အခန်း ၁၃၉
Vol. 14 Ch. 139
Chapter 139
“ရှောင်ချိုက်၊ ဒီကိုလာခဲ့ဦး။”
ရှောင်ချိုက်ကလည်း ချက်ချင်းရောက်လာပြီး စုယွမ်၏ဘေးပတ်လည်တွင် အပျော်အရွှင် လည်ပတ်နေလျက်၊ ၎င်း၏မျက်ဝန်းလေးများထဲလည်း စုယွမ်အပေါ် လေးစားခြင်းနှင့်တွယ်တာခြင်းများ အပြည့်ပင်။
စုယွမ်လည်း သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
“ရှောင်ချိုက်၊ မင်း ဗိုက်ဆာနေပြီလား။ ငါ့နောက်လိုက်ရတာကလည်း မင်းအတွက်ခက်ခဲမှာပဲ။ ဒီနေ့ကစပြီး မင်း အစွမ်းကုန်ကျင့်ကြံလို့ရပြီ။”
ရှောင်ချိုက်၏မျက်ဝန်းလေးများမှာ လင်းလက်သွားပြီး အမြှီးလေးကိုပျော်ရွှင်စွာခါပြလာတော့၏။
စုယွမ်လည်း လက်ဝှေ့ယမ်းလိုက်ရာ ရှောင်ချိုက်နှင့်အတူ ဝိညာဉ်ငါး၃၅ကောင်လုံးက လွှင့်မြောအလင့်ဘူးသီးခြောက်၏လျှိ့ဝှက်နယ်မြေထဲသို့ရောက်ရှိသွားကြသည်။
“ရှောင်လီ၊ မင်းလည်း ဝင်လိုက်။”
“အင်း။”
လူတစ်ဦးနှင့် မြေခွေးတစ်ကောင်ကလည်း လွှင့်မြောအလင်းဘူးသီးခြောက်ထဲသို့ရောက်ရှိသွားလေသည်။
စုယွမ်က ရှောင်လီကို ငွေဖြူဝိညာဉ်ရေတံခွန်ဘေးကို ခေါ်လာလိုက်၏။ ထို့အချိန်တွင် ရှောင်ချိုက်နှင့်အတူ ကျန်ငါးများကလည်း ရေကန်ထဲရောက်နေပြီးဖြစ်ပေသည်။
ရှောင်ချိုက်က စုယွမ်ကို စိတ်ဝင်တစားကြည့်လာလေ၏။
စုယွမ်လည်း စိတ်ထဲတွင် တစ်ချက်လှုပ်ရှားလိုက်ရာ အဆင့်ခြောက်ရှိဝိညာဉ်ရတနာ၏တားမြစ်အခင်းအကျင်းက ပေါ်လာခဲ့သည်။အနှီအခင်းအကျင်း၏ဗဟိုချက်က ငွေဖြူဝိညာဉ်ရေကန်၏အလယ်သို့ ရောက်ရှိသွားပြီး ရှုပ်ထွေးသောအစီအရင်တို့ ပေါ်ပေါက်လာလေ၏။
ထို့နောက် ငွေဖြူဝိညာဉ်ရေကန်တစ်ခုလုံးမှာ ယွမ်ရေကန်အသွင်ပြောင်းလဲသွားတော့သည်။
ထို့အပြင် ဤယွမ်ရေကန်မှာ ဘိုးဘေးဆရာသခင်၏စွမ်းအားနှင့် ဝိညာဉ်ရတနာ၏အားဖြည့်မှုကြောင့် ဂိုဏ်းရှိယွမ်ရေကန်ထက်ပို၍ အဆင့်မြင့်၏။ ချီစွမ်းအင်စုစည်းခြင်းကလည်း အဆမတန်ပို၍ လျင်မြန်နေလေသည်။
“ရှောင်လီ၊ တားမြစ်အခင်းအကျင်းကို အသက်သွင်းလိုက်။”
မြေခွေးလေးလည်း ပြောသည့်အတိုင်း တားမြစ်အခင်းအကျင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ များပြားလှသောဝိညာဉ်စွမ်းအင်များက အဆင့်ခြောက်ရှိဝိညာဉ်ရတနာမှ ဝိညာဉ်ရေအဖြစ်ပြောင်းလဲသွားပြီး ငွေဖြူဝိညာဉ်ရေကန်ထဲသို့ ဝင်ရောက်သွားကြလေ၏။
