သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းနဲ့ ဆန့်ကျင်
Vol. 181 Ch. 2589
ထိုအခိုက်အတန့်တွင် ဟောက်ထျန်းမြို့က မူမမှန်စွာ တိတ်ဆိတ်နေခဲ့သည်။ ရီဖူရှင်း၏ အသံကသာ ရှေးဟောင်းမြို့အထက် ကောင်းကင်တွင် ပဲ့တင်ထပ်နေခဲ့သည်။
ယနေ့တွင် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက ပူးပေါင်းကာ စီဝေ့ကို ဖျက်ဆီး၍ ရီဖူရှင်းအား သတ်ဖြတ်ရန် သတ်ဖြတ်မိန့် ထုတ်ပြန်မည်ဖြစ်သဖြင့် ကောင်းကင်ဒေသမှ လူများက ဤနေရာ၌ စုဝေးနေကြသည်။
သို့သော် ထိုအခိုက်တွင် ရီဖူရှင်းက ဟောက်ထျန်းမြို့အထက်၌ မတ်တပ်ရပ်နေခဲ့သည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများအားလုံးနှင့် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို ရင်ဆိုင်ရန် သူတစ်ယောက်တည်း ရောက်လာခဲ့ပေသည်။
“အဆင့်ကိုးရန်ဟောင်။”
ထျန်းယန်မြို့သခင်က ရီဖူရှင်းကို စိုက်ကြည့်နေခဲ့ပြီး သူ့အနောက်မှ ဝမ်ရှောင်သည်လည်း တူညီစွာပင် ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းက အဆင့်ကိုးရန်ဟောင်၌သာ ရှိနေပြီး ပြောင်းလဲခြင်းမရှိပေ။ ထျန်းယန်မြို့သခင်က ၎င်းကို သတိပြုမိသည့်အခါ အနည်းငယ် ပို၍ စိတ်သက်သာရာရသွားခဲ့သည်။ လွန်ခဲ့သည့် နှစ်သုံးဆယ်အတွင်း ရီဖူရှင်းက နတ်ဘုရားလက်နက်ဖြင့် ချုပ်နှောင်ခံခဲ့ရပြီး သူက ကျင့်ကြံခြင်းတွင် အဆင့်မတက်နိုင်ခဲ့ပေ။ သူက နတ်ဘုရားကပ်ဘေးအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့လျှင် သူနှင့် ရင်ဆိုင်ရသည်မှာ အများကြီးပို၍ ခက်ခဲပေလိမ့်မည်။
သို့သော် ရီဖူရှင်းက ဟောက်ထျန်းမြို့သို့ လာရဲသည့်အတွက် ထိုသို့ ယုံကြည်ချက်ရှိနေရန်မှာ သူ့တွင် အစီအစဥ်တချို့ ကျိန်းသေရှိနေရမည် ဖြစ်သည်။
“မြို့ကို ချိပ်ပိတ်လိုက်။”
ထျန်းယန်မြို့သခင်က အမိန့်ပေးလိုက်သည်။ သူ၏ အသံထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာကာ မကြာခင်၌ ဟောက်ထျန်းမြို့ တစ်မြို့လုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ကောင်းကင်ထက်တွင် နတ်ဝင်္ကပါအစီအရင်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ကောင်းကင်မွမ်းမံခြင်းနတ်ဘုရား ဝင်္ကပါအစီအရင် ဖြစ်သည်။
ထျန်းယန်မဟာအင်ပါယာက ကောင်းကင်မွမ်းမံခြင်းနတ်ဘုရား ပညာရပ်ကို ဖန်တီးရာ၌ ဤဝင်္ကပါအစီအရင်အား အသုံးပြုခဲ့သည်။
သူသာလျှင်မဟုတ်ဘဲ အခြားကျင့်ကြံသူများလည်း စတင်လှုပ်ရှားလာကြပြီ ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများက သူတို့၏ အစွမ်းထက်ဆုံးစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ထက်ရှိ အဆုံးမဲ့လေဟာနယ်က ပြင်းထန်သော စွမ်းအားတို့နှင့် လွှမ်းခြုံခံလိုက်ရပေသည်။ ကောင်းကင်တစ်ခုလုံးက ကြီးမားသည့် မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟောက်ထျန်း၏ စွမ်းအားကဲ့သို့ ပြင်းထန်သည့် စွမ်းအားက မြို့တစ်ခွင်ကို ဖုံးလွှမ်းသွားပေသည်။
