← Chapters

အခန်း ၁၃၁၆

Vol. 115 Ch. 1316

အခန်း ၁၃၁၆

Vol. 115 Ch. 1316

အခန်း ၁၃၁၆

“မင်းကော ယုံလား။”

လုမေယွီ၏ မေးခွန်းကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ပြန်မေးလိုက်သည်။

လုမေယွီ တုံ့ဆိုင်းသွား၏။ အကယ်၍ သူက ယုံသည်ဟု ပြောပါက ဤကိစ္စမှာ အတန်ငယ် အဓိပ္ပာယ်မရှိသလို ဖြစ်နေပြီး မယုံဘူးဟု ပြောပါကလည်း သူဌေး၏ သိက္ခာကို ထိခိုက်စေနိုင်ပေသည်။

“ဒီကိစ္စက ယုံနိုင်စရာမရှိအောင် ထူးဆန်းနေပေမဲ့ သူဌေးဆီမှာ ဖြစ်ပျက်လာတာဆိုတော့ အမှန်ပဲ ဖြစ်ရမယ်လို့ ကျွန်တော် ခံစားရတယ်။”

လုမေယွီက အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။

“မင်း ယုံရင် ရပြီ။”

ရှောင်းယီက အကျယ်တဝင့် ထပ်မံ၍ ရှင်းမပြတော့ပေ။

ရှောင်းယီက ရှင်းပြခြင်း မရှိလေလေ၊ လုမေယွီမှာ ဤအရာက အမှန်တရားဖြစ်သည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။

သူ အာကာသယာဉ် ထုတ်လုပ်မှုပုံစံကို ဘယ်ကနေ ရခဲ့တာလဲ။

ယခင်က သူ အနက်ရောင်ရွှေတွေကို အသည်းအသန် လိုက်ပြီးစုဆောင်းနေခဲ့တာက အာကာသယာဉ်တစ်စင်း တည်ဆောက်ဖို့အတွက်ပဲလား။

အာကာသယာဉ်တင်မကဘဲ စောစောက ကျူးဝူပြောသွားသည်သာ အမှန်ဆိုလျှင် ယီရန်ပင်း၏ အာကာသယာဉ်တွင် အလွန် အစွမ်းထက်သည့် လက်နက်များပါ ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော် လက်ရှိ အများသုံးချန်နယ်တွင် မြင်တွေ့ရသမျှ အကောင်းဆုံးလက်နက်မှာ ထိုလေကြောင်းလေယာဉ်ပစ် စက်အမြောက်သာ ဖြစ်သည်။ ထိုလက်နက်လေးနှင့် အာကာသယာဉ်တစ်စင်းကို ပျက်စီးအောင် လုပ်နိုင်သည်မှာ သေချာပါ၏လော။

လုမေယွီ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ အရိပ်ထိုးနေသော်လည်း အဖြေကိုမူ ရှာမတွေ့နိုင်ခဲ့ပေ။

လူအုပ်ကြီး၏ ပွက်လောရိုက် ဆွေးနွေးမှုများကြားတွင်ပင် အချိန်မှာ ညဘက်သို့ ရောက်ရှိလာခဲ့သည်။

ရှောင်းယီသည် စိုက်ပျိုးရေးအခန်းသို့ သွားရောက်ကြည့်ရှုလိုက်ရာ ပန်းသီးပင်များနှင့် ဆလတ်ပင်များမှာ ကြီးထွားနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

“ဒီကြီးထွားနှုန်းအတိုင်းဆိုရင် မနက်ဖြန်ကျရင် ဆလတ်ရွက် စားလို့ရပြီ။”

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်ပြီး ၎င်းတို့ကို ရေထပ်လောင်းပေးလိုက်သည်။

ဤအပင်များက အလွန် လျင်မြန်စွာ ကြီးထွားနေသဖြင့် သူတို့ကို ရေအလုံအလောက် သေချာပေါက် ပေးရမည်ဖြစ်သည်။

