← Chapters

နတ်သက်ကြွေထားသော နတ်ဘုရားအိုကြီး

Vol. 181 Ch. 2591

နတ်သက်ကြွေထားသော နတ်ဘုရားအိုကြီး

Vol. 181 Ch. 2591

လက်တစ်ထောင်ဗုဒ္ဓ...

ကျင့်ကြံသူများသည် ရီဖူရှင်းကို ငေးကြည့်နေကြသည်။ သူသည် လက်တစ်ထောင်ဗုဒ္ဓအဖြစ် ပြောင်းလဲသွားရုံသာမက သူ၏လက်တစ်ချောင်းချင်းစီမှလည်း ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားထွက်ပေါ်နေသည်ကို အာရုံခံနိုင်ပေသည်။ ဓားဝိညာဉ်စွမ်းအားသည် ဟောက်ထျန်းမြို့တစ်မြို့လုံးတွင် ပျံ့နှံ့နေသည်။

ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ကျဆင်းလာပြီး လက်တစ်ထောင်သည် နေလုံးကို ကာရံလိုက်သည်။ ထိုအရှိန်အဝါကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တွင် ဓားအလင်း(၁၀,၀၀၀) ဖြစ်ပေါ်လာသည်။ ဓားအလင်းအားလုံးကို သေချာ ချိန်ရွယ်ထားသည်။ ၎င်းတို့သည် အကွာအဝေးကို လျစ်လျူရှု၍ ဦးတည်ချက်အသီးသီးသို့ အတိအကျ ပျံထွက်သွားကြသည်။

အကွာအဝေးကို လျစ်လျူရှုနိုင်သော ထိုနတ်ဓားအလင်းများသည် အကန့်အသတ်မဲ့ဓားများဖြစ်ကြသည်။

အသားကို ဖောက်ထွင်းသွားသော ဓားသံများကို ဟောက်ထျန်းမြို့၏ နေရာအနှံ့မှ အဆက်မပြတ်ထွက်ပေါ်လာသည်။ ဓားဝိညာဉ်စွမ်းအားသည် နေရာအနှံ့တွင် သတ်ဖြတ်နေပြီး ကောင်းကင်ထက်တွင်လည်း နာကျင်စွာအော်ဟစ်သံများနှင့် ပြည့်နှက်နေသည်။ ရုတ်ခြည်းအတွင်းမှာပင် လူ(၁၀,၀၀၀)သည် ဓားဝိညာဉ်စွမ်းအား၏ ဖောက်ထွင်းသွားခြင်းကို ခံလိုက်ရပြီး ထိုနေရာတွင်ပင် သေဆုံးသွားလေသည်။

သို့သော် တစ်ချိန်တည်းမှာပင် အခြားနေရာအနည်းငယ်တွင် အံ့အားသင့်ဖွယ် အရှိန်အဝါများထွက်ပေါ်လာသည်။ ထိုစွမ်းအားကြီးအရှိန်အဝါများသည် ထိုနေရာအချို့ကို ကာရံလိုက်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်များပါသည့် ထိုဓားဝိညာဉ်စွမ်းအားများကို တားဆီးလိုက်သည်။

နေရာတစ်ခုစီရှိ အရှိန်အဝါတစ်ခုတိုင်းသည် လွန်စွာတုန်လှုပ်ဖွယ် ကောင်းပေသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ဟောက်ထျန်းမြို့ရှိ ကျင့်ကြံသူများကို အပြင်းအထန် ရင်တုန်နေစေလေသည်။

ထိုအရှိန်အဝါများသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများ၏ အရှိန်အဝါဖြစ်သည်။ သူတို့ထဲမှအချို့သည် နောက်ဆုံးတွင် ဝင်ပါခဲ့ပေပြီ။

ဝင်ကာကွယ်ပေးခဲ့သော ထိုကပ်ဘေးအဆင့်ကျင့်ကြံသူများသည် ဟောက်ထျန်းကလန်၏ လက်အောက်ခံအင်အားစုများမှ ခေါင်းဆောင်များဖြစ်သည်။