သို့သောလည်း ဝိညာဉ်ရတနာအတွင်းရှိ ဝိညာဉ်စွမ်းအင်မှာ အကန့်အသတ်ရှိရာ တစ်ခဏအကြာတွင် ကုန်ခမ်းသွားတော့သည်။
စုယွမ်လည်း တည်ငြိမ်စွာပင် ဝိညာဉ်ကျောက်တုံးအများကြီးကို လောင်းထည့်လိုက်၏။ အနိမ့်တန်းအဆင့်၊ အလတ်တန်းအဆင့်၊ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးမြောက်များစွာအပြင် ရာချီသော ဆေးပုလင်းများကပါ ငွေဖြူဝိညာဉ်ရေကန်ထဲ ရောက်ရှိသွားကြပြီး ၎င်းတို့အားလုံးမှာ အစီအရင်ထံမှ စုပ်ယူခံလိုက်ရလျက် ဝိညာဉ်စွမ်းအင်အဖြစ်ချေဖျက်ခံရကာ နောက်ဆုံးတွင် ငွေဖြူဝိညာဉ်ရေကန်ထဲသို့ ဝိညာဉ်ရေများအဖြစ် ပြောင်းသွားကြသည်။
ရှောင်ချိုက်လေးမှာ အလွန်ပျော်ရွှင်သွားလျက် ကန်ထဲရှိ ရေများကို စားသောက်မျိုချရန်ပြင်တော့သည်။
ဝိညာဉ်ရေများစွာကလည်း ၎င်း၏ခန္ဓာကိုယ်ထဲဝင်ရောက်သွားကြပြီး ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းလဲသွားကြ၏။
ထို့အတူ အခြားသောဝိညာဉ်ငါးများမှာလည်း ဝိညာဉ်ရေများစွာထဲ နစ်မြှုပ်နေလျက်၊ ၎င်းတို့ဟာ လုံးဝဝိညာဉ်စွမ်းအင်ပြည့်ဝသွားကြလေသည်။ ထို့သို့စွမ်းအင်များစွာ အပြည့်အဝဖြည့်တင်းမှုကြောင့် သူတို့က အခက်အခဲအဆင့်ကို ကျော်လွှာနိုင်သွားပြီး ဒုတိယအဆင့်ဝိညာဉ်ငါးအဖြစ် အဆင့်တက်တော့ပေမည်။
စုယွမ် ဝိညာဉ်ငါးများစွာကို ခေါ်လာရခြင်းမှာ ပထမအချက်အနေဖြင့် သူတို့ဟာ ဝိညာဉ်ရေများစွာကို မစုပ်ယူနိုင်သည်မို့၊ ဒုတိယအချက်အနေဖြင့် ရှောင်ချိုက်တစ်ကောင်တည်း ပျင်းရိမနေစေရန်အဖော်ပြုခိုင်းရန် ရည်ရွယ်ချက်နှင့် ဖြစ်၏။
ရှောင်ချိုုက်က ရှောင်လီနှင့် လုံးဝမတူပါပေ၊ အနှီငါးလေးက ကလေးတစ်ယောက်၏စိတ်နေစိတ်ထားသာရှိသေးသည်။ အဖော်များသာမရှိပါက ၎င်းက အထီးကျန်လွန်းပြီး ကြီးထွားမှုကိုတောင် အဟန့်အတားဖြစ်လာနိုင်စေ၏။ သူကိုယ်တိုင်လည်း ရှောင်ချိုက်ကို အမြဲတမ်းအချိန်မပေးနိုင်သဖြင့် ဤဝိညာဉ်ငါးများ၏အခန်းကဏ္ဍက အလွန်အရေးပါသည်ပင်။
စုယွမ် ရှောင်ချိုက်၏လွှမ်းမိုးမှုကြောင့် ဝိညာဉ်ငါးလေးများက ခန္ဓာကိုယ်ပေါ်တွင် သုံးရောင်ခြယ်ပေါ်လာပြီး ဒုတိယအဆင့်တက်လှမ်းတော့မည်ဖြစ်ကြောင်း တွေ့နေရသည်။
ထို့အပြင် ရှောင်ချိုက်ကိုယ်တိုင်ကလည်း ရေကန်ထဲရှိဝိညာဉ်စွမ်းအင်တို့ကို အရူးအမူးစုပ်ယူနေလေ၏။