“မင်း ရောက်လာမှတော့ ထွက်သွားဖို့မစဥ်းစားတော့နဲ့။”
ဟောက်ထျန်းကလန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။ သူက စကားပြောနေစဥ် ဟောက်ထျန်းစွမ်းအားကို ကိုယ်စားပြုသည့် မျက်နှာကလည်း တစ်ချိန်တည်း စကားပြောလိုက်သည်။ ၎င်း၏ စကားကို ဟောက်ထျန်းမြို့တစ်ခုလုံးက ရှင်းလင်းစွာ ကြားနိုင်ပေသည်။
ဟောက်ထျန်းကလန်ခေါင်းဆောင်၏ အငယ်ဆုံးသားက ရီဖူရှင်း လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။ ထိုသည်ကပင် မည်သည့်အတွက်ကြောင့် သူက ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုကို စုစည်း၍ သတ်ဖြတ်မိန့်ထုတ်ပြန်ရန် ပူးပေါင်းစေရသနည်းဟူသည့် အကြောင်းရင်းပင် ဖြစ်သည်။ သို့သော် ရီဖူရှင်းက အလွန် သတ္တိရှိစွာဖြင့် ဟောက်ထျန်းမြို့၌ ပေါ်လာရဲပြီး သတ်ဖြတ်ခြင်းကို စတင်ခဲ့သည်။
သူတို့က မည်သို့ဖြစ်၍ ရီဖူရှင်းအား ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာသွားစေနိုင်ပါမည်နည်း။
“ကျုပ်က ဘာကြောင့် ထွက်သွားရမှာလဲ။”
ရီဖူရှင်းက ဟောက်ထျန်းကလန်ခေါင်းဆောင်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
ကောင်းကင်ထက်တွင် အလွန်ပြင်းထန်သည့် နတ်စွမ်းအားတို့ စုဝေးလာ၏။ ဟောက်ထျန်းနတ်ဘုရားပုံရိပ်က လက်ကိုမြှောက်ကာ ရီဖူရှင်း ရှိရာသို့ ရိုက်ချလိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရပေသည်။ ၎င်းတွင် ဟောက်ထျန်း၏ ပြင်းထန်သော စွမ်းအားတို့ ပါဝင်နေပုံရသည်။ ထိုအခိုက်အတန့်တွင် မြို့တစ်ခွင်လုံးမှ ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးမှပင် ကြောက်ရွံ့မှုကို ခံစားလိုက်ရကာ လှုပ်ရှားရန်ပင် ခက်ခဲလာခဲ့သည်။
သူတို့က အသက်ရှုရခက်ခဲလာအောင် ဖိအားပေးခံနေရပေသည်။
မြို့က အေးခဲသွားပုံရသည်။
“ကောင်းကင်အာဏာစက်စွမ်းအား။”
မရေတွက်နိုင်သော လူများက သူတို့၏ နှလုံးသားများအတွင်း တုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းက စစ်မှန်သော ကောင်းကင်၏ အာဏာစက် ဟောက်ထျန်းစွမ်းအား ဖြစ်သည်။
ထိုကြီးမားသည့် လက်ဝါးမှ ကောင်းကင်စွမ်းအားတို့ ပါဝင်နေသော ပြင်းထန်သည့် နတ်ရောင်ဝါတို့ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်ထက်မှ ထိုလက်ဝါးပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ဟောက်ထျန်းမြို့အတွင်းမှ လူတိုင်းသည် ကပ်ဘေးတစ်ခုကို ကြုံတွေ့ရတော့မလို သူတို့၏ စိတ်ဝိညာဥ်များထဲမှ တုန်ယင်သွားခဲ့ကြသည်။
ဘုန်း....