ထိုလူများသည် တစ်ဦးပြီးတစ်ဦး မြို့၏နေရာအသီးသီးမှနေ၍ အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု ရှိနေသော နေရာဆီသို့ ပျံသွားလိုက်ကြသည်။ ကျင့်ကြံသူများသည် မြို့ထဲရှိ နေရာအနှံ့တွင် ထွက်ပေါ်လာသည်။ စွမ်းအားကြီးထိပ်သီး ခြောက်ဦးသည်ပင် စုဝေးမနေတော့ဘဲ လူစုခွဲလိုက်ကြသည်။

မကြာမီတွင် စွမ်းအားကြီးထိပ်သီး‌ခြောက်ဦးသည် ဟောက်ထျန်းမြို့၏ နေရာခြောက်ခုတွင် အသီးသီးစောင့်ကြပ်နေကြလေသည်။ သူတို့ထဲမှ လေးဦးသည် အရေးအကြီးဆုံး နေရာလေးခုတွင် စောင့်ကြပ်နေပြီး ကျန်နှစ်ဦးသည် ကောင်းကင်နှင့် မြေပြင်ကို စောင့်ကြပ်နေကြသည်။ သူတို့သည် ရီဖူရှင်းထွက်ပြေးဖို့ သုံးနိုင်သည့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်ရန် ရည်ရွယ်နေပုံပင်။

အလယ်တွင်မူ နတ်ဘုရားကဒ်ဘေးပထမအဆင့်ကို ကျော်လွှားပြီးသူများက စောင့်ကြပ်နေလေသည်။

ထိုအရာမှာ...

ဟောက်ထျန်းမြို့တွင်းမှ လူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားလေသည်။ ထိုကျင့်ကြံသူများသည် သူတို့ဘာသာ လှုပ်ရှားချင်သလို လှုပ်ရှားခဲ့ခြင်းမဟုတ်ပေ။ သူတို့၏ စည်းစနစ်ကျသော လှုပ်ရှားမှုသည် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ ဆွေးနွေးမှုရလဒ်ဖြစ်သည်။ ထိုမတိုင်ခင်က သူတို့သည် အတွေးပို့လွှတ်၍ ဆက်သွယ်နေခဲ့ကြခြင်းပင်။ သူတို့သည် ရီဖူရှင်းကို မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

သူတို့သည် အဖြေတစ်ခုရရှိသွားကြောင်း ထင်ရှားလေသည်။ အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများသည် အင်အားပူးပေါင်း၍ မြို့၏ နေရာအသီးသီးတွင် ဖြန့်ကျက်လိုက်ကြသည်။ သူတို့သည် မြို့ကို အပိုင်းအသီးသီး ပိုင်းခြားလိုက်လေသည်။

“အားလုံးပဲ ကိုယ့်ရဲ့ မဟာလမ်းစဉ်စက်ကွင်းကို ဆင်လိုက်ကြပါ။ တစ်မြို့လုံးကို ကာနိုင်အောင် လုပ်ကြပါ။ ကျုပ်တို့ သူ့ကို သူရှိနေတဲ့နေရာမှာပဲ ချုပ်ထားမယ်”

ဟောက်ထျန်းကလန်၏ ကလန်သခင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူတို့သည် မြို့ကို ချိပ်ပိတ်ထားမှုကို ဖယ်ပေးရန် မရွေးချယ်လိုက်ကြောင်း ထင်ရှားပေသည်။ ထိုအစား သူတို့သည် မြို့ကို အပိုင်းအသီးသီး ပိုင်းခြား၍ လူအင်အားသုံးကာ ဝန်းရံတိုက်ခိုက်ရန် ကြံနေကြ၏။ ရီဖူရှင်း မည်သည့်နေရာသို့ ရောက်သွားသည်ဖြစ်စေ သူသည် ထိုကျင့်ကြံသူများထဲမှ တစ်ယောက်ယောက် မဟာလမ်းစဉ်စက်ကွင်းအတွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးချင်းစီသည် သူ့ကို ခေတ္တမျှ ထိန်းချုပ်ထားရန်သာ လိုပေသည်။ ထို့နောက်တွင် သူတို့သည် အနီးသို့ ပိုတိုးလာ၍ ရီဖူရှင်း လှုပ်ရှားနိုင်မှုကို ပို၍ကန့်သတ်လိုက်မည်ဖြစ်သည်။ ထိုအဆင့်နှစ်ဆင့်ကို အကြိမ်များစွာပြုလုပ်ခြင်းဖြင့် ကျင့်ကြံသူများသည် တဖြည်းဖြည်း ရီဖူရှင်းကို သူပြန်၍မတုံ့ပြန်နိုင်တော့သောနေရာအထိ တွန်းပို့နိုင်မည်ဖြစ်သည်။

