အခန်း ၁၃၃
Vol. 14 Ch. 133
Chapter 133: ပါရမီစွမ်းရည်သစ်။
စုယွမ်က ကြယ်အလင်းအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ တိုးဝင်သွားတော့သည်။
ခုနစ်စဥ်ကြယ်တို့ကလည်း သူ့ဘေးပတ်ပတ်လည်လို့ အပေါ်သို့ပျံတက်၍ တိမ်လွှာတို့ကိုထွင်းဖောက်လို့ အစွန်းအစတစ်ခုမှမကျန်ဘဲ ပျောက်ကွယ်သွားလေ၏။
ကျင့်ကြံသူများမှာ အနှီမြင်ကွင်းကို အသိစိတ်ပင်လယ်ထဲတွင် စွဲမြဲစွာမှတ်သားလိုက်ရင်း ကျင့်ကြံသည့်အခါတွင် ထိုသဘောတရားကိုနားလည်အောင်လုပ်မည်ဟု တေးထားလိုက်ကြသည်။
ထွက်ခွာသွားသောပုံရိပ်ကိုပင် ကောင်းကင်နှင့်မြေကြီး၏နက်နဲသောနိယာမများကို သုံးပြသွားရာ တကယ်ကို မမေ့နိုင်ဖွယ်ရာပါပင်။
ခန်းမတစ်ခုလုံးမှာ အချိန်အကြာကြီးငြိမ်ကျသွားရပြီးမှသာ အိမ်မက်မှလန့်နိုးလာသလို လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။
ဤသို့ဖြင့် ကျင့်ကြံသူများတစ်ယောက်ပြီးတစ်ယောက် ပြန်၍ အသိပြန်ဝင်လာကြ၏။
ရွှေအမြူတေအဆင့်အကြီးအကဲများကလည်း အချင်းချင်းအကြည့်ချင်းဖလှယ်လျက် မျက်ဝန်းများတွင် မယုံကြည်နိုင်အောင်အံ့သြမှုများပြည့်နှက်နေကြသည်။
“ဆန်းကြယ်လိုက်တာ။”
“ငါတော့ ငါ့လက်ရှိအခြေအနေကတော်တော်ဆိုးနေသလိုခံစားရတယ်။ ငါ့အုတ်မြစ်ကလည်း ရွှံ့နွံတွေသဲတွေနဲ့ဆောက်ထားသလို စုတ်ပြတ်နေတာပဲ။ ငါဘာဆက်လုပ်ရမလဲ။”
“ဆရာစုရှင်းပြတာကိုနားထောင်ရင်းငါ့အယူအဆကနည်းနည်းတိုးတက်လာသလိုခံစားရတယ်။ ငါလည်း ဆရာစုရဲ့ထိပ်သီးကျင့်စဥ်တွေကိုကျင့်ချင်တယ်။”
“ဆရာစုက ဂိုဏ်းထဲဝင်တာ နှစ်နှစ်သုံးနှစ်လောက်ပဲရှိသေးတယ်၊ ဆယ်စုနှစ်ပေါင်းများစွာကျင့်ကြံလာတဲ့ငါ့ကိုကျော်သွားတာ။ တကယ်ရှက်မိတယ်ကွာ။”
အနောက်ရှိအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့်ချီစုဆောင်းခြင်းအဆင့်များကလည်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချနေကြသည်။
သို့သော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများက ပို၍တောင် အံ့သြနေကြ၏။ နောက်ကျမှရောက်လာသူအများစုက စုယွမ်၏ထိပ်သီးကျင့်စဥ်များကို မလေ့လာဖူးသည်လေ၊ ထို့အတွက် သူတို့မှာ စုယွမ်ပြောသည်များကိုကြောင်တောင်တောင်သာ ထိုင်နားထောင်လို့ အသိဥာဏ်အချို့ရခဲ့သော်ငြား နည်းနည်းလေးသာဖြစ်လေသည်။
