အခန်း ၉၁၀
Vol. 86 Ch. 910
အခန်း (၉၁၀) - ခွန်ဖန်ပင်လယ်ပြင်၏ ပထမဦးဆုံးသော အလှနတ်သမီး၊ တစ်ချိန်တစ်ခါက အစစ်အမှန်ဝိညာဉ်မျိုးနွယ် ကျောက်စိမ်းယုန်မျိုးနွယ်စု (၂)
ထိုအချိန်ရောက်လျှင် ထျန်းဖန်မျိုးနွယ်စုသည်လည်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်မှာ မြေကြီးလက်ခတ်မလွဲချေ။
ထျန်းဖန်မျိုးနွယ်စုသည် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ဖြစ်ပြီး မျိုးနွယ်စုအတွင်း မဟာယာနအဆင့် ကျင့်ကြံသူ ရာနှင့်ချီ ရှိသော်လည်း အစစ်အမှန်ဝိညာဉ် ခွန်ဖန်ကို အလွယ်တကူ စေခိုင်း၍ မရဘဲ တောင်းဆိုမှုတိုင်းအတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရလေသည်။
မျိုးနွယ်စု ပျက်သုဉ်းမည့် ဘေးအန္တရာယ်မျိုး မဟုတ်လျှင် ၎င်းတို့သည် အစစ်အမှန်ဝိညာဉ်၏ စွမ်းအားကို အသုံးပြုနိုင်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် ၎င်းတို့သည် အများအားဖြင့် ထျန်းဖန်မျိုးနွယ်စု၏ ကိုယ်ပိုင်အင်အားကိုသာ အားကိုးရပေသည်။
မကောင်းဆိုးဝါးဆန်ဆန် ပါရမီရှင် မဟာယာနအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာပါက ထျန်းဖန်မျိုးနွယ်စုပင်လျှင် လက်မှိုင်ချရမည် ဖြစ်၏။
"ထျန်းဖန်မျိုးနွယ်စုရဲ့ ဒေါသ ဟုတ်လား..."
"ရှင်တို့ ထျန်းဖန်မျိုးနွယ်စုက ဝိညာဉ်ကမ္ဘာရဲ့ အရှင်သခင်ကျနေတာပဲ..."
"စွမ်းအားကို ကြည့်မယ်ဆိုရင် ရှင်တို့က ထောင့်တစ်နေရာမှာ ခြေဆန့်နေတဲ့ မျိုးနွယ်စုတစ်ခုလောက်ပဲ ရှိတာ..."
"ခွန်ဖန်ပင်လယ်နယ်မြေကလွဲလို့ ရှင်တို့က တခြားနေရာတွေကို လွှမ်းမိုးနိုင်လို့လား..."
"အလွန်ဆုံးရှိလှ နောက်ဆို ခွန်ဖန်ပင်လယ်နယ်မြေမှာ မလှုပ်ရှားဘဲ တခြားနေရာကို သွားကြစတမ်းဆို… ငါတို့ ကျောက်စိမ်းယုန်မျိုးနွယ်စုလည်း အတူတူ ရှင်သန်နိုင်တာပဲ..."
"နင်တို့ ထျန်းဖန်မျိုးနွယ်စုက ကြီးကျယ်လှတယ်လို့ မထင်နဲ့..."