“ဒီဒီ...ပစ်မှတ် ရိက္ခာသေတ္တာကို ဖမ်းမိထားပါသည်...။”

အာကာသချိတ်ကြိုး၏ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီသည် ပစ္စည်းသိမ်းဆည်းသည့် အခန်းဆီသို့ မျောလွင့်သွားကာ ရိက္ခာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁၀၊ အနက်ရောင်ရွှေ ၆၊ ဟိုက်ဒရိုဂျင်-အောက်ဆီဂျင် လောင်စာဆီဘက်ထရီ ထုတ်လုပ်မှုပုံစံ ၁။”

ရှောင်းယီသည် ထိုဟိုက်ဒရိုဂျင်-အောက်ဆီဂျင် လောင်စာဆီဘက်ထရီ ထုတ်လုပ်မှုပုံစံကို ကြည့်လိုက်သည်။

“ဒီပစ္စည်းက ငါ့အတွက်တော့ နည်းနည်း ပိုနေသလိုပဲ။”

လက်ရှိတွင် အာကာသယာဉ်ပေါ်ရှိ SSS အဆင့် ဆိုလာပြားနှစ်ချပ်က ထုတ်လုပ်ပေးသည့် လျှပ်စစ်ဓာတ်အားမှာ ဤအသေးစားအာကာသယာဉ် အသုံးပြုရန်အတွက် လုံလောက်မှု ရှိနေပြီးသား ဖြစ်သည်။

အနည်းငယ် စဉ်းစားပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာကာ ဟိုက်ဒရိုဂျင်-အောက်ဆီဂျင် လောင်စာဆီဘက်ထရီ ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများကို အလျင်အမြန် စုဆောင်း၍ ထုတ်လုပ်လိုက်သည်။

ထုတ်လုပ်ပြီးနောက် ရှောင်းယီသည် ကျူးဝူထံသို့ အရောင်းအဝယ် တောင်းဆိုချက်တစ်ခု ပေးပို့လိုက်တော့သည်။

“ဟိုက်ဒရိုဂျင်-အောက်ဆီဂျင် လောင်စာဆီဘက်ထရီ ၁ - အခမဲ့လဲလှယ်ခြင်း။”

ကျူးဝူသည် ထိုအရောင်းအဝယ်ကို မြင်သောအခါ အနည်းငယ် ကြောင်အသွားပြီးနောက် ပြောလိုက်သည်။

“သူဌေး... ကျွန်တော် အခုလောလောဆယ် စက်ရုပ်လက်တံကို အသုံးမပြုရသလောက်ပဲမို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုက သိပ်မရှိပါဘူး။ သူဌေး ဒါကို ကျွန်တော့်ကို ပေးမနေပါနဲ့။ သူဌေးဘာသာပဲ သိမ်းထားလိုက်ပါ။”

“ငါ့ဆီမှာ ဒါထက်ပိုကောင်းတာတွေ ရှိတယ်။ ယူထားလိုက်ပါ။ မင်းရဲ့ ကယ်ဆယ်ရေးယာဉ်က ကြယ်တံခွန်ရဲ့ အမြီးပိုင်းမှာ အမြဲရှိနေတာပဲ။ အလင်းရောင်အချို့ ရှိတယ်ဆိုပေမဲ့ အရမ်းအားနည်းလွန်းတယ်။ ပြီးတော့ မင်းယာဉ်ပေါ်က ဆိုလာပြားတွေရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကလည်း သိပ်မမြင့်ဘူး။ ယူသာထားလိုက်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ငါ လိုအပ်လာတဲ့အခါကျမှ ပြန်ပေးပေါ့။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ကျူးဝူသည် အလွန်ဝမ်းနည်းဝမ်းသာဖြစ်သွားကာ မျက်ရည်များပင် ဝဲတက်လာမိသည်။

“ကောင်းပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။”

ရှောင်းယီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် လုံလောက်သော ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ကိုပါ သူ့ထံသို့ ပို့ပေးလိုက်သေးသည်။

