အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
Vol. 181 Ch. 2590
အကယ်၍ သူတို့သာ ချိပ်ပိတ်ထားမှုကို ဖယ်ရှားလိုက်လျှင် ရီဖူရှင်းသည် ထိုနေရာမှ အချိန်မရွေးထွက်သွားနိုင်လေသည်။ အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။
အကယ်၍ သူတို့သာ ချိပ်ပိတ်ထားမှုကို ဖယ်ပေးရန် ငြင်းဆိုခဲ့လျှင်လည်း စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးရန်နှင့် ရီဖူရှင်းကို လိုက်ဖမ်းရန်အမိန့်ကို နာခံခဲ့သော ကျင့်ကြံသူများ၏အသက်သည် ရီဖူရှင်း၏ သနားညှာတာမှုအပေါ်တွင် မူတည်နေပေသည်။
ရီဖူရှင်းသည် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို ဝေခွဲမရဖြစ်နေစေလေသည်။
သူတို့သည် ထိုအခြေအနေကို မည်သို့ဖြေရှင်းမည်နည်း။
အဓိက ကျင့်ကြံသူခြောက်ဦးထဲက တစ်ဦးမှ သူတို့၏ စက်ကွင်းများကိုပြန်မရုတ်သိမ်းကျဘဲ ဟောက်ထျန်းမြို့ကို ချိပ်ပိတ်ထားမှုကိုလည်း ဖယ်မပေးကြပေ။
သူတို့အားလုံးသည် ရီဖူရှင်း လွတ်သွားမည်ကို မလိုချင်ပေ။
အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ အရေးပါသောလူများသည် ယခုတွင် သူတို့ကို ထောက်ခံပေးထားပေသည်။ သူတို့သည် မည်သည့်အန္တရာယ်ကိုမှ ရင်ဆိုင်ရမည်မဟုတ်ပေ။ ယခုတွင် အမှန်တကယ် အန္တရာယ်ရှိနေသူများမှာ ကောင်းကင်ဒေမှ ကျင့်ကြံသူများနှင့် ထိုမထင်မရှားလူများဖြစ်သည်။ သူတို့၏အသက်က အဘယ်သို့ ရီဖူရှင်း၏အသက်ထက် ပို၍အလေးသာမည်နည်း။
ယနေ့တွင် လူများစွာသည် ဟောက်ထျန်းမြို့တွင် စုဝေးခဲ့ကြသည်။ ထိုလူများကို ဟောက်ထျန်းကလန်က စုဝေးခဲ့ခြင်းဖြစ်ပြီး သူတို့ကို ဆုံးရှုံးလိုက်ရမည့် အကျိုးသက်ရောက်မှုသည် လွန်စွာကြီးမားပေလိမ့်မည်။ ထိုလူများသည် မထင်မရှားလူအုပ်စုသာဖြစ်ပါက အကျိုးသက်ရောက်မှုကို ထည့်၍ပင်စဉ်းစားနေရန်လိုမည်မဟုတ်ပေ။ အကယ်၍ သူတို့သာ ထိုလူများ၏အသက်ကိုရင်း၍ ရီဖူရှင်းကိုသတ်နိုင်မည်ဆိုလျှင် ထိုသို့လုပ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် မလှုပ်မယှက်ရှိနေသည်ကို မြင်လိုက်ရသောအခါ ရီဖူရှင်း၏မျက်လုံးထဲတွင် ပြက်ရယ်ပြုသည့် အရိပ်အယောင်တစ်ချက် လက်သွားလေသည်။ ထိုကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ ဖြောင့်မတ်သူများဟုခေါ်၍ သူ့ကို အပြစ်ကင်းသူများကို သတ်သည်ဟု စွပ်စွဲခဲ့သည်။ သူတို့၏ သူတော်ကောင်းယောင်ဆောင်မှုသည် ရယ်စရာကောင်းပေသည်။ သူ အနည်းငယ် စမ်းသပ်ကြည့်လိုက်သည်နှင့် သူတို့သည် သူတို့၏ဘီလူးခေါင်းကို ထုတ်ပြလာလေတော့သည်။
