အခန်း ၁၃၇
Vol. 14 Ch. 137
Chapter 137
အတိတ်တွင် ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၌ ဆက်ခံသူအရှင်တို့ ရံဖန်ရံခါပေါ်ထွက်ခဲ့သည်၊ ထွက်ပေါ်ပြီးတိုင်းလည်း ထိုသူတို့မှာ လေဟာနယ်အဆင့်ရောက်သွားသည်နှင့် ပျောက်ကွယ်သွားပြီး မကြာမီတွင် နောက်ထပ် ဆက်ခံသူအရှင်တစ်ယောက် ထပ်မံပေါ်ထွက်လာ၍ ကျင့်ကြံရေးလောကတစ်ခုလုံးကို ထပ်မံလှုပ်ခတ်လေ့ရှိခဲ့၏။
ဆက်ခံသူအရှင်ခြောက်ယောက်၊ခုနစ်ယောက်လောက်ထွက်ပေါ်ပြီးချိန်တွင် နတ်ဆိုးလမ်းစဉ်လိုက်စားသူတို့မှာ မျိုးတုန်းလုမတတ် ခြိမ်းခြောက်ခံခဲ့ရသလို ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းကလည်း သာမန်ဂိုဏ်းငယ်လေးတစ်ခုအဖြစ်မှ သူတော်ကောင်းဂိုဏ်းများ၏ခေါင်းဆောင်အဖြစ်အထိပါ တစ်ဟုန်တိုးတက်သွားခဲ့ရသည်။
ယခုတွင်မူ နောက်ထပ်ဆက်ခံသူအရှင်တစ်ပါးပေါ်ထွန်းလာပြီဖြစ်ရာ နတ်ဆိုးဂိုဏ်းတို့လှုပ်လှုပ်ရှားရှားဖြစ်နေရသည်မှာ မဆန်းတော့ပါပေ။
မဟာကြယ်စင်အကြီးအကဲက ဖြေးညင်းစွာ ခေါင်းခါပြလာသည်။
“ကျုပ် ရှေ့ဖြစ်ဟောတာမှန်ပါတယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း ခုနစ်စဉ်ကြယ်က ကြယ်စွမ်းအင်ကျင့်ကြံသူတစ်ယောက်ကိုပဲ စွမ်းအင်ပေးသနားခဲ့တာ။ ကျုပ်တော့ ဘာမူမမှန်တာမှ မမြင်ရဘူး။ ခုနစ်စဉ်ကြယ်ဂိုဏ်းမှာ ကြယ်စွမ်းအင်ကျင့်ကြံသူတစ်ယောက်ပဲ ရှိတာဖြစ်နိုင်တယ်။ ကြယ်စွမ်းအင်ကျင့်ကြံဖို့ဆိုတာ ဘယ်လောက်ခက်သလဲသိလား။ ဒီနယ်မြေတစ်ခုလုံးမှာတောင် စုစုပေါင်းတစ်ဒါဇင်လောက်ပဲရှိတာ။ ဒီလောက်အချိန်တိုလေးအတွင်း ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းက နှစ်ယောက်တောင်ရှိသွားဖို့ဆိုတာ ဖြစ်နိုင်ဘူး။”
“ဟုတ်တာပဲ။”
လင်းယုန်က တွေးရင်း ခေါင်းညိတ်၏။
“အဲ့ဒါဆိုရင်...အဲ့ဒါက နန်ကုန်းပဲလား။”
လင်းယုန်မှာ တုံ့ဆိုင်းစွာဆိုသည်။
“ခင်ဗျား သူ့ကို ဖြေရှင်းနိုင်လား။”
မဟာကြယ်စင်အကြီးအကဲမှာ ပြုံးလာ၏။
“ဖြေရှင်းနိုင်တာပေါ့။ သူက အခုမှ ကြယ်စွမ်းအင်မှာ လူသစ်လေးပဲရှိသေးတာ။ ကျုပ်နဲ့သူဆိုတာလည်း အရွယ်ရောက်ပြီးသားလူကြီးနဲ့ ကလေးလိုဖြစ်နေမှာ။ သူ့လောက်ကတော့ လက်ဖဝါးတစ်ချက်နဲ့ပဲ ဆော်ပစ်လို့ရတယ်။”
သူက တော်တော်လေးယုံကြည်ချက်ပြည့်ဝနေတာပင်။
