စစ်မြေပြင်အတွင်းမှာကဲ့သို့ပင်
Vol. 181 Ch. 2593
ကောင်းကင်ဒေသရှိ ကုန်းမြေ(၁၈)ခုထဲတွင် နန်ထျန်းကုန်းမြေနှင့် အကန့်အသတ်မဲ့ကုန်းမြေတို့သည် ဘေးချင်းကပ်တည်ရှိပေသည်။ ထို့ကြောင့် ထိုကုန်းမြေနှစ်ခုအကြားရှိ အကွာအဝေးသည် အခြားကုန်းမြေများအကြားရှိ အကွာအဝေးနှင့် နှိုင်းဆာလျှင် တိုပေသည်။
ထိုကုန်းမြေနှစ်ခုအကြားတွင် အခြားဧရာမတိုက်ကြီးများ ရှိသေးသော်လည်း သာမန်ကျင့်ကြံသူများအနေဖြင့် သူတို့၏သက်တမ်းတစ်လျှောက်လုံး ဖြတ်ကျော်လျှင်ပင် ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ သို့သော် ရီဖူရှင်းမှာမူ ချွင်းချက်ဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ဗုဒ္ဓရောင်ဝါခြေလှမ်းကို တွဲစပ်လိုက်လျှင် သူ့အတွက် ထိုနေရာကို ဖြတ်ကျော်ရန် အချိန်များစွာကြာမည်မဟုတ်ပေ။
ယနေ့ခေတ်တွင် ကောင်းကင်ဒေသ၌ အမြန်နှုန်းနှင့်ပတ်သတ်လျှင် သူနှင့်ယှဉ်နိုင်မည့်သူကို ရှာတွေ့နိုင်ရန် မဖြစ်နိုင်လုနီးပါးပင်။
အနန္တတောင်ကုန်းသည် အကန့်အသတ်မဲ့ကုန်းမြေ၏ နတ်တောင်ကုန်းဟု သိကြလေသည်။ အနန္တတောင်ကုန်းကို ဗဟိုပြု၍ မိုင်(၁၀၀,၀၀၀) အဝန်းအဝိုင်းအတွင်းတွင် တောင်ကုန်းပေါ်၌တည်ထားသော မြို့များနှင့်ပြည့်နှက်နေပေသည်။ ထိပ်သီးအင်အားစုများစွာသည် ထိုတောင်ကုန်းကို သူတို့၏ဌာနချုပ်တည်နေရာအဖြစ် ရွေးချယ်ခဲ့ကြသည်။
အနန္တတောင်ကုန်း၏ပတ်ပတ်လည် မိုင်ထောင်ချီအတွင်း၌ အနန္တတောင်ကုန်းနှင့် ပူးပေါင်းထားသော အင်အားစုအားလုံး အခြေချနေရာယူထားကြလေသည်။ ထိုနေရာတစ်ခုလုံးကို ကောင်းကင်အရှိန်အဝါက ဝန်းရံထားပြီး ယင်းနေရာသည် နတ်တောင်များအကြားရှိ မြင့်မြတ်သောနယ်မြေတစ်ခုဟု ထင်ရပေသည်။
ထိုအချိန်တွင် အနန္တတောင်ကုန်း၏ အပြင်ပိုင်းနယ်မြေတွင် ငွေဖြူရောင်ဆံပင်နှင့် လူတစ်ယောက် ပေါ်ပေါက်လာပေသည်။ သူ၏ဟန်ပန်အမူအရာသည် ထူးကဲပြီး သူသည် မည်သည့်အသံမှ မထွက်စေဘဲ တိတ်တဆိတ်ပေါ်ထွက်လာခြင်းဖြစ်သည်။ သူသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး သူ့အရှေ့ရှိ နတ်တောင်ကုန်းကို အာရုံစိုက်နေလေသည်။
အနန္တတောင်ကုန်းသည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် အမြင့်ဆုံးတောင်ကုန်းဟု ဆိုကြသည်။
အောက်ဘက်မှ လူအနည်းငယ်သည် ရီဖူရှင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ထိုလူသည် ထူးကဲသော ဟန်ပန်အမူအရာရှိသော်လည်း သူ့ခန္ဓာကိုယ်မှနေ၍ သူမည့်အရှိန်အဝါမှ မထွက်နေပေ။ သူသည် အသံတစ်ချက်မပြုဘဲ ရောက်ရှိလာပြီး ထိုနေရာသို့ မည်သည့်အချိန်ကရောက်ရှိလာကြောင်းကို မည်သူမှ အတိအကျမသိကြပေ။
