အခန်း ၁၃၆
Vol. 14 Ch. 136
Chapter 136: ကြယ်စွမ်းအင်ဆရာသခင်ကြီး၏လွှဲမှားမှု။
ကောင်းကင်ကြယ်တောင်တန်းတွင် သတ်လတ်ပိုင်းအရွယ် နှာခေါင်းချွန်သည့်လူမှာ ဝတ်စုံကို ပြန်ပြင်ရင်း တည်ငြိမ်စွာ ဆိုလာ၏။
“ကျွန်တော် ရှန်ရင်းပါ။ မဟာကြယ်စင်တာအိုရောင်းရင်းကို ဂါဝရပြုဖို့လာတာပါ။ ကျွန်တော် အနူးအညွတ်တောင်းဆိုချင်တာရှိလို့ပါ။”
အနှီအသံက ကောင်းကင်ကြယ်တောင်တန်းသို့ ပျံ့လွှင့်လာသော်ငြား ဆန်းကြယ်စွာပင် အောက်ရှိ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်များမှာ မကြားနိုင်ဘဲ၊ တောင်ထဲရှိ မဟာကြယ်စင်ဆရာသခင်၊ ဝိညာဉ်အသွင်ကူးပြောင်းခြင်းရှိသူတစ်ဦးသာ ရှင်းလင်းစွာ ကြားနိုင်ခဲ့၏။
သူက မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လာ၏။
“လင်းယုန်လား။ သူက ဘာလို့ရောက်လာတာလဲ။”
မဟာကြယ်စင်အကြီးအကဲမှာ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိလေလွှင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကောင်ကင်ကြယ်စင်တောင်တန်းကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။ သူက လေလွှင့်ကျင့်ကြံသူအနည်းအငယ်ကို ခေါ်ယူလျက် ကြယ်စွမ်းအင်နှင့်ပတ်သတ်သောအမွေအနှစ်များကိုလည်း ပို့ချပေးနေတာဖြစ်၏။
ပုံမှန်အားဖြင့် ကြယ်စွမ်းအင်ကျင့်ကြံသူများဆီသို့ နတ်ဆိုးကျင့်ကြံသူတို့ လာရောက်ကာ အလုပ်ကိစ္စဆွေးနွေးခြင်းက သာမာန်ဖြစ်လင့်ကစား လင်းယုန်တစ်ဦးတည်း သီးသန့်ရောက်လာခြင်းသည် လာရင်းကိစ္စက မရိုးရှင်းကြောင်းကို ညွှန်ပြနေ၏။
“တာအိုရောင်းရင်းရှန်ရင်း၊ ဝင်လာခဲ့ပါ။”
မဟာကြယ်စင်က မြင်းမြှီးယပ်ကို တစ်ချက်ခါလိုက်ရာ ကြယ်စင်အလင်းတစ်ခုက တောင်မှထွက်လာကာ လင်းယုန်ကို လမ်းပြပေးလာသည်။ ဤသို့ဖြင့် လင်းယုန်အမည်ရ နတ်ဆိုးအိုကြီးလည်း အထဲသို့ တည်ငြိမ်စွာလျှောက်လှမ်းသွား၏။
ကြယ်စွမ်းအင်၏ခေါ်ဆောင်မှုဖြင့် နတ်ဆိုးအိုကြီးလင်းယုန်မှာ မဟာကြယ်စင်၏အရှေ့သို့ တစ်ခဏချင်းတွင်း ရောက်ရှိလာတော့သည်။
“တာအိုရောင်းရင်းမဟာကြယ်စင်ကို နှုတ်ခွန်းဆက်သပါတယ်။”
လင်းယုန်ပြုံးလိုက်သည်။
“တာအိုရောင်းရင် ရှန်ရင်း၊ တကယ်ကို ရှားပါးတဲ့ဧည့်သည်ပဲ။”
မဟာကြယ်စင်က မြင်းမြှီးယပ်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ ကောင်းကင်ရှိကြယ်စွမ်းအင်က ကျရောက်လာပြီး လက်ဖက်ရည်ခွက်နှစ်စုံအသွင် ပြောင်းလဲသွားကြ၏။ ခွက်အထဲတွင်မူ မရေတွက်နိုင်သောကြယ်တို့၏အလင်းပြန်မှုတစ်ခုရှိနေပုံမှာ အနှီကြယ်စွမ်းအင်လက်ဖက်ရည်ထဲ ကောင်းကင်ယံကြီးတစ်ခုလုံးကို ထည့်ထားလေသည့်အတိုင်း။
“လက်ဖက်ရည်လေးသောက်ပါဦး။”