တကယ်လည်း ယှဉ်နိုင်စရာမရှိသည်လေ။ သူသည်ကား ကျွမ်းကျင်သူအဆင့်ရောက်နေပြီး အနှီနန်ကုန်းကတော့ ယခုမှ စတင်ကျင့်ကြံသူ၊ သူက ကောင်းကင်တွင်တောင် အတောင်ဖြန့်ကာ ပျံသန်းနိုင်ချိန် နန်ကုန်းကတော့ ရွံ့နွံထဲတွင်သာ ကစားနေဆဲဖြစ်၏။
လင်းယုန်လည်း ခေါင်းညိတ်လိုက်သည်။
“မဟာကြယ်စင်ရောင်းရင်း ဒီကိစ္စကို ကိုင်တွယ်ပေးနိုင်မလား။”
“ကျုပ် သူ အပြင်းအထန်ဒဏ်ရာရဖို့တို့၊ သေဖို့တို့အထိတော့ အာမခံနိုင်ဘူး။ ဒါပေမဲ့ သူ ကြယ်စွမ်းအင်ကျင့်ကြံတာကိုတော့ စမ်းပြီး နှောင့်ယှက်ပေးလို့ရတယ်။ ဒါအတွက် ဝိညာဉ်ကျောက်တုံးက သုံးသိန်းလိုချင်တယ်။”
မဟာကြယ်စင်အကြီးအကဲက ခပ်ပြောင်ပြောင်ပင် ပြောလာသည်။
“ဒါ...တာအိုရောင်းရင်က ချက်ချင်းကြီး ဈေးမြင့်ပစ်လိုက်တာပဲ။”
“မဟုတ်ပါဘူးဗျာ။ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နဲ့ယှဉ်ဆိုင်ဖို့ဆိုတာလည်း ကျုပ်အတွက် အတော် အားယူရမှာမလို့ပါ။”
မဟာကြယ်စင်အကြီးအကဲက ဆိုလာသည်။
“ကောင်းပါပြီ။ ကျွန်တော် ရောင်းရင်းကိုပဲ ဒီကိစ္စကို ဖြေရှင်းဖို့ အားကိုးလိုက်ပါတော့မယ်။ အခြားနတ်ဆိုးဂိုဏ်းက တာအိုရောင်းရင်းနှစ်ယောက်ကလည်း ကြယ်စွမ်းအင်ဆရာသခင်နှစ်ယောက်ကိုပါ ဒီကိစ္စကို ဝိုင်းဝန်းဖြေရှင်းဖို့ အကူအညီတောင်းထားကြပါတယ်။ ဒါကို မှတ်ထားပေးပါ၊ မဟာကြယ်စင်ရောင်းရင်း။”
“ဟုတ်လား။ မင်းတို့ နတ်ဆိုးတွေ ဒီတစ်ခေါက်တော့ တော်တော်အကွက်ကြီးကြီးရွေ့နေကြတာပဲ။”
မဟာကြယ်စင်အကြီးအကဲကတော့ သူတော်ကောင်းဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်းများကြားက ပဋိပက္ခများကို နည်းနည်းလေးမှ စိတ်မဝင်စားပါချေ။ ဘယ်ဘက်က ပိုအင်အားကြီးလာသည်ဖြစ်ဖြစ် သူ့အပေါ် ဘာသက်ရောက်မှုမှာ ရှိမည်မဟုတ်။ ဤသို့သော လျှို့ဝှက်ထားသည့်စီးပွားရေးကိစ္စလေးများသည်ကား အမှောင်ထဲတွင် လှုပ်ရှားသည်ဖြစ်ရာ ဘယ်သူကမှ သူ့ကို ရိပ်မိကြမည်မဟုတ်ပါပေ။
တစ်ခဏမျှ ဆွေးနွေးပြီးချိန်တွင် လင်းယုန်လည်း ပေးသင့်သည်များကို ပေးချေ၍ ပြန်သွားတောသည်။
ကြယ်စွမ်းအင်ကျင့်ကြံသူတစ်ဦးကို ကျငွေရှင်းခြင်းမှာ အဓိကဆောင်ရွက်လိုသောကိစ္စအတွက်သာ၊ ထိုကိစ္စအတွက် ကြားထဲတွင်ကုန်ကျမည့်အရင်းအနှီများကိုလည်း တောင်းဆိုသူဘက်မှသာဆက်လက် ပေးရမည်ဖြစ်၏။ ၎င်းက ပြောစရာမလိုသော အစဥ်အလာတစ်ခုအဖြစ် တည်ခဲ့သည်မှာ ကြာပေပြီ။