ထို့ကြောင့် တစ်ချိန်တည်းမှာပင် စုယွမ်၏ကိုယ်ထဲလည်း ဝိညာဉ်စွမ်းအင်များ တိုးပွားလာပြီး စုယွမ်၏ဝိညာဉ်၊ ခန္ဓာနှင့် စွမ်းအင်အနည်အနှစ်တို့ကို အားဖြည့်ပေးလာ၏။
သူ၏ကျင့်ကြံဆင့်ကလည်း အလျင်အမြန်ကို ထိုးတက်သွားတော့သည်။
သူက ရေကန်ဘေးတွင်သာ ထိုင်လျက် လက်ဖက်ရည်လေးသောက်ရင်း ခန္ဓာကိုယ်ထဲစွမ်းရည်များနှင့်အတူ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ အားပြည့်လာတာကို ခံစားနေလိုက်၏။
ငါးလေး၏ကြိုးစားမှုကြောင့် သူပါ စွမ်းအင်တွေတိုးပွားနေရသည်ပင်။
ရှောင်လီကလည်း နံဘေးတွင်ဝင်ထိုင်ရင်း တားမြစ်အခင်းအကျင်းကို မနည်းထိန်းချုပ်နေရသည်။ သူ ခါးသက်နေသာမျက်နှာထားဖြင့် ဆိုလာ၏။
“စုယွမ်၊ ဒီလိုကြီးက မလွန်ဘူးလား။ ငါ့ကို အခင်းအကျင်းကို ထိန်းချုပ်ဖို့ ဝင်ကူဦး။”
စုယွမ် လက်ဖြန့်ပြလိုက်သည်။
“ငါက အခုမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲရှိသေးတာ။ မင်းက ငါ့ကို အဆင့်ခြောက်ဝိညာဉ်ရတနာကို ထိန်းချုပ်ဖို့ပြောနေတာလား။ အဲ့ဒီလောက်ထိ စွမ်းအားရှိမနေဘူး။”
စုလီ၏အမူအရာမှာ အေးခဲသွားရသည်၊ သူလည်း အကြာကြီးတွေးကြည့်သော်ငြား ပြန်ပက်ရန် စကားရှာမတွေ့ရာ အစီအရင်ကို မနည်းအားထုတ်၍ ထိန်းချုပ်ရန်သာ တတ်နိုင်တော့၏။
ရှောင်ချိုက်က ပျံသန်းလာပြီး ရှောင်လီလည်ပင်းကို ပွတ်သပ်၍ ချွဲလာ၏။
ရှောင်လီလည်း ပြုံးမိသွားသည်။
“ဟုတ်ပါပြီ၊ ရှောင်ချိုက်လေးရယ်။ ငါ သေချာပေါက် မင်းကို ကူညီမှာပါ။ ငါက ဒီအတိုင်း စုယွမ် ဒီအတိုင်းထိုင်နေတာကို မကြည့်ချင်ရုံပဲ။”
ထိုအခါမှ ရှောင်ချိုက်လည်း ပျော်ရွှင်စွာဖြင့် ရောင်စုံပူဖောင်းလေးများကို မှုတ်ထုတ်လိုက်ပြီး ငွေဖြူဝိညာဉ်ရေကန်ကို ပြန်သွား၍ ဝိညာဉ်စွမ်းအင်များကို စုပ်ယူတော့သည်။
စုယွမ်ကလည်း အေးငြိမ်းစွာဖြင့် ဆက်လက် လက်ဖက်ရည်လေးသောက်နေမြဲ၊ ရှောင်လီက ဆူပူချင်နေသည်လား၊ သို့သော် သူကလည်း မျက်နှာအရည်ထူသည့်အတွက် ဂရုမစိုက်ပါချေ။ ထို့အပြင် အပြင်လူဘယ်သူမှလည်း ကြည့်မနေသောကြောင့် ကိစ္စမရှိပါလေ။
ထို့အပြင် သူက ရှောင်လီနှင့်ရှောင်ချိုက်တို့ ကျင့်ကြံရန် အရင်းအမြစ်အများကြီးကို သုံးပေးထားရာ သူ့တွင် အသိစိတ်ရှိသေးဟု ဆို၍ရပါ၏။
စွမ်းအင်များ အလိုအလျောက်တိုးလာတာကတော့ သူ့ကြိုးစားအားထုတ်မှု၏အသီးအပွင့်များသာ ဖြစ်ရာ သူခံစားခွင့် ရှိပေသည်။