သူတို့၏ဗျူဟာသည် အခြားကျင့်ကြံသူများ၏အသက်ကိုမူ အာမမခံပေ။ သို့သော် သူတို့သည် ရီဖူရှင်းကို သတ်နိုင်ရန် ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်စုကို စတေးနိုင်ပေသည်။

ဤအကြိမ်တွင် သူတို့သည် ရီဖူရှင်းကို ထပ်မံလွတ်မြောက်ခွင့် ပေးတော့မည်မဟုတ်ပေ။

ဟောက်ထျန်းမြို့ထဲမှ လူများသည် တုန်လှုပ်သွားကြသည်။ ရီဖူရှင်းသည် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကပ်ဘေးအဆင့်ကျင့်ကြံသူအားလုံးကိုပင် သူ့ကိုဝိုင်းဖမ်းရန် တစ်ကိုယ်တော် ဖိအားပေးနိုင်ခဲ့သည်။

ရီဖူရှင်းသည် ရန်ဟောင်အဆင့်ကိုးသာရှိသူဖြစ်သော်လည်း သူ၏တိုက်ခိုက်စွမ်းရည်သည် အံ့အားသင့်ဖွယ်ကောင်းပေသည်။ သူသည် နတ်ဘုရားကဒ်ဘေးပထမအဆင့်ကို ကျော်ဖြတ်ပြီးသူများကိုပင် အနိုင်ယူနိုင်လေသည်။ ထို့ပြင် သူသည် ဗုဒ္ဓတန်ခိုးတော်တစ်ခုဖြစ်သည့် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုလည်း ကျွမ်းကျင်ပေသည်။ ထို့ကြောင့် အခြားကျင့်ကြံသူများသည် သူ၏လှုပ်ရှားမှုများကို မြင်ပင်မမြင်နိုင်ချေ။ အဓိက‌ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ စွမ်းအားကြီးထိပ်သီးများက ဝန်းရံထားသော်လည်း ရီဖူရှင်းသည် သူ၏လျင်မြန်သော လှုပ်ရှားမှုများကို အသုံးပြု၍ သူတို့နှင့် ထိပ်တိုင်ရင်ဆိုင်ရမည်ကို ရှောင်ရှားနေလေသည်။

ယခု ဟောက်ထျန်းကလန်၏ ကလန်သခင် အသုံးပြုနေသော ဗျူဟာသည် ရီဖူရှင်းကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံပေါ်၏။

နေရာအသီးသီးတွင် ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာသည်။ နေရာအနှံ့ကို ကာရံရန် မဟာလမ်းစဉ်စက်ကွင်းများကို ဆင်လိုက်ကြသည်။ ကျင့်ကြံသူများသည် အမှန်ပင် ဟောက်ထျန်းမြို့ကို အပိုင်းအသီးသီး ပိုင်းခြားထားကြ၏။

ဟောက်ထျန်းကလန်၏ ကလန်သခင်က ရီဖူရှင်းကို အေးစက်စက်ကြည့်၍ ပြောလိုက်သည်။

“ဒီနေ့ မင်းမှာ အတောင်ပေါက်နေရင်တောင် ဒီနေရာက ထွက်သွားနိုင်မှာ မဟုတ်ဘူး”

သူထိုသို့ပြောပြီးသည်နှင့် ရီဖူရှင်းပေါ်သို့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုတစ်ခု ကျဆင်းလာလေသည်။ သို့သော် ယခင်ကကဲ့သို့ပင် ရီဖူရှင်းသည် ထိုနေရာမှနေ၍ ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေသည်။

သူသည် ဟောက်ထျန်းမြို့ထဲရှိ အဆောက်အဦးတစ်ခု၏ ထိပ်တွင် ထပ်မံပေါ်ပေါက်လာသည်။

“မင်းမှာ ပြေးစရာမြေမရှိတော့ပါဘူး...”

အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ ကပ်ဘေးအဆင့်ကင့်ကြံသူတစ်ဦး၏ မဟာလမ်းစဉ်စက်ကွင်းသည် ရုတ်ခြည်းပင် ပေါ်ပေါက်လာလေသည်။ ၎င်းသည် ပိတ်ဆို့ထားသောနေရာအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ပိုင်နက်နယ်ပယ်တစ်ခုပင်။

“သူက ဟိုနေရာမှာ...”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ဟောက်ထျန်းကလန်၏ ကလန်သခင်နှင့် အခြားစွမ်းအားကြီးထိပ်သီးငါးဦးသည် ရီဖူရှင်းထွက်ပေါ်လာသည့်ဘက်သို့ ချက်ချင်းကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းကို ထိုနေရာတွင် ချုပ်ထားမည့်အကြံဖြင့် သူတို့၏ မဟာလမ်းစဉ်စက်ကွင်းကိုလည်း ထိုနေရာဘက်သို့ ချဲ့ကားလိုက်သည်။ သူတို့သည် ရီဖူရှင်းကို တစ်နေရာတည်းတွင် ချုပ်ထားနိုင်၍ ထွက်ပြေးနိုင်မည့် လမ်းတိုင်းကို ဖြတ်တောက်ရန် အခွင့်အရေးတိုင်းကို အသုံးချမည်ဖြစ်သည်

“မဟုတ်ဘူး...”

ထိုအခိုက်တွင် နောက်တစ်နေရာမှနေ၍ ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးက အော်လိုက်သည်။ သူ့အရှေ့တွင်လည်း ရီဖူရှင်း၏ပုံရိပ်ထွက်ပေါ်လာပေသည်။

“သူက ဒီမှာ...”

သို့သော် နောက်တစ်ယောက်ကလည်း ထပ်အော်လိုက်သည်။

ရီဖူရှင်းသည် ထိပ်သီးများဆင်ထားသော မဟာလမ်းစဉ်စက်ကွင်းအားလုံးထဲတွင် ပေါ်လာလေသည်။

ကျင့်ကြံသူများသည် ရင်ခုန်မြန်သွားကြသည်။ ထိုရီဖူရှင်းအများကြီးထဲမှ တစ်ဦးသာ ရီဖူရှင်းအစစ်အမှန်ဖြစ်ကြောင်း သူတို့သိပေသည်။ အခြားရီဖူရှင်းများမှာ သူ၏ပြင်ပကိုယ်ပွားများသာဖြစ်သည်။

သို့သော် သူ၏ပြင်ပကိုယ်ပွားများသည် သူတို့အားလုံးကို အရူးလုပ်နိုင်လောက်သည်အထိ လွန်စွာ အစစ်နှင့်တူလှ၏။

ရီဖူရှင်းသည် သူ၏အရှိန်အဝါကို ဖုံးကွယ်ရာတွင်လည်း ကျွမ်းကျင်ပေသည်။ သူသည် သူ၏အရှိန်အဝါကို ရုတ်သိမ်းလိုက်သောအခါ မည်သည့်အသံ၊ မည်သည့်အရိပ်လက္ခဏာမှ မချန်ခဲ့ပေ။ သူသည် လောကကြီး၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ပင်။ သူ၏ကျင့်ကြံခြင်းအရှိန်အဝါကို အာရုံခံ၍ပင် မရပေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်အစစ်အမှန်နှင့် ပြင်ပကိုယ်ပွားများကို သူတို့၏အရှိန်အဝါနှင့် ခွဲခြား၍ မရခြင်းဖြစ်သည်။

တစ်နေရာတွင် ရီဖူရှင်း၏ ပြင်ပကိုယ်ပွားသည် ကောင်းကင်ဒေသတွင် ထိပ်သီးအင်အားစုတစ်စုဖြစ်သည့် နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှ ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး၏ရှေ့တွင်လည်း ထွက်ပေါ်လာလေသည်။ ထိုကျင့်ကြံသူ၏မျက်နှာထားသည် ရုတ်ခြည်း လေးနက်သွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍ လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ သူ၏မဟာလမ်းစဉ်စက်ကွင်းအတွင်း၌ သူ့ပတ်ပတ်လည်တွင် နတ်တောင်များ ထွက်ပေါ်လာသည်။