ယွီရှန်းအာက အေးစက်စွာ ရယ်မောလိုက်ပြီး မည်သည့်အကြောက်တရားမျှ မရှိပေ။
အကယ်၍ အတည်တကျ ဌာနချုပ်ရှိသော မျိုးနွယ်စုများသာဆိုလျှင် ထျန်းဖန်မျိုးနွယ်စုကို အလွန်အမင်း ကြောက်ရွံ့ကြမည် ဖြစ်၏။
မည်သို့ပင်ဆိုစေ ထျန်းဖန်မျိုးနွယ်စုကို စော်ကားမိပါက မဟာယာနအဆင့် ကျင့်ကြံသူများ လာရောက်တိုက်ခိုက်မည်ဖြစ်ပြီး ၎င်းသည် မျိုးနွယ်စု ပျက်သုဉ်းမည့် ဘေးအန္တရာယ်ပင် ဖြစ်၏။
သို့သော် ကျောက်စိမ်းယုန်မျိုးနွယ်စုမှာမူ ထိုသို့ မဟုတ်ချေ။
၎င်းတို့သည် ကျောက်စိမ်းယုန် လျှို့ဝှက်နယ်မြေအတွင်း နေထိုင်ကြပြီး ၎င်းမှာ လျှို့ဝှက်သော နယ်မြေကမ္ဘာတစ်ခု ဖြစ်ပေသည်။
ထျန်းဖန်မျိုးနွယ်စုပင်လျှင် ၎င်းတို့၏ တည်နေရာကို ရှာတွေ့ရန် မတွေးဝံ့ချေ။
တစ်နည်းအားဖြင့် ဆိုရသော် ကျောက်စိမ်းယုန် လျှို့ဝှက်နယ်မြေထဲသို့ ပုန်းရှောင်သွားသည်နှင့် ထျန်းဖန်မျိုးနွယ်စုလည်း မည်သို့မျှ မတတ်နိုင်တော့ပေ။
မဟာယာနအဆင့် တိုက်ခိုက်ရေးစွမ်းအားများစွာ ရှိနေလျှင်ပင် ၎င်းတို့၏ တည်နေရာကို ရှာမတွေ့ပါက မည်သို့မျှ လုပ်နိုင်မည် မဟုတ်ချေ။
ထို့အပြင် ဝိညာဉ်ကမ္ဘာကြီးက ကျယ်ဝန်းလှရာ ၎င်းတို့ သွား၍မရသော နေရာဟူ၍ မရှိဘဲ ခွန်ဖန်ပင်လယ်နယ်မြေ၌သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။
အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများသည် အမှန်တကယ်ပင် စွမ်းအားကြီးမားသော်လည်း ပြိုင်ဘက်ကင်းသော တည်ရှိမှုမျိုး မဟုတ်ချေ။
"သေရမှာကို မကြောက်ဘူးပဲ..."
"ငါတို့ ထျန်းဖန်မျိုးနွယ်စုက ခွန်ဖန်ပင်လယ်နယ်မြေကို လွှမ်းမိုးနိုင်ခဲ့တာက ခွန်ဖန်အရှင်ကြောင့်ချည်းပဲ မဟုတ်ဘူး..."
"ငါတို့ ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ စွမ်းအားကလည်း ထိပ်တန်းအဆင့်မှာ ရှိတယ်..."
"ဒီလောက်လေးရှိတဲ့ ကျောက်စိမ်းယုန်မျိုးနွယ်စုကများ ငါတို့ရှေ့မှာ လာအော်ရဲတယ်... တကယ်ကို သေချင်နေတာပဲ..."
