ်ခုလုံးတွင် လိန်ရှင်းနန်ကို ဤမျှ ဗြောင်ကျကျဆူပူငေါက်ငမ်းရဲသူမှာ အစ်ကိုကြီးလိန်စီးယွမ်တစ်ယောက်သာ ရှိ၏။
လိန်ရှင်းနန် နှုတ်ခမ်းကိုအသာကိုက်လိုက်သည်။
"ကောင်းပြီလေ ဒါဆိုလည်း သူများမယားငယ်သွားလုပ်လိုက်မယ်"
"ဟမ့်၊ မင်းဟာမင်း မယားငယ် နေနေသာသာ၊ အိပ်ဆောင်အစေခံမိန်းကလေးသွားလုပ်မယ်ဆိုရင်တောင် အိုးစည်ဗုံမောင်းထုပြီး လိုက်ပို့ပေးလိုက်ဦးမယ်"
"အစ်ကိုကြီး"
လိန်ရှင်းနန်မှာ ဒေါသကြောင့် အသက်ရှူသံများပင်ပြင်းလာပြီး အစ်ကိုဖြစ်သူကို တစ်ခဏမျှစူးစိုက်ကြည့်ပေးလိုက်ကာ အံကိုတင်းတင်းကြိတ်၍ ပြန်လှည့်ထွက်ဖို့ပြင်လိုက်သည်။
"မနက်ဖြန် ညစာလာစားဖို့မမေ့နဲ့ဦး" လိန်စီးယွမ်က ဘာမှမဖြစ်သလိုအသံဖြင့် ပြောသည်.
"မစားဘူး"
"မင်းမရီးကခေါ်ခိုင်းလိုက်လို့၊ မင်းလိုကောင်မလေးကို ငါက အိမ်ပေါ်တောင်ခေါ်တင်ချင်မယ်ထင်လား"
လိန်ရှင်းနန်က ဘာမှပြန်မပြောဘဲ တံခါးကိုဆောင့်ပိတ်ကာ ထွက်သွားလေသည်။
"ဒီကောင်မလေးကတော့"
လိန်စီးယွမ် ခေါင်းကိုတဖြည်းဖြည်းခါကာ ခုံတွင်ပြန်ထိုင်လိုက်ရင်း မျက်နှာအမူအရာက ရုတ်ချည်းလေးနက်သွားသည်။ သူ နားထင်များကိုခပ်သာသာပွတ်ကာ ညည်းညူမိ၏။
"ဒီတိုင်းသာဆက်ဖြစ်နေရင်း ငါလည်းအဲ့ကိစ္စကို ဆက်လျှို့ဝှက်ထားနိုင်တော့မယ်မထင်ဘူး"
—
ဇနီးဖြစ်သူမှာ သူ့ကို စနောက်နေခြင်းမဟုတ်ပေ။ တကယ်ပင် စကားအတိုင်း အခန်းခွဲအိပ်လေသည်။
ထို့ကြောင့် အိမ်အသစ်၏ ပထမဆုံးညတွင် လီနန်ခယ့်သည် မိမိအား အံ့ဩဝမ်းသာစေခဲ့သော အလွန်ကြီးမားလှသည့်ကုတင်ကြီးထက် ဟိုဟိုသည်သည်လှိမ့်ရင်း ညတာကို တစ်ယောက်တည်းကုန်ဆုံးစေခဲ့ရသည်။
သူ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးသည်နှင့် ယုန်မလေးရောက်ရှိလာခဲ့သည်။
ဤသည်မှာ လိန်ရှင်းနန် မနေ့က သေသေချာချာမှာကြားခဲ့သော တာဝန်ဖြစ်သည်။ လီနန်ခယ့်အတွက် တရားဝင်တာဝန်ထမ်းဆောင်ရမည့် ပထမဆုံးနေ့ဖြစ်ပြီး တိမ်တိုက်မြို့တော် ညကင်းလှည့်အဖွဲ့ချုပ်၏ ရုံးစိုက်ရာနေရာကို မသိသေးသဖြင့် သူမက လမ်းပြအဖြစ် ခေါ်ဆောင်လာပေးရမည်ဖြစ်သည်။