ဆန့်ကျင်ဘက်အားဖြင့် ချီစုဆောင်းခြင်းကျင့်ကြံသူများက ပို၍အကျိုးကျေးဇူးများရကြ၏။ ချီစုဆောင်းခြင်းကျင့်ကြံသူအများစုမှာ ကျင့်ကြံရင်းရရှိလာသောအရှုပ်အထွေးများလည်းပြေသွားပြီး ရုတ်တရက် နက်နဲသောအလင်းပွင့်ခြင်းများကိုတောင် ခံစားလိုက်ရသူများရှိလေသည်။
ကုယို၏မျက်ဝန်းများက လွန်စွာတောက်ပနေကြ၏။ သူ၏မြင်ကွင်းထဲတွင်မူ ခုနစ်စဥ်ကြယ်က လင်းလက်စွာတောက်ပနေသည်။ သူ ယခင်က လေ့လာခဲ့သောအရာအကုန်လုံးက ယခုပို့ချချိန်အတွင်း အကုန်ပေါင်းစပ်သွားကြတာဖြစ်သည်။ သူက ခုနစ်စဥ်ကြယ်၏လှုပ်ရှားမှုကိုမြင်လိုက်ပြီး ၎င်းတို့ထံမှ လမ်းညွှန်ခြင်းခံလိုက်ရသည့်အတွက် သူ့နားလည်မှုမှာ ထပ်ပေါင်းတိုးတက်လာလေ၏။
သူက ထိပ်တန်းအဆင့်အုတ်မြစ်ရဖို့လောက်တော့ ချွင်းချက်မရှိ ယုံကြည်ချက်ရှိနေချေပြီ။ အမှန်တကယ်တွင် သာမန်ထိပ်တန်းအုတ်မြစ်များထက်တောင်သာလွန်လောက်၏။ သူတော့ဖြင့် သူ့စိတ်ကူးထဲကအနှီအုတ်မြစ်တွင် မည်သို့သောအပြစ်အနာအဆာရှိလာမည်ကိုတောင်တွေးမရ၊ ၎င်းက အဆုံးစွန်ပြီးပြည့်စုံလှသည်လေ။
သို့သော်လည်း သူ စုယွမ်၏ပထမကိုးပိုင်းက ချီစုဆောင်းခြင်းအဆင့်နှင့်သာ သက်ဆိုင်ကြောင်းသိ၏။
ဤသည်မှာ တကယ်ကို မယုံနိုင်စရာပါပေ။
သူ အတွေးများကိုပြန်ရုတ်သိမ်းလိုက်ရင်း ရှဲ့ယင်းယင်းနှင့်အခြားသူများကိုကြည့်ကာ ဆိုလိုက်သည်။
“ငါတို့ မျက်နှာရဖို့အချိန်ရောက်ပြီ။”
အခြားသူများလည်း ဤသည်ကိုကြားတော့ ချက်ချင်းကို မျက်နှာများဝင်းပသွားကြ၏။
မကြာမီတွင် ချီစုဆောင်ခြင်းအဆင့်တပည့်သစ်လေးခုနစ်ဦးမှာ ခန်းမထဲမှထွက်လာပြီး သိပ်၍မကြာမီတွင် ယခင်က ခိုက်ရန်ဖြစ်ခဲ့သောတပည့်တစ်အုပ်ကိုသွားရှာတော့၏။
“မင်းတို့ ဘာလိုချင်လို့လဲ။”
အနှီအတွင်းဆောင်တပည့်များက လမ်းပိတ်ရပ်နေသောကုယိုတို့တစ်စုကို အထင်သေးဟန်ဆိုလာသည်။
“ရန်ဖြစ်ချင်လို့လား။ ငါတို့က ချီစုဆောင်းခြင်းအဆင့်ခုနစ်၊ မင်းတို့ကဖြင့် လေး၊ငါးလောက်ပဲရှိဦးမယ်။ သွားစမ်းပါ၊ ကလေးတွေနဲ့ရန်ဖြစ်ဖို့အာရုံမလာဘူး။”
သိသိသာသာကိုပင် တစ်စုံတစ်ယောက်၏အမိန့်ပေးခိုင်းစေမှုမရှိသည့်အခါ ဤလူများတွင် ကုယိုတို့အုပ်စုနှင့်ခိုက်ရန်ဖြစ်ရန် နည်းနည်းမှစိတ်မဝင်စားကြ။
ကုယိုကတော့ ရိုးရိုးလေးသာပြန်ပြောလိုက်သည်။
“ဓါးစာလေးမြည်းကြည့်လိုက်။”
သူ လက်ချောင်းများကို စုပ်လိုက်၏။