သို့သော် သူတို့သည် ထိုလူ့ထံတွင် ကျင့်ကြံခြင်းစွမ်းရည်မရှိဟု တွေးတောနေကြခြင်းမဟုတ်ဘဲ ထိုလူ၏ကျင့်ကြံခြင်းစွမ်းရည်သည် နက်နဲသည်ဟု တွေးနေကြခြင်းပင်။
ထိုလူသည် မည်သူနည်း။ အဘယ်ကြောင့် သူသည် အနန္တတောင်ကုန်းသို့ သွားနေသနည်း။
လူငယ်တစ်ဦးသည် လေပေါ်သို့ ပျံတက်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုသည့်ဟန်လုပ်၍ ရီဖူရှင်းကို မေးလိုက်သည်။
“နောင်ကြီး... နောင်ကြီးက အနန္တတောင်ကုန်းရဲ့ ဒီနေရာကို ဘာရည်ရွယ်ချက်နဲ့လာခဲ့တယ်ဆိုတာ ကျုပ် မေးလို့ရမလားခင်ဗျာ...”
“မင်းကဘယ်သူလဲ...”
ရီဖူရှင်းသည် ထိုမေးခွန်းကိုမဖြေဘဲ ပြန်မေးလိုက်သည်။
“အနန္တတောင်ကုန်းရဲ့ တတိယမျိုးဆက်တပည့် လင်းချင်ပါ”
လူငယ်က ပြန်ဖြေလိုက်သည်။ သူ၏လေသံသည် မထူးခြားသော်လည်း သူ၏ရင်တွင်းနက်နက်ရှိုင်းရှိုင်းမှ ထွက်ပေါ်လာသည့် အလွန်ဂုဏ်ယူသော အရိပ်အယောင်များ ပါနေပေသည်။ အနန္တတောင်ကုန်း၏တတိယမျိုးဆက်တပည့်ဆိုလျှင် သူသည် အနန္တတောင်ကုန်း၏ အရေးပါသောတပည့်တစ်ဦးဖြစ်နိုင်ပေသည်။
သို့သော် ရီဖူရှင်းသည် သူ့ကိုကြည့်ရုံသာ ကြည့်နေလေသည်။ ထို့ကြောင့် လင်းချင် အတန်ငယ်မျက်မှောင်ကြုတ်သွားသည်။ သူသည် ရီဖူရှင်းက သူ့ကို အတော်လေးထူးဆန်းစွာကြည့်နေကြောင်း အနည်းငယ် ခံစားလာရသည်။
“လင်းချင်... ဒီကိုပြန်လာခဲ့။ အဲဒီလူက ရီဖူရှင်းပဲ”
အဝေးမှ လူတစ်ယောက်က လှမ်းအော်ပြောလိုက်သည်။ ထိုလူသည် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး လင်းချင်ကို မျက်စိပျက်၊ မျက်နှာပျက်ဖြင့် အော်ပြောခဲ့ခြင်းပင်။
လင်းချင်သည် ရုတ်တရက် မှင်တက်သွားပြီး သူ၏မျက်နှာသည် ရုတ်ခြည်း ဖြူဖျော့သွားလေသည်။ အနန္တတောင်ကုန်းတွင် သူသည် တတိယမျိုးဆက်တပည့်ဖြစ်ရာ ထူးချွန်သော ပါရမီရှင်ဟု ဆိုင်နိုင်ပေသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူဂုဏ်ယူပေသည်။ သို့သော် သူသည် မည်မျှထူးချွန်သည်ဖြစ်စေ ရီဖူရှင်း၏အမည်ကို ကြားလိုက်သောအခါ ထိုအမည်၏အရှိန်အဝါကို သူနားလည်ပေသည်။
သူ့ရှေ့ရှိ လူသည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် ပြီးခဲ့သော နှစ်တစ်ရာအတွင်း၌ အကျော်ကြားဆုံးလူများထဲမှ တစ်ယောက်ဖြစ်လေသည်။ မကြာသေးခင်က ကောင်းကင်ဒေသတွင် ရီဖူရှင်း၏အမည်ကို မကြားဖူးသူမရှိသလောက် ဖြစ်သွားသည်။ သူ၏ဂုဏ်သတင်းသည် သူ့ခေတ်၏ ပါရမီရှင်တိုင်းထက် သာလွန်ပေသည်။