ကျယ်လောင်သည့် ဆူညံသံ ထွက်ပေါ်လာပြီး ထိုလက်ဝါးက မည်သည့်နေရာသို့ ကျရောက်သွားကြောင်း မြင်တွေ့နိုင်ရန် နည်းလမ်းမရှိခဲ့ပေ။ နတ်အလင်းက ချက်ချင်း ပေါက်ကွဲထွက်ကာ နောက်တခဏ၌ ဟောက်ထျန်းမြို့အတွင်း တစ်နေရာတွင် ကြီးမားသည့် လက်ဝါးရာ တွင်းနက်တစ်ခု ကျန်ရစ်ခဲ့ပေသည်။ ထိုနေရာရှိ အဆောက်အဦးအားလုံးက အက်ကွဲကြေမွနေခဲ့ပြီး ထိုနေရာ၌ ရပ်နေခဲ့ဖူးသည့် ကျင့်ကြံသူများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့ ထာဝရပျောက်ကွယ်မသွားခင် မည်သူကမှ သူတို့ မည်သို့ ပျောက်ကွယ်သွားသည်ကို မမြင်တွေ့ခဲ့ဘဲ သူတို့အားလုံး၏ အကြွင်းအကျန်များသည်ပင် ဖျက်ဆီးပစ်ခံလိုက်ရကာ သူတို့က မည်သူများဖြစ်ကြောင်းပင် မည်သူမှ မသိခဲ့ကြပေ။
သူတို့အားလုံးက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
နက်ရှိုင်းသည့် တွင်းကြီးအနီးမှ ကျင့်ကြံသူများသည် ကံကောင်းစွာဖြင့် အသက်ရှင်ခဲ့ကြခြင်း ဖြစ်ပြီး ထိန်းချုပ်၍မရနိုင်အောင် တုန်ယင်နေခဲ့ကြသည်။ ထိုလူများအားလုံးက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဟောက်ထျန်းမြို့အတွင်း စုဝေးနေသည့် ကျင့်ကြံသူများစွာ ရှိသည်။ ယခု တိုက်ခိုက်မှုက ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ပစ်ခဲ့ပေသည်။
ရီဖူရှင်းက ထိုတိုက်ခိုက်မှုကို မတားဆီးခဲ့ဘဲ မြေပေါ်သို့ ကျချင်သည့်နေရာ ကျသွားစေရန် ခွင့်ပြုထားခဲ့သည်။ ထိုတိုက်ခိုက်မှုက ရီဖူရှင်းကို မသတ်နိုင်ရုံမျှမက ဟောက်ထျန်းမြို့အတွင်းမှ ကံမကောင်းသည့် ကျင့်ကြံသူများကိုပင် သေစေခဲ့ပေသည်။
“မင်းက ကိုယ့်ဘာသာ ကယ်တင်ဖို့ ကြိုးစားခဲ့တာကြောင့် ဒီလောက် ကျင့်ကြံသူတွေ အများကြီး သေရတာ။ အဲဒါ မင်းကြောင့်ပဲ။”
ဟောက်ထျန်းကလန်၏ ကလန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။ ရီဖူရှင်းက အမှန်တကယ်ပင် ထိုလူများကို သတ်ပစ်လိုက်သကဲ့သို့ သူ့အသံက ဒေါသအပြည့်နှင့် ဖြစ်သည်။
သို့သော် ထိုလူများကို သတ်ပစ်ခဲ့သူမှာ သူသာလျှင် ဖြစ်သည်။
