အခန်း ၁၃၅
Vol. 14 Ch. 135
Chapter 135
ကုချင်းကျူးမှာ ရွှင်မြူးသွားတော့သည်။
“စုယွမ်၊ ငါရဲ့ မင်းအပေါ်လေးစားမှုက မြစ်ကြီးတစ်စင်းလို အဆုံးအစမရှိ ... “
“ကျွန်တော် အဲ့ဒါအတွက် ထောက်ပံ့မှတ် ၆၀ရာခိုင်နှုန်းလိုချင်တယ်၊ ၃၀ရာခိုင်နှုန်းက ဂိုဏ်းအတွက်ထားပြီး ကျန်တဲ့၁၀ရာခိုင်နှုန်းက ခင်ဗျားနဲ့ဒီကိစ္စအတွက်အားထုတ်တဲ့သူတွေကိုပေးလိုက်ပေါ့။”
စုယွမ် ထပ်ပေါင်းပြောလိိုက်သည်။
ကုချင်းကျူးမှာ တောင့်တင်း၍သာသွားပြီး မအီမလည်ပြောလိုက်ရတော့သည်။
“ဒါ၊ဒါလည်း ကောင်းတာပဲ။”
သူ့မှာ သူ့အိတ်ကပ်သူပြန်စမ်းရင်း ရင်ကွဲသွားရသည်။ သူ၏ပိုက်ဆံရှာရန်အစီအစဥ်လေးမှာလည်း ပြိုကွဲသွားရချေပြီ။
သူ့မှာ စုယွမ်က ဘယ်လိုများ သူကြံနေသည်များကိုအရှင်းအလင်းသိနေသလဲတောင် စိတ်ဝင်စားသွားရသည်။
သူလည်း သက်ပြင်းချ၍ ပြောလိုက်သည်။
“ဒါနဲ့ မင်းဘာကိစ္စရှိလို့လဲ။”
“ကျွန်တော် နတ်ဆိုးဂိုဏ်းရဲ့လျှို့ဝှက်အစည်းအဝေးကိုရော သူတို့ရဲ့အစီအစဥ်ကိုပါမြင်လိုက်ရလို့။ ဒါက မှတ်တမ်းတင်ကျောက်။ ဒီထဲမှာအကုန်မှတ်တမ်းထင်ထားတယ်၊ကျန်တာဂိုဏ်းချုပ်ပဲ ကြည့်စီစဥ်လိုက်ပါတော့။”
စုယွမ်ကတော့ မှတ်တမ်းတင်ကျောက်ကို ပေး၍ ချက်ချင်း ပြန်ထွက်သွားတော့သည်။
ဂိုဏ်းချုပ်ကုရဲ့အမူအရာလည်း ပြောင်းလဲသွားရပြီး ချက်ချင်း မှတ်တမ်းတင်ကျောက်ကိုယူ၍ ဖွင့်ကြည့်လိုက်၏။
သူက အခန်းတစ်ခု၏အပေါ်စီးအမြင်မှမှတ်တမ်းတစ်ခုကိုတွေ့လိုက်ရပြီး ရင်းနှီးနေသောပုံရိပ်သုံးခုကိုမြင်လိုက်ရသည်။
“လင်းယုန်၊ မြူခိုးငွေ့နဲ့မာန်နတ်ဆိုးပါလား။ ဒီလိုဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်နတ်ဆိုးအိုကြီးတွေအကုန် တကယ်ကြီးစုဝေးနေကြပါလား။”
ကုချင်းကျူး၏အမူအရာမှာ လေးနက်သွားရသည်။
သူ ကိစ္စများ၏လေးနက်ပုံကိုနားလည်လိုက်ပြီပင်၊ ဤသို့ ဂိုဏ်းသုံးဂိုဏ်းပူးပေါင်းတာကအလွန်ရှားလှ၏၊ နတ်ဆိုးဂိုဏ်းများဆိုသည်မှာ များသောအားဖြင့် တစ်ဦးကိုတစ်ဦး ယုံမှားသံသယမှားလွန်းလှရာ ပူးပေါင်းခဲပေသည်။ သူတို့က တစ်ခါတရံ အချင်းအချင်း ပြိုင်ဆိုင်နေလေ့ရှိရာ သူတော်ကောင်းဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်းတို့မှာ အပေါ်ယံတွင် သူမသာကိုယ်မသာဟန်ရှိသော်ငြား တကယ့်တကယ်တွင် နတ်ဆိုးဂိုဏ်းများက သွေးကွဲမှုကြောင့် အနည်းငယ်နိမ့်ကျနေဟန်ရှိ၏။