နတ်ဆိုးကြီးလင်းယုန်လည်း ဟိတ်ဟန်လုပ်၍ ရပ်မနေတော့၊ သူလည်း ဝင်ထိုင်၍ လက်ဖက်ရည်ခွက်ထဲ အဆိပ်ခတ်ထားသလားဆိုတာကို သေချာ တိတ်တဆိတ်စစ်ဆေးလိုက်သည်၊ ပြီးမှသာ လက်ဖက်ရည်ကို တစ်ကျိုက်တည်းဖြင့် အကုန်မော့သောက်လိုက်တော့၏။
သောက်ပြီးပြီးချင်း လင်းယုန်မှာ သူ၏စိတ်အစုံကချက်ချင်း ရှင်းလင်းသွားကြောင်း ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်တို့ကလည်း အနည်းငယ်ပို၍ သန့်စင်သွားကြ၏။
“လက်ဖက်ရည်ကောင်းပဲ။”
နတ်ဆိုးအိုကြီးလင်းယုန်က ချီးကျူးလိုက်သည်။
“ခဏခဏသောက်မယ်ဆိုရင်တော့ အာနိသင်နည်းသွားပါတယ်။ ဒါပေမဲ့ တာအိုရောင်းရင်းက ဆယ်နှစ်နေမှ တစ်ခါပေါ်လာတာမလား။”
မဟာကြယ်စင်၏စကားများ နောက်ကွယ်ရှိအဓိပ္ပာယ်မှာ နောင်တွင် လင်းယုန်ကို မကြာမခဏမလာပါရန် အသိပေးနေခြင်းပေ။
နတ်ဆိုးအိုကြီးလင်းယုန်ကလည်း ၎င်းကို ဂရုပင်မစိုက်ဘဲ ရယ်လိုက်၏။
“ကျွန်တော်တို့ လက်ဖက်ရည်အကြောင်းနောက်မှ ဆွေးနွေးကြတာပေါ့။ ဒီနေ့ကိစ္စလေးတစ်ခုရှိလို့ ရောက်လာတာပါ။ ကျွန်တော် မဟာကြယ်စင်ရောင်းရင်းရဲ့အကူအညီကို ရနိုင်မလားသိချင်ပါတယ်။”
“ဘာကိစ္စများလဲ။”
မဟာကြယ်စင်အကြီးအကဲကလည်း ဒဲ့တိုးသာ မေးလိုက်သည်။
“ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းက ခုနစ်စဉ်ကြယ်ရဲ့အစွမ်းကို ချေးယူအသုံးပြုနိုင်တဲ့ကြယ်စွမ်းအင်ကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်ထားပြီထင်ပါတယ်။ ကျွန်တော်က တာအိုရောင်ရင်းကို သူတို့ကို နှောင့်ယှက်တာဖြစ်ဖြစ် လွှမ်းမိုးတာဖြစ်ဖြစ် လုပ်ဖို့တောင်းဆိုချင်တာပါ။ ရောင်းရင်းက အဲ့ဒီလူကို ချက်ချင်းသေသွားစေရင်တော့ အကောင်းဆုံပါပဲဗျာ။”
ဤသည်ကိုကြားတော့ မဟာကြယ်စင်အကြီးအကဲ မျက်မှောင်ကြုတ်သွားရသည်။
“ကျုပ်လည်း ဒီကိစ္စကို သတိထားမိပါတယ်။ မကြာသေးခင်တုန်းက ခုနစ်စဉ်ကြယ်မူမမှန်ဖြစ်နေတာကို သတိထားမိလိုက်တယ်လေ၊ ဒါပေမဲ့ ကြယ်စွမ်းအင်ကျင့်ကြံသူတွေဆိုတာ ဒီကမ္ဘာမှာ အများကြီးမဟုတ်လား။ ဘာလို့ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းကိုမှ ပစ်မှတ်ထားချင်ရတာလဲ။”
သိသိသာသာကို သူက ဈေးမြင့်ချင်နေရခြင်းသာ။
နတ်ဆိုးအိုကြီးလင်းယုန်ကလည်း ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပြောလာ၏။
“သူတို့ ကြယ်စွမ်းအင်နဲ့ဆက်သွယ်မရအောင် နှောင့်ယှက်နိုင်ရင် ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်သိန်း၊ ခင်ဗျား သူတို့ကိုသာ ဒဏ်ရာကြီးကြီးမားမားရသွားအောင်လုပ်နိုင်ရင် ထိပ်တန်းဝိညာဉ်ကျောက်တုံးဆယ်သိန်း၊ အသတ်ပါနုတ်နိုင်ရင်တော့ ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်သန်းအပြင် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိကြယ်စွမ်းအင်ပစ္စည်းလေးတစ်ခုပါ ပေးပါ့မယ်။”