ပုံမှန်အားဖြင့် ဟောက်ထျန်းကလန်ခေါင်းဆောင်က ထိုအကြောင်းကို နားလည်သော်လည်း ယခု အခြေအနေ၌ သူက မည်သို့လုပ်နိုင်ပါမည်နည်း။ ယနေ့ သတ်ဖြတ်မိန့်ကို တရားဝင် ထုတ်ပြန်ရန် ကောင်းကင်ဒေသမှ လူများကို ဤနေရာသို့ ဖိတ်ခေါ်ခဲ့သည့်သူမှာ သူသာလျှင် ဖြစ်သည်။ ယခု သူက ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူများကို မတော်တဆ သတ်မိခဲ့သည်။ ထိုအဖြစ်က သူ၏ အမှားဖြစ်နေသည်ကို သိနေလျှင်ပင် မည်သည့်အရေးနည်း။
သူက မည်သို့ ဝန်ခံနိုင်ပါမည်နည်း။
သူက အမှားလုပ်ခဲ့ကြောင်း ဝန်ခံလိုက်လျှင် ဟောက်ထျန်းကလန်၏ ထိုလုပ်ရပ်အတွက် မည်သို့ ပြန်ပေးဆပ်ရလိမ့်မည်နည်း။
ဤနေရာရှိ လူတိုင်းက မျက်မြင်သက်သေ ဖြစ်သောကြောင့် သူတို့၏ ရှေ့တွင် ထိုလူများကို သတ်ဖြတ်သည့်သူမှာ ရီဖူရှင်းသာ ဖြစ်ကြောင်း ဆက်ပြောနေရပေလိမ့်မည်။
သူ၏ စကားကို ကြားသည့်အခါ ဟောက်ထျန်းမြို့အတွင်းမှ ကျင့်ကြံသူများက မည်သည့် စကားမှ မဆိုခဲ့ဘဲ သုဿာန်တစပြင်ကဲ့သို့ ဆက်လက်တိတ်ဆိတ်နေခဲ့သည်။ ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူက အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။
“လောကကြီးမှာ ခင်ဗျားလို အရှက်မရှိတဲ့ လူမျိုး တကယ်ရှိတယ်ဆိုတာ ယုံဖို့တောင် ခက်တယ်။ ဟောက်ထျန်းကလန်က ဒီနှစ်တွေတလျှောက် ရှင်သန်ရပ်တည်နိုင်ခဲ့တာ ဒီလိုပြောင်မြောက်တဲ့ အရှက်ကင်းမဲ့မှုကြောင့်များလား။”
ယနေ့တွင် ထိုလူများအားလုံးက သတ်ဖြတ်မိန့်ကို အသက်သွင်းရန် ရှိနေကြခြင်းဖြစ်ရာ သူက ထိုလူများ၏ အသက်ကို ဂရုစိုက်နေရန် လိုအပ်ပါရဲ့လား။
ဟောက်ထျန်းကလန်ခေါင်းဆောင်သည်ပင် ဂရုမစိုက်လျှင် သူက မည်သည့်အတွက်ကြောင့် ဂရုစိုက်ရပါမည်နည်း။
ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ထိပ်သီးပုဂ္ဂိုလ်များ၏ အမူအရာတို့က သိပ်မကောင်းလှပေ။ ရီဖူရှင်းက ဟောက်ထျန်းမြို့တစ်ခွင်လုံးမှ ကျင့်ကြံသူများအား ဓားစာခံအဖြစ် ထိန်းချုပ်ထားသကဲ့သို့ ဤနေရာ၌ ထွက်ပေါ်လာပေသည်။ သူ၏ ဗုဒ္ဓရောင်ဝါခြေလှမ်းနှင့် ဤနေရာတစ်ခုလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်သည့် တိုက်ခိုက်မှုကြီးအား အသုံးပြုခြင်းမှမဟုတ်လျှင် ရီဖူရှင်းအား သတ်ဖြတ်နိုင်မည့် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။