သူ၏လက်ထဲတွင် ဓါးရှည်တစ်ခုကချက်ချင်းပေါ်လာပြီး လေထဲဝဲပျံသွားကြသည်။
“ခုနစ်စဥ်ကြယ်ဓါး။”
သူ လက်သင်္ကေတတစ်ခုလုပ်လိုက်သည်။ ဓါးရှည်မှာ လေထဲတွင်ပင် ခုနစ်ချောင်းအသွင်ပြောင်းသွားကြ၏။ ခုနစ်ချောင်းသောဓါးရှည်တို့မှာ ခုနစ်စဥ်ကြယ်အစီအရင်ပုံစံဖွဲ့စည်းသွားကြသည်။ ထို့နောက်တွင်မူ ကြယ်အလင်းတစ်ခုမှ အစီအရင်ပေါ်သို့ကျရောက်သွားပြီး ပိုမိုအားပြည့်လာတော့၏။
“သွားတော့။”
နောက်တစ်ခိုက်တန့်တွင် ဓါးရှည်တို့မှာ အနှီအတွင်းဆောင်တပည့်ဆီသို့ ပြေးဝင်သွားကြသည်။
ထိုသို့မှ သူတို့၏အမူအရာက ပြောင်းလဲသွားကြပြီး ပြန်လည်ခုခံတော့၏။
သူတို့လည်း အဝါရောင်အမြင့်တန်းအဆင့်မန္တန်များကို အသီးသီးထုတ်၍ တိုက်ခိုက်သူကတိုက်၊ ခုခံသူကခံလုပ်ကြတော့သည်။
အသက်နှစ်ချက်စာရှုချိန်တွင် နှစ်ဖက်လုံး ထိပ်တိုက်တွေ့သွားကြ၏။
ခုနစ်စဥ်ကြယ်ဓါးရှည်တို့ကတော့ သိသိသာသာကို အောင်မြင်သွားပြီး ထိုသူတို့၏အကာအကွယ်များကို ဖောက်ထွင်းနိုင်သွားတော့သည်။
ကုယိုလည်း ဓါးများကိုထိုးစိုက်ရမည့်အစား ဖြတ်ရိုက်သည့်အနေအထားပုံစံပြောင်း၍ အတွင်းဆောင်တပည့်တစ်အုပ်ကိုလွှင့်ထွက်သွားစေ၏။ ထိုသူတို့မှာ တစ်ယောက်ပြီးတစ်ယောက်မြေပြင်ပေါ်လွှင့်သွားပြီး ထိခိုက်ဒဏ်ရာအသီးသီးရသွားကြတော့သည်။
ကုယို၏မျက်နှာမှာလည်း ဖြူဖျော့သွားသော်ငြား ချက်ချင်းဆိုသလို ပြန်အဆင်ပြေသွား၏။ သူ ဒန်ထျန်ကိုစစ်ကြည့်လိုက်တော့ သူ၏ဝိညာဉ်စွမ်းအင်များက တော်တော်လေးကုန်ခမ်းသွားတာကို တွေ့လိုက်ရသည်။ သူ ကူရာမဲ့စွာတွေးလိုက်မိ၏။
“စွမ်းအင်ကအရမ်းကြီးတော့ သုံးတာလည်းတော်တော်များတာပဲ။ ငါ အကြီးအကဲစုရဲ့ကျင့်စဥ်မှာ အားနည်းချက်ကိုတွေ့ပြီ၊ ဝိညာဉ်စွမ်းအင်အရမ်းကုန်တာလေ။”
သူအခြားဖက်ကိုလှည့်ကြည့်လိုက်တော့ ရှဲ့ယင်းယင်း၊ မိန်ချမ်လဲ့နှင့် လီယွဲ့ရှင်းတို့ကလည်း အတွင်းတပည့်တစ်ယောက်ဆီကို အနိုင်ရနေတာမြင်လိုက်ရသည်။ ကျန်ခဲ့သည့်ထိပ်သီးဝိညာဥ်ရင်းမြစ်ပိုင်ရှင်များကတော့ တိုက်ရမည့်သူတောင်မရှိသဖြင့် ရပ်နေရလေသည်။
ကုယိုတို့အုပ်စုမှာ ဤသို့ဖြင့် အောင်မြင်မှုကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းရရှိသွားတော့၏။
ဘေးပတ်လည်ရှိတပည့်မျာ့ကလည်း အံ့သြတကြီးဝိုင်းလာကြသည်။
