အခန်း ၁၃၈
Vol. 14 Ch. 138
Chapter 138: ရှောင်ချိုက်၏ရွှင်မြူးဖွယ်စားသောက်ပွဲ။
ခြံဝန်းနံပါတ်ခြောက်၏အရှေ့တွင် အမတအကြီးအကဲနန်ကုန်းက ရောက်ရှိနေ၏။
သူက ငွေဖြူရောင်မြေခွေးသေးသေးလေးက သူ့ကို စိတ်ဝင်တစားစောင့်ကြည့်နေတာကို မြင်လိုက်ရသည်။
“ခင်ဗျားက သခင်စောင့်နေတဲ့သူလား။ ကျွန်တော်နဲ့လိုက်ခဲ့ပါ။”
ရှောင်လီ ပြောလိုက်သည်။
အမတအကြီးအကဲနန်ကုန်းမှာ အံ့ဩသွားလျက် သူ၏လေသံမှာလည်း ထိတ်လန့်သွားဟန်ပါနေလေ၏။
“သူက ငါလာနေမှန်းသိတာလား။ မင်းဒီမှာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ။”
ရှောင်လီကတော့ အပြစ်တင်လိုက်ပါ၏။
“ကြာတော့ကြာပြီ။ ခင်ဗျားက အရမ်းနှေးတာကို။”
အမတအကြီးအကဲနန်ကုန်း၏နှုတ်ခမ်းထောင့်မှာ တွန့်သွားရသည်။
“မျိုးမစစ်လေးကတော့လား။”
“ဘာ။”
ရှောင်လီမှာ ရှုပ်ထွေးသွားပြီး ပြန်မေးလိုက်ရသည်။
“ငါ့ကို သူ့ဆီ ခေါ်သွားပေးပါ။”
ရှောင်လီလည်း ခေါင်းညိတ်၍ တောင်ထိပ်ရှိ ခြံဝန်းဆီ ဦးတည်လိုက်၏။
အမတအကြီးအကဲနန်ကုန်းမှာ ကောင်းကင်ကို ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်ရသည်၊ သူ ဤနေရာတွင် သူနှင့်ခုနစ်စဉ်ကြယ်ကြားမှ ဆက်နွယ်မှုက ပို၍ ပြင်းထန်လာကြောင်း ခံစားလိုက်ရသည်လေ။
အမတအကြီးအကဲနန်ကုန်းမှာ မြေခွေးလေး၏နောက်ကိုလိုက်ရင်း မကြာမီတွင် တောင်ထိပ်ရှိ မျှော်စင်ကြီးထံရောက်သွား၏။
သူ ခုနစ်စဉ်ကြယ်အစီအရင်စင်မြင့်ကို အနှီမျှော်စင်၏ထိပ်တွင်မြင်လိုက်ရသည်။ သူက စုယွမ်၏အမွေအနှစ်များကို လေ့လာနေခြင်းဖြစ်သည့်အတွက် အစီအရင်ကို တန်းမှတ်မိသွားခြင်းဖြစ်၏။ သို့သော်ငြား ဤခုနစ်စဉ်ကြယ်အစီအရင်စင်မြင့်ကတော့ သူသင်ခဲ့သည်ထက် အဆပေါင်းများစွာ ပိုရှုပ်ထွေးနေသည်။ အခြေခံအချက်များကို မှတ်မိ၍သာ ခုနစ်စဉ်ကြယ်အစီအရင်စင်မြင့်မှန်းသိခြင်းဖြစ်ပြီး ကျန်သည့်အပိုင်းများကတော့လုံးဝရှုပ်ယှက်ခတ်နေလေ၏။
သူ ခြံဝန်းထဲဝင်လိုက်ချိန်တွင် လက်ဖက်ရည်ထိုင်သောက်နေသော နောက်ကျောတစ်ခုကို မြင်လိုက်ရသည်။
သူလည်း အကျင့်အတိုင်း နတ်ဘုရားအာရုံကိုသုံး၍ စုယွမ်ကို အာရုံခံလိုက်၏။