သူက ဤနည်းလမ်းဖြင့် တိုက်ခိုက်ရန် ရွေးချယ်လိုက်လျှင် ဟောက်ထျန်းမြို့တစ်မြို့လုံးကို အန္တရာယ်တောထဲ ကျရောက်သွားစေပေလိမ့်မည်။
ဟောက်ထျန်းမြို့အတွင်းရှိ လူပေါင်းများစွာ သေကြေပျက်စီးရလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့သော ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးက ရီဖူရှင်းကို သတ်နိုင်မည် ဖြစ်သော်လည်း ဟောက်ထျန်းမြို့အတွင်းမှ လူအများအပြားကိုပါ သေဆုံးသွားစေလိမ့်မည်။
ထို့ကြောင့် မည်သူကမှ ထိုကဲ့သို့သော အစီအစဥ်ကို မလုပ်ဆောင်ရဲကြပေ။
သို့သော် ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ အနီးဝန်းကျင်၌ အစွမ်းထက်သော မဟာလမ်းစဥ်အရှိန်အဝါတစ်ခု ပေါ်ပေါက်လာကာ ထိုမဟာလမ်းစဥ်နယ်မြေနှင့် သူ့ပတ်ဝန်းကျင်အား ဖုံးလွှမ်းပစ်ရန် ကြိုးစားလာသည်။ သို့ပေမယ့် ဟောက်ထျန်းမြို့အတွင်း မည်သည့်အရာမှ ရီဖူရှင်း၏ ထက်ရှသော အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ပေ။ သူ၏ မျက်လုံးထဲ၌ လှောင်ပြောင်ဟန် ရယ်မြူးရိပ်တို့ ပေါ်ပေါက်လာပြီး သူ့ခန္ဓာကိုယ်က ရပ်နေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
နောက်တခဏတွင် သူက ဟောက်ထျန်းမြို့အောက်ဘက် တစ်နေရာတွင် ပေါ်ပေါက်လာသည်။ ထိုနေရာ၌ ကောင်းကင်ဒေ တစ်စိတ်တစ်ပိုင်းဖြစ်သော နန်ထျန်းနယ်မြေအတွင်း အဓိကအင်အားစုတစ်ခုမှ ကျင့်ကြံသူများ ရှိနေခဲ့သည်။ ယခုလေးတင် သူတို့က စီဝေ့အား ဖျက်ဆီးရန် ခြိမ်းခြောက်သည့် ဆောင်ပုဒ်ကို ရွတ်ဆိုနေခဲ့ကြသည်။
သူတို့သည် ရီဖူရှင်းက ရုတ်တရက် သူတို့ရှေ့၌ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများ ထွက်ပေါ်လာသည်။ နောက်ခဏတွင် သူတို့က ထိုနေရာရှိ လေဟာနယ်က အေးခဲသွားပြီး သူတို့အတွက် လှုပ်ရှားရန် ခက်ခဲလာသည်ကို ခံစားလိုက်ရသည်။ သူတို့အနီးဝန်းကျင်၌ လေဟာနယ်နတ်အလင်းက တောက်ပနေခဲ့ပြီး အလွန် အေးစက်သည့် ခံစားချက်ကို ပေးစွမ်းနေ၏။
“စီဝေ့ကို ဖျက်ဆီး၊ ရီဖူရှင်းကို သတ်...”