အလွန်ဖွယ်ရာမွှေးပျံ့သော မနက်စာကို မြင်တွေ့လိုက်ရသောအခါ ယုန်မလေးမုန့်၏မျက်လုံးများ လင်းလက်သွားပြီး အားနာမှုမရှိဘဲ ဝင်ရောက်စားသောက်တော့သည်။
မနက်စာစားပြီးနောက် သူတို့နှစ်ဦး ညကင်းလှည့်အဖွဲ့ချုပ်ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
လမ်းကြားများထဲဖြတ်သန်းရင်း ယုန်မလေးက နယ်ခံအဖြစ် သူမသိသမျှအထွေထွေကို လိုက်လံမိတ်ဆက်ပေးခဲ့သော်လည်း အများစုမှာ စားသောက်ဖွယ်ရာများသာဖြစ်သည်။ နောင်တွင် လီနန်ခယ့်အနေဖြင့် မိမိကိုစိတ်ဆိုးအောင် ထပ်လုပ်မိပါက ဤစားသောက်ဆိုင်များတွင် လိုက်လံကျွေးမွေးချော့မော့နိုင်ကြောင်းကိုပါ အရိပ်အမြွက် ပြောကြားခဲ့သေး၏။
လီနန်ခယ့် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် တိမ်တိုက်မြို့တော် ညကင်းလှည့်အဖွဲ့ချုပ်၏ ရုံးစိုက်ရာနေရာမှာ အလွန်ရိုးရှင်းလှပေသည်။
ဖွင့်လှစ်ထားသော နီညိုရောင်တံခါးကြီးနှစ်ချပ်မှာ ဆေးများကွာကျနေပြီး အပြင်ဘက်တွင်မူ ဝတ်စုံနက်ဝတ်ဆင်ထားသော ညကင်းလှည့်အဖွဲ့ချုပ်မှ လူလေးဦးသာ ကင်းစောင့်အဖြစ်ရှိကြသည်။
ဘေးဘီဝဲယာကိုကြည့်လိုက်လျှင် မြင်ရမည်ဖြစ်သော တံတိုင်းမြင့်များအားလုံးမှာလည်း ဟောင်းနွမ်းနေပုံရသည်။
အိုမင်းရင့်ရော်နေသော သစ်ပင်ကြီးအချို့၏ သစ်ကိုင်းများက အပေါ်စီးတွင် တွန့်လိမ်ဖုံးအုပ်နေကြ၏။
အမြင်တွင် လင်းလင်းချင်းချင်းမရှိလှ။
ကင်းစောင့်သူများထံ သက်သေခံတံဆိပ်ပြားကို ပြသပြီးနောက် သူတို့နှစ်ဦးသည် ချောမွေ့သောကျောက်ပြားလမ်းအတိုင်း သီးခြားခွဲထုတ်ထားသော ခြံဝင်းငယ်တစ်ခုဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။
"ဒါက ကျွန်မတို့ရဲ့ငှက်နီဌာန အလုပ်လုပ်တဲ့နေရာပဲ"
ယုန်မလေးမုန့်က ဘေးနားကခြံဝင်းကို လက်ညှိုးထိုးပြကာ ဆိုသည်။
"ဒီဘေးကလိပ်နက်ဌာန၊ အရှေ့ဘက်က ကျားဖြူဌာန၊ ပြီးတော့ ပင်မတံခါးကဝင်ဝင်ချင်း ပထမဆုံးမြင်ရတဲ့ဝင်းကတော့ နဂါးပြာဌာနပဲ။ အဲဒီဘက်တော့လျှောက်မသွားနဲ့ဦး၊ အဲဒီကလူတွေက အရမ်းကြောက်ဖို့ကောင်းတယ်"
ယုန်မလေးမုန့်က နှုတ်ခမ်လေးကိုဆူကာ ပြောကြားလာသည်။ ကြည့်ရသည်မှာ နဂါးပြာဌာနကလူတစ်ယောက်ယောက်ဆီမှ အဆူခံထားရဟန်ပင်။