ရီဖူရှင်းသည် ထိုကျင့်ကြံသူကိုကြည့်၍ သူ၏လှံကိုထုတ်လိုက်သည်။ ထို့နောက်တွင် အလင်းတစ်ချက်လက်သွားပြီး သူ၏လှံသည် ရှေ့သို့ထိုးထွက်သွားသည်။ လှံသည် လေထုကိုဖြတ်၍ ကြောက်မက်ဖွယ်ကောင်းသော အဖျက်အလင်းတစ်ခုကို တောက်ပသွားစေလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် ရှေးဟောင်းနတ်တောင်များသည် ရီဖူရှင်း၏အရှေ့တွင် ထွက်ပေါ်လာသည်။ ကပ်ဘေးအဆင့်ကျင့်ကြံသူ ကိုယ်တိုင်ပင် ပုံပြောင်းသွားပြီး နတ်တောင်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားလေသည်။ တောင်များသည် မျက်စိကျိန်းလောက်ဖွယ် အလင်းများကိုထုတ်ကာ ရီဖူရှင်းထံသို့ ပစ်လွှတ်လိုက်သည်။ ပတ်ဝန်းကျင်သည် ဖိအားများဖြင့် လေးလံသွားသည်။

ထိုကျင့်ကြံသူသည် သူ့အနေဖြင့် ရီဖူရှင်းကို ထိပ်တိုက် မတိုက်ခိုက်နိုင်ကြောင်း သိလေသည်။ ထို့ကြောင့် သူသည် ခံစစ်ကိုသုံးရန် ရွေးချယ်ခဲ့ခြင်းပင်။ သို့သော် ကံဆိုးစွာပင် သူ့စက်ကွင်းအတွင်းသို့ ရောက်လာသူမှာ ရီဖူရှင်းအစစ်ဖြစ်နေပေသည်။

သို့သော် သူသာ ရီဖူရှင်း၏တိုက်ခိုက်မှုကို ကာကွယ်နိုင်၍ သူ့ကို ဤနေရာတွင် ခေတ္တမျှ ချုပ်ထားနိုင်လျှင် လုံလောက်ပြီဖြစ်သည်။

သူ့စိတ်ထဲတွင် အတွေးများစွာဖြတ်သန်းသွားသည်။ သို့ရာတွင် လှံရှည်သည် ယခင်ကကဲ့သို့ပင် ရုတ်ခြည်းဝင်ရောက်လာသည်။ ၎င်းသည် နတ်တောင်၏ဘေးဘက်သို့ ဖောက်ဝင်သွားသည်။ နတ်တောင်သည် ချက်ချင်း ကွဲအက်ပျက်စီးသွားလေသည်။ အံ့အားသင့်ဖွယ် နတ်အလင်းသည် တောင်ကို တိုက်ရိုက်ဖောက်ထွင်းသွားသည်။

ကြောက်မက်ဖွယ် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ အခြားကျင့်ကြံသူများသည် ထိုနေရာရှိ အခြေအနေကို သတိပြုမိသွားပြီး နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ထိပ်သီးအဖြစ်မှ ပြောင်းလဲထားသော နတ်တောင်သည် ကွဲအက်ပျက်စီးသွားသည်ကို မြင်လိုက်ရ၏။ သူ၏စိတ်ဝိညာဉ်ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်မျက်နှာထားကို ဖော်ပြလိုက်သည်။ ထို့နောက်တွင် သူ ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာဖြစ်၍ ပျောက်ကွယ်သွားလေသည်။

နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှ ခေါင်းဆောင်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူ၏မျက်နှာထားသည် ချက်ချင်းဖြူဖျော့သွားသည်။ သေဆုံးပျောက်ကွယ်သွားသော ထိုကျင့်ကြံသူသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဒုတိယတာဝန်ခံဖြစ်သည်။ လှံတစ်ချောင်းသည် သူ့ကို ထိုကဲ့သို့ပင် ဖောက်ဝင်သွားပြီး သူသည် တိုက်ပွဲပြင်တွင် သေဆုံးပျောက်ကွယ်သွားရ၏။

ကောင်းကင်ထက်တွင် ရီဖူရှင်း၏ ပြင်ပကိုယ်ပွားများစွာ ထွက်ပေါ်လာသည်။ ရီဖူရှင်းသည် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့အကုန်လုံးက သေခြင်းတရားကို အတော်လေး စိတ်လှုပ်တရှားစောင့်နေကြတာလား”

ထိပ်သီးကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားများသည် ရီဖူရှင်းကို ထိုနေရာတွင်ပင် ချုပ်ထားနိုင်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့သည် သူ့ကို မဖမ်းမိနိုင်ပေ။

“သတိထား...”