ရီဖူရှင်းက ရေရွတ်လိုက်သည်။ ခဏချင်းအတွင်း ထိုကျင့်ကြံသူများရှိနေသည့် လေဟာနယ်က ကွဲထွက်သွားခဲ့သည်။ သွေးများက နေရာအနှံ့ ပန်းထွက်လာပြီး ထိုကျင့်ကြံသူအဖွဲ့လိုက်ကြီးက အတွေးတစ်ချက်နှင့် သုတ်သင်ခံလိုက်ရကာ မည်သည့်အရာမှ မကျန်ရှိဘဲ သေဆုံးသွားခဲ့ရပေသည်။
သူတို့အနီးရှိ လူတိုင်းက ဖြူဖျော့သွားခဲ့ပြီး စကားဖြင့်ပင် ပြောပြ၍မရနိုင်လောက်သည့် ချောက်ချားမှုကို ခံစားလိုက်ကြရသည်။ ရီဖူရှင်းက ထိုလူများကို သတ်ပြီးနောက် တစ်ဖန် ပျောက်ကွယ်သွားကာ အခြားတစ်နေရာ၌ ပြန်လည်ပေါ်ပေါက်လာသည်။ သူ၏ တည်နေရာကို ချုပ်နှောင်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
ဒုတိယနတ်ဘုရားကပ်ဘေးကို ကြုံတွေ့ပြီးနောက် ရီဖူရှင်း၏ ဗုဒ္ဓရောင်ဝါခြေလှမ်းက ပြီးပြည့်စုံလုနီးပါးပင် ဖြစ်ကာ သူစိတ်ရှိသလို ရွေ့လျားနိုင်သည်။ တစ်စုံတစ်ယောက်က သူ့အား ချုပ်နှောင်ထားရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ကောင်းကင်ထက်တွင် ရီဖူရှင်းက ရပ်နေပြီး လူအုပ်ကြီးအား ကြည့်နေခဲ့သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်၏။
“ကျုပ် မူလဘုံမှာ ကျင့်ကြံနေတုန်းက ဘယ်သူ့ကိုမှ မဆန့်ကျင်မိခဲ့ဘူး။ ဒါပေမယ့် ကောင်းကင်ဒေသရဲ့ အင်အားစုတွေက ကျုပ် ပိုင်တဲ့ နတ်ရတနာတွေကို လိုချင်တပ်မက်တာကြောင့် ကျုပ်ကို အကြိမ်ပေါင်းများစွာ လုပ်ကြံဖို့ ကြိုးစားခဲ့ပြီး ဒုက္ခရောက်စေခဲ့တယ်။ အခု သူတို့က သတ်ဖြတ်မိန့်ကိုတောင် ထုတ်ပြန်လိုက်သေးတယ်။ ဒီလိုဆိုမှတော့ သတ်ဖြတ်မိန့်ကို သဘောတူခဲ့တဲ့ ဘယ်သူမဆို ခင်ဗျားတို့ ဘယ်နေရာမှာ ရောက်နေပါစေ ကျုပ် ခင်ဗျားတို့ကို အဆုံးသတ်ပေးမယ်ဆိုတာ ပြောပါရစေ။ တကယ်လို့များ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် စီဝေ့ကြယ်ကမ္ဘာက ကျုပ်ရဲ့ လူတွေကို ထိခိုက်အောင်လုပ်ဖို့ ဆန္ဒရှိခဲ့တယ်ဆိုရင် အဲဒီလူနဲ့ အဲဒီလူရဲ့ ကလန်ကို ဖျက်ဆီးပစ်မှ ရက်စက်တယ်လို့ အပြစ်မတင်နဲ့။”
“ဒီနေ့ကစပြီး သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းကသာ ရပ်တန့်နိုင်တယ်။”
ရီဖူရှင်း၏ အေးစက်နေသော အသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်ကာ လူတိုင်းကို ကျောရိုးတလျှောက် စိမ့်တက်သွားစေခဲ့သည်။
ယနေ့ ဟောက်ထျန်းကလန်က မည်သည့်ကန့်သတ်ချက်မှမရှိဘဲ သတ်ဖြတ်မိန့်ကို ထုတ်ပြန်ခဲ့ပြီး ချက်ချင်း အသက်ဝင်ခဲ့သည်။ စီဝေ့ကြယ်ကမ္ဘာမှ လူများက အစုလိုက်အပြုံလိုက် သိမ်းကျုံးအသတ်ခံရပေလိမ့်မည်။
