အခန်း ၁၃၁၇
Vol. 115 Ch. 1317
အခန်း ၁၃၁၇
ညသန်းခေါင်ယံအချိန်တွင် ရှောင်းယီသည် အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာ၏ အချက်ပေးသံကြောင့် အမှန်တကယ်ပင် ထပ်မံနိုးလာခဲ့ရသည်။ သူ ထလိုက်ပြီး ပြေးဝင်လာသော ဥက္ကာခဲတစ်ခုကို ရှောင်ကွင်းရန် အာကာသယာဉ်ကို မောင်းနှင်လိုက်လိုက်ပြီး ထို့နောက်မှ အိပ်စက်ခြင်းအိတ်ထဲသို့ ပြန်လည်ဝင်ရောက်ကာ အိပ်စက်လိုက်တော့သည်။
သူသည် နောက်တစ်နေ့မနက် ခြောက်နာရီအထိ အိပ်ပျော်သွားခဲ့သည်။ ရှောင်းယီ အိပ်ရာမှထပြီးနောက် သူ၏ တစ်ကိုယ်ရေသန့်ရှင်းရေးကို အနည်းငယ် ပြုလုပ်လိုက်သည်။
သေချာတာပေါ့...။ သူသည် ပလုပ်ကျင်းခြင်းနှင့် မျက်နှာသစ်ခြင်းကိုသာ ပြုလုပ်နိုင်ပြီး အခြားအရာများကိုမူ ဘာမှမလုပ်နိုင်ချေ။
တစ်ကိုယ်ရေသန့်ရှင်းရေး ပြီးစီးသွားသောအခါ ရှောင်းယီသည် သိုလှောင်ရုံထဲမှ မနက်စာကို ချက်ချင်းထုတ်ယူကာ မောင်းနှင်သူခန်းသို့ ထွက်လာခဲ့လိုက်သည်။
မနက်စာ စားသောက်နေစဉ်အတွင်း သူသည် သတင်းအချက်အလက်အသစ်များ ရှိ၊ မရှိ သိနိုင်ရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စစ်ဆေးကြည့်လိုက်၏။
အများသုံးချန်နယ်တွင်မူ လူအများ ဥက္ကာခဲများနှင့် အတိုက်ခံရသည့်အကြောင်းနှင့် ရိက္ခာအမျိုးမျိုး တောင်းခံနေကြသည့်အကြောင်းကိုသာ ပြောဆိုနေကြဆဲဖြစ်ပြီး မည်သည့်သတင်းအချက်အလက်အသစ်မျှ ထွက်ပေါ်မလာသေးပေ။
ခေတ္တမျှ ကြည့်ရှုပြီးနောက် ရှောင်းယီသည် ကျူးဝူကို ကြယ်တံခွန်ပေါ်မှ အရင်းအမြစ်များကို ဆက်လက်စုဆောင်းနိုင်စေရန် သူ၏ ပစ္စည်းစုဆောင်းရေးကိရိယာ လေးခုကို ငှားရမ်းပေးရန် ရည်ရွယ်ချက်ဖြင့် သီးသန့်ချတ်ချန်နယ်သို့ ပြောင်းလဲလိုက်သည်။
အဆက်အသွယ်စာရင်းကို ကြည့်လိုက်သောအခါ ကျူးဝူ၏ နာမည်မှာ မီးခိုးရောင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယီ၏ မျက်လုံး ပြူးသွားခဲ့ရ၏။
“ဒါက ဘာအခြေအနေလဲ။ မနေ့ညကတင် ငါတို့ စကားပြောနေကြသေးတာ မဟုတ်ဘူးလား။”
ရှောင်းယီ မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“သူ ဘာအန္တရာယ်နဲ့ ကြုံတွေ့သွားတာလဲ။”
သို့သော် ရှောင်းယီသည် အလျင်အမြန်ပင် စိတ်အေးအေးထားလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
“နာမည်က အဆက်အသွယ်စာရင်းထဲမှာ ရှိနေသေးတယ်ဆိုတော့ သူ သေချာပေါက် ထွက်သွားရတာတော့ မဟုတ်ဘူး။”
