အခန်း ၁၀၄၅
Vol. 75 Ch. 1045
အခန်း ၁၀၄၅ အရှင်မင်းသား တာအိုခုန်း
"ဒါက..."
"ပဉ္စမမြောက် မီးဖိုကြီးပါလား။ မဖြစ်နိုင်တာ... ဘာလို့... ဘာလို့ ပဉ္စမမြောက် မီးဖိုကြီးက ဒီနေရာကို ရောက်လာရတာလဲ"
အတိတ်တုန်းက စုမင်အား အနောက်ငွေ့ရည်တိမ်တိုက် သီးခြားနယ်မြေထဲသို့ ထွက်ပြေးသွားစေရန် လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်တိုက်ခိုက်ခဲ့သော အဖိုးအို၏ မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှာလည်း အကြိတ်အနယ် တုန်ရီလာခဲ့သည်။ ပဉ္စမမြောက် မီးဖိုကြီးကို သူ မမှတ်မိဘဲ နေမည် မဟုတ်ပေ။ ဤသည်မှာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ထဲတွင် ကာလရှည်ကြာ တည်ရှိနေခဲ့သည့် အကြီးမားဆုံးသော လျှို့ဝှက်ချက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ထူးကဲသော ဖြစ်ရပ်ဆန်းကြီး တစ်ခု ဖြစ်သည်။ ၎င်းမှာ အတိတ်တုန်းက သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရဖူးပြီးအတွင်းမှ ကံကြမ္မာ အခွင့်အရေးတစ်ခုကို ရရှိပြီးနောက် သီသီလေးသာ လွတ်မြောက်ခဲ့ရသည့် အရာတစ်ခု ဖြစ်သည်။ သူ့နှလုံးသားထဲတွင် အလွန်အမင်း အထွတ်အမြတ်ထားရသော အရာတစ်ခုအဖြစ် သတ်မှတ်ထားသည့် အရာလည်း ဖြစ်ပေသည်။
အဖိုးအို၏ လက်ထဲတွင် သူ အလွန်အမင်း ကြီးမားသော အဖြစ်အပျက်များနှင့် ကြုံတွေ့ရမှသာ ထုတ်ယူအသုံးပြုလေ့ရှိသည့် ရှားရှားပါးပါး အမြင့်ဆုံးသော ရတနာတစ်ခု ရှိနေသည်။ ထိုအမြင့်ဆုံးသော ရတနာမှာ ပဉ္စမမြောက် မီးဖိုကြီးထဲမှ သူ ရရှိခဲ့သော အရာ ဖြစ်သည်။
သူတစ်ဦးတည်းသာ ဤကဲ့သို့ တုံ့ပြန်နေခြင်း မဟုတ်ပေ။ သူ့ဘေးရှိ အခြားလူ သုံးဦးသည်လည်း သူတို့အထက်ရှိ နဂါးငွေ့တန်းကြီးကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေရင်း အသက်ရှူကျပ်နေသည့်ပုံ ပေါက်နေကြသည်။ မယုံကြည်နိုင်မှုများကြောင့် သူတို့၏ မျက်နှာများမှာ ဖြူလျော်နေကြသည်။ ဤသည်မှာ သူတို့၏ တစ်သက်လုံးတွင် ကြုံတွေ့ခဲ့ရသမျှထဲ၌ စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်ဆုံးသော အရာဖြစ်ပြီး မည်သို့ ဖြစ်ပျက်နေသည်ကို ဖော်ပြနိုင်စွမ်း မရှိတော့လောက်အောင်ပင် အလွန်အမင်း ထိတ်လန့်နေကြတော့သည်။
ကျူးယိုချိုက်၏ ကျင့်ကြံခြင်းအဆင့်ကို မှန်းဆနိုင်ခဲ့သော အဖိုးအို၏ မျက်နှာမှာလည်း ဖြူလျော်နေသည်။ ထို့နောက် သူသည် တုန်တုန်ရီရီဖြင့် စတင် ရယ်မောလိုက်တော့သည်။ ထိုအခိုက်အတန့်ရောက်မှသာ သူသည် တာအိုခုန်းကို အထင်သေးမိဆဲဖြစ်ကြောင်း နားလည် သဘောပေါက်သွားခဲ့သည်။ အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင်တစ်ဦးက သူ့ကို နာခံပြီး ရှင်ခြင်း နယ်ပယ်မှ အခြားတန်ခိုးရှင် တစ်ဦးက နောက်လိုက်အဖြစ် ရှိနေခြင်းမှာ သူ့တွင် အလွန် မြင့်မြတ်ကျော်ကြားသော နောက်ခံတစ်ခုခု ရှိနေသည်ဟုသာ သူ ထင်မြင်ခဲ့သော်လည်း ထိုထက် ပိုမိုနက်နဲသည့် အရာများ ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ တကယ်တမ်း အကြွင်းမဲ့ စွမ်းအား တစ်ခုပင် ဖြစ်သည်။ ထိုသည်က စကြဝဠာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းခြင်းပင် ဖြစ်သည်။