အသံတစ်သံထွက်ပေါ်လာသည်။ အခြားတစ်နေရာတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထပ်မံထွက်ပေါ်လာသည်။ ‌‌တောက်ပသောနတ်အလင်းနောက်တစ်ခု လက်သွားပြီး ဟောက်ထျန်းမြို့၏ ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး အသတ်ခံလိုက်ရ၏။

ပထမကပ်ဘေးအဆင့်ကျင့်ကြံသူသည် ရီဖူရှင်းကို အမှန်ပင် တားဆီးနိုင်ပါမည်လော။

ထိုဗျူဟာသည် လုံးဝအသုံးမဝင်ပေ။

ရှေးဟောင်းနတ်ဘုရားကလန်များ၏ စွမ်းအားကြီးထိပ်သီးခြောက်ဦးသည် ဟောက်ထျန်းမြို့တစ်ခွင်တွင် ပျံ့နှံ့နေသည့် ဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူများနှင့် အင်အားပူးပေါင်းပါမှ ရီဖူရှင်းကို တားဆီးနိုင်မည့်ပုံပေါ်လေသည်။

“ကျုပ်တို့ တစ်ဦးစီ မြို့ရဲ့ အပိုင်းတစ်ပိုင်းစီမှာ နေရာယူကြတာပေါ့”

ဟောက်ထျန်းကလန်၏ ကလန်သခင်က ပြောလိုက်သည်။ စွမ်းအားကြီးခြောက်ဦးသည် ဟောက်ထျန်းမြို့ကို အပိုင်းများခွဲခြား၍ ရီဖူရှင်း မည်သည့်နေရာတွင် ထွက်ပေါ်လာမည်ကို စောင့်ကြည့်ခဲ့ကြသည်။

ပထမကပ်ဘေးအဆင့်ကျင့်ကြံသူသည် ရီဖူရှင်းကို မယှဉ်နိုင်ပေ။

သို့သော် ထိုအခိုက်တွင် ဟောက်ထျန်းကလန်၏ ကလန်သခင်၏မျက်နှာထားသည် အတော်လေးပြောင်းလဲသွားသည်။ သူသည် ဖြည်းဖြည်းချင်းနောက်လှည့်၍ ကြည့်လိုက်သည်။ သူ့အနောက်တွင် ဟောက်ထျန်းကလန်၏ ဌာနချုပ် ရှိနေလေသည်။

သူတို့၏ဌာနချုပ်သည် ဟောက်ထျန်းမြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ ထိုဌာနချုပ်သည် မိုးထိအောင်မြင့်မားပြီး ကောင်းကင်နန်းတော်တစ်ခုသို့ပင် ထင်ရ၏။ ၎င်းသည် ခံ့ညားထည်ဝါသော မြင်ကွင်းပင်။

ယခုတွင် ငွေဖြူရောင်ဆံပင်နှင့်လူတစ်ယောက်သည် ဟောက်ထျန်းကလန်၏  နန်းဆောင်တစ်ခုပေါ်တွင် ရပ်နေလေသည်။

ရီဖူရှင်းသည် ဟောက်ထျန်းကလန်၏ ဌာနချုပ်ကို ဖောက်ဝင်ခဲ့ခြင်းပင်။

အကယ်၍ စွမ်းအားကြီးထိပ်သီးခြောက်ဦးသည် ဟောက်ထျန်းမြို့တစ်ခွင်တွင် လူခွဲ၍နေခဲ့ပါက ရီဖူရှင်းမည်သည့်နေရာတွင် ပေါ်လာသည်ဖြစ်စေ သူတို့သည် လူတစ်စုကို ရက်ရက်စက်စက်စတေးနိုင်ပေသည်။

သို့သော် ရီဖူရှင်းသည် ဟော်ထျန်းကလန်၏ ဌာနချုပ်တွင် ပေါ်လာလျှင်ရော မည်သို့လုပ်မည်နည်း။

ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး ထိုနေရာကို လွှမ်းခြုံသွားလေသည်။ ထိုနေရာရှိ နန်းဆောင်အားလုံးသည် သူ့အရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ သူ့ကိုယ်မှနေ၍ အဖျက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာအတွင်းရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏ခန္ဓာကိုယ်များ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူတို့သည် သေခြင်းနတ်ဘုရားတစ်ပါး ဆင်းသက်လာသည်ကို ကြည့်နေရသကဲ့သို့ပင်။

ဝုန်း...