အကယ်၍ သူသာ ထွက်သွားရပါက သူ၏နာမည်သည် တိုက်ရိုက် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး ယခုကဲ့သို့ အဆက်အသွယ်စာရင်းထဲတွင် ရှိနေမည်မဟုတ်ပေ။
“သူ ထွက်သွားရတာမဟုတ်ဘူးဆိုရင်တော့ သူ အခြားဂလက်ဆီတစ်ခုကို ရောက်သွားတာ သေချာပြီ။”
ရှောင်းယီ အသေအချာ သုံးသပ်ကြည့်လိုက်သည်။ ဤသို့ ကောက်ချက်ချမိပြီးနောက် ရှောင်းယီ အတန်ငယ် နောင်တရမိသွားခဲ့သည်။
“သူ အခြားဂလက်ဆီကို ရောက်သွားနိုင်တယ်ဆိုတာသာ ကြိုသိခဲ့ရင် ငါ့အတွက် ကျန်းယွင်ထျန်း၊ ဆုဝမ်နဲ့ တခြားသူတွေကို လိုက်ရှာပေးဖို့ သူ့ကို ပိုပြီး မှာတမ်းခြွေလိုက်ရမှာပဲ။”
“ကံကောင်းလို့ မနေ့က ငါ သူ့ကို အစားအစာနဲ့ အရင်းအမြစ်တွေ အလုံအလောက် အရောင်းအဝယ် လုပ်ပေးထားမိလို့ တော်သေးတာပေါ့။ မဟုတ်ရင် သူ တကယ်ပဲ ဒုက္ခရောက်တော့မှာ။”
ရှောင်းယီသည် ၎င်းမှာ ကံကောင်းသည်ဟု တွေးလိုက်မိသည်။
သို့သော်ငြားလည်း မည်သို့ပင်ဖြစ်စေ ရှောင်းယီသည် ကျူးဝူတစ်ယောက် အခြားဂလက်ဆီသို့ ယခုကဲ့သို့ လျင်မြန်စွာ ရောက်ရှိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
ကြယ်တံခွန်တစ်ခုသည် ကြယ်တစ်စင်းကို လှည့်ပတ်ရန်အတွက် ပုံမှန်အားဖြင့် နှစ်ပေါင်းရာနှင့်ချီ၍ ကြာမြင့်တတ်သည်ကို သိထားရမည်ဖြစ်ရာ ၎င်းသည် ဤမျှလောက် မြန်မြန်ဆန်ဆန် ထွက်ခွာသွားရန် မဖြစ်နိုင်ချေ။
“ဒီအာကာသစမ်းသပ်ကွင်းကို သာမန်အသိစိတ်နဲ့ လုံးဝ တိုင်းတာလို့ မရဘူးပုံပဲ။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။
“ကျူးဝူတစ်ယောက် လျင်လျင်မြန်မြန် လှည့်ပတ်ပြီး ပြန်မရောက်မချင်း အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ထိန်းထားနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ “
ရှောင်းယီ ဆုတောင်းနေသည့် အချိန်၌ပင် အိပ်ရာမှ နိုးလာခါစ ဖြစ်သော ကျူးဝူသည်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ရှောင်းယီ၏ နာမည်မှာ လုံးဝ မီးခိုးရောင်ဖြစ်နေပြီး စကားပြော၍မရသော အခြေအနေသို့ ရောက်ရှိနေသည်ကို မြင်သောအခါ ကြောင်အသွားတော့သည်။
“ငါ မနိုးသေးတာလား။”
ကျူးဝူက ခပ်တိုးတိုးရေရွတ်ရင်း သူ၏မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်ကာ ထပ်မံကြည့်ရှုလိုက်သည်။
မီးခိုးရောင် ဖြစ်နေတုန်းပင်။
“ဘာတွေဖြစ်နေတာလဲ။ ငါ အိပ်ပျော်နေတုန်း ကမ္ဘာကြီးတစ်ခုလေား ပြောင်းလဲသွားတာလား။”
ကျူးဝူသည် ရှောင်းယီ အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်ဟူသောအချက်ကို လုံးဝ ထည့်ပင်မစဉ်းစားခဲ့ချေ။