သက်လတ်ပိုင်း အမျိုးသားကမူ ဤကိစ္စသည် သူနှင့် မသက်ဆိုင်ဟု ထင်မှတ်ထားခဲ့ပြီး ဘေးမှ ပွဲကြည့်ပရိသတ် တစ်ဦးအဖြစ်သာ ရပ်ကြည့်နေရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် တုန်ရီသွားပြီး အသက်ရှူမြန်လာခဲ့သည်။ သူသည်လည်း ပဉ္စမမြောက် မီးဖိုကြီးကို ယခင်က မြင်ဖူးခဲ့သော်လည်း အဝေးမှသာ လှမ်းမြင်ခဲ့ရခြင်းဖြစ်ပြီး အတွင်းသို့ ဝင်ရောက်ရန် သတ္တိမရှိခဲ့ပေ။ ထိုအစား ထိုအချိန်က သူ နောက်ဆုတ်သွားခဲ့သည်။
သို့သော်လည်း သူသည် ပဉ္စမမြောက် မီးဖိုကြီးကို မြင်တွေ့ခဲ့ရပြီး ယင်းက စကြဝဠာထဲတွင် မည်မျှ ကြီးမားခန့်ညားစွာ ရပ်တည်နေကြောင်းအာ တွေ့မြင်ခဲ့ရသည်။ ယခုအချိန်တွင် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ပင်လျှင် ကပ်ဘေးကြီးတစ်ခုအဖြစ် သတ်မှတ်ရလောက်သည့် မီးပင်လယ်ကြီးကို ထိုမီးဖိုက ထုတ်လွှတ်လိုက်စဉ် သူ ခံစားခဲ့ရသော ရိုသေကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့သည် နှလုံးသား အောက်ခြေမှ ထပ်မံ ပေါ်ပေါက်လာခဲ့တော့သည်။
သို့သော်လည်း မျက်နှာအပျက်ဆုံးသူမှာ သက်လတ်ပိုင်း အမျိုးသမီးပင် ဖြစ်နေဆဲ ဖြစ်သည်။ သူမ မျက်နှာပေါ်မှ သွေးရောင်များ အားလုံး ဆုတ်ယုတ်သွားပြီး ထိတ်လန့်မှု၊ ကြီးမားသော နောင်တရမှုနှင့် ကြောက်ရွံ့မှုတို့က သူမ မျက်လုံးများထဲတွင် ပြည့်နှက်နေသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမနှင့် ကြီးမားစွာ ဆက်စပ်နေသည်။ အကယ်၍ သူမသာ ဟုန်ကျူးကို သတိမပေးခဲ့လျှင် သူမသည် စုမင်၏ နဂါးငွေ့တန်းအား ဖျက်ဆီးလိုစိတ်ကို ဆွပေးမိခဲ့မည် မဟုတ်ပေ။ အကယ်၍ သူမသာ ရိုင်းစိုင်းစွာ မပြုမူခဲ့လျှင် ပဉ္စမမြောက် မီးဖိုကြီး သက်ဆင်းလာမည့် မြင်ကွင်းမျိုး ပေါ်ပေါက်လာခဲ့မည် မဟုတ်ပေ။
ထိုအမျိုးသမီး၏ ခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ခန္ဓာကိုယ် တုန်ရီသွားပြီးနောက် သူမသည် ယိုင်တိုင်တိုင်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ သူမ မျက်လုံးများမှာ အာရုံစူးစိုက်မှု ကင်းမဲ့သွားခဲ့သည်။ သူတို့သုံးဦးအနက် အားအနည်းဆုံးသူမှာ အရှင်သခင် နယ်ပယ်မှ ဟောင်ကွေ့ဖြစ်ပြီး အသန်မာဆုံးသူမှာ လက်ရှိတွင် ချိတ်ပိတ်ခံထားရသော ရှင်ခြင်း နယ်ပယ်မှ တန်ခိုးရှင် မဟုတ်ကြောင်းကို သူမ အိပ်မက်ထဲတွင်ပင် တွေးထင်ထားခဲ့မည် မဟုတ်ပေ။ ထိုအစား ၎င်းမှာ သွေးရောင်ဆံနွယ်များနှင့် ခန္ဓာကိုယ်မှသတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ပျံ့လွင့်နေသည့် တာအိုခုန်းပင် ဖြစ်နေသည်။
မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသော တန်ခိုးရှင်များနှင့် နှိုင်းယှဉ်ပါက ဧရိယာတစ်ဝိုက်ရှိ သောင်းနှင့်ချီသော ကျင့်ကြံသူများမှာ အများအားဖြင့် ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်များအရ ပဉ္စမမြောက် မီးဖိုကြီးအကြောင်း ကြားဖူးကောင်း ကြားဖူးကြမည် သို့မဟုတ် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အကြောင်း ဖော်ပြထားသော ရှေးဟောင်းစာအုပ်အချို့တွင် ဖတ်ဖူးကောင်း ဖတ်ဖူးကြမည် ဖြစ်သော်လည်း သူတို့အထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်တွေ့ခဲ့ဖူးကြပေ။
ထို့ကြောင့်ပင် သူတို့သည် နဂါးငွေ့တန်းထဲတွင် ကြီးမားသော မီးဖိုကြီး၏ အစိတ်အပိုင်းတစ်ခု ပေါ်ထွက်လာပြီး သူတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေသည့် စွမ်းအားကြီးမားသော ဖိအားကြီးကို ခံစားလိုက်ရသည့်တိုင် စုမင်ထံသို့ ဆက်လက် ပြေးဝင်လာခဲ့ကြခြင်း ဖြစ်သည်။
အဓိက စခန်းအတွင်းရှိ အထွတ်အထိပ် အဆင့်အတန်းရှိသူ၏ ညွှန်ကြားချက်များမှာ သူတို့အတွက်မူ အကြီးမားဆုံးသော အမိန့်တစ်ခု ဖြစ်ပေသည်။
"အမြန် ထွက်ပြေးကြစမ်း"
လူများကို တုန်လှုပ်သွားစေနိုင်သော စွမ်းအားတစ်ခု ပါဝင်သည့် ခပ်နှိမ့်နှိမ့် ဟိန်းဟောက်သံ တစ်သံသည် ဂြိုဟ်ဝဲဂယက်ကြီးထဲမှ အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ကျူးယိုချိုက်အား ချိတ်ပိတ်ခဲ့ပြီး ဟောင်ကွေ့အား သတ်ရန်နှင့် စုမင်ကို အစွမ်းမဲ့အောင် လုပ်ရန် အမိန့်ပေးခဲ့သော ဤမြေပေါ်ရှိ အစွမ်းအထက်ဆုံး တန်ခိုးရှင်၏ အသံ ဖြစ်သည်။
ဂြိုဟ်များဖြင့် ဖွဲ့စည်းထားသော ဝဲဂယက်ကြီးထဲမှ မြည်ဟည်းသံများ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။ ဂြိုဟ်ခြောက်လုံးသည် မျက်စိတစ်မှိတ်အတွင်း ပြေးထွက်လာခဲ့သည်။ ၎င်းတို့ ပြေးထွက်လာသောအခါ လူပုံစံ ခြောက်ဦးအဖြစ် ပြောင်းလဲသွားပြီး လူစုထံသို့ ပြေးဝင်လာခဲ့ကြသည်။
"ဒါက နားလည်မှုလွဲတာပါ။ တာအိုရောင်းရင်း... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး"
ရှေးဟောင်းအသံကြီးသည် တစ်ဖန် အလျင်အမြန် ပေါ်ထွက်လာပြီး ခြောက်ယောက်ပါ လူစုကို ဦးဆောင်လာသော သက်လတ်ပိုင်း အမျိုးသား၏ ပါးစပ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူက ကျူးယိုချိုက်ကို ချိတ်ပိတ်ခဲ့သူဖြစ်ပြီး ထိုနေရာတွင် အသန်မာဆုံးလူ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသားမှာ ပြင်းထန်စွာ ဂယောက်ဂယက် ဖြစ်နေတော့သည်။ နံနက်ခင်း တာအိုဂိုဏ်းမှ တိုက်ရိုက် မျိုးဆက်က ပဉ္စမမြောက် မီးဖိုကြီးကို ခေါ်ယူနိုင်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူ့နောက်မှ လိုက်ပါလာသော လူငါးဦးထဲတွင် အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ပြီး သူတို့အားလုံးမှာ ကံကြမ္မာ နယ်ပယ်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ထိုအခိုက်တွင် သူတို့၏ မျက်နှာအမူအရာများမှာ အရုပ်ဆိုးနေကြသည်။ သူတို့သည် ထိတ်လန့် အံ့အားသင့်မှုများကို ဖုံးကွယ်မထားနိုင်ကြပေ။