သူ့တွင် ငွေဖြူဝိညာဉ်ရေတံခွန်ကို ကြည့်ရှုခံစားရန် စိတ်အခြေအနေရှိနေဆဲ၊ သူ အနှီရေတံခွန်ကို မြင်လိုက်သည့်အချိန်တိုင်း သူဟာ ရင်သက်ရှုမောကာ ကျန်ရစ်မြဲ။ အနှီမိုးကောင်းကင်မှာ ငွေဖြူရောင်ရေများစီးဆင်းလာပုံမှာ ကြယ်စွမ်းအင်တို့ စီးဆင်နေပုံနှင့်ပင် ဆင်သေး၏။
အချိန်သည်ကား ယခုတွင်တော့ ညင်သာ နှေးကွေးစွာ စီးဆင်းနေသလိုပါပင်။
သို့သော် နတ်ဆိုးဂိုဏ်း၏လုပ်ဆောင်မှုများကတော့ လျင်မြန်စွာ ဖြစ်ပေါ်လာ၏။
ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏အကြီးအကဲများကလည်း တတ်နိုင်သမျှ တိတ်တဆိတ်လှုပ်ရှားနေကြပေသည်။
ကျင့်ကြံရေးလောကကြီးမှာ အပေါ်ယံတွင်တော့ ရေငြိမ်ကဲ့သို့ပင် တည်ငြိမ်ငြိမ်သက်နေသော်ငြား စင်စစ်အောက်ခြေတွင်တော့ ဝုန်းဒိုင်းကြဲနေကြပေပြီ။
စုယွမ်ကတော့ ရေကန်ဘေးထိုင်ကာ လက်ဖက်ရည်သောက်နေရင်း အသိစိတ်ပင်လယ်ထဲရှိ မြင်ကွင်းများကလည်း စောင့်ကြည့်နေ၏။ သူက နတ်ဆိုးဂိုဏ်း၏အစီအစဉ်များကို တစိတ်တပိုင်းတော့ နားလည်နေပြီပင်။
နေရာဒေသအလွန်ကွာခြားမှုကြောင့် နတ်ဆိုးဂိုဏ်းသည်ကား သူ့အကြောင်းပြောဆိုခြင်းက လူသိမည်ဖြစ်ကြောင်းမသိသေး။ စုယွမ်အတွက်တော့ ကိစ္စတော်တော်များများကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။
သူက အခါအားလျော်စွာ အချို့အချက်အလက်များကို စုစည်း၍ အမတအကြီးအကဲနန်ကုန်းနှင့် အခြားသူများပို့ပေးတတ်သေးရာ သူတို့မှာ အစီအစဉ်များကို လိုသလိုအမြန်ပြန်၍ ချိန်ညှိကြပြီး အောင်မြင်နှုန်းကလည်း တိုးလာလေ၏။
ရန်သူက အလင်းထဲတွင်ရှိပြီး သူကတော့ အမှောင်ထဲတွင်ဖြစ်ရာ အားသာချက်က ကြီးမားသည်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာတင် သုံးလဟူသောအချိန်က ကုန်ဆုံးသွားခဲ့၏။
တစ်ခုသောနေ့တွင် ညကောင်းကင်ယံသည်ကား ရှင်းလင်နေလျက် ဖုံးကွယ်ထားသောတိမ်များမရှိရာ ကြယ်စင်တို့မှာ အစွမ်းကုန် အပြိုင်လင်းလက်နေကြလေသည်။
ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏နယ်စပ်ဒေသရှိ သတ္ထုတွင်း၊ ငါးဖမ်းလုပ်ငန်း၊ သစ်တောနယ်မြေနှင့် ဈေးနယ်မြေအစရှိသဖြင့် လုပ်ငန်းနယ်မြေအချို့တွင် နတ်ဆိုးကျင့်ကြံသူများက ဝင်ရောက်ရောနှော၍ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေလေသည်။