← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

Chapter 140: တိုက်ပွဲစတင်လေပြီ။

အကြောင်းကြားသံတစ်ချက်မှာ နတ်ဆိုးကျင့်ကြံသူများအကြား ပျံ့နှံ့သွားသည်နှင့် တစ်ခဏချင်းတွင်း အနှီသူတို့က ချက်ချင်း လှုပ်ရှားတော့သည်။

“သတ်၊သတ်၊ အကုန် သတ်ပစ်။”

ဟိန်းဟောက်သံအကျယ်ကြီးနှင့်အတူ မြောက်မြားစွာသော တစ္တေ၊ နတ်ဆိုးများနှင့် အလောင်းကောင်းများက ပုန်းနေရာမှာ ထွက်ပေါ်လာကြပြီး ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏ခံတပ်ဆီ အပြေးဝင်ရောက်သွားတော့၏။

တောင်တန်းနှင့် မြေပြင်တစ်လွှား တစ္တေများနှင့် နတ်ဆိုးများစွာက သိမ်းပိုက်ထားပြီး နေရာတိုင်းတွင် သတ်ဖြစ်လိုစိတ်များနှင့်အတူ နတ်ဆိုးချီ၊ တစ္တေချီ၊ အလောင်းကောင်ချီစွမ်းအင်တို့ မိုးထိတိုင်ဟိန်းထနေလျက်၊ ကောင်းကင်ရှိတိမ်စိုင်တိမ်မဲများကိုလည်း မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ မြင်ကွင်းမှာ ကြောက်မက်ဖွယ်ဖြစ်နေတော့သည်။

“ရန်သူတွေ တိုက်ခိုက်တယ်ဟေ့။”

ခံတပ်အတွင်းတွင်မူ ခုနစ်စဉ်အကြွင်းစဉ်မဲ့ဂိုဏ်းသားတပည့်များက အရေးပေါ် သတိပေးခေါင်းလောင်းများကို တီးလျက် ခံစစ်ကိုပြင်ကာ ခံတပ်အရှေ့တွင် အကာအကွယ်ချရန်အလို့ငှာ အစီအရင်များကို အားကုန်အားဖြည့်တော့၏။

သိပ်၍မကြာမီတွင် အနီးကပ်တိုက်ပွဲမှာ စတင်လေပြီ။ နတ်ဆိုးဂိုဏ်းဝင်တို့က မရေတွက်နိုင်သောမန္တန်များနှင့် မှော်လက်နက်များကို ထုတ်၍ အကာအကွယ်အစီအရင် အားကုန် တိုက်ခိုက်ကြ၏။

ဝုန်း၊ ဝုန်း၊ ဝုန်း။

မန္တန်များကြောင့် ဖြစ်လာသောပေါက်ကွဲမှုများက ဆက်တိုက်ဖြစ်လာလျက် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ရီသွားမတတ် လှုပ်ခတ်လာ၏။

တိုက်ပွဲမှာကား စစချင်းမှာပင် အလွန်ပြင်းထန်နေလေပြီ။

ဤတွင် ညှိနှိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ပွဲခေါ်ခြင်းများမရှိ၊ စလာကတည်းက အားကုန်သုံးကာ ချက်ချင်းသာ တိုက်ခိုက်ကြနေခြင်းပေ။

သို့သော်ငြား နတ်ဆိုးကျင့်ကြံသူတို့မျှော်မှန်းထားသောကိစ္စရပ်၊ အစီအရင်ကြီးပျက်စီးသွားသော ကိစ္စရပ်ကြီးမှာ ဖြစ်မလာပါချေ။

အထဲရှိကျင့်ကြံသူများမှာ သူတို့လာမည်ကို မျှော်မှန်းထားမိသည့်အတိုင်း၊ ချက်ချင်း အကာအကွယ်ကို အသက်သွင်းသွားကြသလို ရုတ်ချည်းဖြစ်ပေါ်လာသော တိုက်ခိုက်မှုကို ကြံ့ကြံ့ခိုင်ထား၏။

ထိုအချိန် နတ်ဆိုးကျင့်ကြံသူအချို့ကတော့ တစ်ခုခုမှားယွင်းနေမှန်း ခပ်ရေးရေး ခံစားလာရသည်။

သို့သော်လည်း လေးပေါ်တွင်မြားတောင် တင်ပြီးသည်ဖြစ်ရာ များစွာသော နတ်ဆိုးတို့မှာလည်း အလင်းရောင်အကာအကွယ်သို့သာ ဝင်တိုးကြတော့သည်။ ထိုအခါ နတ်ဆိုးအချို့မှာ အစီအရင်နားစောင့်ကြပ်နေသော ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းသားများဆီမှာ တိုက်ခိုက်ခံရသလို အချို့ကလည်း အစီအရင်ကြောင့်ပင် ချက်ချင်းပြာကျပျက်စီးသွားကြ၏။