“နောင်ကြီးအတွက် ကျုပ်တို့ အနန္တတောင်ကုန်းက ဘာများလုပ်ပေးနိုင်ပါသလဲခင်ဗျာ”
လင်းချင်သည် သူ့ရှေ့ရှိ လူမှာမည်သူဖြစ်ကြောင်း သိသွားပြီဖြစ်သဖြင့် အသံတုန်ယင်နေလေသည်။ သူသည် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။ အနန္တတောင်ကုန်းမှ လူများသည် ရီဖူရှင်းနှင့် စီဝေ့ကြယ်ကောင်းကင်တို့ကို သတ်မိန့်ထုတ်ရန် ဟောက်ထျန်းမြို့သို့သွားခဲ့ကြောင်း သူသိပေသည်။
သို့သော် ရီဖူရှင်းသည် ဤနေရာသို့ ရောက်ရှိလာပေသည်။
“မကြာခင်တုန်းက အနန္တတောင်ကုန်းက ရှေးဟောင်းနတ်ဘုရားကလန်တွေနဲ့ ပူးပေါင်းပြီးတော့ စီဝေ့ကြယ်ကောင်းကင်က ကျင့်ကြံသူတွေကို ပစ်မှတ်ထားတဲ့ သတ်မိန့်တစ်ခု ထုတ်ပြန်ခဲ့တယ်။ အဲ့အမိန့်က သက်ညှာမှုမရှိဘဲ သတ်ဖို့အမိန့်ပဲ... စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးဖို့နဲ့ ငါ့ကိုသတ်ဖို့ပေါ့လေ။ မင်းပြောပါဦး... ငါဒီကို ဘာလို့ရောက်လာတယ်လို့ထင်လဲ”
ရီဖူရှင်းသည် လင်းချင်ကိုကြည့်၍ ပြန်ပြောလိုက်သည်။
သို့သော် သူသည် မဟာလမ်းစဉ်အရှိန်အဝါကို မထုတ်လွှတ်လိုက်ပေ။ သူ၏တည်ငြိမ်သောစကားများသည်ပင် လင်းချင်ကို စိတ်ဖိစီးသွားစေရန် လုံလောက်ပေသည်။ အရာအားလုံးသည် အပြင်းအထန် ဖိနှိပ်ခံလိုက်ရသကဲ့သို့ပင်။
အနန္တတောင်ကုန်းသည် ရှေးဟောင်းနတ်ဘုရားကလန်များနှင့် ပူးပေါင်း၍ စီဝေ့ကြယ်ကောင်းကင်မှ လူများကို သနားညှာတာမှုမရှိဘဲသတ်ရန် သတ်မိန့်ထုတ်ခဲ့လေသည်။ ထိုအမိန့်သည် စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူအားလုံးကို ရှင်းပစ်ရန် ခိုင်းစေခြင်းပင်။
ထို့ကြောင့် ယခုတွင် ရီဖူရှင်းသည် အနန္တတောင်ကုန်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူတို့သည် သူ့ကို မည်သို့တုံ့ပြန်ရမည်နည်း။
“သတ်မိန့် အသက်ဝင်သွားရင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက သေချာပေါက် သူတို့ကိုယ်တိုင် ဦးဆောင်မှာပဲ။ မင်းတို့တွေထဲက တစ်ယောက်မှ စီဝေ့ကြယ်ကောင်းကင်ကိုသွားပြီး စီဝေ့ကြယ်ကောင်းကင်က ငါ့ရဲ့ကျင့်ကြံသူတွေကို မသတ်နိုင်အောင် ကာကွယ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက မင်းတို့အကုန်လုံးကို သတ်ပစ်ဖို့ပဲ”
ရီဖူရှင်း အေးစက်စက် ပြောလိုက်သည်။ သူ ထိုသို့ပြောပြီးသည်နှင့် ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားတစ်ခုသည် လင်းချင်ကို ရုတ်တရက် ဝန်းရံသွားသည်။
“မဟုတ်ဘူး...”