ထို့ကြောင့် သူက ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူများကို တန်ပြန်တိုက်ခိုက်ရန် အရက်စက်ဆုံးနည်းလမ်းအား အသုံးပြုရန်သာ တတ်နိုင်သည်။ သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းဖြင့် ရပ်တန့်ခြင်းကို လုပ်ဆောင်မည် ဖြစ်သဖြင့် သတ်ဖြတ်မိန့်ကို ထမ်းဆောင်ရန် မည်သူမှ ဝံ့ရဲလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်း၏ အသံက ပျောက်ကွယ်သွားသည်နှင့် ကြောက်မက်ဖွယ် လေဟာနယ်နတ်အလင်းတို့က ချက်ချင်း ကျဆင်းလာကာ ထိုနေရာအတွင်း မျောလွင့်နေပြီး လေဟာနယ်ကို အပိုင်းပိုင်းစုတ်ဖြဲပစ်လိုက်ကာ ထိုနေရာရှိ လူတိုင်းကို သေဆုံးစေခဲ့သည်။
သို့သော် ရီဖူရှင်း၏ ပုံရိပ်က ဟောက်ထျန်းမြို့ အောက်ဘက်ရှိ နောက်တစ်နေရာတွင် ပေါ်ပေါက်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အချို့သော လူများ၏ အသက်ကိုယူဆောင်သွားခဲ့ပြီး ဖြစ်သည်။ ထိုသူများမှာ မကြာသေးခင်က စီဝေ့ကို ဖျက်ဆီးရန် ကြွေးကြော်ခဲ့ကြသူများ ဖြစ်သည်။
ကြည့်ရသည်မှာ သူ့ကို ထိပါးရဲသည့် မည်သူမဆို သူက ပြတ်ပြတ်သားသား ရှင်းလင်းပစ်မည်ပုံရပေသည်။
ယခင်က လှုပ်ရှားမှုပြုခဲ့သူမှာ ရှေးဟောင်းနတ်ဘုရားကလန်ထဲမှ ကျန်းကလန်ခေါင်းဆောင် ဖြစ်သည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ သူထံ၌ ကြောက်မက်ဖွယ် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ရီဖူရှင်း၏ ထက်ရှသည့် အာရုံခံစားမှုက မှန်းဆနိုင်သည်ထက် ကျော်လွန်အောင် ကြောက်မက်ဖွယ်ဖြစ်လာသည် ကောင်းလှပေသည်။ သူ၏ စွမ်းအားက ကျရောက်လာသည်နှင့် တိုက်ခိုက်မှုက တစ်ခါတည်း ရောက်ရှိလာမည်ဖြစ်သော်လည်း ရီဖူရှင်းက ချက်ချင်း ရှောင်တိမ်းနိုင်ခဲ့ပေသည်။ ဤကဲ့သို့ တိကျသည့် တိုက်ခိုက်မှုများသည်ပင် သူ့ကို ဒဏ်ရာရစေရန်မဆိုထားနှင့် ထိပင်မထိနိုင်ခဲ့ပေ။ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ ကြီးမားသော နေရာတစ်ခုအတွင်း သူ့အား ပိတ်ဆို့တိုက်ခိုက်ရန် ဖြစ်သည်။
ဥပမာအနေနှင့် သူတို့က ထိုအခိုက်အတန့်တွင် ဟောက်ထျန်းတစ်မြို့လုံးကို ချိပ်ပိတ်ထားခဲ့ပြီး ဟောက်ထျန်းတစ်မြို့လုံးအား ဖျက်ဆီးပစ်နိုင်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်ရန် ဖြစ်သည်။
သို့သော် မည်သူက ထိုသို့လုပ်ရဲပါမည်နည်း။
ရီဖူရှင်း၏ ပုံရိပ်က လေထဲ၌ တစ်ဖန် ထွက်ပေါ်လာကာ သူတို့ကို မျက်နှာချင်းဆိုင်ရင်း ပြောလိုက်သည်။
“ခင်ဗျားတို့ ဟောက်ထျန်းမြို့ကို ချိပ်စည်းမဖွင့်ပေးသေးဘူးမလား။ စီဝေ့ကို ဖျက်ဆီးပြီး ကျုပ်ကို သတ်မယ်လို့ ခြိမ်းခြောက်တဲ့သူတွေရဲ့ မျက်နှာကို စိတ်ထဲမှာ ပုံနှိပ်ထားသလို ကောင်းကောင်းကြီး မှတ်မိနေတယ်။ ကျုပ် ဟောက်ထျန်းမြို့ထဲမှာ ရှိနေသရွေ့ ခင်ဗျားတို့နဲ့ တဖြေးဖြေးချင်း စာရင်းရှင်းမယ်။ ခင်ဗျားတို့အားလုံးက ကျုပ်ကို မဆင်မခြင် လူသတ်တဲ့ လူယုတ်မာလို့ ပြောပြီး အပြစ်ပေးချင်နေကြတာဆိုတော့ ဆန္ဒပြည့်ဝစေရမယ်။ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရအောင်။”