မြင့်မားသော နတ်သစ်ပင်တစ်ပင် ထွက်ပေါ်လာပြီး ကျယ်ပြောသော နေရာကို လွှမ်းခြုံသွားသည်။ နတ်သစ်ပင်၏ နွယ်များသည် အပြင်သို့ ဆန့်ထွက်လာပြီး ထိုနေရာအတွင်းရှိ ကျင့်ကြံသူများထံသို့ ပျံဝင်သွားကြသည်။

ခုခံရန် ကြိုးစားလိုက်သူများထံမှ အရှိန်အဝါများထွက်လာသည်။ နတ်သစ်ပင်သည် ရုတ်ခြည်းပင် ဓားဝိညာဉ်စွမ်းအားကို ထုတ်လွှတ်၍ သူတို့ကို သတ်ပစ်လိုက်လေသည်။

“ခုခံရဲတဲ့သူတိုင်းကို မညှာဘဲ သတ်ပစ်မယ်”

အေးစက်စက်အသံတစ်သံက ပြောလိုက်သည်။ ထိုအသံသည် ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားသည်။ ထို့ကြောင့် ထိုနေရာအတွင်းရှိ ဟောက်ထျန်းကလန်မှ လူများသည် ဆက်၍ မခုခံကြ‌တော့ပေ။ သူတို့သည် ရှေးဟောင်းသစ်ပင်မှ နွယ်များက သူတို့ကို ရစ်ပတ်နေသည်ကို ခွင့်ပြုပေးထားရ၏။ ရုတ်ခြည်းအတွင်းမှာပင် ကျင့်ကြံသူများစွာသည် ရီဖူရှင်း၏ဖမ်းချုပ်မှုကို ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဟောက်ထျန်းကလန်၏ ဌာနချုပ်အတွင်းမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ စစ်မှန်သော မဟာအင်ပါယာဟောက်ထျန်း၏ ဝိညာဉ်စွမ်းအား နိုးထလာသကဲ့သို့ပင် ထင်ရ၏။ ၎င်းအရှိန်အဝါသည် ဌာနချုပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရီဖူရှင်းသည်လည်း ထိုအရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။

လေးလံသောအရှိန်အဝါတစ်ခု ကျဆင်းလာပြီး ဟောက်ထျန်းမြို့တွင်းမှ လူများသည် ရင်တုန်သွားကြသည်။ ထိုအရှိန်အဝါသည် အမှန်ပင် မဟာအင်ပါယာဟောက်ထျန်း၏ ဝိညာဉ်စွမ်းအားဖြစ်သည်။

ရီဖူရှင်းသည် ဟောက်ထျန်းကလန်၏ဌာနချုပ်ကို ဖောက်ဝင်ဝံ့လိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း။ ထို့ပြင် ယနေ့တွင် သူတို့ သတ်မိန့်ထုတ်နေစဉ်တွင် ရီဖူရှင်းသည် ဟောက်ထျန်းမြို့သို့ ရောက်လာလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။

ရီဖူရှင်းသည် အပေါ်သို့မော့ကြည့်လိုက်ပြီး ကောင်းကင်ထက်တွင် ပုံရိပ်ယောင်မျက်နှာတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူ့အပေါ်သို့ လေးလံသောအရှိန်အဝါတစ်ခု ဖိနှိပ်ကျဆင်းလာသည်။ ၎င်းသည် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါပင်။

“မင်းရဲ့ လက်နက်ကိုချလိုက်”

တစ်စုံတစ်ယောက်က အမိန့်ပေးလိုက်သည်။ ထိုအသံသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာခြင်းပင်။ ထိုစကားသည် အမိန့်ပင်။ ထိုကဲ့သို့ နတ်ဘုရားတစ်ပါးကဲ့သို့အသံ၏ အမိန့်ပေးမှုကို မည်သူမှ ငြင်းဆန်ဝံ့မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ထိုအသံနောက်တွင် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု လိုက်ပါလာသည်။ ရီဖူရှင်းသည်လည်း သူ့အပေါ်သို့ ဖိနှိပ်ထားသည့် လွန်စွာအားကောင်းသော ဖိအားကို ခံစားလိုက်ရသည်။

သို့ဆိုလျှင် ထိုအသံသည် သူ့ကို လက်နက်ချရန် အမိန့်ပေးနေခြင်းလော။

ဝုန်း...