အကယ်၍ ရှောင်းယီကဲ့သို့ အစွမ်းထက်သောသူပင် ကျော်လွှားရခက်ခဲသည့် အန္တရာယ်နှင့် ကြုံတွေ့ရသည်ဆိုပါက ဤဒုတိယအဆင့် စမ်းသပ်မှုကို မည်သူမျှ ဖြတ်ကျော်နိုင်ကြတော့မည် မဟုတ်ပေ။
ဤငတုံး ကျူးဝူသည် မိမိကိုယ်ကိုယ်ပင် ပြန်လည်ဆိတ်ဆွဲကြည့်လိုက်သေးသည်။
အား...။ နာတယ်ဟ။ အိပ်မက်မဟုတ်ဘူး။ အစစ်အမှန်ပဲ။
“ဒါပေမဲ့ သူဌေးရဲ့ နာမည်က ဘာလို့ မီးခိုးရောင် ဖြစ်သွားရတာလဲ။”
ကျူးဝူ စဉ်းစား၍ မရသဖြင့် အများသုံးချန်နယ်သို့ ပြောင်းလဲကာ မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။
“@ယီရန်ပင်း သူဌေး... ကျွန်တော့်ကို ဘလက်လစ် သွင်းလိုက်တာလား။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ချက်ချင်းပင် အချက်ပေးချက်တစ်ခု ပို့လာထဲ့သည်။
“သင် ဖော်ပြထားသော အသက်ရှင်ကျန်ရစ်သူဟာ လက်ရှိ ဂလက်ဆီထဲတွင် ရှိမနေပါ။”
ထိုအချက်ပေးချက်ကို မြင်လိုက်ရသောအခါ ကျူးဝူ ကြောင်အသွားတော့သည်။
“လက်ရှိဂလက်ဆီထဲမှာ ရှိမနေဘူးဆိုတာ ဘာသဘောလဲ။ ငါက ကြယ်တံခွန်နောက်ကို လိုက်ရင်းနဲ့ အရင်ဂလက်ဆီထဲကနေ ထွက်လာခဲ့မိတာလား။”
ကျူးဝူ၏ မျက်လုံးများ ပြူးသွားခဲ့ရသည်။
အများသုံးချန်နယ်ကို ကြည့်လိုက်ရာ ယခင်က အမြဲတမ်းလိုလို တွေ့ရတတ်သည့် လော်လီပတ်တီးသမား အချို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သဖြင့် ကျူးဝူ သူတို့ကိုပင် အနည်းငယ် လွမ်းဆွတ်မိသွားတော့သည်။
ထိုစိမ်းသက်နေသော လူစိမ်းများ စကားပြောနေကြသည်ကို ကြည့်ရင်း ကျူးဝူသည် အားကိုးရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။
“ငါ နောက်ဆုံးတော့ အားကိုးရမယ့် ဆရာကြီးရဲ့ ခြေထောက်ကို ဖက်ထားနိုင်ခဲ့ကာမှ အခုတော့ ပျောက်သွားပြန်ပြီပေါ့။ ဒါမှမဟုတ် ငါ့ဘာသာငါ ထွက်ပြေးလာခဲ့မိတာလား... ယုံတောင်မယုံနိုင်စရာပဲ။”
ခေတ္တမျှ ညည်းတွားပြီးနောက် ကျူးဝူသည် လက်ရှိအခြေအနေကို ချက်ချင်းပင် လက်ခံလိုက်တော့သည်။
“ငါ အဲဒီဂလက်ဆီကနေ ဒီကို ပျံသန်းလာနိုင်ခဲ့တာပဲ။ ပြန်ပြီးတော့လည်း ပျံသန်းသွားနိုင်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကြယ်တံခွန်အတော်များများက စက်ဝိုင်းပုံစံ အလှည့်ကျ ရွေ့လျားနေကြတာပဲ။ ငါ့မှာ သူဌေးရဲ့ ဘေးနားကို ပြန်ရောက်ဖို့ အခွင့်အရေး သေချာပေါက် ရှိပါသေးတယ်။”
“သူဌေးရဲ့ ဘေးနားကို မပြန်ခင်မှာ ငါ ကြိုးစားပမ်းစား အလုပ်လုပ်ရမယ်။ အနည်းဆုံးတော့ ဒီကယ်ဆယ်ရေးယာဉ်ကို ရေတွေ၊ အနက်ရောင်ရွှေတွေနဲ့ အပြည့် ဖြည့်ထားရမယ်။”