ယခုတွင်တော့ အသန်မာဆုံးနတ်ဆိုးသုံးဂိုဏ်းက ပူပေါင်းသွားကြရာ ကိစ္စများက ကွဲပြားလာလေပြီ။
တွေးရင်းနှင့် ကုချင်းကျူး ခေါင်းမော့ကြည့်လိုက်ရာ စုယွမ်တစ်ယောက်ထွက်ပြေးသွားမှန်း သတိရသွား၏။
ကုချင်းကျူး၏ပါးစပ်တောင်ဖွင့်လိုက်ပိတ်လိုက်ဖြစ်သွားသည်။ စုယွမ်က တကယ်ပဲ ရှိနေရန်မလိုအပ်သည်လေ။ အနှီသူက ဆက်ခံသူအရှင်ဖြစ်လျှင်တောင် ရွှေအမြူတေအဆင့်သာရှိသေးရာ အဆင့်များကိုကျော်ချနိုင်သည်ဆိုစေဦး အများဆုံးက စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်သာဖြစ်ရမည်၊ ဤဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်တိုက်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်။
ကုချင်းကျူးက အနှီလူသုံးယောက်က ဆက်ခံသူအရှင်အကြောင်းမှတ်တမ်းများကို တလွဲပြောနေတာကြားသော်လည်း သူ မသိချင်ယောင်ဆောင်လိုက်၏။ ဆက်ခံသူအရှင်စစ်စစ်တစ်ယောက်လုံး သူ့ရှေ့ရှိနေသည်ဖြစ်ရာ ဘယ်မှတ်တမ်းကမှန်၊မမှန် သူပြောနိုင်သည်ပင်။ သူဟာ ကန်းမနေသေးသည်လေ။
ဤသို့ဖြင့် သူလည်း လျှို့ဝှက်နယ်မြေထဲအပြေးသွားတော့သည်။
မကြာမီ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများစုဝေးလာပြီး နတ်ဆိုးဂိုဏ်း၏လှုပ်ရှားမှုများကို ကိုင်တွယ်ရန် ဆွေးနွေးလာကြသည်။
စုယွမ်ကတော့ သူ၏ခြံဝန်းဆီကိုသာ ပြန်သွားတာဖြစ်၏။ သို့သော် သူက နတ်ဆိုးဂိုဏ်း၏အစီအစဥ်များအပေါ် ကုချင်းကျုးတွေးသလိုတွေးတာမဟုတ်။
သူက ပထမအချက်နှင့်ဒုတိယအချက်ကိုပို၍သတိထားမိတာဖြစ်သည်။
“ကြယ်စွမ်းအင်ကျင့်ကြံသူဆရာသခင်တစ်ယောက်ကလာပြီး ငါ့ကျင့်စဥ်တွေကို ဖျက်စီးမယ်တဲ့လား။ငါ့ရဲ့ခုနစ်စဥ်ကြယ်စွမ်းအင်က စနစ်ကပေးတဲ့ဟာကြီးလေ။ ဆရာသခင်တွေရောက်လာရင်တောင်ဘာတတ်နိုင်ဦးမှာလဲ။”
စုယွမ် ပြုံးလိုက်မိ၏။ ဤသည်မှာ တလွဲသတင်းကြီးပါပေ။ ထို့အပြင် မည်သူကမှလည်း သူ့အကြောင်းအမှန်ကိုသိသည်မဟုတ်။ အပေါ်ယံအခြေအနေများဖြင့်သူ့အကြောင်းသုံးသပ်သည်က တကယ်ကိုရယ်သွေးဖွယ်ကောင်းနေပါ၏။
ထို့ကြောင့် သူလည်း အာရုံသိပ်မထားတော့။
ဒုတိယအချက်ကိုတော့ သူ မျက်မှောင်ကြုတ်မိရသည်။