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖန်ကျင်းထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
သူတစ်ယောက်တည်းသာမက အခြားသော ခန္ဓာပေါင်းစည်းခြင်းအစောပိုင်းအဆင့် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူလေးဦးကလည်း အတူတကွ တိုက်ခိုက်လိုက်ကြ၏။
ထျန်းဖန် ဓမ္မသဏ္ဌာန်။
ချက်ချင်းပင် ၎င်းတို့၏ ခန္ဓာကိုယ်များမှ ခန္ဓာပေါင်းစည်းခြင်းနယ်ပယ်များ ပေါက်ကွဲထွက်လာကာ ယူဇနာသောင်းချီ ကျယ်ဝန်းသော ပင်လယ်နယ်မြေကို ဖုံးလွှမ်းသွားခဲ့သည်။
၎င်းတို့၏ နယ်ပယ်များသည်ပင် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး တိုက်ပွဲအစီအရင်တစ်ခုအဖြစ် တည်ဆောက်သွားခဲ့သည်။
နယ်ပယ်၏ လွှမ်းမိုးမှုအောက်တွင် ကြီးမားလှသော သမိုင်းမတင်မီခေတ်မှ ထျန်းဖန်ငှက်ကြီးတစ်ကောင် စုစည်းပေါ်ထွက်လာကာ ရှေးဟောင်းမိစ္ဆာသားရဲတစ်ကောင် လူ့လောကသို့ ဆင်းသက်လာသည့်အလား ဖြစ်ပေါ်စေပြီး ၎င်းပေါ်ထွက်လာသည့် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အက်ကွဲသွားကာ အက်ကြောင်းများစွာ ဖြစ်ပေါ်လာခဲ့၏။
အတုမရှိသော ကြမ်းကြုတ်ရက်စက်သည့် အငွေ့အသက်များက အရပ်မျက်နှာအားလုံးသို့ လှိုင်းတံပိုးပမာ လွှမ်းမိုးသွားလေသည်။
ထိုအငွေ့အသက်များ၏ လွှမ်းမိုးမှုအောက်တွင်တင် ဤပင်လယ်ပြင်ရှိ ကန္တာရသားရဲများစွာမှာ ပါးစပ်မှ အမြှုပ်များထွက်ကာ လုံးဝ သတိလစ်မေ့မြောသွားကြရရှာသည်။
အတိုင်းအဆမရှိသော ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်များ တရဟော စီးဝင်လာ၏။
ထိုစွမ်းအင်အားလုံးသည် ထျန်းဖန် ဓမ္မသဏ္ဌာန်အပေါ်သို့ စုစည်းသွားကြသည်။
၎င်းသည် ရှေးဟောင်းထျန်းဖန်ငှက်ရိုင်းကြီးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည့်အလားပင်။
ဝုန်း... ဝုန်း... ဝုန်း...
ထိုထျန်းဖန်ငှက်ကြီး၏ အတောင်ပံများ ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်းမုန်တိုင်းများ ပေါက်ကွဲထွက်လာပြီး ကပ်ဘေးတစ်ခုသဖွယ် ဖြစ်ပေါ်လာကာ လေပြင်းများက လေဟာနယ်ကို ဆုတ်ဖြဲရင်း အရပ်ရပ်သို့ တိုက်ခတ်သွားလေသည်။
ပတ်ပတ်လည်ရှိ ကျွန်းစုများသည် ဤမျှကြီးမားသော စွမ်းအားကို မခံနိုင်ဘဲ တစ်ခဏချင်းတွင်ပင် ပြိုကွဲပျက်စီးသွားကြ၏။
ဤပင်လယ်ပြင်ရှိ ကန္တာရသားရဲများအားလုံးသည်လည်း လေပြင်းများ၏ ဆုတ်ဖြဲခြင်းကို ခံရကာ ခန္ဓာကိုယ်များ အစိပ်စိပ်အမွှာမွှာ ပြိုကွဲပြီး သွေးစက်သွေးခဲများ ဖြစ်သွားကြရသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ချက်ချင်းပင် သွေးနီရောင်များ စီးဆင်းလာကာ တစ်ပြင်လုံး နီရဲသွားခဲ့သည်။
အတိုင်းအဆမရှိသော လေပြင်းတိုက်ခတ်မှုများက ချက်ချင်းပင် ယွီရှန်းအာကို ပစ်မှတ်ထား အသေမှတ်လိုက်ကာ သူမကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန် ဦးတည်လာတော့သည်။
သူမသည် ခွန်ဖန်ပင်လယ်နယ်မြေ၏ အလှဆုံးမိန်းမပျိုဟု ကျော်ကြားသော်လည်း ဤထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ အရိုးစုတစ်ခုနှင့် မခြားပေ။
မိမိတို့၏ လမ်းစဉ်နှင့် ယှဉ်လျှင် သာမန်အလှအပက ဘာများ အရေးပါပါမည်နည်း၊ တန်ဖိုးထားစရာပင် မလိုချေ။
"ထျန်းဖန် ဓမ္မသဏ္ဌာန်လား..."