လင်းချင်သည် အဖျက်အရှိန်အဝါကို ခံစားလိုက်ရသောအခါ မျက်နှာပျက်သွားလေသည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် ထိုဓားဝိညာဉ်စွမ်းအားအောက်တွင် စိစိညက်ညက်ကြေသွားလေသည်။ သူသည် အမှုန်များ၊ အခိုးများအဖြစ် ပြောင်းလဲသွားလေတော့သည်။
ရီဖူရှင်းသည် အနန္တတောင်ကုန်းရှိရာဘက်သို့ လှမ်းကြည့်၍ ၎င်းထံသို့ ဆက်၍လျှောက်သွားလိုက်သည်။ ထိုစဉ် တစ်စုံတစ်ယောက် အော်ပြောလိုက်သံကို ကြားလိုက်ရသည်။
“ရီဖူရှင်း ဒီကိုရောက်နေပြီ... အနန္တကွန်ရက်ကို အမြန်ဆင်ကြ...”
ထိုအသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံပျောက်ကွယ်သွားသောအခါ ထိုသို့အော်လိုက်သူ၏ခန္ဓာကိုယ်သည်လည်း ဓားဝိညာဉ်စွမ်းအားအောက်တွင် အမှုန့်ဖြစ်သွားလေသည်။
ရီဖူရှင်းသည် လေပေါ်မှနေ၍ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ အောက်ဘက်တွင် ရန်ဟောင်အဆင့်ကျင့်ကြံသူများစွာ ရှိသော်လည်း မည်သူမှ မည်သို့မှ မလုပ်ရဲကြပေ။ သူတို့အားလုံးသည် အောက်တွင်ရပ်၍ ရီဖူရှင်း လေပေါ်တွင် ဖြတ်လျှောက်သွားသည်ကိုသာ ကြည့်နေရကြလေသည်။ မည်သူမှ မလှုပ်ရှားဝံ့ကြပေ။
ရီဖူရှင်းသည် ငယ်ရွယ်သော်လည်း ကောင်းကင်ဒေသတွင် သူသည် သမိုင်းတွင်ပြီးသည့် လူတစ်ဦးဖြစ်လေသည်။ သူသည် ရန်သူဖြစ်သော်လည်း အနန္တတောင်ကုန်းမှ လူများသည် သူ၏အင်အားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိပေသည်။
ဓားဝိညာဉ်စွမ်းအားသည် အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းထူထပ်သောနေရာကို ကာရံလိုက်သည်။ အောက်ရှိ နေရာအနှံ့တွင် ရပ်နေကြသော ထိုရန်ဟောင်အဆင့်ကျင့်ကြံသူများသည်လည်း ဓားဝိညာဉ်စွမ်းအား၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ ထို့နောက်တွင် အဖျက်ဓားဝိညာဉ်စွမ်းအားသည် စတင်သတ်ဖြတ်လိုက်လေသည်။ အော်သံများကို အဆက်မပြတ် ကြားလိုက်ရသည်။ လူအချို့သည် ထိုဓားဝိညာဉ်စွမ်းအား၏အောက်တွင် တစ်ဦးပြီးတစ်ဦး သေဆုံးပျောက်ကွယ်သွားကြလေသည်။
ရီဖူရှင်း ဖြတ်သွားရာတစ်လျှောက်ရှိ ရန်ဟောင်အဆင့်ကျင့်ကြံသူအားလုံး အသတ်ခံလိုက်ရသည်။ ရီဖူရှင်းသည် ရန်ဟောင်အဆင့်ထက်နိမ့်သော မည်သူ့ကိုမှ မသတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် စီဝေ့ကြယ်ကောင်းအတွက် အန္တရာယ်မရှိ၍ဖြစ်သည်။ သူသည် သွေးဆာနေပြီး သွေးအေးသော လူသတ်သမာမဟုတ်ပေ။ သို့သော် သူသည် အရူးလည်းမဟုတ်ပေ။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးလိုနေကြရာ သူသည် ထိုရန်ဟောင်အဆင့်ကျင့်ကြံသူများကို မည်သို့ အသက်ချမ်းသာပေးနိုင်မည်နည်း။
