အခန်း ၁၃၁၁
Vol. 115 Ch. 1311
အခန်း ၁၃၁၁
အများသုံးချန်နယ်ထဲတွင် လောင်စာဆီအသုံးပြုနေသည့် အသက်ရှင်ကျန်ရစ်သူ အများအပြားသည် အလင်းရောင်ကို မြင်တွေ့လိုက်ရပြီဖြစ်ပြီး အခြားအသက်ရှင်ကျန်ရစ်သူများလည်း စတင်ကာ ဂဏာမငြိမ်ဖြစ်လာခဲ့ကြသည်။
ထို့ကြောင့် ဈေးကွက်ခန်းမတွင် ရှောင်းယီ တင်ထားသည့် လောင်စာဆီအရောင်းအဝယ်များမှာ တစ်ကျော့ပြန်၍ ရေပန်းစားလာခဲ့သည်။
ယခုအခါ အလင်းရောင်ကို မြင်နေရပြီဖြစ်သဖြင့် လိုအပ်မည့် လောင်စာဆီပမာဏမှာ သိပ်မများလှပေ။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ အများစုသည် အရိပ်ထဲမှ ပျံသန်းထွက်မြောက်ရန် လောင်စာဆီဝယ်ယူဖို့ ရွေးချယ်ခဲ့ကြသည်။
မှန်ပါသည်။ အသက်ရှင်ကျန်ရစ်သူ အနည်းစုကတော့ ဘာမှမဖြစ်ပါဘူးဟု ထင်နေကြဆဲပင်။ ဤမျှကာလပတ်လုံး စောင့်ဆိုင်းခဲ့ပြီးမှတော့ နောက်ထပ်အနည်းငယ် ထပ်မံစောင့်ဆိုင်းနိုင်ကြသေးသည်။ ပျံသန်းထွက်ရုံသက်သက်အတွက် အဘယ်ကြောင့် အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကို ဖြုန်းတီးပြီး လောင်စာဆီကို ဝယ်ယူနေကြမည်နည်း။
ထိုလောင်စာဆီများကို ရိက္ခာသေတ္တာများ လုယူရန် အသုံးပြုခြင်းက ပို၍မကောင်းပေဘူးလော။
“သူဌေးကို လူလိမ်လို့ ပြောနေကြတဲ့သူတွေ ရှိသေးလား။”
“ဟုတ်တယ်။ အခုတော့ သူဌေးပြောခဲ့သမျှ အားလုံး အမှန်တွေဆိုတာ သက်သေပြလိုက်ပြီ။”
“စောစောက ပွတ်လောရိုက်နေတဲ့ ဟိတ်တာတွေ ဘယ်ပျောက်ကုန်ပြီလဲ။ ဘာလို့ ငြိမ်ကျသွားတာလဲ။”
“နောက်နောင်ကျရင် အားလုံးပဲ ယီရန်ပင်းဆိုတဲ့လူရဲ့ အမြင်တွေကို ပိုပြီး နားထောင်သင့်တယ်။”
“ဟုတ်တယ်။ ဒီလူက ပထမအဆင့်တုန်းကလည်း ဆရာကြီးတစ်ယောက် ဖြစ်ခဲ့မှာ သေချာတယ်။ သခင်ကြီးလူနဲ့ ညီအစ်ကိုကျူးတို့ ယီရန်ပင်းအကြောင်း ပြောခဲ့တာတွေကို အခုတော့ ငါ စပြီးယုံကြည်လာပြီ။”
“ငါ့အထင်တော့ ဒီယီရန်ပင်းက တော်တော်လေး လူမသိသူမသိ နေတတ်တာပဲ။ ဂရုထဲမှာလည်း စကားပြောခဲတယ်။”
“ဆရာကြီးတွေက အမြဲတမ်း ဒီလိုပဲ လူမသိသူမသိ နေတတ်ကြတယ်လေ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိတ်သွန်ဖာမှောက် ချမ်းသာနေတာက ပိုမကောင်းဘူးလား။”
ရှောင်းယီသည် အများသုံးချန်နယ်ထဲမှ ဆွေးနွေးမှုများကို ဂရုမစိုက်ဘဲ ကျူးဝူထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
“အဆင်ပြေရင် မင်းရဲ့ တည်နေရာကို မျှဝေပေးဦး။”