ပို၍ပင် စွမ်းအားကြီးသည့် ကောင်းကင်အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ ထိုအရှိန်အဝါသည် နတ်ဘုရားတစ်ပါး၏အရှိန်အဝါဖြစ်သည်။ အေးစက်စက်အသံသည် ထပ်မံအမိန့်ပေးလိုက်သည်။

“မင်းက နတ်ဘုရားတစ်ပါးနဲ့ မျက်နှာချင်းဆိုင်နေရတာတောင် ဒူးထောက်ပြီး အရိုအသေမပေးသေးဘူးလား”

“နတ်ဘုရားတစ်ပါး...”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ဟောက်ထျန်းမြို့အတွင်းမှ ကျင့်ကြံသူအားလုံးသည် ရင်တုန်သွားကြသည်။ ဟောက်ထျန်းကလန်ထဲတွင် အမှန်ပင် နတ်ဘုရားတစ်ပါး ရှိလေသလော။

နတ်ဘုရားများသည် လောကမြေပြင်ပေါ်တွင် ရှိနေပေသေးသည်။

ဟောက်ထျန်းကလန်မှ ကျင့်ကြံသူများစွာသည် ဦးညွှတ်၍ ထိုအသံထွက်‌ပေါ်လာရာဘက်သို့ အရိုအသေပေးလိုက်ကြသည်။ ကောင်းကင်အရှိန်အဝါသည် သူတို့အပေါ်သို့ ကျဆင်းသွားသည်။

ရီဖူရှင်း အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ သူသည်လည်း အံ့အားသင့်နေပြီး အတုမဲ့ ကောင်းကင်အရှိန်အဝါကို ခံစားနေရသည်။ ထိုအရှိန်အဝါသည် နတ်ဘုရားတစ်ပါးထံမှ ထွက်ပေါ်လာသည်ဟု ထင်ရပေသည်။

ဟောက်ထျန်းကလန်တွင် အသက်ရှိနေသော မဟာအင်ပါယာတစ်ပါး ရှိလေသလော။

မဖြစ်နိုင်ပေ။ မဟာအင်ပါယာရှိနေလျှင်လည်း သူသည် ဤလောကထဲတွင် အခြားပုံစံတစ်ခုအနေဖြင့်သာ တည်ရှိနေနိုင်ပေသည်။ မဟုတ်လျှင် ဟောက်ထျန်းကလန်သည် ရှေးဟောင်းနတ်ဘုရားကလန်များထဲမှ တစ်ခုအဖြစ်သာ ဆက်ရှိနေမည်မဟုတ်ပေ။

ရီဖူရှင်းသည် ထိုသို့တွေးမိသောအခါ သူ့မျက်လုံးများထဲတွင် အာခံလိုသည့် အကြည့်တစ်ခု ထွက်ပေါ်လာသည်။

တရှဲရှဲမြည်သံများကို ကြားနေရသည်။ နတ်သစ်ပင်သည် ကောင်းကင်ထက်သို့ ဆက်၍ဆန့်ထွက်သွားပြီး ဟောက်ထျန်းကလန်မှ ကျင့်ကြံသူများကို ၎င်း၏နွယ်များနှင့်ပတ်၍ အတူခေါ်ဆောင်သွားလေသည်။ ကောင်းကင်အရှိန်အဝါသည် သူတို့ကို ရှေးဦးစွာ ဖိနှိပ်လိုက်သည်။

“ခင်ဗျားကို အရိုအသေပေးရမယ်ဟုတ်လား...”

ရီဖူရှင်းသည် ခေါင်းမော့၍ လှောင်လိုက်သည်။ သူ၏ဖီဆန်သောမျက်လုံးများသည် ကောင်းကင်ပေါ်ရှိ မျက်နှာကို ကြည့်နေလေသည်။ သူ အေးစက်စက် ပြန်ပြောလိုက်၏။

“နတ်သက်ကြွေထားတဲ့ ခင်ဗျားလို နတ်ဘုရားအိုကြီးကပဲ အနာဂတ်ရဲ့ နတ်ဘုရားအသစ်ကို အရိုအသေပေးရမှာ”

All Chapters