အောက်ဘက်ရှိ ကုန်းမြေတွင် လူများစွာသည် အပြင်းအထန်တုန်လှုပ်နေကြသည်။ သူတို့၏မျက်နှာများပေါ်တွင် အကြောက်တရားကို ထင်ထင်ရှားရှား မြင်ရပေသည်။
အခြေအနေသည် အမှန်ပင် ဆိုးဝါးနေလေသည်။ ရီဖူရှင်း ဖြတ်သွားရာနေရာတိုင်းတွင် မည်သည့် ရန်ဟောင်အဆင့်ကျင့်ကြံသူမှ အသက်ရှင်မကျန်ခဲ့ပေ။ ထိုနေရာသို့ သေမင်းကိုယ်တိုင် ရောက်ရှိလာသည်ဟုပင် ထင်ရ၏။
မိုးထိအောင် မြင့်မားသော အဝေးရှိ အနန္တတောင်ကုန်းအတွင်းမှနေ၍ ကြောက်မက်ဖွယ် ကြောက်မက်ဖွယ် နတ်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုလည်းထွက်ပေါ်လာပြီး အတုမဲ့အရှိန်အဝါတစ်ခုသည် အပြင်သို့ ရိုက်ခတ်သွားသည်။ ကောင်းကင်ထက်တွင် အားကောင်းသော ဓားဝိညာဉ်စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုဓားဝိညာဉ်စွမ်းအာသည် အဆုံးမဲ့ပြီး ပမာဏကိုတိုင်းတာရန် ခက်ခဲပေသည်။
ထိုကောင်းကင်တွင် ဓားဝိညာဉ်စွမ်းအားများ ပြည့်နှက်လာပြီး ရီဖူရှင်း၏ အထက်တွင် လွှမ်းခြုံသွားသည်။ နတ်တောင်ကုန်းအထက်တွင် လူတစ်ယောက်ထွက်ပေါ်လာပြီး လေထဲတွင် ရပ်နေလေသည်။ သူသည် ခံ့ညားထည်ဝါကာ ထူးကဲပေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် အံ့အားသင့်ဖွယ်ကောင်း၏။ သူသည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးပင်။
“အဲဒါ အစောင့်အရှောက်အကြီးအကဲပဲ...”
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ အနန္တတောင်ကုန်းမှ ကျင့်ကြံသူအားလုံးသည် မျှော်လင့်ချက် ရောင်ခြည်လေးသန်းသွားသည်။ အနန္တတောင်ကုန်း၏ အစောင့်အရှောက်အကြီးအကဲသည် ထိုနေရာတွင် ကျင့်ကြံနေခြင်းပင်။ သူသည် ရီဖူရှင်းတစ်ယောက် ရှေ့သို့တိုးလာမှုကို တားဆီးနိုင်ကောင်းပေသည်။
အစောင့်အရှောက်အကြီးအကဲသည် သမိုင်းမတိုင်မီခေတ်ကတည်းက ကျော်ကြားခဲ့သူဖြစ်ပြီး ကပ်ဘေးအဆင့်ကျင့်ကြံသူဖြစ်နေခဲ့သည်မှာ ရာစုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ သူ၏အင်အားသည် နက်နဲပေသည်။ သူသည် ယခုတွင် ဒုတိယကပ်ဘေးအဆင့်သို့ တက်နိုင်ရန် အာရုံစိုက်နေသည်ဟု ပြောကြသည်။ သူသည် တစ်ချိန်က လောကတစ်ခွင်တွင် ကျော်ကြားခဲ့သော ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ သူသည် ဒုတိယကပ်ဘေးအဆင့်သို့ တက်နိုင်ရန် အာရုံစိုက်လိုသောကြောင့်သာ အနန္တတောင်ကုန်းအတွင်း၌ မနေမနားကျင့်ကြံနေခဲ့ခြင်းဖြစ်လေသည်။ သူ၏လက်ရှိအင်အားသည် ယခင်ကထက် ပို၍သန်မာနေရန် ဖြစ်နိုင်ချေများပေသည်။
အနန္တတောင်ကုန်း၏ အစောင့်အရှောက်အကြီးအကဲသည် အလွန်ငယ်ရွယ်သည့်ပုံစံရှိပြီး မေးရိုးပေါ်ပေါ်ဖြင့် ပြတ်သားခံ့ညားပေသည်။ သူသည် အနန္တတောင်ကုန်း၏ အစောင့်အရှောက်အကြီးအကဲလည်းဖြစ်သလို တောင်ဆရာသခင်၏ တပည့်များ၏ ခေါင်းဆောင်လည်းဖြစ်သည်။