သူတို့အားလုံးသည် အစစ်အမှန် ယင်လောကမှ နတ်ဘုရား အနှစ်သာရ နယ်မြေတွင် တပ်စွဲထားပြီး နဂါးငွေ့တန်းကို ကာကွယ်ရန် တပ်စောင့်များအဖြစ် ဆောင်ရွက်နေသော တန်ခိုးရှင်များ ဖြစ်ကြသည်။
နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်မှ ဂြိုဟ်သား မျိုးနွယ်များ ကျူးကျော်လာခြင်းမှလွဲ၍ သူတို့ ဆယ်ဦးစလုံး တစ်ပြိုင်တည်း ပေါ်ထွက်လာခဲသည်။ သို့သော် ပဉ္စမမြောက် မီးဖိုကြီး သက်ဆင်းလာသောအခါ သူတို့၏ ထိတ်လန့်မှုများကြားတွင် အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်ကြတော့ပေ။ သူတို့၏ ကျင့်ကြံခြင်းအဆင့် ပိုမို မြင့်မားလေလေ ပဉ္စမမြောက် မီးဖိုကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုများအကြောင်းကို ပိုမို သိရှိလေလေ ဖြစ်ပြီး သူတို့အားလုံးသည် အမြင့်ဆုံးသော ရတနာတစ်ခုအား ရယူရန် ၎င်းထံသို့ ယခင်က သွားရောက်ခဲ့ဖူးသူများ ဖြစ်ကြသည်။
စကြဝဠာကြီး၏ အရောင်အသွေး ပြောင်းလဲသွားခဲ့သည်။ ထိုလူခြောက်ဦး၏ ယခင်က အမြင့်မြတ်ဆုံးဖြစ်သည့် အရှိန်အဝါများမှာ ချက်ချင်းဆိုသလို ထိတ်လန့်ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဤအရာအားလုံးမှာ စုမင်က ပဉ္စမမြောက် မီးဖိုကြီးကို သူတို့အပေါ်သို့ ခေါ်ချလိုက်သောကြောင့်ပင် ဖြစ်သည်။
"နားလည်မှုလွဲတာ ဟုတ်လား" သွေးရောင်ဆံနွယ်များနှင့် စုမင်၏ နှုတ်ခမ်းထောင့်များတွင် သွေးဆာနေသော အပြုံးတစ်ခု ရှိနေသည်။ "ငါ့ရဲ့ စစ်အင်မော်တယ်ကို ချိတ်ပိတ်ခဲ့တာက နားလည်မှုလွဲတာပေါ့လေ"
စုမင်သည် ညာလက်ကို လေထဲသို့ မြှောက်ကာ ပြေးဝင်လာသော အလင်းတန်း ခြောက်ခုဆီသို့ ညွှန်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူတို့အထက်ရှိ ပဉ္စမမြောက် မီးဖိုကြီးသည် ကြီးမား ကျယ်ပြန့်သော စွမ်းအား ကြီးမားသည့် ဖိအားကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုဖိအားသည် ကျယ်လောင်သော မြည်ဟည်းသံများနှင့်အတူ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး နဂါးငွေ့တန်းကြီး ပြိုကျပျက်စီးတော့မည့်အလား ထင်မှတ်ရစေသည်။ မီးဖိုကြီး တုန်လှုပ်သွားပြီး နေရာတိုင်းတွင် ရေတွက်၍မရနိုင်သော စကြဝဠာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ထက်မြက်သော ဓားသွားများအလား ဖိအားသည် ဧရိယာတစ်ခုလုံးကို တိုက်ခတ်သွားတော့သည်။
ဤသည်မှာ ပဉ္စမမြောက် မီးဖိုကြီး သက်ဆင်းလာမှု၏ စွမ်းအားကို မခံနိုင်သောကြောင့် နဂါးငွေ့တန်းကြီး ပြိုကျတော့မည့် လက္ခဏာပင် ဖြစ်သည်။