ရီဖူရှင်း လက်ဆန့်တန်းလိုက်ရာ သူ့လက်ထဲတွင် ငွေလှံတစ်ချောင်း ထွက်ပေါ်လာလေသည်။ ထိုလှံသည် သူထျန်းယန်မြို့၏ နံပါတ်(၁၃)အဖွဲ့တွင် အနိုင်ရရှိခဲ့သော နတ်ဘုရားတစ်ဝက်လက်နက်ဖြစ်သည်။ သူက လက်မြှောက်၍ ဟောက်ထျန်းကလန်မှ ကျင့်ကြံသူများကို လှံဖြင့်ချိန်ရွယ်ကာ ရေခဲတမျှ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
“ဟောက်ထျန်းကလန်က ဒီနေရာမှာ ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို စုဝေးခဲ့တယ်။ ကျင့်ကြံသူတွေကလည်း ဟောက်ထျန်းကလန်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့က သူတို့ကို ဒီလိုဆက်ဆံတာလား”
ဟောက်ထျန်းကလန်၏ ချိပ်ပိတ်ထားမှုကို ဖယ်ရှားပေးရန် ငြင်းဆိုမှုသည် သူတို့က သူတို့၏ဖိတ်ခေါ်မှုကို လက်ခံခဲ့သော ကျင့်ကြံသူများ၏အသက်ကို လျစ်လျူရှုတော့မည်ဟု ဆိုလိုခြင်းပင်။
“ခင်ဗျားတို့ ချိပ်ပိတ်ထားတာကို မဖယ်သေးဘူးဆိုရင် ကျုပ် အစုလိုက်အပြုံလိုက်သတ်မယ့်ကိစ္စကို စလိုက်တော့မယ်”
ရီဖူရှင်းသည် ရှေ့သို့လှံဖြင့်ချိန်၍ ခြိမ်းခြောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အဖျက်အလင်းတစ်ခု တောက်ပလာသည်။ သူသည် ချက်ချင်းပင် ထိုလူများကို တိုက်ခိုက်တော့မည်ဟု ထင်ရပေသည်။
ရီဖူရှင်း၏ စွမ်းအားကြီးစွမ်းရည်အရဆိုလျှင် ဤရှေးဟောင်းမြို့ထဲတွင် သူ၏လှံချက်တစ်ချက်ကို ခံနိုင်မည့်သူ မည်မျှရှိနိုင်ပေသနည်း။
ရီဖူရှင်း၏လှံချက်တစ်ချက်ကို ခံနိုင်ရန် ကျင့်ကြံသူများသည် အနည်းဆုံး မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးသူများဖြစ်ရပေမည်။ ကပ်ဘေးအဆင့်ထက်နိမ့်သော မည်သည့်ကျင့်ကြံသူမဆို သူ၏တိုက်ခိုက်မှုကို ခံနိုင်မည်မဟုတ်ပေ။ သူတို့သည် သေချာပေါက် သေသွားကြမည်ဖြစ်သည်။
နတ်ဘုရားကဒ်ဘေးပထမအဆင့်ကို ကျော်လွှားပြီးခဲ့သည့် ကျင့်ကြံသူများပင် အသက်အန္တရာယ်ရှိနေပေသေးသည်။
သူတို့ရရှိထားသည့် သတင်းများအရ ထျန်းယန်မြို့၏ ဆက်ခံသူဖြစ်သော ပြိုင်ဘက်ကင်းဝမ်ရှောင်သည်ပင် ရီဖူရှင်း၏ လှံချက်တစ်ချက်ကို မခံနိုင်ခဲ့ဟု သိရပေသည်။
ထိုလူများသည် မည်သို့မှ ပြန်၍မတုံ့ပြန်ကြသည်ကို တွေ့လိုက်သောအခါ ရီဖူရှင်းက လှောင်ပြုံး,ပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားလေသည်။ သူသည် အခြားတစ်နေရာတွင် ပြန်ပေါ်လာ၏။ လူအုပ်သည် လေထဲတွင် သူ၏လှံ ဖြတ်သန်းမသွားခင်၌ အလင်းတစ်ခု လှုပ်ရှားသွားသည်ကိုသာ ဖြတ်ခနဲမြင်လိုက်ရ၏။ ရုတ်ခြည်းပင် လှံဝိညာဉ်စွမ်းအားသည် ထိုနေရာရှိ ကျင့်ကြံသူအားလုံးကို ဖောက်ထွင်းသွားသည်။ သူတို့၏ခန္ဓာကိုယ်များသည် အမှုန့်ဖြစ်သွားပြီး သူတို့သည် ထိုနေရာတွင်ပင် မရှုမလှသေဆုံးသွားလေသည်။
ထိုကျင့်ကြံသူများသည် သတ်မိန့်ကို နာခံခဲ့ကြသူများဖြစ်သည်။