ထိုသို့ ဆုံးဖြတ်ပြီးနောက် ကျူးဝူသည် ပစ္စည်းစုဆောင်းရေး ကိရိယာများကို ချက်ချင်း လွှတ်တင်လိုက်ပြီး သူ၏ အောက်ဆီဂျင်၊ အစားအစာနှင့် ရေတို့ကို စတင်တွက်ချက် စီမံတော့သည်။
ယခုအချိန်တွင် သူဌေးနှင့် ဂလက်ဆီတစ်ခုတည်း၌ မည်သည့်အချိန်တွင် ပြန်လည်ဆုံတွေ့နိုင်မည်ကို မသေချာသဖြင့် သူ တတ်နိုင်သမျှ ချွေတာရမည်ဖြစ်သည်။ မဟုတ်ပါက နောက်ဆုံးတွင် အစာငတ်ပြီး သေသွားလျှင် အရှက်ကွဲစရာ ဖြစ်လိမ့်မည်။
အစားအစာ အနည်းငယ်ကို စားသုံးပြီးနောက် ကျူးဝူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံ ချက်ချင်းပြန်လာကာ လူပျောက်ရှာသည့် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။
“ပထမအဆင့်တုန်းက ကျူးမဟာမိတ်အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေ ဒီထဲမှာ ရှိကြလားဗျို့။”
“အပေါ်ကလူက အရူးလား။ တစ်ပတ်တောင် ရှိသွားပြီလေ။ ပထမအဆင့်က မဟာမိတ်တွေကို အခုမှ သတိရပြီး လာရှာနေတယ်လား။”
“အတိအကျကို သူက အရူးတစ်ယောက်ပဲ...။ အကဲဖြတ်လို့ ပြီးသွားပြီ။”
ကျူးဝူ ထိုအရာကို သည်းမခံနိုင်ဘဲ ချက်ချင်း ပြန်လည်ဆဲဆိုတော့သည်။
“မင်းတို့ကမှ အရူးတွေ၊ မင်းတို့တစ်မိသားစုလုံး အရူးတွေကွ။ ငါ ဒီနေ့မှ ဒီဂလက်ဆီကို ရောက်တာ။ ဘာလို့ ငါ့မဟာမိတ်တွေကို လာရှာလို့ မရရမှာလဲ။”
“ချီးပဲ၊ ငါ့လို လော်လီဆရာကြီးကို တောင် လာပြီး ပြဿနာရှာရဲတဲ့ကောင် ရှိသေးတယ်ဟ။ မင်း အာယားနေတာလား။ မင်းက ဒီနေ့မှ ဒီဂလက်ဆီကို ရောက်တာ ဟုတ်လား။ လူတိုင်းက အခုထိ ကယ်ဆယ်ရေးယာဉ်တွေထဲမှာပဲ ရှိနေသေးတယ်။ မင်းက အာကာသယာဉ်ကြီးစီးပြီး ဂလက်ဆီတွေကို ဖြတ်ကျော်ပျံသန်းလာတာလား။”
“ဟီးဟီး... ဒါက သိသာထင်ရှားတဲ့ ကြွားလုံးကြီးပဲ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ လိမ်မယ်ဆိုရင်လည်း လူတွေ ယုံနိုင်လောက်မယ့်အရာကို ရှာပြီးလိမ်စမ်းပါကွာ။”
“ငါက အာကာသယာဉ်နဲ့ လာတယ်လို့ ဘယ်ကောင် ပြောလို့လဲ။ ငါ့သူဌေးမှာ အာကာသယာဉ် ရှိတာမှန်ပေမဲ့ သူက ဒီဂလက်ဆီကို လာမှာမဟုတ်ဘူးကွ။”
ကျူးဝူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည်ချေပလိုက်သည်။
“ငါက ကြယ်တံခွန်နောက်ကို လိုက်ပြီး ပျံသန်းလာတာကွ။”
“ဟားဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်။ မင်းရဲ့သူဌေးမှာ အာကာသယာဉ် ရှိတယ် ဟုတ်လား။”