အကာအကွယ်အစီအရင်မှာ ပထမဆုံးအသုတ်တိုက်ခိုက်မှုကို ခုခံနိုင်လိုက်သော်ငြား အစီအရင်၏ဝိညာဉ်စွမ်းအင်သုံးစွဲမှုနှုန်းကတော့ အလွန်များပြားမည်ဟု သူတို့ခန့်မှန်းလိုက်ကြသည်။

“ဆက်လုပ်ထား။ သူတို့ဝိညာဉ်ကျောက်တုံးတွေက သေချာပေါက် အချိန်တစ်ခုထိပဲ တောင့်ခံထားနိုင်လောက်မှာ။”

စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်နတ်ဆိုးကျင့်ကြံသူတစ်ဦးမှာ လက်အောက်ငယ်သားတို့ကို တည်ငြိမ်စွာအမိန့်ပေးရင်း ဆက်လက်ချီတက်ခိုင်းနေ၏။

သူ ခံတပ်၏အစွန်းပိုင်းတွင် အနီရောင်အလင်းတစ်ခု ကောင်းကင်ကို ပျံတက်သွားတာကို မြင်လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်များ အပြုံးတစ်ခုအသွင် ကွေးတက်သွားရ၏၊ ထိုသူတို့မှာ ပြင်ပအကူအညီကို တောင်းဆိုနေကြရလေပြီ။

ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏ပိုင်နက်နယ်မြေအနှံ့တွင် အကူအညီများက နေရာဒါဇင်လောက်တွင် တောင်းခံနေရလေပြီ၊ ဤမျှသော ရုတ်ချည်းကြီးမားသောတိုက်ခိုက်မှုများကြောင့် သေချာပေါက် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲများ ထွက်လာလိမ့်မည်သာ ဖြစ်၏။

ရုတ်တရက် ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းထဲတွင် ခုနစ်စဉ်အစီအရင်စင်မြင့်မှာ ကြယ်စွမ်းအင်အလင်းတန်းခုနစ်ခုကို ထုတ်လွှတ်၍ တိမ်လွှာများကို ဖောက်ထွင်းသွားကြ၏။

အမတအကြီးအကဲနန်ကုန်းက ချက်ချင်း ကျင့်စဉ်တစ်ခုကို အသက်သွင်း၍ ဖြစ်ပျက်နေသည်များကို တွက်ချက်နေဟန်ဆောင်လိုက်သည်။

သို့သော် တချိန်တည်းတွင်ပင် ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းသို့ဦးတည်၍ ပုန်းကွယ်နေသောကြယ်စွမ်းအင်သုံးခုကလည်း ကောင်းကင်သို့ ပြေးဝင်သွားကြသည်။

ကောင်းကင်ရှိခုနစ်စဉ်ကြယ်ကလည်း ရုတ်ချည်း လင်းလက်လာ၏။

ထို့နောက်တွင်တော့ ခုနစ်စဉ်ကြယ်မှ တဆင့် ကြယ်အလင်းတို့က ပြန်၍ဖြာကြလာကြသည်။

ခုနစ်စဉ်ကြယ်၏ပတ်လည်တွင် အခြားကြယ်သုံးခုကလည်း ရုတ်တရက်လင်းလက်လာသည်၊ ၎င်းတို့က တစ်ခုပြီးတစ်ခု အစီအရီလင်းလက်လာပြီး ကြယ်စွမ်းအင်များပူးပေါင်းကာ သုံးမြောင့်အတိုက်အခိုက်တစ်ခုဖြစ်လာပြီး ခုနစ်စဉ်ကြယ်၏ကြယ်စွမ်းအင်တို့ကို ဟန့်တားလာ၏။

ခုနစ်စဉ်ကြယ်၏အလင်းတို့မှာ ချက်ချင်းမှိန်ဖျော့သွားပြီး ကန်လန့်ကာတစ်ခုခြားသွားသလိုပါပင်၊ ထိုစဉ်အခြားကြယ်သုံးခုကတော့ ပို၍လင်းလက်လာပြီး ခုနစ်စဉ်ကြယ်ကို ပိတ်ဆို့ထားကြ၏။