သို့သော်ငြား ပိုမိုအားကောင်းသောနတ်ဘုရားအာရုံတစ်ခုက သူ့ကိုပြန်၍တိုက်ခိုက်လာလေသည်။
ထိုခဏတွင် အနှီအားပြင်းသောဖိအားမှာ သူ့ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နေသလိုခံစားလိုက်ရ၏၊ သူ့မှာ ကောင်းကင်နှင့်မြေကြီးတာအိုကို ကြုံတွေ့လိုက်ရသလို ကြောက်ရွံ့မှုကိုပင် ခံစားလိုက်ရသဖြင့် သူ့မျက်နှာမှာ ချက်ချင်း နီရဲသွားရသည်။
စုယွမ်လည်း ရှိန်ဝါမြင့်စွမ်းအင်ကို ချက်ချင်း အသက်သွင်းလိုက်ဖြစ်၏။ သူ ထိန်းချုပ်၍ပြန်လွှတ်လိုက်သောဖိအားကို ခံစားမိသွားချိန်တွင် သူ့ဘာသာသူတောင် အံ့ဩသွားရသည်။ ဤသည်မှာ လေဟာနယ်အဆင့်ဖိအားကြီးများလော။ စနစ်ကပြောခဲ့သော ကျင့်ကြံဆင့်တစ်ဆင့်မြင့်မည်ဆိုသည်မှာ အဆင့်ငယ်တစ်ခုမဟုတ်ဘဲ၊ အဆင့်ကြီးတစ်ခုလောက်တောင်ခုန်တက်သွားရခြင်းဖြစ်နေသည်လား။
“ဒါက ယုတ္တိတောင်မရှိတော့ဘူး။”
ထို့သို့သောအတွေးတစ်ခုမှ စုယွမ်ရော အမတအကြီးအကဲနန်ကုန်း၏စိတ်ထဲတွင်ပါ တပြိုင်နက်ပေါ်လာရလေသည်။
စုယွမ်လည်း ချက်ချင်း ဖိအားကို ပြန်ရုတ်သိမ်းပြီး ဆိုလိုက်သည်။
“အကြီးအကဲနန်ကုန်း၊ လူတစ်ယောက်ကို တွေ့တွေ့ချင်းမှာတင် လျှောက်စတာ သိပ်မယဉ်ကျေးဘူးနော်။”
အနှီဖိအားကြီးပျောက်ကွယ်သွားတော့မှ အမတအကြီးအကဲနန်ကုန်းလည်း လေကို ဝဝရှုနိုင်တော့သည်။ သူ့မှာ နှာဖူးပေါ်ရှိချွေးများကိုတောင် သုတ်လိုက်ရပြီး ထိတ်လန့်တကြီး မေးမိလိုက်ရ၏။
“မင်း ခုနက ဘာကြီးလဲ။”
“ဘာမှမဟုတ်ပါဘူး။ ခင်ဗျား ဒီကို ရောက်လာတာ ဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေကို ကာပေးခိုင်းမလို့မလား။”
အမတအကြီးအကဲနန်ကုန်းမှာ ရင်ထဲရှိ သံသယများကို ဖိနှိပ်ထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကြည့်ရတာ မင်းရဲ့တွက်ချက်မှုတွေအောက် ဘာမှမလွတ်ဘူးထင်တယ်။ ငါတို့က တကယ်တော့ အဲ့ဒီခြုံခိုတိုက်ခိုက်လာမဲ့ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နတ်ဆိုးအိုကြီးတွေကို ပြန်သတ်ဖို့လုပ်ထားတာ။ငါတို့သာ သူတို့ကို သတ်နိုင်ခဲ့ရင် သူတော်ကောင်းဂိုဏ်းတွေရဲ့အင်အားက သူတို့ထက် သိသိသာသာကို ကျော်သွားတော့မှာ။ ဒါ အခွင့်ကောင်းပဲ။”