ဤဟိုက်ဒရိုဂျင်-အောက်ဆီဂျင် လောင်စာဆီဘက်ထရီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဘက်ထရီအတွင်းပိုင်း၌ လောင်ကျွမ်းရန်အတွက် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ပံ့ပိုးပေးရုံသာ လိုအပ်သည်။

၎င်းသည် စွမ်းဆောင်ရည်မြင့်မားပြီး ညစ်ညမ်းမှုအလွန်နည်းပါးသော ဘက်ထရီတစ်မျိုး ဖြစ်သည်။

ကျူးဝူသည် ဟိုက်ဒရိုဂျင်-အောက်ဆီဂျင် လောင်စာဆီဘက်ထရီကို ရရှိပြီးနောက် ကယ်ဆယ်ရေးယာဉ်၏ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရှိနေစေရန် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ကို ချက်ချင်း ချိတ်ဆက်လိုက်သည်။

“ဒါလည်း ကောင်းတာပဲ။ သူဌေးအတွက် ငါ့ကို အချိန်နဲ့တပြေးညီ လျှပ်စစ်ဓာတ်အား လာလာပြီး ထောက်ပံ့ပေးနေရတဲ့ အလုပ်ကနေ သက်သာသွားတာပေါ့။”

ကျူးဝူ စိတ်ထဲမှ တွေးလိုက်မိသည်။

သူသည် ပစ္စည်းစုဆောင်းရေးစက် ပြန်လာသည့် အကြိမ်တိုင်းတွင် စက်ရုပ်လက်တံကို အသုံးပြုရန် လိုအပ်ဆဲဖြစ်သဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ အနည်းငယ်သာ လိုအပ်သည်ဆိုသော်လည်း လုံးဝမလိုသည်တော့ မဟုတ်ပေ။

ရှောင်းယီသည် ပစ္စည်းများကို ကျူးဝူထံ လွှဲပြောင်းပေးပြီးနောက် အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာကို တစ်ချက်လှမ်းကြည့်လိုက်ရာ ပတ်ဝန်းကျင်တွင် အန္တရာယ်မရှိကြောင်း တွေ့လိုက်ရသဖြင့်ဖြင့် သူ၏အာရုံကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ပြန်လည်ရွှေ့ပြောင်းလိုက်တော့သည်။

ယနေ့သည် ရှောင်းယီ အာကာသထဲသို့ ရောက်ရှိနေခဲ့သည်မှာ သတ္တမမြောက်နေ့ ဖြစ်ပြီး ဒုတိယအဆင့်၏ ပထမဆုံးရက်သတ္တပတ်၏ နောက်ဆုံးနေ့လည်း ဖြစ်သည်။

ယခင် အတွေ့အကြုံများအရ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် သတိပေးချက်အချို့ ပေးသင့်ပြီး ရှောင်းယီသည် အနားယူရန် အိပ်ဆောင်ခန်းသို့ တိုက်ရိုက်မပြန်ဘဲ မောင်းသူထိုင်ခုံတွင် ထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။

ဤအချိန်တွင် အများသုံးချန်နယ်သည်လည်း အလွန် အသက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။

“ဒီပထမပတ်က ကုန်တော့မယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါတို့ကို သတိပေးချက်အသစ်တွေ ပေးဦးမလားမသိဘူး။”

“ပထမအဆင့်တုန်းကတော့ အပတ်တိုင်း သတိပေးချက်တွေ ရှိခဲ့တာပဲ။ ဒီမှာလည်း ချွင်းချက်ရှိမှာ မဟုတ်ပါဘူး။”

“အဲ့လိုပဲ ဖြစ်ပါစေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါတို့ကို ရှင်းလင်းတဲ့ လမ်းစတစ်ခု ပြသပေးနိုင်ဖို့ မျှော်လင့်တာပဲ။”

လူတိုင်း၏ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီ စိတ်ထဲမှ အနေနိုင်ဘဲ တွေးလိုက်မိသည်။