ရလဒ်အားဖြင့် ကြယ်စွမ်းအင်ကျင့်ကြံသူများမှာ အလွန်ချမ်းသာလာရာ နတ်ဆိုးဂိုဏ်းဖြစ်စေ၊ သူတော်ကောင်းဂိုဏ်းဖြစ်စေ မစော်ကားရဲတော့။
မည်သည့်ဘက်ကမှ ထိုကြယ်စွမ်းအင်ကျင့်ကြံသူများက တစ်ဖက်ဖက်ရပ်သွားမည်ကိုအလိုမရှိသည်လေ။
အခြားတစ်ဖက်တွင်မူ နတ်ဆိုးဝူရင်းနှင့် မာန်နတ်ဆိုးကလည်း ကြယ်စွမ်းအင်ကျင့်ကြံသူအသီးသီးကိုရှာထားကြပြီးဖြစ်လေသည်။
နတ်ဆိုးဂိုဏ်းက အစွမ်းကုန်ကို လှုပ်ရှားထားကြပေ၏။
ထိုစဉ် အမတအကြီးအကဲနန်ကုန်းမှာ ဂိုဏ်းအကြီးအကဲများနှင့် ကိစ္စများဆွေးနွေးနေရင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ ကောင်းကင်မော့ကြည့်လိုက်၏၊ ခုနစ်စဉ်ကြယ်မှာ တဖျက်ဖျက်လင်းလျက် သူ့ကို တစ်ခုခု အသိပေးချင်နေသည့်ပုံပေ။
“ဘာဖြစ်လို့လဲ။”
အနီးနားရှိ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အမျိုးသမီးကျင့်ကြံသူတစ်ဦးက မေးလာသည်။
“ကြယ်ကသတင်းပို့နေတာ၊ တစ်ယောက်ယောက်က ငါ့ကို အာရုံခံနေတယ်တဲ့။”
အမတအကြီးအကဲနန်ကုန်းက လေးနက်စွာ ဆိုလာသည်။
“ဒါက ငါပထမဆုံးအကြိမ် ဒီလိုကြုံဖူးတာပေမဲ့ ဒီလိုအခြေအနေမျိုးတွေကို မှတ်တမ်းတွေထဲဖတ်ဖူးတယ်။”
“နေပါဦး၊ ကြယ်အာရုံခံတာတဲ့လား။ အဲ့ဒါ ကြယ်စွမ်းအင်ကျင့်ကြံသူတွေရဲ့နည်းလမ်းမဟုတ်ဘူးလား။”
အခြား ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲတစ်ဦးက ဝင်မေးလာသည်။
“မင်းက...”
“ဟုတ်တယ်။ ငါ တနေ့ကတင် ကြယ်စွမ်းအင်ကျင့်ကြံသူဖြစ်သွားတာ။”
အမတအကြီးအကဲနန်ကုန်းက သူ့နဖူးပေါ်ရှိဆံပင်ကို သပ်တင်လိုက်၏။
“ဟင်း၊ ငါ့ကိုယ်ငါလည်း ကြယ်စွမ်းအင်ကျင့်ကြံရေးမှာ အဲ့ဒီလောက်ပါရမီပါမယ်ထင်မထားဘူးကွာ။ တကယ်တော့ မီးကျင့်စဉ်ကတောင် အချိန်ပိုယူနေသေးတယ်။ အိုက်ယား ခက်တယ် သိပ်ခက်တယ်၊ အိုက်ယား ငါ ဘယ်လိုလုပ်ရမလဲတောင်မသိဘူး။ အိုက်ယား တခါတလေတော့ ပါရမီရှိတာလည်း ပင်ပန်းလိုက်တာ”
လူတိုင်းမှာ တွန့်ခနဲတောင်ဖြစ်သွားရသည်၊ သို့သော် သူတို့ အမတအကြီးအကဲအောင်မြင်သွားတာကိုလည်း တကယ်အံ့ဩမိပါ၏။
“မင်းက တကယ်ကြီး ကြယ်စွမ်းအင်ကျင့်ကြံသူဖြစ်လာတာလား။ မယုံနိုင်စရာပဲ၊ တကယ်ကို တော်ပါပေတယ်။”