ကောင်းကင်ထက်တွင် ကောင်းကင်နှင့် နေမင်းကိုကာရံထားသော အနန္တဓားများသည် အနန္တဓားစက်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။ ဧရာမမဟာဓားကွန်ရက်ကြီးတစ်ခုသည် ရီဖူရှင်းအပေါ်တွင် ဖြစ်ပေါ်လာသည်။ ဧရာမဓားအရှိန်အဝါတစ်ခုသည် သူ့အပေါ်သို့ ကျဆင်းလာပြီး ဓားမြစ်တစ်စင်းဟုပင် ထင်ရသည့် ဓားအတန်းကြီးသည် သူ့ကိုလွှမ်းခြုံနှစ်မြှုပ်လိုက်သည်။ ၎င်းဓားတန်းကြီးသည် အဆုံးမဲ့ဟုထင်ရပြီး ထိုနေရာရှိ ကောင်းကင်ကို လွန်စွာကြောက်မက်ဖွယ်အဟုန်များဖြင့် လွှမ်းခြုံထားလေသည်။
ထိုတိုက်ကွက်သည် ရီဖူရှင်းအပေါ် သက်ရောက်မှုရှိမည်လော။
ဓားမြစ်ကြီးသည် ကျဆင်းလာပြီး အာကာလုံးပြည့် ဓားဝိညာဉ်စွမ်းအားများသည် သတ်ဖြတ်ရန် ဆင်းသက်လာသည်။ သို့သော် ရီဖူရှင်းသည် ဓားမိုးများရွာကျနေသည့်အောက်တွင် တိတ်တဆိတ်ရပ်နေလေသည်။ အနန္တဓားများ သူ့ပေါ်သို့ ကျဆင်းသွားသည်။ သို့သော် သူသည် မည်သို့မှ မထိခိုက်သည့်ဟန်ဖြင့် ရှေ့သို့ ဆက်လျှောက်သွား၏။
လူအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။ သူ၏ပြင်ပခန္ဓာသည် ထိုမျှပင် ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်နေပေပြီလော။
အနန္တတောင်ကုန်း၏ အစောင့်အရှောက်အကြီးအကဲသည်လည်း မျက်မှောင်ကြုတ်သွားသည်။ သူ၏ခန္ဓာကိုယ်သည် လင်းလက်သွားပြီး လွန်စွာဖိအားကောင်းသော အားဖြင့် ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။ သူသည် ကောင်းကင်ထဲရှိ အနန္တဓားကွန်ရက်ကို လက်တစ်ဖက်ဖြင့်ကိုင်ဆွဲလာပြီး အောက်သို့ ပစ်ချလိုက်သည်။ ရုတ်တရက် မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများသည် လေထုကိုဖြတ်၍ အောက်သို့ တိုက်ရိုက်ကျဆင်းလာသည်။ ၎င်းတို့သည် အာကာပြင်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်တော့မလိုပင် ထင်ရ၏။
အနန္တတောင်ကုန်းမှ ကျင့်ကြံသူအားလုံးသည် ထိုကြီးကျယ်သော မြင်ကွင်းကို မြင်လိုက်သောအခါ လက်သီးကျစ်ကျစ်ဆုပ်လိုက်ကြသည်။ ရီဖူရှင်းသည် ထိုကဲ့သို့ စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ခံနိုင်ပါမည်လော။
ရီဖူရှင်း လှံတစ်ချောင်းကိုကိုင်၍ သူ၏လက်ကို ဆန့်တန်းလိုက်သည်။ ထို့နောက်တွင် သူသည် အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။ သူသည် ကောင်းကင်ထက်သို့ အလျင်အမြန် ပျံတက်သွားပြီး လှံချက် ထုတ်လိုက်လေသည်။ ရုတ်ခြည်းပင် ကျဆင်းလာသော နတ်ဓားများသည် အစိတ်စိတ်အမွှာမွှာ ကျိုးပျက်သွားကြလေသည်။ သို့သော် အခြားသူများအားလုံးမြင်လိုက်ရသည်မှာ ကောင်းကင်တွင် ဖြတ်သန်းသွားသော အလင်းတန်းတစ်ခုသာဖြစ်သည်။ ထို့နောက်တွင် အရာအားလုံး ရပ်တန့်သွားလေသည်။