“သူဌေးက ဘာတွေပြောနေတာလဲ။ အဆင်ပြေတာပေါ့။ သူဌေးက သူ့တပည့်ကျော်ရဲ့ တည်နေရာကို သိထားဖို့ဆိုတာ သဘာဝကျတယ်မဟုတ်ဘူးလား။”
ရှောင်းယီက ခေါင်းခါကာ ရယ်မောလိုက်သည်။
“ဒါဆိုရင် အပိုတွေလျှောက်ပြောမနေနဲ့။ မြန်မြန် မျှဝေလိုက်တော့။”
ကျူးဝူက သူ၏တည်နေရာကို ချက်ချင်းမျှဝေပေးလိုက်သည်။ ရှောင်းယီသည် မျှဝေထားသောတည်နေရာကို ဖွင့်လှစ်ကာ ကြယ်ပြမြေပုံသို့ ပြောင်းလဲကြည့်ရှုလိုက်ရာ ကျူးဝူသည် မိမိထံမှ အလွန် မြန်ဆန်သောအရှိန်ဖြင့် ဝေးကွာသွားနေသည်ကို တွေ့ရှိလိုက်ရသည်။
ဤအသေးစား အာကာသယာဉ်၏ အမြင့်ဆုံးအရှိန်မှာ တစ်စက္ကန့်လျှင် ၁၀ ကီလိုမီတာသာ ရောက်ရှိနိုင်ပြီး ရှောင်းယီ၏ ကမ္ဘာဟောင်းအတိုင်းဆိုလျှင် ပထမနှင့် ဒုတိယ စကြဝဠာအရှိန်နှုန်းအကြားတွင် ရှိသည်။
ကျူးဝူကို ကိုယ်စားပြုသည့် လင်းလက်နေသောအစက်ကလေးကို ကြည့်ရင်း ရှောင်းယီက စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒီကြယ်တံခွန်က အခြားဂလက်ဆီတွေထဲအထိ တိုးဝင်သွားမလား မသိဘူး။”
အကယ်၍ အခြားဂလက်ဆီများသို့ ရောက်ရှိနိုင်ပါက ကျူးဝူသည် ထိုဂလက်ဆီများရှိ အသက်ရှင်ကျန်ရစ်သူများနှင့် ဆက်သွယ်နိုင်မည်လော။
ထိုသို့တွေးမိသည်နှင့် ရှောင်းယီ စိတ်လှုပ်ရှားလာပြီး ကျန်ယွင်ထျန်းနှင့် အခြားသူများကို တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်ချင်စိတ် ပေါ်လာခဲ့လေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ဤကြယ်တံခွန်သည် အခြားဂလက်ဆီများသို့ ရောက်ရှိနိုင်သည်ဆိုလျှင်ပင် လိုအပ်မည့်အချိန်မှာ တစ်ရက်နှစ်ရက်မျှသာ မဟုတ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ကြယ်အဖွဲ့အစည်းတစ်ခု၏ အချင်းကို အလင်းနှစ်ဖြင့် တိုင်းတာလေ့ရှိပြီး ၎င်းမှာ အလင်းပင်လျှင် တစ်နှစ်ကြာအောင် ဖြတ်သန်းမောင်းနှင်ရမည့် အကွာအဝေးဖြစ်သောကြောင့် ကြယ်တံခွန်တစ်ခုအနေဖြင့် နှစ်ပေါင်းရာချီ သေချာပေါက် ကြာမြင့်မည်ဖြစ်သည်။
“ငါ့ရဲ့ အာကာသယာဉ်ကို မြန်မြန်အဆင့်မြှင့်ဖို့ လိုနေသေးတာပဲ။ ငါကိုယ်တိုင် ကြယ်တာရာချင်းကူးသန်း သွားလာနိုင်တဲ့အခါကျမှပဲ ငါ့ရဲ့ အဖော်တွေကို လွတ်လွတ်လပ်လပ် လိုက်ရှာနိုင်လိမ့်မယ်။”
ရှောင်းယီက အားကိုးရာမဲ့စွာ တွေးလိုက်သည်။
သို့သော် ယခုအခါ ကယ်ဆယ်ရေးယာဉ်ငယ်ကို အသေးစားအာကာသယာဉ်အဖြစ် အဆင့်မြှင့်တင်ထားပြီးဖြစ်ရာ လောလောဆယ်တွင် ထို့ထက်ပိုမိုမြင့်မားသော အဆင့်မြှင့်တင်မှုကို ရရှိရန် ခက်ခဲလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