ထို့နောက်တွင်တော့ မတူညီသောကြယ်ရောင်သုံးခုက အနှီကြယ်သုံးခုမှတဆင့် ခုနစ်စဉ်ကြယ်၏လမ်းကြောင်းအတိုင်း ကျဆင်းလာပြီး အမတအကြီးအကဲနန်ကုန်းကို တိုက်ခိုက်တော့လေသည်။

ကြယ်စွမ်းအင်ကို အသုံးပြု၍ ကာလံဒေသများကို ကျော်ဖြတ်ကာ သတ်ဖြတ်ခြင်းပါပေ။

အမတအကြီးအကဲနန်ကုန်းမှာ ချက်ချင်း မူလက ကြယ်စွမ်းအင်ကို လမ်းကြောင်းပေးထားသောကျင့်စဉ်ကို ရပ်လိုက်သော်ငြား အလွန်နောက်ကျသွားချေပြီ။

ကြယ်စွမ်းအင်းသုံးခုမှာ ချက်ချင်း အစီအရင်များ၊ အခင်းအကျင်းများကို ထိုးဖောက်၍ အမတအကြီးအကဲနန်ကုန်းကို ထိုးဖောက်ကာ ရှေးဟောင်းဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လာလေ၏။

အမတအကြီးအကဲနန်ကုန်း၏မျက်နှာမှာ ဖြူဖျော့သွားရပြီး သူ၏အရှိန်အဝါကလည်း ချက်ချင်း ပျောက်ကွယ်သွားလျက် သွေးတစ်ပွက်အန်ထုတ်မိတော့သည်။ သူ့မှာ ချက်ချင်း အသက်စောင့်စွမ်းအင်ကို သုံး၍ အသိစိတ်ပင်လယ်ကို ကာကွယ်ကာ ထပ်ရောက်လာမည့် ကြယ်စွမ်းအင်ကို ဖိနှိပ်လိုက်ရ၏။

တိုက်ခိုက်မှုတစ်ချက်နှင့်ပင် သူဟာ အပြင်းအထန်ဒဏ်ရာရသွားခဲ့လေပြီ။

အမတအကြီးအကဲနန်ကုန်းမှာ ဒဏ်ရာကို ဂရုစိုက်မအားသေးဘဲ အော်သံတစ်ခုဖြင့် ခုနစ်စဉ်ကြယ်အစီအရင်စင်မြင့်ကို ရိုက်ချကာ ကြယ်လမ်းကြောင်းကို ဖြတ်တောက်လိုက်ရသည်။

ကောင်းကင်ကြယ်တောင်တန်းတွင်မူ မဟာကြယ်စင်အကြီးအကဲက နှုတ်ခမ်းတွန့်ပြုံးလိုက်၏။

“တော်တော်လေးနုတာပဲ။ တကယ်ကို အသစ်လေးပါလား။ အခု ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းရဲ့အစီအစဉ်ကို တွက်ကြည့်ကြတာပေါ့။”

သူလည်း ချက်ချင်း ထျန်းကွေ့ကြယ်အစီအရင်စင်မြင့်ဆီသွားလိုက်ရာ ကြယ်စွမ်းအင်တို့က ကောင်းကင်သို့ ထပ်မံထိုးဖောက်သွား၏။

သူ လက်ချောင်းများက လှုပ်ရှားသွားလို့ ကြယ်ကျင့်စဉ်ကို အသက်သွားကာ ထျန်းကွေ့ကြယ်၏တုန့်ပြန့်မှုကို စောင့်ဆိုင်းနေလိုက်သည်။

အခြားကြယ်နှစ်လုံးကလည်း တောက်ပစွာတောက်ပလာပုံမှာ နေ့အလင်းဖြင့်ပင် တူနေသေးသည်၊ သိသိသာသာကို အခြားကြယ်စွမ်းအင်ကျင့်ကြံသူအကြီးအကဲနှစ်ဦးကလည်း လှုပ်ရှားနေပုံပင်။

သူတို့သုံးဦးမှာ အချင်းချင်းမည်သူမှ မသိသော်ငြား ချက်ချင်းကို ပူးပေါင်းလိုက်ကြ၏။ ဤသို့ဖြင့် ကြယ်စွမ်းအင်သုံးခုမှာ ပေါင်းစည်းသွားကြပြီး ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏ရှေ့လျှောက်အစီအစဉ်များကို ဖတ်လာကြသည်။

ထိုအချိန်တွင်ပင် ကွယ်ဝှက်ခံထားရသောခုနစ်စဉ်ကြယ်ဟာ ရုတ်တရက် လွန်စွာ ပြန်လည်တောက်ပလာ၏။

All Chapters