ဟောက်ထျန်းမြို့အတွင်းမှ ကျင့်ကြံသူများသည် ရီဖူရှင်း၏ ကြေညာချက်ကို ကြားသည့်အခါ တုန်ယင်သွားခဲ့ကြသည်။ အထူးသဖြင့် အစောပိုင်းက သတ်ဖြတ်မိန့်ကို စိတ်အားထက်သန်စွာ တုန့်ပြန်ခဲ့ကြသည့် ကျင့်ကြံသူများက အလွန် ကြောက်ရွံ့နေခဲ့ကြသည်။
ယနေ့ ရီဖူရှင်းက သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းဖြင့် ရပ်တန့်လိမ့်မည် ဖြစ်သည်။ ဤချိပ်ပိတ်ထားသည့် ရှေးဟောင်းမြို့တော်အတွင်း သူက စီဝေ့ကို ဖျက်ဆီးပြီး ရီဖူရှင်းအား သတ်ဟူသည့် ဆောင်ပုဒ်အား ရွတ်ဆိုခဲ့သော မည်သူ့ကိုမဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့မည် ဖြစ်သည်။
ဟောက်ထျန်းမြို့က ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ ချိပ်ပိတ်ထားခြင်းကို ခံခဲ့ရသည်။ ရီဖူရှင်းက အပြင်မထွက်နိုင်သလို အခြားမည်သူမှလည်း မထွက်နိုင်ကြပေ။ သို့သော် ချိပ်ပိတ်ထားသည့် မြို့အတွင်း မည်သူကမှ ရီဖူရှင်းအား တစ်ခုခု လုပ်နိုင်စွမ်းမရှိပေ။
သူတို့ရင်ဆိုင်ရမည့်အခြေအနေကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။ သူသည် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခု၏ ထိပ်သီးပုဂ္ဂိုလ်များနှင့် ကောင်းကင်ဒေသမှ မရေတွက်နိုင်သည့် ကျင့်ကြံသူများကို ရင်ဆိုင်ရန် တစ်ယောက်တည်း ရောက်ရှိလာခဲ့ပေသည်။ သူက ဟောက်ထျန်းမြို့အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသော်လည်း သူ့အား မည်သူကမှ မတားဆီးနိုင်ပေ။
ဟောက်ထျန်းကလန်ခေါင်းဆောင်နှင့် အခြားကျင့်ကြံသူငါးယောက်၏ မျက်နှာများက အလွန် ကြည့်ရဆိုးနေခဲ့ပြီး သူတို့က တွေဝေနေခဲ့သည်။ သူတို့က ချိပ်ပိတ်ထားသည်ကို ဖြေပေးလိုက်လျှင် ရီဖူရှင်း၏ စွမ်းရည်နှင့် သူက အချိန်မရွေး ထွက်ပြေးလွတ်မြောက်သွားနိုင်မည် ဖြစ်သည်။ ၎င်းက သူတို့အတွက် ရီဖူရှင်းအား သတ်ဖြတ်နိုင်မည့် တူညီသော အခွင့်အရေးအား ရှာဖွေရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။
ယနေ့ ရီဖူရှင်းက သူတို့ကို သတ်ဖြတ်ရန် ရောက်လာခဲ့သော်လည်း သူ့အား ပြန်လည်သတ်ဖြတ်ရန် အခွင့်အရေးပင် ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက မြို့အား ချိပ်ပိတ်ထားခြင်းမှ ဖွင့်ပေးကာ ရီဖူရှင်းကို လွတ်မြောက်ခွင့်ပေးနိုင်ပါလိမ့်မည်လား။
ဟောက်ထျန်းမြို့အတွင်းမှ လူတိုင်းက ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြ၏။