ဤအထီးကျန်ဆန်လှသော အာကာသဟင်းလင်းပြင်ထဲတွင် တစ်ရက်လျှင် ရိက္ခာသေတ္တာ နှစ်လုံးသာ ရရှိပြီး ရှာဖွေပြီး အနိုင်ကျင့်စရာ ဒေသခံတစ်ဦးမျှပင် မရှိချေ။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်စးတိုင်ကို အများသုံးချန်နယ်သို့ ပြန်ပြောင်းလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
“သေစမ်း... ဘာလို့ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီးက ငါ့ဆီ ဦးတည်ပြီး ရွေ့လာနေရတာလဲ။”
“ဘယ်လောက်တောင် ကြီးလို့လဲ။”
“ဖော်ပြလို့မရအောင် ကြီးတယ်။ ဂြိုဟ်တစ်လုံးလိုမျိုးတောင် ခံစားရတယ်။”
“အဲဒါ ကြယ်ကို လှည့်ပတ်နေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံး ဖြစ်နိုင်မလား။”
“ငါတို့ ဂြိုဟ်ကြီးတစ်လုံးကို ခုလေးတင် ရှောင်တိမ်းခဲ့ရတာ မဟုတ်ဘူးလား။ ဘာလို့ နောက်ထပ် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ထပ်လာနေရပြန်တာလဲ။”
“တိတိကျကျပြောရရင် ငါတို့ အဲဒါကို မရှောင်ရသေးဘူး။ ဘာလို့လဲဆိုတော့ ငါတို့က ဒီဂြိုဟ်ကြီးရဲ့ အရိပ်ထဲမှာ ရှိနေသေးလို့ပဲ။”
“အဲလိုဆိုရင် အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှားက ဒီဂြိုဟ်ကြီးကို ဝင်တိုက်မိမှာလား။”
“အဲဒါ သေချာပေါက် ဖြစ်နိုင်ချေရှိတယ်။”
“အားလုံးပဲ...ပထမဆုံး အဓိကအချက်ကိုပဲ အာရုံစိုက်ကြစမ်းပါ။ အဓိကအချက်က ဂြိုဟ်သိမ်ဂြိုဟ်မွှားက ဂြိုဟ်ကြီးကို ဝင်တိုက်မှာမဟုတ်ဘူး။ အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှားက ငါ့ကို ဝင်တိုက်တော့မှာကွ။”
“ဒါဆိုရင်လည်း မြန်မြန်ရွေ့လေ။ ဒီမှာ စကားပြောဖို့ အချိန်ရှိနေရင် မင်း အဲဒီဂြိုဟ်ရဲ့ တိုက်မိနိုင်တဲ့နေရာကနေ ထွက်သွားလို့ ရနေတာ ကြာလှပြီ။”
“ငါလည်း ရွေ့နေတာပဲ။ ဒါပေမဲ့ အချိန်မမီတော့ဘူးလို့ ခံစားနေရတယ်။”
“မင်းမှာ လက်နက်တွေ ဘာတွေ မရှိဘူးလား။ ပစ်ချလို့ရမလား ကြည့်လိုက်လေ။”
“လာနောက်နေတာလား။ လက်နက်ရှိရင်တောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားကြီးကို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး...။”
“ဒီဒီ...အာကာသယာဉ်ဆီသို့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ချဉ်းကပ်လာနေသည်ကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ချက်ချင်း ရှောင်တိမ်းပါ။”
အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာမှ ရုတ်တရက် သတိပေးသံ မြည်လာခဲ့သည်။
ရှောင်းယီသည် မောင်းသူထိုင်ခုံတွင် ချက်ချင်းထိုင်လိုက်ပြီး အာကာသယာဉ်ကို ဘေးသို့ရှောင်ရန် မောင်းနှင်လိုက်သည်။
“ဒုန်း”
ရှောင်းယီသည် ကျယ်လောင်သော အသံကြီးတစ်ခုကို ကြားလိုက်ရပြီးနောက် အာကာသယာဉ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
“ဒီဒီ...အာကာသယာဉ် ပျက်စီးမှုသွားသည်ကို တွေ့ရှိရပါသည်။ ပျက်စီးသွားသော အခန်းတွင်းပိုင်းများကို အလိုအလျောက် ပိတ်ဆို့လိုက်ပါပြီ။ ကျေးဇူးပြု၍ ချက်ချင်း ပြုပြင်ပါ။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးချက် ထွက်ပေါ်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ့တွင် မနေ့က ပိုနေသေးသည့် အုတ်မြစခယ်ကျောက်များနှင့် အနက်ရောင်ရွှေ အချို့ ရှိနေသေးသည်။
“ပျက်စီးသွားသောနေရာကို ပြုပြင်ရန် အုတ်မြစ်ကျောက် ၃၀၀၀၀ နှင့် အနက်ရောင်ရွှေ ၃၀၀၀၀ ကို အသုံးပြုပါမည်။ ပြုပြင်မလား။”
“ပြုပြင်မယ်။”
ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ ဤအရာက မနေ့က ပိုသမျှ အနက်ရောင်ရွှေ အားလုံးကို တိုက်ရိုက် ကုန်ဆုံးသွားစေခဲ့သည်။
ရှောင်းယီသည် အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာက သတိပေးလိုက်သည့် အခိုက်အတန့်ကတည်းက စတင်ရှောင်တိမ်းခဲ့သော်လည်း အရှိန်မလွတ်သေးဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။
အကြောင်းရင်းတစ်ခုမှာ ထောက်လှမ်းရေးကိရိယာ၏ ထောက်လှမ်းနိုင်စွမ်းအကွာအဝေးမှာ မဝေးလှခြင်းကြောင့်ဖြစ်ပြီး အခြားအကြောင်းရင်းတစ်ခုမှာ အသေးစားအာကာသယာဉ်၏ အရှိန်မှာ မမြန်ဆန်လှခြင်းကြောင့် ဖြစ်သည်။
သူ့အာကာသယာဉ်က အနည်းငယ် ပိုကြီးနေ၍လည်း ဖြစ်နိုင်ပါသည်။
ပြုပြင်မှုများ ပြီးစီးသွားပြီးနောက် ရှောင်းယီသည် အများသုံးချန်နယ်ကို ပြန်ကြည့်လိုက်သည်။
“စောစောက ဂြိုဟ်သိမ်ဂြိုဟ်မွှား မြင်လိုက်ရတယ်ဆိုတဲ့လူ ဘယ်ရောက်သွားပြီလဲ။ ငါ ဘာလို့ သူ့ကို @ ခေါ်လို့ မရတော့တာလဲ။”
“သူ ဂြိုဟ်သိမ်ဂြိုဟ်မွှားနဲ့ တိုက်မိပြီး သွားပြီ ထင်တယ်။ မသေခင်လေးတင် သူ့ရဲ့ အိုင်ဒီ ကို ပြောင်းသွားတာတော့ မဟုတ်လောက်ပါဘူး။”
“အခုထိ အသက်ရှင်ကျန်ရစ်သူ ဘယ်နှယောက်တောင် အသက်ပေးလိုက်ရပြီလဲ မသိဘူး။”