“ဘယ်လိုဖြစ်တာလဲ။ သူတို့ကအခုမှ ချီစုဆောင်းခြင်းအဆင့်အလယ်ပိုင်းရှိသေးတာကို၊ နှောင်းပိုင်းအဆင့်တွေကိုနိုင်သွားတာလား။”
အချို့တပည့်များကတော့ ဘာဖြစ်နေမှန်းမသိသေး။
“မသိဘူး။ သူတို့က ခန်းမထဲကထွက်လာပြီးဝင်ချတာပဲမြင်လိုက်ရတာ။ အဲ့ဒီသင်ခန်းစာက ချက်ချင်းကြီးခွန်အားတိုးသွားစေတာလား။”
“ငါတော့ ရွှေအမြူတေအဆင့်အကြီးအကဲတစ်ထောင်တောင် အဲ့ပို့ချချက်ကိုသွားနားထောင်တယ်ကြားတယ်။ တကယ်ပဲလား။”
“တကယ်တဲ့ဟေ့ သောက်ကျိုးနည်း”
“အကြီးအကဲစုကတကယ်ပဲဘယ်သူများလဲ။ သူက အရမ်းအင်အားကြီးတာပဲ။”
“ဒီတပည့်သစ်တွေကလည်း တော်တော်ကြမ်းတယ်မထင်ဘူးလား။”
လာရောက်ကြည့်ရှုသူများမှာ ဆက်တိုက်ကိုဆွေးနွေးနေကြ၏။
ကုယို၏နှလုံးသားမှာ တုန်လှုပ်သွားလေ၏။ သူလည်း ဘေးပတ်လည်ကို အရိုအသေပြုဟန်လက်ဆုပ်လိုက်ပြီး ပြောလိုက်သည်။
“ဒီက ဂိုဏ်းတူအစ်ကို၊အစ်မတို့ ကျွန်တော်တို့က အကြီးအကဲစုရဲ့ထိပ်သီးကျင့်ကြံရေးကိုသင်ခဲ့ကြလို့ပါ။ ကျွန်တော်တို့ရဲ့ခွန်အားမှန်သမျှကလည်း အကြီးအကဲစုရဲ့အမွေကြောင့်ပါပဲ။”
သူလည်း စုယွမ်အကြောင်း အနည်းငယ်ဆက်၍အမွန်းတင်ရန် ပြင်လိုက်သည်။
ထို့နောက်တွင်မူ သူ အနက်ရောင်ဝတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များကိုတွေ့လိုက်ရ၏။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ခေါင်းဆောင်က သူတို့ကိုကြည့်ရင်း မျက်နှာမှာ မဲ့မှောင်သွားတော့သည်။
“မင်းတို့ပဲလား။ အကြောင်းအရင်းမရှိခိုက်ရန်ဖြစ်ပွားတဲ့အတွက် သုံးရက်အကျဥ်းကျမယ်။”
ကုယိုတို့ခုနစ်ဦးသားမှာ အကြည့်ချင်းဖလှယ်ရင်းပြုံးရွှင်ကာ လိုလိုလားလားအဖမ်းခံလိုက်ကြတော့၏။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များကလည်း သူတို့ကို ခေါ်ဆောင်သွားကြ၏။
ခေါင်းဆောင်ဖြစ်သူကသာကျန်ခဲ့ရင်း အတွေးနက်နေလေသည်။
“အကြီးအကဲစုရဲ့ထိပ်သီးကျင့်စဥ်တွေကအဲ့ဒီလောက်အစွမ်းထက်တာလား။ ဒီမတိုင်ခင်တုန်းက ဒီကောင်လေးတွေက ဟိုလူတွေရဲ့ပြိုင်ဘက်မှမဟုတ်တာ။ အခု အချိန်တိုလေးအတွင်းပြန်တိုက်ခိုက်နိုင်သွားကြပြီ။ ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်တွေဆိုပေမဲ့လည်း ပုံမှန်ဆို ဒီလောက်မမြန်နိုင်ဘူး။ ငါလည်း သွားလေ့လာကြည့်မှထင်တယ်။ ငါ့ရဲ့ခေါင်းဆောင်နေရာဆိုတာလည်း အနာဂတ်မှ သေချာရေရာတာမှမဟုတ်တာ။”
...