“ငါတို့ရဲ့ ပထမအဆင့်တစ်ခုတည်းပဲ အပတ်တိုင်း သတိပေးချက် မရခဲ့တာများလား။”

အဘယ်ကြောင့်ဆိုသော် ရှောင်းယီသည် ပထမအဆင့်တွင် စည်းမျဉ်းများစွာကို ချိုးဖောက်ခဲ့သဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အပတ်တိုင်း သတိပေးချက် မပေးခဲ့ခြင်း ဖြစ်သည်။

ယခုကြည့်ရသည်မှာ အခြားအသက်ရှင်ကျန်ရစ်သူများသည် ပထမအဆင့်တွင် အပတ်တိုင်း သတိပေးချက်များ ရရှိခဲ့ကြပုံပေါ်သည်။

“သူဌေး... မအိပ်သေးဘူးမလား။”

ကျူးဝူက ရှောင်းယီထံ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့သည်။

“အင်း... အားလုံးက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်ကို စောင့်နေကြတာ မဟုတ်လား။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ ကျွန်းကျောက်စာတိုင်က ဒီကြယ်တံခွန်ပေါ်ကနေ ကိုယ့်ဘာသာ ဘယ်လိုထွက်ခွာရမလဲဆိုတဲ့ သတိပေးချက်မျိုး ပေးဖို့ မျှော်လင့်တာပဲ။ အခုလောလောဆယ် ထွက်ခွာဖို့မလိုသေးပေမဲ့ ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ချန်ထားတာ အကောင်းဆုံးပဲ။”

ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။

“ပထမအဆင့်တုန်းက မင်းတို့က အပတ်တိုင်း သတိပေးချက် ရခဲ့တာလား။”

“ဟုတ်တယ်။”

ကျူးဝူက ပြန်ဖြေပြီးနောက် မရေမရာဖြင့် ထပ်မေးလာခဲ့သည်။

“သူဌေးတို့ဆီမှာ သတိပေးချက်တွေ မရှိခဲ့ဘူးလား။”

“ရှိခဲ့ပါတယ်။ ဒါပေမဲ့ အပတ်တိုင်းတော့ မဟုတ်ဘူး။”

ရှောင်းယီက အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။

“ဘာ...ဒါဆို သူဌေးတို့တွေ နောက်တစ်ပတ်ရဲ့ စိန်ခေါ်မှုအသစ်တွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြလဲ။”

ကျူးဝူ ထိတ်လန့်တကြား မေးလိုက်သည်။

“အတွေ့အကြုံပေါ် မူတည်ပြီးတော့ပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ သူက ထိုသို့ပြောလိုက်သော်လည်း လက်တွေ့တွင်မူ စနစ်၏ သတိပေးချက်များကို ပိုမိုအားကိုးခဲ့ခြင်း ဖြစ်သည်။

အခြားသူများတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက်သာ ရှိသော်လည်း ရှောင်းယီတွင်မူ စနစ်၏ အပိုသတိပေးချက် ရှိနေသည်မဟုတ်ပါလော။

နောက်ကွယ်က ကြိုးကိုင်သူသည် ထိုအချက်ကို ရိပ်မိသွားခြင်းကြောင့်ပင် သတိပေးချက်များကို လျှော့ချလိုက်ခြင်း ဖြစ်နိုင်သည်။

ရှောင်းယီသည် ပထမအဆင့်၏ စမ်းသပ်မှုစည်းမျဉ်းများကို သူတစ်ယောက်တည်းဖြင့် အောင်မြင်စွာ ပြောင်းလဲပစ်ခဲ့သည်။

“သူဌေးကတော့ သူဌေးပါပဲ။ တကယ် အံ့သြဖို့ကောင်းတယ်။”

ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျွန်တော်ကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်တွေ ရှိနေနာတောင် ချောက်ထဲကို အကြိမ်ကြိမ် သက်ဆင်းခဲ့ရတယ်။ သူဌေးက အတွေ့အကြုံသက်သက်နဲ့တင် ပထမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတော့ တကယ့်ကို လေးစားဖို့ကောင်းတာပဲ။”