လှံသည် အနန္တတောင်ကုန်း၏ အစောင့်အရှောက်အကြီးအကဲ၏ဦးခေါင်းကို ဖောက်ဝင်သွားလေသည်။ အနန္တတောင်ကုန်းရှိ လူအားလုံးသည် ထိုကြောက်မက်ဖွယ်၊ ဝမ်းနည်းဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်ကာ ကြက်သေ,သေသွားကြသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သည့် အချို့လူများသည် ရှိုက်ကြီးတငင်ပင် စတင်ငိုကြွေးကြလေသည်။ ထိုငိုကြွေးသံများသည် အမှန်ပင် ကြံရာမရဖြစ်ကာ စိုးရိမ်တကြီးဖြစ်နေသော အသံများပင်ဖြစ်သည်။
အနန္တတောင်ကုန်း၏ အစောင့်အရှောက်အကြီးအကဲသည် အနန္တတောင်ကုန်းအတွက် အရေးပါသူတစ်ဦးဖြစ်ပြီး လူများစွာ၏ ချစ်ခင်မှု၊ စံထားမှုကို ခံရသူလည်းဖြစ်သည်။ သို့သော် သူသည် လှံချက်တစ်ချက်ဖြင့်ပင် အသတ်ခံလိုက်ရပြီး မရှုမလှသေဆုံးသွားခဲ့ရသည်။ သူ၏အဆုံးသတ်ကို မြင်ခဲ့ရသူတိုင်းသည် ထိုရက်စက်သောအမှန်တရားကို လက်မခံနိုင်ဖြစ်နေသည်။
ရီဖူရှင်းသည် အမှန်ပင် ရန်ဟောင်အဆင့်ကိုးသာရှိသော ကျင့်ကြံသူတစ်ဦး ဟုတ်ပါလေသလော။
ရီဖူရှင်းသည် လှံကို အစောင့်အရှောက်အကြီးအကဲ၏ ဦးခေါင်းထဲမှ ဆွဲနှုတ်လိုက်ပြီး ရှေ့သို့ ဆက်တိုးလာလေသည်။ သူဖြတ်သွားသော နေရာတစ်လျှောက်တွင် ကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားပြီး လူများသည်လည်း ဆက်၍သေဆုံးနေကြသည်။ ထိုအခိုက်တွင် သူသည် အနန္တတောင်ကုန်းသို့ ချီတက်နေသည့် သေမင်းတစ်ပါးအဖြစ် ပြောင်းလဲသွားပေပြီ။
“အနန္တကွန်ရက်ကို အသက်သွင်းလိုက်”
အနန္တတောင်ကုန်းရှိရာဘက်မှ ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။
ရုတ်တရက် နတ်တောင်များထွက်ပေါ်လာပြီး ထိုနေရာကို အပြည့်အဝဝန်းရံလိုက်သည်။ ၎င်းတို့သည် လှည့်ပတ်ကာ အနန္တတောင်ကုန်းနှင့် တောင်ကုန်းအတွင်းမှ ကျင့်ကြံသူများကို ကာကွယ်ရန် ရီဖူရှင်း၏အရှေ့ရှိ နေရာကို ချိပ်ပိတ်လိုက်လေသည်။
ထို့ပြင် ထိုကာကွယ်အနန္တကွန်ရက်သည် ထွင်းဖောက်မြင်နိုင်သည့် ကွန်ရက်တစ်ခုဖြစ်သဖြင့် အတွင်းရှိ အရာအားလုံးကို မြင်နိုင်ပေသည်။ ထိုကျင့်ကြံသူများသည် ရီဖူရှင်းတစ်ယောက် အပြင်တွင် အပိတ်ခံထားရပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ အတော်လေး စိတ်သက်သာရာ ရသွားကြသည်။ သူတို့သည် မျှော်လင့်ချက်မဲ့နေသည့်အခြေအနေတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ပေ။ သို့သော် သူတို့သည် သေဆုံးသွားခဲ့သူများအကြောင်းကို တွေးမိသွားသောအခါ ဝမ်နည်းမှုကို ပြန်ခံစားလိုက်ကြရသည်။