ရီဖူရှင်းသည် သူတို့အားလုံးကို သတ်ဖြတ်ပြီးနောက်တွင် ကောင်းကင်ထက်သို့ ပြန်၍ပျံတက်သွားပြီး သူ၏မူလနေရာတွင် ပြန်ရပ်နေလိုက်သည်။ သူက သူ့လှံနှင့် ရှေ့ရှိ ထိပ်သီးအဆင့် ကျင့်ကြံသူခြောက်ဦးကို ရွယ်လိုက်ပြီး မေးလိုက်သည်။
“ခင်ဗျားတို့ ချိပ်ပိတ်ထားတာကို ဖယ်ပေးမှာလား”
ထိပ်သီးအဆင့် ကျင့်ကြံသူခြောက်ဦးသည် ပြန်၍ မတုံ့ပြန်သေးပေ။ သူတို့သည် မည်သို့ဆက်လုပ်ရမည်ကို အတွေးပို့လွှတ်၍ တိုင်ပင်နေပုံရ၏။
သို့သော် သူတို့သည် အဖြေကို မရှာနိုင်သေးပေ။ သူတို့သည် ချိပ်ပိတ်ထားသည်ကို ဖယ်ပေး၍မရပေ။ သူတို့သာ ထိုသို့လုပ်လိုက်လျှင် ရီဖူရှင်းကို သတ်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးရပေလိမ့်မည်။ သို့သော် သူတို့ ချိပ်ပိတ်ထားသည်ကို မဖယ်ရှားခဲ့လျှင်လည်း ဟောက်ထျန်းမြို့အတွင်းမှ အခြေအနေများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သူတို့သည် ရီဖူရှင်းတစ်ယောက် ထိုနေရာရှိ ကျင့်ကြံသူများကို အစုလိုက်အပြုံလိုက်သတ်နေသည်ကို ရပ်၍သာကြည့်နေရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ကိုမှ ကယ်တင်နိုင်မည်မဟုတ်ပေ။
ရီဖူရှင်းသည် နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ထွက်ပေါ်လာသည်။ ယခင်ကကဲ့သို့ပင် သူ၏လှံချက်တစ်ချက်ကြောင့် ထိုနေရာရှိ ကျင့်ကြံသူအားလုံး သေဆုံးသွားလေသည်။ သူသည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီး၍ သူ့ကိုသတ်ပစ်မည်ဟု ကြွေးကြော်ခဲ့သော ဟောက်ထျန်းမြို့မှ ကျင့်ကြံသူအားလုံးကို မှတ်မိသည်။
သူတို့၏မျက်နှာများကို သူ၏မှတ်ဉာဏ်ထဲတွင် စွဲမြဲစွာမှတ်သားထားပြီးဖြစ်သည်။
ရီဖူရှင်းတစ်ယောက် သူခြိမ်းခြောက်သည့်အတိုင်း ပြုလုပ်လိုက်ရာ ဟောက်ထျန်းမြို့သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
သူသည် သတ်ဖြတ်ခြင်းကို သတ်ဖြတ်၍ ရပ်တန့်မည်ဖြစ်သည်။
ယနေ့တွင် ဟောက်ထျန်းမြို့ထဲ၌ အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် သတ်မိန့်ထုတ်ခဲ့သည်။ ရီဖူရှင်းသည် လှံတစ်စင်းဖြင့် ရောက်ရှိလာပြီး အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ခဲ့သည်။ ထိုအမိန့်ကို နာခံသူမည်သူမဆို အသတ်ခံရမည်ဖြစ်သည်။
“ဆရာကြီးတို့... ချိပ်ပိတ်ထားတာကို ဖယ်ပေးပြီး ကျုပ်တို့ကို ထွက်သွားခွင့်ပြုပါ”
ထိုအခိုက်တွင် ဟောက်ထျန်းမြို့အတွင်းမှ တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာအော်ပြော၍ အဓိက ရှေးဟောင်နတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများကို အသနားခံလိုက်သည်။
“ဆရာကြီးတို့... ကျေးဇူးပြုပြီး ချိပ်ပိတ်ထားတာကို ဖယ်ပေးပါ”
အခြားသူများလည်း အော်ဟစ်အသနားခံလိုက်ကြ၏။