"ထျန်းဖန်မျိုးနွယ်စုက တကယ်ကို နာမည်ကျော်ထိုက်တာပဲ..."
"ဒါပေမဲ့ ငါတို့ကျောက်စိမ်းယုန်မျိုးနွယ်စုအတွက်တော့ ဒါက ဘာမှမဟုတ်ဘူး..."
ယွီရှန်းအာ၏ မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်သော အမူအရာက ရှိနေဆဲပင်။
ရွှစ်...
တစ်ခဏချင်းတွင်ပင် သူမသည် ပေါ့ပါးစွာ ခုန်လိုက်ရာ တစ်ကိုယ်လုံး လေဟာနယ်အတွင်းသို့ ပျော်ဝင်သွားသည့်အလား ရိပ်ခနဲ ဖြစ်သွားပြီး လေပြင်းများစွာကို လွယ်ကူစွာ ရှောင်တိမ်းကာ မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာ ထောင်ချီဝေးသော နေရာသို့ ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ အကွာအဝေးကို လုံးဝ ကျော်လွှားလိုက်သည့်အလားပင်။
ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူငါးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို အလွန် လွယ်ကူစွာ ရှောင်တိမ်းနိုင်ခဲ့ပေသည်။
"ဒါက ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ဆိုင်ရာ ထူးခြားစွမ်းရည်ဖြစ်တဲ့ ခြေလှမ်းတစ်သောင်းအတိုချုံ့ခြင်းပဲ..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖန်ကျင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။
သူသည် ဤယွီရှန်းအာမှာ ထင်သလောက် ကိုင်တွယ်ရ မလွယ်ကူကြောင်း ကောင်းစွာ သိထားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် လှပရုံသာရှိပြီး ဦးနှောက်မရှိသော မိန်းမမျိုး မဟုတ်ဘဲ သူမ၏ ကျော်ကြားမှုက တိုက်ခိုက်မှုများစွာထဲမှ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်၏။
ထို့ကြောင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူငါးဦးက ဝိုင်းရံထားပြီး အသာစီးရနေသော်လည်း သူသည် လုံးဝ ပေါ့ဆခြင်း မရှိခဲ့ချေ။
"ဒဏ္ဍာရီတွေထဲမှာတော့ ဒီထူးခြားစွမ်းရည်က အာကာသစွမ်းရည်တစ်ခုပဲ..."
"ဒါကို နားလည်သဘောပေါက်သွားရင် တည်နေရာရွေ့ပြောင်းတာနဲ့ တူတူပဲ..."
"ပြီးတော့ တည်နေရာရွေ့ပြောင်းအကွာအဝေးက ငါတို့ထျန်းဖန်မျိုးနွယ်စုထက်တောင် ပိုဝေးသေးတယ်..."
"ကြားဖူးတာကတော့ ကျောက်စိမ်းယုန်မျိုးနွယ်စုက အာကာသရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ မျိုးနွယ်စုတစ်ခုပဲ..."
အခြားသော ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။ သူသည် ကျောက်စိမ်းယုန်မျိုးနွယ်စုနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း များစွာ ရှာဖွေလေ့လာထားခဲ့သူ ဖြစ်ပေသည်။
ကျောက်စိမ်းယုန်မျိုးနွယ်စုသည် ရှေးယခင်က အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ဖြစ်ခဲ့သည်နှင့်အညီ နာမည်ကျော်ထိုက်ပေသည်။
၎င်းတို့သည် ယခုအချိန်တွင် ဆုတ်ယုတ်နေပြီ ဖြစ်သော်လည်း သူတို့၏ ပါရမီနှင့် သွေးမျိုးဆက်များမှာ အလွန်ပင် အံ့မခန်း ကောင်းမွန်ဆဲ ဖြစ်၏။
လက်ရှိ မည်သည့်အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုထက်မဆို အားနည်းခြင်း မရှိချေ။
အကယ်၍ ပြိုင်ဘက်ကို လျှော့တွက်မိပါက ၎င်းတို့သည် သေချာပေါက် သေဆုံးရပေလိမ့်မည်။
"တကယ်လို့ အဲဒီလောက် ကြောက်ဖို့ကောင်းတယ်ဆိုရင် ဘာလို့ကျောက်စိမ်းယုန်မျိုးနွယ်စုက အခုလို အခြေအနေအထိ ကျဆင်းသွားရတာလဲ..."