စုယွမ်လည်း နားထောင်ရင်း ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။
“ကျွန်တော်လည်း သူတို့သုံးယောက်ပေါင်းစွမ်းအားကို တားနိုင်ပါ့မလားမသေချာဘူး။”
“သုံးယောက်တောင်လား။ ဘယ်သူတွေလဲ။”
အမတအကြီးအကဲနန်ကုန်း၏မျက်လုံးများလည်း ကျယ်သွားရသည်။
“ထျန်ရှင်း၊ နန်ချန်၊ ကုဟယ်။”
စုယွမ်လည်း ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြောလိုက်သည်။
“စောက်အဘိုးကြီးသုံးကောင်ကတော့လား။”
အမတအကြီးအကဲနန်ကုန်း အံ့ကြိတ်လိုက်မိ၏။
သူလည်း ခဏလောက် တိတ်ဆိတ်နေပြီး ပြောလိုက်တော့သည်။
“အဲ့ဒါဆိုရင်လည်း ငါတို့ လုပ်နိုင်တာကို အကောင်းဆုံးကြိုးစားကြတာပေါ့။ ငါတို့အကြောင်းတွေသိသွားတောင် နတ်ဆိုးတွေရဲ့အစီအစဉ်ကလည်း လုပ်ဖို့ခက်သွားမှာပဲ။ ငါတို့ သူမသာကိုယ်မသာတွေပဲကို။”
“ဟုတ်ပါပြီ၊ ခင်ဗျားလည်း သတိထားသင့်တယ်။”
စုယွမ် ခေါင်းညိတ်ပြလိုက်သည်။
အမတအကြီးအကဲနန်ကုန်းလည်း ပြန်ခေါင်းညိတ်ပြလိုက်ပြီး သိုလှောင်အိတ်တစ်ခုကို ထုတ်လိုက်၏။
“ဒါက ငါတို့ မင်းကို တစ်နှစ်စာထောက်ပံ့တဲ့အရင်းအမြစ်ပဲ။ တစ်ချက်ကြည့်ကြည့်လိုက်။”
စုယွမ်လည်း အနှီသိုလှောင်အိတ်ကို လက်ခံယူလိုက်သည်။
သူ နတ်ဘုရားအာရုံသုံး၍ ကြည့်လိုက်တော့ အထဲတွင် ထိပ်တန်းဝိဉာဉ်ကျောက်တုံး ၁၀၀၀၀၀၀ကိုတွေ့လိုက်ရ၏၊ ၎င်းပမာဏက အနိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာဘီလီယမ်နှင့် ညီမျှသော ပမာဏပါပေ။
၎င်းတို့အပြင်အထဲတွင် ဆေးပုလင်းများစွာလည်း ရှိနေသေး၏။
“မင်း ဂိုဏ်းရဲ့ရတနာခန်းမကို သွားပြီး အဆင့်ငါးဆယ်ရှိဝိညာဉ်ရတနာတစ်ခုကို ရွေးလို့ရတယ်။ အရှေ့ဆက်ခံသူအရှင်တိုင်းက အဆင့်ငါးဆယ်ရှိဝိညာဉ်ရတနာတွေ တစ်ခုနှစ်ခုလောက်ကို ချန်ထားခဲ့ကြတာ။ ဒါတွေက ဂိုဏ်းရဲ့အုတ်မြစ်တွေ၊ လွယ်လွယ်ဖယ်ရှားလို့ မရပေမဲ့ မင်းကတော့ တစ်ခုကို ရွေးပြီး ယူသုံးလို့ရတယ်။”
အမတအကြီးအကဲ နန်ကုန်းပြောလိုက်၏။