တစ်ဖက်တွင်မူ စုယွမ်က တရားထိုင်နေ၏။
စနစ်မြည်သံတို့ဟာ သူ့နားထဲ ဆက်တိုက်မြည်ဟီးနေလေသည်။
【ဒင်၊ ကျော်ကြားမှုအမှတ်+50】
【ဒင်၊ ကျော်ကြားမှုအမှတ် +7】
【ဒင်၊ ကျော်ကြားမှုအမှတ် +500】
【ဒင်၊ ကျော်ကြားမှုအမှတ် +90】
စုယွမ်လည်း အနှီအမှတ်၅၀၀တောင်ရသွားစေသည့်လူကိုကြည့်လိုက်တော့ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်မဟုတ်ဘဲ စိတ်ဝိညာဉ်ဖွံ့ဖြိုးအဆင့်ဆီကမှန်းတွေ့လိုက်ရ၏။ ကြည့်ရတာ အနှီလူ၏စိတ်ထဲ စုယွမ်ကို တော်တော်နက်နက်နဲနဲမှတ်မိသွားသည့်ပုံပေ။
ယခုတစ်ခေါက် သင်ခန်းစာပို့ချခြင်းမှာ ဂိုဏ်းတွင်းတွင် စုယွမ် ပထမဆုံးအကြိမ်တရားဝင်ပေါ်ထွက်လာခြင်းဖြစ်သည်။ သူက စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲများရှေ့တွင် တာအိုပညာရပ်အပေါ်နက်နဲသောနားလည်မှုများကိုပြသခဲ့သည်ဖြစ်ရာ ထိုသူတို့အလွန်အံ့သြသွားသည်မှာပုံမှန်ပေ။ သူသည်ကား ဂိုဏ်းတွင်းဝင်တာ နှစ်နှစ်၊သုံးနှစ်မျှသာရှိသေးသော်လည်း သူ ပြောခဲ့သည့်အယူအဆများကတော့ နှစ်ခုသုံးခုမျှသာမဟုတ်သည်လေ။
ဤတစ်ကြိမ်တွင် သူရရှိလာတာများကလည်း တကယ်ကိုအကျိုးရှိလှ၏။
ခုနစ်စဥ်ကြယ်၏ပုံစံအမှန်ကိုမြင်လိုက်ရရာ၊ ၎င်းမှာအကြည့်တစ်ချက်လောက်မျှသာဖြစ်လင့်ကစား သူ့အတွက်တော့ လုံလောက်ပါ၏။
သတ္ထ၊သစ်သား၊မီးအယူအဆတို့ကိုအရံအဖြစ်ထားရင်း ကြယ်နိယာမကို အဓိယူဆကာ သူ၏အသိဥာဏ်များက တော်တော်လေးတိုးတက်လာခဲ့သည်ပေ။
ဤသည်များမှာ အခိုင်အမာတိုးတက်လာခဲ့သည်များဖြစ်၏။
ထို့နောက်တွင် စုယွမ်လည်း ကျော်ကြားမှုအမှတ်ပေါင်းကိုကြည့်လိုက်သည်။
စုယွမ်၏မျက်လုံးများမှာ စနစ်မျက်နှာပြင်ထက်ဝေ့ဝဲသွားပြီး တောက်ပသွားတော့၏။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: လူသိများကျော်ကြား(100001/ 100000)
【ကျင့်ကြံမှုအဆင့်】: အစောပိုင်းအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (95/100)၊ ရွှေမှုန်အဆင့်နှောင်းပိုင်း။
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၀.၅နာရီ။