များပြားသော အက်ကွဲကြောင်းများ ဧရိယာအတွင်း တိုက်ခတ်သွားပြီး လူငါးဦး၏ အမြန်နှုန်းကို နှေးကွေးသွားစေသော်လည်း ရှေ့ဆုံးမှ သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများထဲတွင် ထိုအခိုက်အတန့်၌ အလင်းတန်း တစ်တန်း တောက်ပသွားပြီး ဝုန်းခနဲ အသံနှင့်အတူ သူသည် ပြေးထွက်လာကာ စကြဝဠာ အက်ကွဲကြောင်းများအား ကွေ့ဝိုက်၍ စုမင်ထံသို့ ပြေးဝင်လာခဲ့သည်။
သူ စုမင်ကို သတ်လိုက်နိုင်သရွေ့ အရာအားလုံးက သဘာဝကျကျ ပြေလည်သွားမည် ဖြစ်သည်။
"ငါ့နောက်လိုက်ကို ဒဏ်ရာရစေခဲ့တာကရော နားလည်မှုလွဲတာပဲလား"
စုမင်၏ အသံထဲတွင် ရူးသွပ်နေသော လေသံ တစ်သံ ပါဝင်နေသည်။ ထိုအသံ ဧရိယာတစ်ခုလုံး ပဲ့တင်ထပ်သွားသောအခါ သောင်းနှင့်ချီသော ကျင့်ကြံသူများ၏ မျက်နှာများ ဖြူလျော်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ကြီးမားသော ဖိအားအောက်တွင် ကြေမွလုနီးပါး ဖြစ်သွားခဲ့သည်။ ကျင့်ကြံခြင်း အဆင့်နိမ့်ကျသော လူအချို့မှာ နာကျင်စွာဖြင့် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဝုန်းခနဲ အသံများနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားကာ သွေးနှင့် အသားစများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။
"ငါ့ကို အစွမ်းမဲ့အောင် လုပ်ချင်ခဲ့တာကရော မင်းပြောတဲ့ နားလည်မှုလွဲတာထဲမှာ ပါသေးသလား"
စုမင် ရယ်မောနေစဉ် အသန်မာဆုံးသော ဘိုးဘေးဖြစ်သည့် ကျူးယိုချိုက်အား ချိတ်ပိတ်ခဲ့သော ရှင်ခြင်း နယ်ပယ်မှ တန်ခိုးရှင်သည် အနီးသို့ ရောက်ရှိလာခဲ့သည်။ သူတို့ တစ်ဦးနှင့်တစ်ဦး ပေတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်သောအခါ သူသည် ညာလက်ကို မြှောက်လိုက်သည်။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်ပသွားပြီး ဟင်းလင်းပြင်ကို ဖြတ်၍ လက်ဝါးကို စုမင်၏ ဦးတည်ရာဆီသို့ တွန်းထုတ်လိုက်သည်။
နဂါးငွေ့တန်းကြီး တုန်ခါသွားသည်။ သက်လတ်ပိုင်း အမျိုးသားက လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည့် အခိုက်အတန့်တွင် စုမင်၏ ပတ်ပတ်လည်၌ မသဲကွဲသော ပုံရိပ်တစ်ရိပ် ပေါ်ပေါက်လာခဲ့သည်။ ထိုပုံရိပ်မှာ အလွန် သေးငယ်သော ပဉ္စမမြောက် မီးဖိုကြီး၏ ပုံရိပ်ဖြစ်သည်။ ထို့နောက် သက်လတ်ပိုင်း အမျိုးသား၏ လက်ဝါးသည် ၎င်းကို ဝင်တိုက်မိသွားတော့သည်။
ဝုန်းခနဲ အသံနှင့်အတူ ပဉ္စမမြောက် မီးဖိုကြီး၏ ပုံရိပ်မှာ တုန်ခါသွားသော်လည်း ကျိုးပျက်သွားခြင်း မရှိပေ။ စုမင်သည် အတွင်း၌ လုံးဝ အထိအခိုက်မရှိ ရှိနေသော်လည်း သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ သူ ခေါင်းမော့လိုက်သောအခါ မျက်နှာပေါ်တွင် နာကျင်မှုနှင့် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေသည်။
"ဒီက ကျင့်ကြံသူတွေက ခုနလေးတင် ငါ့ကို သတ်ချင်နေခဲ့ကြတာ။ အဲဒါကလည်း နားလည်မှုလွဲတာပဲ မဟုတ်လား။ မင်းရဲ့ အဲဒီ တိုက်ခိုက်မှုကလည်း မင်းပြောတဲ့ နားလည်မှုလွဲတာရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ရမယ်"