ရီဖူရှင်းသည် အပြင်တွင် ရပ်နေပြီး ပတ်ပတ်လည်တွင် လှည့်ပတ်ဝန်းရံနေသည့် နတ်တောင်များကို ကြည့်နေလေသည်။ နတ်အလင်းများ လှည့်ပတ်နေ၏။ နတ်တောင်များသည် လွန်စွာလေးလံပုံပေါ်ပြီး တုန်လှုပ်ဖွယ်ကောင်းသည့် စွမ်းအားအငွေ့အသက်ကို ထုတ်လွှတ်နေပေသည်။
သူသည် လက်မြှောက်၍ လှံကို ရှေ့သို့ချိန်ရွယ်လိုက်သည်။ လှံမှနေ၍ ကြောက်မက်ဖွယ်ကောင်းသည့် တောက်ပသောအလင်းတစ်ခု ထွက်ပေါ်လာသည်။
“သူက ဘာလုပ်ချင်နေတာလဲ”
ကျင့်ကြံသူအားလုံးသည် အနန္တကွန်ရက်အတွင်းတွင် ရီဖူရှင်း၏လှုပ်ရှားမှုတိုင်းကို မြင်ရ၏။ သူသည် ကွန်ရက်ကို အားသုံး၍ ဖောက်ထွင်းပစ်လိုနေခြင်းလော။
သူတို့သည် အနန္တကွန်ရက်၏ ခိုင်မာမှုအကြောင်းကို သိပေသည်။ ရန်ဟောင်အဆင့်သာ ရှိသေးသော သူတစ်ဦးသည် ထိုကွန်ရက်ကို မည်သို့ ဖောက်ထွင်းနိုင်မည်နည်း။
သူတို့သည် ရီဖူရှင်းကို အာရုံစိုက်နေကြပြီး ရီဖူရှင်းကို နတ်အလင်းများက ဝန်းရံထားသည်ကို တွေ့လိုက်ရ၏။ ထိုနတ်အလင်းများသည် အပြင်သို့ဆက်၍ ပြန့်ကားလာသည်။ နတ်အလင်းလှိုင်းများသည် ကြောက်မက်ဖွယ် လှိုင်းများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသည်။ လှံမှ ထွက်ပေါ်နေသော နတ်အလင်းသည်လည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။
နောက်ဆုံးတွင် ရီဖူရှင်း လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကွန်ရက်ကို တိုက်ခိုက်လိုက်လေသည်။
လှံသည် ကွန်ရက်အပေါ်တစ်နေရာသို့ ကျဆင်းသွားရာ ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရသည်။ ထိုလှံကျဆင်းသွားရာနေရာကို ဗဟိုပြု၍ ကွန်ရက်ပေါ်တွင် အက်ကြောင်းများ ထွက်ပေါ်လာသည်။ ထိုအက်ကြောင်းများသည် ဆက်၍ ကြီးမားလာပြီး ကွန်ရက်တစ်ခုလုံးသို့ ဆက်ပျံ့နှံ့သွားသည်။
ဝုန်း...
ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကွန်ရက်သည် ပြိုကျပျက်စီးသွားသည်။ အတွင်းရှိ အရာအားလုံးသည် ရီဖူရှင်းရှေ့တွင် ပေါ်လာလေသည်။
ထိုအခိုက်တွင် ထိုနေရာတစ်ခွင်လုံး၌ အသံတစ်သံမှ မကြားရဘဲ အလုံးစုံတိတ်ဆိတ်နေလေသည်။ ရီဖူရှင်းပေါ်သို့ အကြည့်များ ကျရောက်လာ၏။ သူတို့သည် ပြိုင်ဘက်ကင်း၍ အနိုင်မခံ၊ အရှုံးမပေးစိတ်ရှိသည့် ရီဖူရှင်းကို ကောင်းကင်မှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြသည်။
လှံချက်တစ်ချက်သည် ကွန်ရက်ကြီးကို ဖျက်ဆီးပစ်နိုင်လိုက်သည်။
ယနေ့တွင် ရီဖူရှင်းသည် ကောင်းကင်ဒေသရှိ ရှေးဟောင်းနတ်ဘုရားကလန်များထဲမှ တစ်ခုဖြစ်သော အနန္တတောင်ကုန်းသို့ စစ်မြေပြင်အတွင်းသို့ လျှောက်လှမ်းလာသည့်အလား ရောက်လာခဲ့လေသည်။