မဟာကြယ်စင်အကြီးအကဲမှာ အတွေးထဲနက်သွားရပြီး ဆိုသည်။
“ကျုပ် အရင်ဆုံး ခက်ခဲမှုအဆင့်ကို ရှေ့ဖြစ်တွက်ကြည့်မှရမယ်၊ အဲ့ဒီလိုတစ်ခါတွက် အတွက် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးတစ်ရာတော့ကုန်မယ်။”
နတ်ဆိုးအိုကြီးလင်ယုန်၏မျက်ဝန်းများမှာ တောက်ပသွား၏။
“ကောင်းတယ်ဗျာ။”
သူက ချက်ချင်း ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်၍ စားပွဲပေါ်ပစ်တင်လိုက်သည်။
မဟာကြယ်စင်အကြီးအကဲကလည်း ခေါင်းညိတ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြော၏။
“ခဏစောင့်ပါဦး။”
နတ်ဆိုးအိုကြီးလင်းယုန်ကလည်း ခေါင်းညိတ်လိုက်သည်။
ဤသို့ဖြင့် သူတို့နှစ်ဦးက ကောင်းကင်ယံရှိလက အမြင့်ဆုံးရောက်ရှိသွားချိန်အထိ စောင့်ဆိုင်းနေကြသည်။
မဟာကြယ်စင်အကြီးအကဲက စင်မြင့်တစ်ခုရှေ့သို့ ရောက်ရှိနေပြီးဖြစ်၏။
အစီအရင်စင်မြင့်၏အလယ်တွင်မူ အဆင့်ငါးရှိမှန်အမျိုးအစားဝိညာဉ်ရတနာဖြစ်သော ကောင်းကင်ကြယ်မှန်ရှိနေသည်။ ၎င်းရတနာမှာကား မဟာကြယ်စင်အကြီးအကဲ၏အသက်စောင့်ရတနာပါပေ။ သူ၏ကျင့်စဉ်အများစုကလည်း အနှီရတနာကတဆင့်ကျင့်ကြံသည်လေ။
သူ ကြယ်ရောင်စုံလင်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကြယ်ကျင့်ကြံရေးတွင် အုပ်စုအမျိုးအစားစွာရှိ၏၊ သုံးရောင်ခြယ်အစုအဝေး၊ သင်္ကေတလေးစု၊ နှစ်ဆယ့်ရှစ်အိမ်တော်၊ သုံးဆယ့်ခြောက်စုကောင်းကင်ရတနာနှင့် ခုနစ်ဆယ့်နှစ်မြေကမ္ဘာကြယ်စု စသဖြင့်ဖြစ်ပေပြီး ကြယ်စွမ်းအင်ကျင့်ကြံသူများက ကြယ်အုပ်စုတစ်ခုမှ ကြယ်အမျိုးအစားတစ်ခုကိုရွေးချယ်ကာလေ့ကျင့်ရခြင်းဖြစ်သည်။
ခုနစ်စဉ်ကြယ်သည်ကား သုံးခြယ်အစုအဝေးမှ ခရမ်းရောင်တားမြစ်ကြယ်စု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းကလည်း အလွန်အားကြီးသော ကြယ်အစုအဝေးများထဲမှတစ်ခုဖြစ်၏။ ကြယ်တစ်ခုချင်းစီကတောင် မြောက်များစွာသောအစွမ်းသတ္တိရှိရာ ကြယ်ခုနစ်လုံးပေါင်းထားသောအစုဝေးတစ်ခုဆိုလျှင်တော့ စွမ်းအင်ကား တုနှိုင်းမဲ့သည်ပင်။
သူကတော့ သုံးဆယ့်ခြောက်စု ကောင်းကင်ရတနာအစုဝေးမှ ခေါင်းဆောင်ဖြစ်သော ထျန်းကွေ့ကြယ်ကို ကျင့်ကြံ၏။
စင်စစ်တွင် ဘယ်ကြယ်ကို သုံး၍ကျင့်ကြံသလဲမှာ ထိုမျှအရေးမပါလှ၊ အကြောင်းမှာ သေမျိုးကြယ်စွမ်းအင်ကျင့်ကြံသူများကလည်း ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တစ်လုံး၏အစွမ်းကုန်သတ္တိကို မသုံးနိုင်မည်သာဖြစ်ရာ ကြယ်၏စွမ်းရည်ထက် ကျင့်ကြံသူ၏ကျင့်ကြံရေးပါရမီအပေါ်တွင်သာ မူတည်ပေ၏။