စုမင်က နှုတ်ခမ်းကို သပ်လိုက်သည်။ သူ၏ သွေးဆာမှုများမှာ ပိုမို ထင်ရှားလာပြီး ညာလက်ကို မြှောက်ကာ ရှေ့သို့ ရမ်းလိုက်သောအခါ ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ အထက်ရှိ နဂါးငွေ့တန်းထဲမှ ပဉ္စမမြောက် မီးဖိုကြီးထဲမှ ဧရာမ မီးပင်လယ်ကြီး တစ်စင်း ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့သည်။ အရောင်မှာ ချက်ချင်းဆိုသလိုပင် ခရမ်းရောင်ဖြစ်နေပြီး ဤသည်မှာ အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင်များပင်လျှင် သတိကြီးစွာဖြင့် ရင်ဆိုင်ရမည့် မီးတောက် ဖြစ်သည်။ အနည်းငယ်မျှ ပေါ့ဆမိသည်နှင့် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ အားလုံး ဖျက်ဆီးခံလိုက်ရမည် ဖြစ်သည်။
ခရမ်းရောင် မီးပင်လယ်ကြီးသည် ကျယ်လောင်သော မြည်ဟည်းသံများနှင့်အတူ အပြင်ဘက်သို့ လိမ့်ဆင်းလာခဲ့သည်။ ဤသည်မှာ ပဉ္စမမြောက် မီးဖိုကြီးမှ မီးတောက်များသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် ပြင်ပရှိ ဧရိယာတွင် ပထမဆုံးအကြိမ် လောင်ကျွမ်းခြင်း ဖြစ်သည်။ အတိတ်တုန်းက ထိုကပ်ဘေးကြီးသည် နေရာတွင်သာ ကန့်သတ်ထားခဲ့သည်။ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ နယ်နိမိတ်ပြင်ပတွင် ပေါ်ပေါက်လာခြင်းမှာ ယခုက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ဧရိယာအတွင်းရှိ သောင်းနှင့်ချီသော ကျင့်ကြံသူများ မည်မျှပင် မြန်ဆန်ပါစေ လိမ့်ဆင်းလာသည့် ပဉ္စမမြောက် မီးဖိုကြီးမှ မီးတောက်များကို သူတို့ ကျော်တက်ပြေးနိုင်စွမ်း မရှိကြပေ။ မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူ တစ်သောင်းနီးပါးမှာ မီးထဲတွင် နစ်မြုပ်သွားကြပြီး သူတို့ အော်ဟစ်ရန် အချိန်ပင် မရလိုက်မီ ပြာကျသွားကြတော့သည်။ သူတို့သည် လုံးဝ လောင်ကျွမ်းသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များအပြင် ဝိညာဉ်များပါ ဖျက်ဆီးခံလိုက်ရသည်။
နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်း ရှိသူများက ကပ်ဘေးကြီး တစ်ခုအဖြစ် သိရှိထားသော မီးတောက်များသည် ကျင့်ကြံသူ အားလုံးကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သည်။
သူတို့ထဲမှ တစ်သောင်းနီးပါး သေဆုံးသွားခဲ့သည်။ မီးပင်လယ်ကြီးထဲမှ ထူထပ်သော မီးတောက်များက ဟိန်းဟောက်နေစဉ် ဧရိယာအတွင်းရှိ တန်ခိုးရှင် ဆယ်ဦး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အသန်မာဆုံးသော ရှင်ခြင်း နယ်ပယ်မှ တန်ခိုးရှင်၏ မျက်လုံးများတွင် ပိုမို သိသာသည်။ သူက စုမင်ကို စိုက်ကြည့်နေပြီး နှလုံးသားထဲတွင် ပြင်းထန်သော နောင်တရမှု လှိုင်းတံပိုးကြီး တစ်လုံး ပေါ်ပေါက်လာခဲ့သည်။
"တာအိုခုန်း... အဲဒီလူတွေက မင်းအပေါ် ဘာရန်ငြိုးမှလည်း မရှိသလို ဘာအမုန်းတရားမှလည်း မရှိဘူးလေ... ဒါပေမဲ့ မင်းက..."