နတ်ဆိုးဂိုဏ်းက သိသိသာသာကို ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏လုပ်ငန်းနယ်ပယ်များကိုတိုက်ခိုက်ရန်ကြံစည်နေပုံပေ၊ အထူးသဖြင့် သုံးခြယ်အကြွင်းမဲ့တောင်ထပ်၏လုပ်ငန်းများကိုဖြစ်၏။
သုံးခြယ်အကြွင်းမဲ့တောင်ထပ်မှာ ယခုဆိုလျှင် အခြားတောင်ထိပ်တို့က ဝေမျှပေးသောလုပ်ငန်းတို့ကို စီမံနေပြီဖြစ်သော်လည်း တပည့်အလုံအလောက်မရှိသေးပါချေ။
စုယွမ်လည်း တွေးလိုက်ပြီး ခုနစ်စဥ်ကြယ်အစီအရင်စင်မြင့်ဘက်ကိုသွား၍ ရှေ့ဖြစ်တွက်ကြည့်လိုက်၏။
စုယွမ် စင်မြင့်ရှေ့သို့ရောက်ချိန်တွင် သူနှင့်ခုနစ်စဥ်ကြယ်ကြားက ဆက်နွယ်မှုမှာ ပို၍အားကောင်းလာကြောင်း ခံစားလိုက်ရသည်။
သူ၏ခုနစ်စဥ်ကြယ်အပေါ် ပို၍နားလည်လာမှုက စနစ်၏စွမ်းရည်ကိုလည်း အဆင့်မြင့်သွားစေပုံပေါ်သည်။
စုယွမ် သူ၏ရှေ့ဖြစ်ဟောပညာက အဆင့်တစ်ခုပင်တက်သွားရကြောင်း တွေ့လိုက်ရသေး၏။
ခုနစ်စဥ်ကြယ်မှ အချက်အလက်အများကြီးက ရောက်ရှိလာခဲ့သည်။
ထို့အပြင် သူလည်း မမျှော်လင့်ထားလောက်အောင် ခုနစ်စဥ်ကြယ်၏ရှေ့ဖြစ်ဟောစကားများကို နားလည်နေခဲ့လေ၏။
“အဲ့ဒီတော့ ဒီလိုကို။ ခုနစ်စဥ်ကြယ်က မြေကမ္ဘာတစ်ခွင်ကိုလွှမ်းမိုးထားတယ်။ ကြယ်စင်တွေလင်းလက်နေတဲ့နေရာမှန်သမျှ ခုနစ်စဥ်ကြယ်က အကုန်ထောက်လှမ်းနိုင်တာပဲ။ အတိတ်နဲ့ပစ္စုပ္ပန်ကိုသိပြီး နိယာမတွေကိုသုံးပြီး အနာဂတ်ကိုပါ ပြောင်းလဲလို့ရနိုင်တာပဲ။ ဒါက ခုနစ်စဥ်ကြယ်ရဲ့ရှေ့ဖြစ်ဟောပညာအနှစ်သာရပဲ။”
စုယွမ် နားလည်သွားရ၏။ ဆိုရိုးများကပြောထားသည့် ကောင်းကင်ကနက္ခတ်နှင့်ကြယ်များ၊ဂြိုလ်များ၏တည်နေရာကိုကြည့်၍ အတိတ်၊အနာဂတ်ကိုဟောပြောသည်ဆိုတာများက အကုန် အာပလာဖြစ်နေသည်ပဲ။ အဓိကအနှစ်သာရမှာ အနှီကြယ်များ၏တည်နေရာဟုတ်မနေဘဲ ကြယ်စွမ်းအင်များတွင်သာ ကိန်းအောင်းနေသည်လေ။
ထို့ကြောင့်ပဲ သူ၏ခုနစ်စဥ်ကြယ်စွမ်းအင်အပေါ်နက်နက်နဲနဲနားလည်သွားမှုက ရှေ့ဖြစ်ဟောပညာကိုပါ ပို၍တိုးတက်လာခဲ့တာဖြစ်၏။
သတင်းအချက်အလက်များစွာက စုယွမ်၏အသိစိတ်ပင်လယ်ထဲဝင်ရောက်လာခဲ့ပြီး ၎င်းတို့ထဲ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း အနာဂတ်တွင် တွေ့ကြုံလာရနိုင်သောကပ်ဘေးများအကြောင်း တစွန်းတစပါဝင်နေပေ၏။