တစ်ယောက်က စတင်အသနားခံလိုက်သည်နှင့် အခြားသူများလည်း ဝိုင်း၍အော်ဟစ်အသနားခံကြလေတော့သည်။ မကြာမီမှာပင် ဟောက်ထျန်းမြို့ထဲတွင် ကျင့်ကြံသူမြောက်မြားစွာသည် ချိပ်ပိတ်ထားသည်ကို ဖယ်ပေးရန် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို အသနားခံတောင်းဆိုနေကြလေသည်။
ထိုသို့အသနားခံနေကြသူများမှာ သတ်မိန့်ကိုနာခံခဲ့ကြသူများဖြစ်သည်။
သူတို့သည် ယခုတွင် ထိုသို့လုပ်ခဲ့မိသည်ကို နောင်တရနေကြသည်။
ရီဖူရှင်းသည် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏အရှေ့တွင် လှံတစ်ချောင်းကိုဆွဲကိုင်၍ အမှန်ပင် အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ဝံ့ပြီး မည်သူမှ သူ့ကိုမတားနိုင်ဟု သူတို့ တစ်ခါမှ အိပ်မက်ပင်မက်ခဲ့ဖူးချေ။
ယခုတွင် သူတို့အားလုံးသည် အသက်အန္တရာယ်ရှိနေပေပြီ။ အကယ်၍ သူတို့သာ ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ကို ကြိုသိခဲ့ပါက သတ်မိန့်ကိုနာခံ၍ ကိုယ့်သေတွင်းကိုယ်တူးကြမည်မဟုတ်ပေ။
“မင်းက ထွက်ပြေးနိုင်ဖို့ အတွက်နဲ့ အပြစ်မရှိတဲ့လူတွေကို တကယ်ပဲ အစုလိုက်ပြုံလိုက်သတ်ချင်နေတာပဲ။ မင်းက ကောင်းကင်ဒေသက ကျင့်ကြံသူတွေရဲ့ အသက်ကို ဓားစာခံထားပြီး ငါတို့ကို ခြိမ်းခြောက်နေတာလား”
ဟောက်ထျန်းကလန်၏ ကလန်သခင်သည် ရီဖူရှင်းကို အေးစက်စက် မျက်လုံးများနှင့်စိုက်ကြည့်၍ ပြောလိုက်သည်။ သူသည် ချိပ်ပိတ်ထားသည်ကို ဖယ်ရှား၍ ရီဖူရှင်းကို အလွှတ်ပေးမည့်ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။
အမှန်တွင် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုထဲတွင် ဟောက်ထျန်းကလန်သည် အကြီးမားဆုံးဖိအားကို ရင်ဆိုင်နေရ၏။ ဤနေရာသည် သူတို့နယ်မြေဖြစ်၍ ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးကို ဖိတ်ခေါ်ခဲ့သူမှာ ဟောက်ထျန်းကလန်၏ ကလန်သခင်မဟုတ်ပါလား။
ထို့ပြင် ဟောက်ထျန်းမြို့သည် မူလက ဟောက်ထျန်းကလန်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပေသည်။ ထိုမြို့ရှိ လုပ်ငန်းများစွာသည် သူတို့၏လုပ်ငန်းများဖြစ်သည်။ ထို့ပြင် ထိုမြို့တွင် ဟောက်ထျန်းကလန်၏ လက်အောက်ခံအင်အားစုများမှ စွမ်းအားကြီးကျင့်ကြံသူများစွာလည်း ရှိပေသည်။
ထို့ကြောင့် ဤကိစ္စတွင် သူ၏ ဟောက်ထျန်းကလန်သည် အကြီးအမားဆုံးဝန်ထုပ်ဝန်ပိုးကို ထမ်းထားရခြင်းဖြစ်သည်။
အစောက သူတို့ကြားတွင် အတွေးပို့လွှတ်၍ ဆက်သွယ်ခဲ့စဉ်က အခြား ရှေးဟောင်းနတ်ဘုရားကလန်ငါးခုသည် ချိပ်ပိတ်ထားသည်ကို မဖယ်ရှားလိုကြပေ။ ထို့ကြောင့် သူ ချိပ်ပိတ်ထားသည်ကို ဖယ်ရှားလိုလျှင်လည်း အချည်းနှီးသာဖြစ်သည်။ အခြားရှေးဟောင်းနတ်ဘုရားကလန်ငါးခုက ထိုသို့လုပ်ရန် သဘောမတူလျှင် ရလဒ်သည် အတူတူသာဖြစ်ပေလိမ့်မည်။