“အဲလောက်ကြီးလည်း အချဲ့ကားမပြောပါနဲ့။ အချိန်အတော်များများမှာတော့ သတိပေးချက်တွေ ရှိခဲ့ပါတယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

အားလုံး စကားစမြည်ပြောဆိုနေကြစဉ် အချိန်မှာ ညသန်းခေါင်ကျော်သို့ တဖြည်းဖြည်း ကူးပြောင်းသွားခဲ့သည်။

လူတိုင်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စူးစူးစိုက်စိုက် ကြည့်နေကြသော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။

တစ်မိနစ်ခန့် ကြာသွားပြီးနောက်မှသာ အများသုံးချန်နယ်၌ ဆွေးနွေးသံများဖြင့် စတင်ဆူညံလာတော့သည်။

“ဒါက ဘာသဘောလဲ။ သတိပေးချက် မရှိဘူးလား။”

“မဖြစ်နိုင်တာ။ ငါတို့ ကြိုတင်ပြင်ဆင်နိုင်အောင် နောက်တစ်ပတ်ရဲ့ စိန်ခေါ်မှုအသစ်က ဘာလဲဆိုတာ ပြောပြရမှာလေ။”

“တိုက်ရိုက်မပြောရင်တောင် အရိပ်အမြွက်လောက်တော့ ပေးသင့်တာပေါ့။ မဟုတ်ရင် ငါတို့ ဘယ်လိုပြင်ဆင်ရမှာလဲ။”

“ချီးပဲ...ဒုတိယအဆင့်က လုံးဝကို အကန့်အသတ်မရှိတဲ့ ကစားကွက်ကြီးလား။ ဘာသတိပေးချက်မှ လုံးဝမပေးတော့ဘူးပေါ့။”

“သောက်ကျိုးနည်းကွာ... ညသန်းခေါင်ကြီးအထိ အလကား ထိုင်စောင့်နေရတာပဲ။ သွားအိပ်တော့မယ်... မနက်ဖြန် ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာသာဖြစ်တော့။”

“ဟားဟားဟား သတိပေးချက်မရှိတာနဲ့တင် မင်းတို့က ပျာယာခတ်နေကြပြီလား။ မင်းတို့ ယုံမှာမဟုတ်တဲ့ နောက်ထပ်အကြောင်းအရာတစ်ခု ပြောပြဦးမယ်။ သူဌေးယီရန်ပင်းက ပထမအဆင့်တုန်းက သတိပေးချက်မရှိတဲ့ အပတ်စဉ်ပိတ်ရက်တွေကို အများကြီး ကြုံတွေ့ခဲ့ရတယ်ကွ။ လန်းတယ်မဟုတ်လား။ ကဲ... သွားအိပ်ပြီနော်။”

“သတိပေးချက်မရှိတဲ့ အပတ်စဉ်ပိတ်ရက်တွေ ဟုတ်လား။ ချီးပဲ...ဘယ်သူ့ကို လာနောက်နေတာလဲ။”

“အတိအကျပဲ။ သတိပေးချက်မရှိရင် သူ နှစ်ပတ်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။”

“အားလုံးပဲ... သူ့ကို ဂရုမစိုက်ကြနဲ့။ သူက ယီရန်ပင်းရဲ့ လော်လီသမား သက်သက်ပဲ။”

မည်သည့်သတိပေးချက်မျှ မရှိသည်ကို မြင်သောအခါ ရှောင်းယီသည် အနားယူရန် အိပ်ဆောင်ခန်းရှိ အိပ်စက်ခြင်းအိတ်ထဲသို့ စောစောစီးစီးပင် ဝင်ရောက်လိုက်သည်။

ထိုအချိန် အတိအကျမှာပင်... ကျွန်းကျောက်စာတိုင်၏ အဆက်အသွယ်စာရင်းတွင် ကျူးဝူ၏ နာမည်မှာ ရုတ်တရက် မှိန်ဖျော့သွားခဲ့တော့သည်။

All Chapters