"ရန်ငြိုးမရှိ၊ အမုန်းတရားမရှိဘူး ဟုတ်လား။ ခွေးရူးတစ်ကောင်က ငါ့ကို ရန်မူလာရင် အဲဒီခွေးကို ငါ သေချာပေါက် ရိုက်သတ်မယ်။ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က ငါ့ကို အဆိပ်စွယ်တွေ ထုတ်ပြလာရင် အဲဒီမြွေကို ငါ ချေမွပစ်မယ်"
"လွန်ခဲ့တဲ့ အခိုက်အတန့်လေးတင်ကမှ ငါ့ကို သတ်ချင်နေခဲ့တဲ့ လူတွေကို သူတို့ သတ်ဖို့ ကျရှုံးသွားတဲ့အချိန်မှာ အထိအခိုက်မရှိ ပြန်လွှတ်ပေးလိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီနေ့... ဒီကမ္ဘာလောကကြီးကို ငါ ဖျက်ဆီးပစ်မယ်။ ဒီမြေပေါ်က လူအားလုံးကို... ငါ သတ်ပစ်မယ်"
စုမင်က လက်နှစ်ဖက်ကို မြှောက်ကာ လက်မောင်းများအား ရမ်းလိုက်သည်။ ပဉ္စမမြောက် မီးဖိုကြီး အပြည့်အဝ သက်ဆင်းလာသည်နှင့် နဂါးငွေ့တန်းကြီး ဟိန်းဟောက်သွားခဲ့သည်။ ဧရာမ ရတနာကြီးသည် စကြဝဠာကို လောင်ကျွမ်းနေသော မီးပင်လယ်ကြီးမှတစ်ဆင့် ရှေ့သို့ ပျံ့နှံ့သွားသည့် အသက်ရှူကျပ်စေသော စွမ်းအားကြီးမားသည့် ဖိအားကြီးအား သူနှင့်အတူ သယ်ဆောင်လာခဲ့သည်။ သက်ဆင်းလာသည့် အခိုက်အတန့်သည် ဤမြေပေါ်ရှိ လူအားလုံးအတွက် ကပ်ဘေး တစ်ခုနှင့် အိပ်မက်ဆိုးကြီး တစ်ခုကို သယ်ဆောင်လာခဲ့ခြင်းပင် ဖြစ်သည်။
"တာအိုခုန်း... နံနက်ခင်း တာအိုလောကက အစစ်အမှန် ယင်လောကနဲ့ တကယ် စစ်ခင်းချင်နေတာလား" သက်လတ်ပိုင်း အမျိုးသားက ဟိန်းဟောက်လိုက်ပြီး သူ့အသံထဲမှ ရှေးဟောင်းအငွေ့အသက်များသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
"စစ်ခင်းမလား ဟုတ်လား။ အဲဒါဆိုရင်လည်း... ငါတို့ စစ်ခင်းကြတာပေါ့"
သွေးရောင်ဆံနွယ်များနှင့် စုမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ညာလက်မောင်းကို ရမ်းလိုက်သည်နှင့် ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ မီးပင်လယ်ကြီး လိမ့်ဆင်းလာတော့သည်။
တန်ခိုးရှင်များ နောက်ဆုတ်သွားကြသည်။ သူတို့၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများမှာ သူတို့အပေါ်တွင် တွေ့မြင်ရခဲသော အရာများ ဖြစ်သည်။
ဂြိုဟ်များ ပြိုကျပျက်စီးကာ အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားကြသည်။ အခြေခံဂြိုဟ်များသည် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားနိုင်သော်လည်း ပဉ္စမမြောက် မီးဖိုကြီးနှင့် နှိုင်းယှဉ်ပါက ၎င်းတို့မှာ အလွန် ပျော့ညံ့လွန်းသဖြင့် တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ကြချေ။ ၎င်းတို့ အားလုံး ပေါက်ကွဲထွက်သွားကြသည်။