“မဖြစ်နိုင်တာ၊ ရှင် လမ်းကြောင်းပြောင်းတာ ဘယ်လောက်ကြာသေးလို့လဲ။ နှစ်တစ်ရာလောက်မလောက်မှ မရှိရင် ကြယ်စွမ်းအင်ဆိုတာ အယူအဆလေးတစ်ခုတောင် ဖမ်းဆုပ်ဖို့ခက်ခဲတာကို။”
“ငါတော့ ဒါကို ပါရမီလို့ထင်တာပဲ။”
အမတအကြီးအကဲနန်ကုန်းမှာ သက်ပြင်းချ၍ စိတ်ညစ်နေဟန်ဖြင့်ပြော၏။
“နတ်ဆိုးဂိုဏ်းတွေဘက်က ခန့်ထားတဲ့ကြယ်စွမ်းအင်ကျင့်ကြံသူက ငါ့ကိုထောက်လှမ်းနေကြတာနေမှာ။ ငါ့အကြောင်းတော့ ပေါ်နေလောက်ပြီ။ ဆက်ခံသူအရှင်စုအကြောင်းလည်း ပေါ်ပြီလားမသိဘူး။ တကယ်ဆို ဆက်ခံသူအရှင်စုကမှ တကယ့်လူကို ငါ့ကိုပါ ဘာလို့လာထောက်လှမ်းနေကြလဲမသိ။”
“သူတို့က ဆက်ခံသူစုကို မထောက်လှမ်းနိုင်တာရော မဖြစ်နိုင်ဘူးလား။”
တစ်စုံတစ်ယောက်က ခန့်မှန်းပြောဆိုလာသည်။
အမတအကြီးအကဲနန်ကုန်းမှာ ပြန်ပြောမိရ၏။
“ဖြစ်နိုင်ပါ့မလား။ စုယွမ် ဒီထိပ်သီးကျင့်စဉ်တွေကို ဖန်တီးတာ ဘယ်လောက်ကြာပြီလဲ။ သူ့ကို အခြားကြယ်စွမ်းအင်ကျင့်ကြံသူတွေ မရိပ်မိဘူးဆိုတာ ဖြစ်မှမဖြစ်နိုင်တာ…”
သူတို့က ယခုတောင် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကိုပါ ကာကွယ်ပေးနိုင်သော အစီအရင်အတွင်းတွင် စကားပြောနေကြတာဖြစ်၏။
“ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ။ အချိန်ကျလာရင် နတ်ဆိုးဂိုဏ်းတွေ ခန့်ထားတဲ့ကြယ်စွမ်းအင်ကျင့်ကြံသူတွေက ငါတို့ရဲ့အခြေအနေကို တစ်ချက်လောက် ရှေ့ဖြစ်တွက်လိုက်တာနဲ့ ခန့်မှန်းမိသွားမှာပဲ။”
“နန်ကုန်း၊ မင်းငါတို့ကို ကာကွယ်ပေးနိုင်လား။”
အမတအကြီးအကဲနန်ကုန်း၏မျက်နှာမှာ ချက်ချင်းမဲမှောင်သွားတော့၏။
“ငါက အခုမှ ကြယ်စွမ်းအင်ကို စတင်ကျင့်ကြံတုန်းရှိသေးတာ၊ အပိုင်းကိုးပိုင်းပဲလည်းလေ့လာရသေးတယ်။ နောက်အသစ်ထွက်လာမဲ့အပိုင်းတွေကိုဆို စတောင်မလေ့လာရသေးဘူး။ ဘယ်လို စောက်ကျိုးနည်း မင်းတို့ကို ကာကွယ်နိုင်မှာလဲ။”
“ငါတို့ ဆက်ခံသူစုကို သွားပြောရင်ရော။ သူက နတ်ဆိုးဂိုဏ်းရဲ့အစီအစဉ်တွေတောင် ထောက်လှမ်းနိုင်သေးတာ။ ငါတို့ကိုလည်း ပြန်ထောက်လှမ်းလို့မရအောင် ကာကွယ်ပေးနိုင်မှာပဲ။”
လူတိုင်းက အမတအကြီးအကဲနန်ကုန်းကို ကြည့်လိုက်ကြ၏။
“ငါပဲသွားရဦးမှာလား။”
အမတအကြီးအကဲနန်ကုန်းက မေးလိုက်သည်။
“ဆက်ခံသူအရှင်အတွက် ပြင်ထားတဲ့အရင်းအမြစ်တွေအသင့်ဖြစ်ပြီလား။ ဘာလတ်ဆောင်မှမပါဘဲ ဒီအတိုင်းကြီးတော့ မျက်နှာသွားမပြရဲဘူးဟ။”