【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။
【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။
【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။
【ပါရမီစွမ်းရည်ငါး】: ရွေးချယ်ရန်။
စုယွမ်လည်း ချက်ချင်း ပါရမီစွမ်းရည်ငါးကို နှိပ်လိုက်သည်။
စာကြောင်းသုံးကြောင်းမှာ ချက်ချင်း သူ့ရှေ့ပေါ်လာတော့၏။
【ရှိန်ဝါမြင့်】: သင်ဟာ စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ပါး၏အရှိန်အဝါကို ပိုင်ဆိုင်လာလိမ့်မည်။ သင်က သဘာဝကျကျကို လူတိုင်းထက်မြင့်မားသောအရှိန်အဝါကိုပိုင်ဆိုင်ပြီး အခြားသူများ၏အရှိန်အဝါဖြင့်တိုက်ခိုက်ခြင်းကိုလည်း ရှောင်ရှားလာနိုင်မည်ဖြစ်၏။
【ထွင်းဖောက်ခိုး】:
သင်က သူခိုးတစ်ယောက်၏စွမ်းပကားကိုပိုင်ဆိုင်လာလိမ့်မည်။ သင်ဟာ အစီအရင်များကို သက်သေခြေရာတစ်စွန်းတစ်စမကျန်ဘဲ လွယ်လင့်တကူဖောက်ထွင်းလာနိုင်မည်။
【နောက်ဆုံးရှင်သန်ခြင်း】: သင်က အသွင်ပြောင်းခြင်းနည်းလမ်းကိုပိုင်ဆိုင်ပေမည်။ သင်က သင့်၏ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း အာရုံလွှဲရန် ဖြတ်ထုတ်၍ ထွက်ပြေးနိုင်ကာ နောက်တွင်မူ ချက်ချင်း ပြန်ကောင်းလာနိုင်၏။
စုယွမ်မှာ စွမ်းရည်သုံးခုကိုသေချာဖတ်ကြည့်နေ၏။
ပထမစွမ်းအင်က စိတ်ဝင်စားဖွယ်ပင်၊ ထိပ်သီးအင်အားကြီးတစ်ဦးလိုဟန်ဆောင်နိုင်မည်ဖြစ်သည်။ အခြေအနေတော်တော်များများတွင် ၎င်းက လူများကိုလှည့်စားနိုင်ကာ အန္တာရယ်များကလည်းရှောင်ထွက်နိုင်အောင်ကူညီပေးလိမ့်မည်သာ။
တတိယစွမ်းရည်ကလည်း အသက်ကယ်စွမ်းအင်တစ်ခုပါပေ။ စုယွမ် ၎င်းဘက်တော်တော်လေးယိုင်သွားရသည်။ သို့သော် ထိုသို့သောစွမ်းရည်မျိုး စုယွမ်တွင် ရှိပြီးသားပေ။
အရှိန်အဝါအတုခိုးခြင်းကိုလည်း ဝေဟင်ကမ္ဘာပန်းကန်လုံးကကိုင်တွယ်နိုင်၏။ ထို့နည်းတူ ပုံစံပြောင်းခြင်းအတွက်လည်း သူ့တွင်ကျင့်စဥ်ရှိပြီးသားပေ။
မြန်မြန်ကုသနိုင်စွမ်းကမူ သူ၏ခန္ဓာကိုယ်ကလည်း သိပ်မကြာမီအချိန်အတွင်း ထိုစွမ်းရည်ကိုပိုင်ဆိုင်တော့မည်သာ။ ထို့ကြောင့် သူ တတိယစွမ်းရည်ကိုအရင်ဆုံးပယ်လိုက်၏။