“အတိအကျပဲ။ အခုချိန်မှာ ကုဗမီတာ တစ်ရာရှိတဲ့ ကယ်ဆယ်ရေးယာဉ်လေး ရှိရင်တောင် တော်တော်ဟုတ်နေပြီ။ မင်းက အာကာသယာဉ်အကြောင်း ပြောနေတယ်ဟုတ်လား။ မင်းက တကယ်ပဲ ခေါင်းထဲမရှိဘဲ ကြွားနေတာပဲ။”
“ပိုပြီး ရယ်ရတာက သူက ကြယ်တံခွန်နောက် လိုက်လာတာတဲ့။ ဘောပဲ...ဆွဲငင်အားမရှိတဲ့ ဟင်းလင်းပြင်မို့ တံမြက်စည်းစီးပြီး ပျံလာတယ်ဆိုရင်တောင် ငါ ယုံဦးမယ်။ ဒါပေမဲ့ ကြယ်တံခွန်ကို စီးလာတယ်ဆိုတာကတော့ တကယ်ကို ရယ်စရာကောင်းလွန်းတယ်။”
“မင်းက တကယ် အစွမ်းထက်တာပဲ။ အဲဒါကို မင်းအမေရော သိရဲ့လား။”
သို့သော် ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးက မက်ဆေ့ခ်ျ ပို့လာခဲ့သည်။
“မဟာမိတ်ခေါင်းဆောင် အဲဒါ မင်းလား။ ငါ အားကုန်းပါ။”
အားကုန်း ဆိုသည့် အိုင်ဒီကို မြင်လိုက်ရသောအခါ ကျူးဝူ၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။
“မိုက်တယ် အားကုန်း... ငါ့ကို ဖရန့် အပ်လိုက်ဦး။ ငါတို့ သီးသန့်ချစကားပြောကြရအောင်။”
“ဟုတ်ကဲ့ မဟာမိတ်ခေါင်းဆောင်။”
အားကုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဒီဒီ... အားကုန်းက သင့်ကို သူငယ်ချင်းအပ်ရန် တောင်းဆိုထားပါသည်။ သဘောတူပါသလား။”
ကျူးဝူ ချက်ချင်း သဘောတူလိုက်ပြီးနောက် သီးသန့်မက်ဆေ့ခ်ျ ပို့လိုက်သည်။
“ဒီဂလက်ဆီကို ရောက်လာပြီးမှ မင်းနဲ့ လာဆုံလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို ကောင်းတာပဲ။”
“မဟာမိတ်ခေါင်းဆောင်... မင်း တကယ်ပဲ ကြယ်တံခွန်ကို စီးပြီး ရောက်လာတာတော့ မဟုတ်ပါဘူးနော်။”
အားကုန်းလည်း ယုံကြည်ရန် အနည်းငယ် ခက်ခဲနေပုံရသည်။
ကျူးဝူက ချက်ချင်း ပြန်ပြောလိုက်သည်။
“ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။”
“ဒါလည်း ဟုတ်သားပဲ။”
အားကုန်းက ခေါင်းညိတ်လိုက်သည်။
“ငါက အဲဒီကြယ်တံခွန်နဲ့ အရမ်းနီးကပ်သွားလို့ သူ့ရဲ့ ဆွဲငင်အားရဲ့ ဆွဲခေါ်မှုကို ခံလိုက်ရပြီး အတူတူ ပျံသန်းပြီး ပါလာခဲ့တာပဲ။”
ကျူးဝူက ရှင်းပြလိုက်သည်။
“ဪ... ဒီလိုကိုး။ ဒါဆိုရင်လည်း တော်တော်လေး ကောင်းတာပဲ မဟုတ်ဘူးလား။ ဂလက်ဆီအမြောက်အမြားကို ခရီးသွားဖို့ အလကားလက်မှတ် ရတာပေါ့။”
အာကုန်းက ပြုံးကာ ပြောလိုက်သည်။
“လစ်လိုက်စမ်း။ ငါ ကြယ်တံခွန်နဲ့ ကပ်ပါလာတာ ငါးရက်ရှိပြီ။ ရိက္ခာသေတ္တာ တစ်ခုတောင် မကောက်ရသေးဘူး။”
ကျူးဝူက ပြန်လည်ဆဲဆိုလိုက်တော့သည်။
“ပေါင်မုန့် ၅၀၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”
တစ်ဖက်လူက အရောင်းအဝယ် တောင်းဆိုချက်တစ်ခုကို တိုက်ရိုက် ပို့လာခဲ့လေသည်။