သူသည် ကိုယ့်အမှားကို သူ့အမှားလုပ်ရန်သာရှိလေတော့သည်။ သူ၏စကားများသည် မည်မျှ ရယ်စရာကောင်းနေသည်ကို သူသိပေသည်။ သို့သော် သူ၏လေသံသည် လွန်စွာ ခက်ထန်လေးနက်နေလေသည်။
သူသည် ရီဖူရှင်းအပေါ်သို့သာ အပြစ်အားလုံးပုံချတော့မည့်ပုံပင်။ သူတို့သည် ရီဖူရှင်းလွတ်မြောက်သွားမည်စိုးသဖြင့် ချိပ်ပိတ်ထားသည်ကို မဖယ်ပေးသောကြောင့် အခြားကျင့်ကြံသူများ အသတ်ခံခဲ့ရသော်လည်း ထိုကိစ္စသည် ရီဖူရှင်း၏အပြစ်သာဖြစ်ပြီး သူတို့နှင့် မည်သို့မှ မသက်ဆိုင်ပေ။
ယခုတွင် သူသည် ထိုသို့သာ အပြစ်ကို လွှဲချရတော့မည်ဖြစ်သည်။
ထျန်းယန်မြို့သခင်သည် စိတ်ထဲမှကျိတ်၍ အေးစက်စက်ပြုံးလိုက်သည်။ သူသည် ချိပ်ပိတ်ထားသည်ကို ဖယ်ရှားပေးရန် သဘောတူမည်မဟုတ်ပေ။ သူသည် ရီဖူရှင်းကိုသာ သေစေလိုနေသည်။ ဟောက်ထျန်းမြို့မှ ကျင့်ကြံသူများ၏အသက်သည် သူနှင့်မသက်ဆိုင်ပေ။
ထိုကျင့်ကြံသူများကို ဖိတ်ခေါ်ခဲ့သူမှာ သူ၏ထျန်းယန်မြို့မဟုတ်ပေ။ ဟောက်ထျန်းကလန်က ဖိတ်ခေါ်ခဲ့ခြင်းသာဖြစ်သည်။
သတ်မိန့်ထုတ်ရန်မှာလည်း ဟောက်ထျန်းကလန်၏အကြံပေးချက်သာဖြစ်သည်။ ထို့ကြောင့်သာ ထျန်းယန်မြို့သခင်သည် စတင်မလှုပ်ရှားဘဲ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခြင်းပင်။
ရီဖူရှင်းသည် ဟောက်ထျန်းကလန်မှ ကလန်သခင်၏ ရယ်စရာကောင်းသော စကားများကို ကြားလိုက်သောအခါ မည်သို့မှ ပြန်မပြောခဲ့ပေ။ သူ ထပ်မံ၍ ပျောက်ကွယ်သွား၏။ ဤအကြိမ်တွင်လည်း သူသည် ဟောက်ထျန်းမြို့၏ အခြားနေရာတစ်ခုတွင် ပြန်ပေါ်လာသည်။ သူ၏လှံမှနေ၍ ကြောက်မက်ဖွယ် အလင်းများ အဆက်မပြတ်တောက်ပသွားပြီး အစုလိုက်အပြုံလိုက် ထပ်မံသတ်လိုက်လေသည်။ အလင်းတစ်ချက်စီသည် ပြတ်တောင်းပြတ်တောင်း ဖြစ်နေ၏။
ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး သေဆုံးသွားကြသည်။ မည်သူမှ ရီဖူရှင်း၏ လှံချက်တစ်ချက်ကို မခံနိုင်ပေ။ ထိုလှံချက်ကျဆင်းသွားသည့်နေရာတိုင်းတွင် ကျင့်ကြံသူများ ရုတ်ခြည်းအသတ်ခံလိုက်ရပြီး ဟောက်ထျန်းမြို့တွင်းမှ ပျောက်ကွယ်သွားကြလေသည်။
သေဆုံးသူအရေအတွက် အလွန်များပြားလာသော်လည်း အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် မည်သို့မှ အလုပ်ကြသေးပေ။ ဟောက်ထျန်းမြို့တစ်ခွင်တွင် အကြောက်တရားများ ပျံ့နှံ့နေပေပြီ။ သတ်မိန့်ကို နာခံခဲ့ကြသည့် လူများသည် သူတို့ထံသို့ သေခြင်းတရားက ချဉ်းကပ်လာပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းခံစားမိနေကြသည်။
နောက်ထပ် သေဆုံးရမည့်သူသည် သူတို့ဖြစ်လေသလောကို မည်သူမှ မသိနိုင်ပေ။