“ရေတွက်ဖို့ နည်းလမ်းမရှိဘူး။ လက်မည်းကြီးက ဒီဒုတိယအဆင့် စမ်းသပ်မှုထဲကို လူဘယ်နှယောက် ဝင်လာလဲဆိုတာ ငါတို့ကို ပေးမသိဘူးလေ။”
“ဟုတ်တယ်။ ငါ့အထင်တော့ လူတော်တော်များများ ပြုတ်သွားလောက်ပြီ။”
“မင်းတို့ သိရင်ကော ဘာထူးမှာလဲ။ လူတိုင်းကို ပိုပြီး ထိတ်လန့်စေတာကလွဲရင် ဘာမှ အသုံးမဝင်ဘူး။ အခုလိုမျိုး ဘယ်သူမှ မပြုတ်သွားသလိုပဲ အားလုံး နေနေကြတာ ပိုကောင်းပါတယ်။”
“မှန်တယ်။ တကယ်လို့ ကျန်တဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကို အချိန်နဲ့တပြေးညီ ပြနေရင် လူတိုင်း ပိုပြီး ရင်တုန်နေရလိမ့်မယ်။”
“ရင်တုန်စရာ ဘာရှိလဲ။ ကိုယ့်ရဲ့ အရည်အချင်းက ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ ကြည့်ရတာ ပိုကောင်းတာပေါ့။”
“အခုထိ အမျိုးသမီးတစ်ယောက်မှ စကားပြောတာ မတွေ့မိသေးဘူး။ ဒုတိယအဆင့်ထဲကို အမျိုးသမီးတွေ မဝင်လာကြတာလား။”
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပိုပြီး အားနည်းတယ်လေ။”
“ငါတို့ အမျိုးသမီးတွေက ဘာလို့ အားနည်းရမှာလဲ။ အမျိုးသမီးတွေက မိုးကောင်းကင်ရဲ့ တစ်ဝက်ကို ထမ်းပိုးထားနိုင်တယ်။ နင်တို့ ဂြိုဟ်မှာ အဲဒီစကားပုံ မရှိဘူးလား။”
“ဟုတ်တယ်။ ငါတို့က နံစော်နေတဲ့ ယောကျာ်းတွေနဲ့ စကားမပြောချင်ရုံတင်ပဲ။”
“နံစော်နေတဲ့ ယောကျာ်းဟုတ်လား။ မစင်နဲ့ ဆီး စွန့်ပစ်ပစ္စည်းသိမ်းဆည်းတဲ့စက်ကို သေတ္တာထဲကနေ ရထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေကလွဲရင် ကျန်တဲ့သူတွေထဲမှာ မနံတဲ့သူ တစ်ယောက်တောင် ရှိလို့လား။”
“ဟားဟားဟား အဲဒါတော့ ဟုတ်သားပဲ။ အားလုံးက အတူတူပဲမို့ တစ်ယောက်ကိုတစ်ယောက် အထင်မသေးကြေးလေ။”
“ဒါဆိုရင် ငါက နံစော်နေတဲ့ ယောကျာ်း မဟုတ်တော့ဘူးပေါ့ ဟုတ်လား။”
ကျူးဝူက အများသုံးချန်နယ်ထဲတွင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
မနေ့ကတင် သူသည် ရှောင်းယီ ပေးထားသည့် မစင်နှင့် ဆီး စွန့်ပစ်ပစ္စည်းသိမ်းဆည်းစက်ကို အသုံးပြုကာ ကြွားလုံးထုတ်ခဲ့သေးသည်။
“အစ်ကိုကျူး ရှင်ကတော့ သေချာပေါက် မနံဘူးပေါ့။ ရှင်မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတာပဲ။ ကျွန်မတောင် ရှင်နဲ့အတူ လာနေချင်မိတယ်။”
“အပေါ်က ပြောတဲ့သူက ယောကျာ်းကြီးပဲ ဖြစ်ရမယ်။ အစ်ကိုကျူးက နင့်ကို သေချာပေါက် စိတ်ဝင်စားမှာ မဟုတ်ဘူး။ ငါ့ကို ထည့်သွင်းစဉ်းစားတာက ပိုမကောင်းဘူးလား။ ငါက နဂါးကြယ်ရဲ့ အလှပဂေးလေးပါနော်။”