"ကျောက်စိမ်းယုန်မျိုးနွယ်စု ကျဆင်းလာရတဲ့ အကြောင်းရင်းက မျိုးဆက်တွေရဲ့ သွေးကြောဆက်နွယ်မှုတွေ တဖြည်းဖြည်း လျော့ကျလာတာကြောင့်လို့ ကောလာဟလတွေ ရှိတယ်..."
"အချိန်ကြာလာတာနဲ့အမျှ ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ ပါရမီရှင်တွေက ပိုပိုနည်းလာပြီး အခုဆို မဟာယာနအဆင့် တစ်ယောက်တောင် မမွေးဖွားနိုင်တော့ဘူး..."
"ဒါပေမဲ့ ဒီယွီရှန်းအာကတော့ မတူဘူး..."
"ဒီမိန်းမပျိုက ဘိုးဘေးတွေရဲ့ သွေးကြောဆက်နွယ်မှုကို ပြန်ရထားပြီး ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ နှစ်တစ်သန်းအတွင်း ပထမဆုံး ပါရမီရှင်ပဲ... သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ထိုက်ယင်ကျောက်စိမ်းယုန် သွေးကြောဆက်နွယ်မှု ရှိနေတယ်..."
"ရှင်းပြလို့မရတဲ့ အစစ်အမှန်ဝိညာဉ်ရဲ့ မျိုးဆက်သွေး ပါဝင်နေလို့ အရမ်းကြောက်စရာကောင်းနေတာပဲ..."
အခြား ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ယွီရှန်းအာ၏ သတင်းအချက်အလက်ကို ပြောပြလိုက်လေသည်။
"ဒီလိုဆိုရင်တော့ ဒီမိန်းမက ပိုပြီး သေသင့်တာပေါ့..."
"ဒီလောက်ကြီးမားတဲ့ ခွန်ဖန်ပင်လယ်ပြင်ကြီးမှာ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု တစ်စုပဲ ရှိခွင့်ရှိတယ်..."
"အကယ်လို့ ဒီကောင်မကို သတ်ပစ်လိုက်ရင် ကျောက်စိမ်းယုန်မျိုးနွယ်စုက လုံးဝကျဆင်းသွားပြီး နောက်ထပ် ပြန်လည်ထွန်းတောက်နိုင်မယ့် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး..."
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖန်ကျင်း၏ သတ်ဖြတ်လိုစိတ်များက ကောင်းကင်သို့တိုင် ထိုးတက်နေပေသည်။
ယခု တစ်ဖက်လူကို မပြေလည်နိုင်သည့် ရန်ငြိုးဖွဲ့မိသွားခဲ့ပြီဖြစ်ရာ သူသည်လည်း ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းပစ်ချင်နေသည်မှာ သဘာဝပင် ဖြစ်လေသည်။
သို့မဟုတ်ပါက တစ်ဖက်လူ မဟာယာနအဆင့်သို့ တက်လှမ်းသွားမည့်အချိန်ကို စောင့်ဆိုင်းပြီးမှသာ အရေးယူရမည်လော။
ထိုအချိန်ရောက်လျှင် ထျန်းဖန်မျိုးနွယ်စုအနေဖြင့် တစ်ဖက်လူကို သတ်ဖြတ်ချင်ပါက ပေးဆပ်ရမည့် တန်ဖိုးမှာလည်း နည်းပါးလိမ့်မည် မဟုတ်ပေ။