"ထိုက်အန်းယင်... မင်းတို့ နံနက်ခင်း တာအိုလောကက တန်ခိုးရှင်တွေအားလုံး ရောက်လာပြီး ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ကြပြီဆိုတော့ နံနက်ခင်း တာအိုလောကက ဒီကိစ္စအတွက် အကျိုးဆက်တွေကို ခံစားရလိမ့်မယ်" သက်လတ်ပိုင်း အမျိုးသားက ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာခဲ့သည်။
"ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို လာတားမယ်ဆိုရင် သူတို့ရဲ့ လောကကိုပါ ငါ ဖျက်ဆီးပစ်မယ်"
စုမင်က ညာခြေကို မြှောက်ကာ ရှေ့သို့ အလျင်အမြန် ခြေတစ်လှမ်း လှမ်းလိုက်သည်။ မီးပင်လယ်ကြီးထဲမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ မီးပင်လယ်ကြီး လိမ့်ဆင်းသွားစဉ် ပဉ္စမမြောက် မီးဖိုကြီးထံမှ အလင်းတန်းသည် ပေတစ်သိန်းအထိ ရောက်ရှိသွားခဲ့သည်။ စိတ်ကူးတစ်ချက်ဖြင့်ပင် စုမင်သည် ပဉ္စမမြောက် မီးဖိုကြီးအတွင်းရှိ သက်ရှိအားလုံးကို ဆင်းသက်လာစေရန် ပြုလုပ်နိုင်ပေသည်။
ဟင်းလင်းပြင်ထဲမှ သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာပြီးနောက် အသံတစ်သံက ရိုသေလေးစားမှု အငွေ့အသက်လေးနှင့်အတူ ပြောလိုက်သည်။ "အရှင်မင်းသား... အရှင့်ရဲ့ အမိန့်တွေကို ကျွန်တော်တို့ အထူး ဂရုတစိုက် လိုက်နာပါ့မယ်။ ကျွန်တော်တို့ ဘာလုပ်ရပ်ကိုမှ သေချာပေါက် လုပ်ဆောင်မှာ မဟုတ်ပါဘူး"
"အရှင်မင်းသား ဟုတ်လား။ မင်း... မင်းက နံနက်ခင်း တာအိုဂိုဏ်းက သာမန် အဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးပဲ" အစစ်အမှန် ယင်လောကမှ သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာအမူအရာမှာ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ သူသည် စုမင်ထံသို့ လှမ်းကြည့်လိုက်ပြီး သူ့နှလုံးသားမှာ ထပ်မံ၍ ထိတ်လန့်သွားခဲ့ရသည်။
"အရှင်မင်းသား တာအိုခုန်းက နံနက်ခင်း တာအိုဂိုဏ်းရဲ့ သာမန် အဖွဲ့ဝင်တစ်ယောက် မဟုတ်တာ သေချာတာပေါ့။ သူက နံနက်ခင်း တာအိုလောကက ငါတို့ရဲ့ ကပ်ကမ္ဘာ အရှင်သခင် ကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ ဆက်ခံသူ ဆယ်ဦးထဲက တစ်ဦးပဲ" အမျိုးသမီးတစ်ဦး၏ အေးစက်သော နှာခေါင်းရှုံ့သံတစ်သံသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ဤအသံကို စုမင် ရင်းနှီးနေသည်။ ဤသည်မှာ ရွှီဟွေ၏ အသံ ဖြစ်သည်။