အခန်း ၁၃၁၉
Vol. 115 Ch. 1319
အခန်း ၁၃၁၉
“ညီအစ်ကိုကျူး... မင်းက တကယ်ပဲ တခြားဂလက်ဆီက လာတာဆိုတော့ မင်းတို့ဂလက်ဆီမှာလည်း အခုလောလောဆယ် အရင်းအမြစ်တွေ ပြတ်လပ်နေသလားဆိုတာ ပြောပြပေးနိုင်မလား။”
တစ်စုံတစ်ဦးက မေးမြန်းရင်း အရောင်းအဝယ်တစ်ခုကို စတင်လိုက်သည်။
“အနက်ရောင်ရွှေ ၂ - အခမဲ့လဲလှယ်ခြင်း။
သတ်မှတ်ထားသော ကုန်သည် - ကချေသည်ဝက်။
မှတ်ချက် - အရင်းအမြစ် သိပ်မများလို့ ခွင့်လွှတ်ပါ ဆရာကြီး။”
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သတင်းအချက်အလက်ရဖို့အတွက် အရင်းအမြစ်များဖြင့် လာလဲသည်ကို မြင်လိုက်ရသဖြင့် ကျူးဝူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် ထိုအရောင်းအဝယ်ကို ချက်ချင်း သဘောတူလိုက်ပြီး ပြောလိုက်သည်။
“မဆိုးပါဘူး။ အရင်းအမြစ်က သိပ်မများပေမဲ့ ဒါက စိတ်နေသဘောထားကို ပြသတာပဲ။ အဲဒီစိတ်နေသဘောထားမျိုးကိုပဲ ငါ လိုချင်တာ။”
ထိုသို့ပြောပြီး ကျူးဝူ ခေတ္တမျှ ရပ်တန့်လိုက်ကာ ဆက်ပြောလိုက်သည်။
“ငါတို့ဂလက်ဆီမှာတော့ လောလောဆယ် အရင်းအမြစ် ပြတ်လပ်တာမျိုး မရှိဘူး။ ဒါပေမဲ့ အဲဒါတွေကို ရဖို့အတွက် တခြားအရင်းအမြစ်တွေဖြစ်တဲ့ အနက်ရောင်ရွှေတို့၊ အုတ်မြစ်ကျောက်တို့နဲ့တော့ ပြန်လဲရတာပေါ့။”
“အရင်းအမြစ် မပြတ်လပ်ဘူး ဟုတ်လား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“အတိအကျပဲ။ ဥပမာအားဖြင့် အောက်ဆီဂျင်ပဲ။ အဲဒါက လူတိုင်းက သုံးစွဲနေကြတာ။ ပြီးတော့ ဘယ်သူမှလည်း အထွက်နှုန်း အထူးမြင့်မားတဲ့ စက်ယန္တရားမျိုး မရကြသေးဘူး။ အောက်ဆီဂျင် ပြတ်လပ်တာက မလွဲဧကန်ပဲ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ လျှပ်စစ်ဓာတ်အားလည်း အတူတူပဲ။ ကယ်ဆယ်ရေးယာဉ်ပေါ်က အဆင့်နိမ့် ဆိုလာပြားလေးတစ်ခုတည်းကိုပဲ အားကိုးနေရတာဆိုတော့ ပိုလျှံနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”
လူတိုင်း၏ ဆွေးနွေးမှုများကို မြင်သောအခါ ကျူးဝူက ဝင်ပြောလိုက်သည်။
“မင်းတို့ ပြောတာအားလုံး မှန်ပါတယ်။”
ဤဂလက်ဆီရှိ အသက်ရှင်ကျန်ရစ်သူများအားလုံး ကြောင်အသွားကြသည်။
မင်းက ငါတို့ပြောတာအားလုံး မှန်တယ်လို့ ပြောနေပြီးတော့ ငါတို့ကို လာနောက်နေတာလား။