ထို့ကြောင့် ထျန်းကွေ့ကြယ်ကို သုံးသည်လား၊ ခုနစ်စဉ်ကြယ်ကို သုံးသည်လားဆိုတာတို့က ထည့်စဉ်းစားရန်မလိုပါလေ။
ကြယ်စွမ်းအင်အလင်းတစ်ခုက ကောင်းကင်သို့ပျံ့ပြေးသွားပြီး ထျန်းကွေ့ကြယ်ဆီ တိုးဝင်သွားသည်။
ရှေ့ဖြစ်ဟောကျင့်စဉ်မှာ အသက်ဝင်သွားချေပြီ။
ထျန်းကွေ့ကြယ်ကလည်း ကြည်လင်စွာတောက်ပရင်း တုန့်ပြန့်လာခဲ့သည်။
ထို့နောက် ကောင်းကင်ဆီမှ ကြယ်အလင်းတစ်ခုက ရှေ့ဖြစ်ဟောရလဒ်များကို သယ်ဆောင်ရင်း ပြန်လည်ရောက်ရှိလာ၏။
မဟာကြယ်စင်အကြီးအကဲမှာ မျက်လုံးများပိတ်လိုက်၏။ သူ့မျက်လုံးထဲမြင်ကွင်းတစ်ခုကပေါ်လာပြီး ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းထဲရှိ ရင်းနှီးနေသောပုံရိပ်တစ်ခုက ထင်ရှားလာလေသည်။
“ဟမ်၊ သူလား။”
မဟာကြယ်စင်အကြီးအကဲက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ဘေးနားတွင် ရပ်စောင့်နေသာ နတ်ဆိုးအိုကြီးလင်းယုန်ကလည်း ပြုံးလိုက်သည်။
“မဟာကြယ်စင်ရောင်းရင်းက ပစ်မှတ်ကို တွေ့သွားပြီနဲ့တူတယ်။”
“ဟုတ်တယ်။ ပစ်မှတ်က သူ့ကိုယ်သူတောင် ဖုံးကွယ်မထားဘူး၊ သူရဲ့ကျင့်စဉ်က နည်းနည်း အပြည့်အဝမဖွံ့ဖြိုးသေးပေမဲ့လည်း သူက တကယ်ကို ခုနစ်စဉ်ကြယ်ရဲ့အသိအမှတ်ပြုမှုကို ရရှိထားပြီး ကြယ်စွမ်းအင်ကျင့်ကြံသူဖြစ်လာတာ။”
မဟာကြယ်စင်အကြီးအကဲက လက်ချောင်းများကို ပွတ်သပ်၍ သူ၏အမူအရာကလည်း အနည်းငယ် ထူးဆန်းနေ၏။
နတ်ဆိုးအိုကြီး၏မျက်နှာမှာ မဲမှောင်သွားပြီး နောက်ထပ် ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်၍ မဟာကြယ်စင်အကြီးအကဲဆီ ပစ်ပေးလိုက်သည်။
မဟာကြယ်စင်အကြီးအကဲကလည်း ဝိညာဉ်ကျောက်တုံးများကို လှမ်းယူပြီးတော့ သူ၏အမူအရာကလည်း ပျော့ပြောင်းသွားတော့၏။
“အဲ့ဒီလူက အမတအကြီးအကဲနန်ကုန်းပဲ။ သူ အရင်က မီးစွမ်းအင်ကို အဓိကထားကျင့်ကြံတာပါ။ အခုမှ ကြယ်စွမ်းအင်ပါ ကျင့်ကြံလာမယ်ထင်မထားဘူး။ သူ ကြယ်စွမ်းအင်ကျင့်စဉ်မှ အစပဲရှိသေးပေမဲ့ ဝိညာဉ်အသွင်းကူးပြောင်းခြင်းအဆင့်ရောက်နေပြီဖြစ်တဲ့အတွက် ကိုင်တွယ်ဖို့တော့ ခက်လိမ့်မယ်။”
လင်းယုန်နတ်ဆိုး၏အမူအရာမှာ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်သွားရ၏။
“သူလား။ သေချာရဲ့လား။ ကျွန်တော်တော့ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းက ဆက်ခံသူအရှင်တစ်ယောက်ထပ်ပေါ်လာတယ်ထင်တာပဲနော်။ သူက ဆက်ခံသူအရှင်မဖြစ်နိုင်ဘူးနော်။ နောက်ထပ် ကြယ်စွမ်းအင်ကျင့်ကြံသူရှိသေးလားကြည့်ပါဦး။”
မဟာကြယ်စင်အကြီးအကဲလည်း ရပ်တန့်သွားရပြီး နောက်မှ နားလည်သွားရသည်။ နတ်ဆိုးအိုကြီးလင်းယုန်ကိုယ်တိုင်ရောက်လာလည်း အံ့ဩစရာမရှိတော့၊ အကြောင်းပြချက် ခိုင်ခိုင်မာမာရှိနေသည်ကိုး။