ဒုတိယစွမ်းအင်ကလည်း ဆန်းကြယ်သည့်ပုံ၊ ဆန်းကြယ်လှသောအစီအရင်များကိုတောင်ဖြတ်ကာ ပစ္စည်းများခိုးယူနိုင်မည်ဖြစ်၏။ ဤစွမ်းရည်နှင့်ဆိုပါလျှင် သူက အစွမ်းထက်ရတနာများစွာကိုတောင်သိမ်းယူနိုင်လောက်သည်၊ ဥပမာအားဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်များထံမှတောင် ပစ္စည်းတွေခိုးယူနိုင်လောက်၏။
ဤစွမ်းရည်က တော်တာ်လေး ကောင်းမွန်သော်ငြား စုယွမ် တုံ့ဆိုင်းနေမိ၏။
သို့သော်လည်း နောက်ဆုံးတွင် သူ အနှီစွမ်းရည်ကိုပယ်လိုက်တော့သည်။
အဓိကကအချက်၂ချက်ကြောင့်ပေ။ ပထမတစ်ခုမှာ စုယွမ်က သူဟာ အနာဂတ်တွင် အစီအရင်အခင်းအကျင်းများကို ပို၍နားလည်လာမည်ဟုယူဆကာ သူကိုယ်တိုင်လည်း ၎င်းကို လုပ်နိုင်စွမ်းရှိလာနိုင်မည်သာ။
ဒုတိယအနေဖြင့် စုယွမ်က အပြင်ကိုမထွက်လောက်ရာ ထိုစွမ်းရည်ကိုတောင် သုံးဖို့အခွင့်ရလောက်မည့်မပေါ်ပေ။
ထို့ကြောင့် ရှိန်ဝါမြင့်စွမ်းရည်က အဓိကဦးစားပေးဖြစ်သွား၏။
သူ အဓိကအာရုံစိုက်သည်မှာ ပထမစာကြောင်းကိုမဟုတ်၊ အရှိန်အဝါတိုက်ခိုက်မှုများကိုကာကွယ်ပေးနိုင်မည်ဆိုသည်အချက်ပေ။
သူ ဘာကြောင့်ဤစွမ်းရည်ကိုသတိထားမိရသလဲ။
အကြောင်းမှာ သူက အဆင့်ခြောက်ရှိကောင်းကင်ဘုံရတနာကိုပိုင်ဆိုင်ထားပြီး ၎င်းက စွမ်းအားကိုဖိနှိပ်သောစွမ်းအင်ရှိသောကြောင့်ဖြစ်၏။
အဆင့်တူတွင်းမှာတောင် ခွန်အားများသာဖိနှိပ်ခံလိုက်ရပါလျှင် ဘယ်လိုလုပ်တော့မည်နည်း။
အကယ်၍တစ်နေ့တွင် စုယွမ် ဤသို့သောနည်းဖြင့် ပြန်တိုက်ခိုက်ခံလာရနိုင်သည်။ ထိုအချိန်တွင် ဤစွမ်းရည်မှာ ဤသို့သောအရာများမှ ကာကွယ်ပေးလာနိုင်၏။
စုယွမ်အမြင်ရဆိုလျှင် စွမ်းအားဖိနှိပ်ခြင်းကလည်း အရှိန်အဝါဖြင့်တိုက်ခိုက်ခြင်းတစ်မျိုးပေလေ။
ထိုသည်သာမက အရှိန်အဝါဆိုသည်မှာ အဆင့်အရှိန်အဝါ၊ ရတနာအရှိန်အဝါစသဖြင့် အလွန်ရှုပ်ထွေးကာ ပြန်တိုက်ရန် လက်ပေါက်ကပ်လှသည်။
စုယွမ်တွင်လည်း လောလောဆယ်တွင် ထိုသည်တို့ကိုပြန်တိုက်ရန်နည်းမရှိရာ၊ ပထမဆုံးစွမ်းရည်ကိုသာ ရွေးလိုက်ပါတော့၏။
【ရှိန်ဝါမြင့်】ကို သူ နှိပ်လိုက်တော့ပေသည်။