"အရာရှိချုပ်ရုံးခန်းကတော့ ညာဘက်ကလမ်းကြားလေးအတိုင်းသွားရင် ရောက်တယ်"
ယုန်မလေးမုန့်က မျက်စိတစ်ဖက်မှိတ်ပြကာ သတိပေးလာသည်။
"ကိုယ့်အထက်လူကြီးကိုကျော်ပြီး အဲဒီနေရာကို အလုပ်ကိစ္စတွေသွားတင်ပြလို့မရဘူးနော်။ အရာရှိချုပ်က လှည့်ကွက်သုံးတတ်တဲ့လူတွေကို အရမ်းမုန်းတာ၊ ရှင်က အစ်မလိန်ရဲ့လူဖြစ်နေရင်တောင်မှ အခွင့်ထူးရမှာမဟုတ်ဘူး"
"တိမ်တိုက်မြို့တော် ညကင်းလှည့်အဖွဲ့ချုပ်ရဲ့ အမြင့်ဆုံးအကြီးအကဲက အရာရှိချုပ် ဟုတ်တယ်မလား"
လီနန်ခယ့်က မေးလိုက်သည်။
ယုန်မလေးမုန့်က ခေါင်းညိတ်ပြသည်။
"သေချာတာပေါ့။ ဒါပေမဲ့ ဒီလူက အစ်မလိန်ထက်တောင် ပိုပြီးပြတ်သားသေးတယ်။ သူ တစ်ခါတလေစိတ်ကောင်းဝင်လို့ ပြုံးနေတာကိုကြည့်ပြီး အရူးလုပ်မခံလိုက်နဲ့၊ သူက ကိုယ့်မိသားစုဝင်ကိုတောင် ပြန်ပြီးလှည့်ကွက်သုံးတတ်တဲ့ ရက်စက်တဲ့လူစားမျိုး။ ဒီတစ်ကြိမ် ကျွန်မတို့ တုန်းချီခရိုင်ကို အမှုသွားစုံစမ်းတာတောင်မှ..."
"လျှာရှည်လှချည်လား။ ငါဖြတ်ပေးရမလား"
လိန်ရှင်းနန်၏ အေးစက်သောအသံက ပျံ့လွင့်လာခဲ့သည်။
အတွင်းရေးလျှို့ဝှက်ချက်အချို့ကို အတင်းတုပ်ရန်ပြင်နေသော ယုန်မလေးမုန့်သည် ထခုန်မတတ် လန့်ဖျန့်သွားကာ လည်ပင်းကိုကျုံ့လိုက်ပြီး အနေခက်စွာပြုံးပြရင်း ချစ်စရာကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်တော့သည်။
အဝင်ဝတွင် မတ်တတ်ရပ်နေသော လိန်ရှင်းနန်သည် ကပ်ချပ်နေသော သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး နက်ပြာရောင်ပိုးသားလက်စများက သူမ၏လက်တံသွယ်သွယ်နှင့် အံကိုက်ကျနေသည်။ လက်နှစ်ဖက်စလုံးတွင် ပြာလွင်သောလက်ပတ်များ ဆင်ယင်ထားသဖြင့် သွယ်လျနွဲ့နှောင်းသောကိုယ်ဟန်တွင် ရဲရင့်သောအရှိန်အဝါတစ်ခု ကိန်းအောင်းနေခဲ့၏။
"အရင်ဆုံး ကျွန်မနောက်လိုက်ခဲ့"
လီနန်ခယ့်ကိုအကြည့်ရောက်ရာတွင် လိန်ရှင်းနန်၏မျက်နှာအမူအရာမှာ မဆိုစလောက်ပျော့ပျောင်းသွားပြီး လမ်းကြားလေးတစ်ခုထဲသို့ လျှောက်ဝင်သွားတော့သည်။
လီနန်ခယ့်လည်း မတုံ့ဆိုင်းစွာပင် နောက်ကအပြေးလိုက်သွားတော့၏။