ရီဖူရှင်းသည် လေထဲတွင် ရပ်နေလေသည်။ ယခုတွင် သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သေမင်းတစ်ပါးကဲ့သို့ပင် ထင်ရ၏။ သူကိုင်ဆောင်ထားသည့် ငွေလှံတွင် လတ်ဆတ်သောသွေးများ ရွှဲနေလေသည်။ ရီဖူရှင်းရပ်နေသော အောက်ရှိ လူများသည် နဖူးမှခြေဖျားအထိ တုန်ရင်နေကြပြီး သူတို့၏မျက်ဝန်းများထဲတွင်လည်း ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။
အစောကပင် သူတို့သည် သတ်မိန့်ကို နာခံခဲ့ကြသည် မဟုတ်ပါလား။
ယခုတွင် ရီဖူရှင်းသည် သူတို့အထက်သို့ ရောက်နေပေပြီ။ သို့ဆိုလျှင် သူတို့သည် နောက်ထပ် သေရတော့မည်သူများပေလော။
အကယ်၍ ရီဖူရှင်းသာ တိုက်ခိုက်ခဲ့လျှင် သူတို့သည် သေချာပေါက်သေသွားမည်ဖြစ်သည်။
“ကျုပ်တို့က ဖိတ်ခေါ်လို့သာ ရောက်လာကြတာပါ။ သတ်မိန့်ကို နာခံဖို့ စိတ်ကူးမရှိပါဘူး။ ရန်ဟောင်ရီ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
အောက်ရှိ လူအုပ်သည် သူတို့၏ခေါင်းများကိုငုံ့၍ ပြောလိုက်သည်။ သူတို့သည် ကောင်းကင်ထက်ရှိ ရီဖူရှင်းကို ဦးညွှတ်၍ သူတို့၏အသက်ကို ချမ်းသာပေးရန် အသနားခံနေကြလေသည်။
သူတို့သည် ကြောက်ရွံ့နေကြ၏။
ရွှီး...
ရီဖူရှင်းသည် ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူထပ်မံထွက်ပေါ်လာသောအခါတွင် လူများစွာသည် ထိုနေရာသို့ကြည့်လိုက်ကြသည်။ သူတို့၏အသက်ကို ချမ်းသာပေးရန် အသနားခံခဲ့သူအားလုံးသည် အသတ်ခဲ့လိုက်ရပေပြီ။
သူတို့သည် ရုတ်ခြည်းသေသွားခဲ့သည်။
ရီဖူရှင်းသည် သူတို့ကို ရှင်သန်နိုင်ရန် အခွင့်အရေးတစ်ခုပင် မပေးခဲ့ပေ။
ယခုတွင် သူတို့သည် တောင်းပန်၍ အမှားဝန်ခံလျှင်လည်း အကျိုးမရှိတော့ချေ။ ကိစ္စများကို ယင်းသို့သာ အလွယ်တကူဖြေရှင်းနိုင်မည်ဆိုလျှင် လူအားလုံးသည် မိမိတို့စိတ်ကြိုက် အဆင်အခြင်မဲ့စွာ လုပ်နိုင်သည့် သဘောမသက်ရောက်သွားပေလော။
ထိုလူများသည် အကျိုးအမြတ်များကြောင့် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးကာ ရီဖူရှင်းကို သတ်ဖြတ်လိုခဲ့ကြခြင်းဖြစ်သည်။ ယခုတွင် သူတို့သည် အသက်အန္တရာယ်နှင့်ရင်ဆိုင်ရသောအခါမှ ရုတ်တရက်ကြီး သတ်မိန့်ကို နာခံလိုစိတ်မရှိခဲ့ပါဟု ဆိုသည်ကို လက်ခံပေးနိုင်ပါမည်လော။
ယနေ့တွင် သူသည် လူအားလုံး၏ရင်ထဲသို့ အကြောက်တရားများ သွင်းနိုင်ရန်အတွက် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို လိုအပ်သလောက် သတ်ပစ်မည်ဖြစ်သည်။
“ဆရာကြီးတို့... ဆရာကြီးတို့ ဘာမှ မလုပ်ဘဲ ဒီအတိုင်းပဲကြည့်နေကြတော့မှာလား”
တစ်စုံတစ်ယောက်သည် ရဲရဲနီနေသော မျက်လုံးများဖြင့် မေးလိုက်သည်။ မြို့တွင်းရှိ လူများသည် ဒေါသတကြီးဖြင့် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများကို စိုက်ကြည့်လိုက်ကြလေသည်။ ထိုကလန်ခြောက်ခုသည် ရီဖူရှင်းက အခြားကျင့်ကြံသူများကို သတ်ဖြတ်နေသည်ကို တွေ့သော်လည်း ကူညီရန် မည်သို့မှ မလုပ်ခဲ့ကြပေ။
အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများသည် အခြားသူများ တစ်ဦးပြီးတစ်ဦး အသတ်ခံနေရသည်ကို ရပ်ကြည့်နေခဲ့သည်။ ယခုအချိန်အထိ သူတို့သည် မည်သို့ဆက်လုပ်ရမည်ကို တွေးတောနေဆဲဖြစ်သည်။ သူတို့သည် သူတို့မျက်လုံးရှေ့တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်နေသည်ကို ရပ်သာကြည့်နေနိုင်လေသည်။
အသံများ ပို၍များပြားလိုက်ပြီး အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုအား ချိပ်ပိတ်ထားသည်ကို ဖယ်ရှားပေးရန် အော်ဟစ်တောင်းဆိုနေကြသည်။
ဟောက်ထျန်းကလန်၏ ကလန်သခင်က အေးစက်စွာ ကြေညာလိုက်သည်။
“သတ်မိန့်ကို ထုတ်ပြီးသွားပြီဆိုတော့ အဲဒီအမိန့်က အသက်ဝင်သွားပြီ။ ဒီနေ့ ဒီမှာ ရီဖူရှင်းရှိနေတယ်ဆိုတော့ သူ့ကိုသတ်နိုင်တဲ့ ဘယ်သူမဆို သတ်မိန့်မှာပါတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမယ်။ ပြီးတော့ စီဝေ့ကြယ်ကောင်းကင်က ကျင့်ကြံသူတွေကို သတ်နိုင်တဲ့ ဘယ်သူမဆို အမိန့်မှာပါတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမယ်”
သူသည် သတ်မိန့်က အသက်ဝင်နေပြီဖြစ်ကြောင်း ထပ်မံအသားပေးပြောလိုက်သည်။
ယနေ့တွင် မည်သို့ဖြစ်လာမည်ဖြစ်စေ သတ်မိန့်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။ သတ်မိန့်ကို ဖျက်သိမ်းလိုလျှင် ရီဖူရှင်းအနေဖြင့် အရင်ဆုံး ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ရမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ရီဖူရှင်းကို ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခွင့်ပြုတော့မည် မဟုတ်ပေ။ ရီဖူရှင်းသာ သေဆုံးသွားလျှင် အရာအားလုံး ပြီးဆုံးသွားမည်ဖြစ်သည်။
“ဒါတွေက ကောင်းကင်ဒေသရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ရှေးဟောင်းနတ်ဘုရားကလန်တွေတဲ့...”
ရီဖူရှင်းသည် ကျယ်လောင်စွာ လှောင်လိုက်သည်။ သူ၏အသံသည် ကုန်းမြေတစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ သူသည် အတွေးတစ်ချက်တွေးလိုက်ရာ ရုတ်ခြည်းပင် သူ့အနောက်တွင် လက်များ သောင်းချီ ထွက်ပေါ်လာသည်။ လက်တစ်ဖက်ချင်းစီတွင် ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားပါဝင်ပေသည်။
ရှေးဟောင်းမြို့တစ်ခွင်လုံးကို အားကောင်းသည့် သတ်ဖြတ်လိုသည့်အရှိန်အဝါတစ်ခု လွှမ်းခြုံသွားသည်။
သူသည် မည်သို့လုပ်ရန် ကြံရွယ်နေခြင်းနည်း။
ကျင့်ကြံသူများစွာသည် ရီဖူရှင်းကို အံ့ဩတကြီးကြည့်၍ တွေးလိုက်ကြသည်။ သတ်မိန့်ကို နာခံခဲ့သော လူများသည် ပို၍ပင် တုန်ယင်နေကြသည်။ ရီဖူရှင်းသည် လူအကုန်လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့မည်လော။