စုယွမ်လည်း ဒါကို ကြားတော့ မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။
“ကျွန်တော့်လက်ရှိကျင့်ကြံဆင့်နဲ့က အဆင့်ငါးဆယ်ရှိတဲ့ဝိညာဉ်ရတနာကို သန့်စင်နိုင်မှာ မဟုတ်ဘူး။”
ယခင်တစ်ခေါက် အဆင့်ခြောက်ရှိသောဝိညာဉ်ရတနာကို သန့်စင်၍ရသွားခြင်းမှာ တကယ်ကို ကံကောင်းမှုတစ်ခုသာဖြစ်၏။ ဝေဟင်ကမ္ဘာပန်ကန်းလုံးသည်လည်း လုံးဝကို ပျက်စီးနေသည့်အတွက်ကြောင့်သာ မှော်လက်နက်များကို သန့်စင်ရမည့်ခက်ခဲမှုနှင့် အတူတူလောက်ဖြစ်သွားတာဖြစ်သည်။ ထို့ကြောင့် တကယ်စင်စစ်အဆင့်ငါးဆယ်ရှိဝိဉာည်ရတနာကိုတော့ သူ မသန့်စင်နိုင်လောက်ပါပေ။
“အဲ့ဒါဆိုရင်လည်း လိုတဲ့အခါကျမှ ငါ့ကိုဖြစ်ဖြစ်၊ ဂိုဏ်းချုပ်ကို ဖြစ်ဖြစ်ပြောလိုက်တော့။”
အမတအကြီးအကဲနန်ကုန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။ ကျွန်တော့်မှာ အခုတော့ အကြံတစ်ခုရှိတယ်။ ဒီလောက်များတဲ့ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် ကျွန်တော်လည်း စိတ်လျော့ပြီး သေချာကျင့်ကြံလို့ရပြီ။ ခင်ဗျားပြန်သွားပြီး လုပ်စရာရှိတာ လုပ်ပါ။ ကျွန်တော် အခြေအနေတွေကို ရှေ့ဖြစ်တွက်ချက်ကြည့်ထားလိုက်မယ်။”
စုယွမ်က အပြုံးတစ်ခုဖြင့် ဆိုလာ၏။
အမတအကြီးအကဲနန်ကုန်းက စုယွမ်ကို နက်နက်နဲနဲတစ်ချက်စိုက်ကြည့်လိုက်ပြီး ပြောလာ၏။
“ကောင်းတယ်။ ငါလည်း အဲ့ဒါဆိုရင်သွားတော့မယ်။”
အမတအကြီးအကဲနန်ကုန်းလည်း လက်ကို အရိုအသေပြုဟန်ဆုပ်၍ ထွက်သွားတော့သည်။
ရှောင်လီကလည်း ရောက်လာပြီး စိတ်ဝင်တစား မေးလာ၏။
“စုယွမ်၊ မင်း ကျင့်ကြံတော့မလို့လား။”
စုယွမ်လည်း ရှုပ်ထွေးစွာမေးလိုက်မိသည်။
“ငါဘယ်တုန်းက ကျင့်ကြံမယ်ပြောလိုက်မိလို့လဲ။”
ရှောင်လီမှာ ကြောင်အသွားရလျက် သူ၏မြေခွေးမျက်လုံးများလေးထဲ သံသယတစ်ခုဖြတ်ပြေးသွား၏။
“ငါ မင်း ကျင့်ကြံတာကို မမြင်ဖူးဘူး။ ငါထင်တာ မင်းက ကျင့်ကြံဖို့ဝိညာဉ်ကျောက်တုံးမရှိလို့လားလို့။ ဒါပေမဲ့ အခုမင်းမှာ ဝိညာဉ်ကျောက်တုံးရှိပြီလေ။”
စုယွမ်လည်း ခေါင်းခါပြလိုက်ပြီး အဝေးတွင် ဝိညာဉ်ငါးများနှင့် ဆော့ကစားနေသောရှောင်ချိုက်ကို လှမ်းခေါ်လိုက်သည်။