“ဒါပေမဲ့... မင်းတို့ဘက်နဲ့ နှိုင်းယှဉ်ရင် မင်းတို့ဆီမှာ ဆရာကြီးတစ်ယောက်ပဲ လိုနေတာပါ။”
ကျူးဝူက ချက်ချင်းပင် ထပ်ဖြည့်ပြောလိုက်သည်။
“ဆရာကြီးတစ်ယောက် လိုနေတယ်ဟုတ်လား။ အဲဒါ ဘာသဘောလဲ။”
ကျူးဝူက ဆက်ပြောလိုက်သည်။
“စောစောက ငါပြောခဲ့တယ်လေ။ အဲဒီဆရာကြီးမှာ အာကာသယာဉ် ရှိနေပြီဆိုတာကို မင်းတို့က မယုံကြဘူး။ ဒါပေမဲ့ အဲဒါက အမှန်တရားပဲ။ ငါ မင်းတို့နဲ့ အငြင်းပွားမနေချင်တော့ဘူး။ အဲဒီအာကာသယာဉ်ရှိတဲ့ ဆရာကြီးက အောက်ဆီဂျင်၊ လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်အားစျေးကွက်တစ်ခုလုံးကို အပြည့်အဝ လက်ဝါးကြီးအုပ်ထားတယ်။ သူက ငါတို့ဂလက်ဆီက အသက်ရှင်ကျန်ရစ်သူတွေကို သူ့ရဲ့အစွမ်းအစတစ်ခုတည်းနဲ့တင် သေတွင်းကနေ ကယ်တင်ထားတာပဲ။”
“စောစောက မင်းပြောတဲ့အရာတွေက ယုတ္တိရှိတယ်လို့ ခံစားရပေမဲ့ ဒီစကားတစ်ခွန်းကတော့ ငါ့ကို ပြန်ပြီး မယုံနိုင်အောင် လုပ်လိုက်ပြန်ပြီ။”
“ဟုတ်တယ်။ လူတစ်ယောက်တည်းက ဂလက်ဆီတစ်ခုလုံးက အသက်ရှင်ကျန်ရစ်သူတွေကို ထောက်ပံ့ပေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဂလက်ဆီတစ်ခုထဲမှာ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်တောင် အများကြီးရှိလဲဆိုတာ မင်း မသိဘူးထင်တယ်။”
“အတိအကျပဲ။ အဲဒါက အရမ်း ပိုလွန်းသွားပြီ။”
ကျူးဝူသည် သူတို့နှင့် ထပ်မံ၍ အငြင်းပွားမနေတော့ဘဲ ပစ္စည်းအချို့ကို ထပ်မံ ချပြလိုက်ပြန်သည်။
“မစင်နှင့် ဆီး စုဆောင်းသည့်ကိရိယာ (C အဆင့်) ၁၊ အာကာသအိပ်စက်ခြင်းအိတ် ( Sအဆင့်) ၁၊ အာကာသအထူးနှစ်ထပ်ဖန်သားပြင် (SSS အဆင့်) ၄။”
အများသုံးချန်နယ်သည် သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် ပွက်လောရိုက်ကာ ဆွေးနွေးလာကြတော့သည်။
“ဒါက ငါ တမ်းတနေရတဲ့ မစင်နဲ့ ဆီး စုဆောင်းတဲ့ကိရိယာပဲ။ C အဆင့်တောင် ဖြစ်နေသေးတယ်။ ငါ့ရဲ့ ကယ်ဆယ်ရေးယာဉ်ထဲမှာ အခု နေလို့တောင် မရတော့ဘူး။”
ဤနေရာရှိ အသက်ရှင်ကျန်ရစ်သူများတွင်လည်း လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အား အရင်းအမြစ် မရှိကြသဖြင့် ရိက္ခာသေတ္တာ ကောက်ရခြင်းမှာ ကံစမ်းမဲနှိုက်နေရသလို ဖြစ်နေလေသည်။
သူတို့တွင် အိမ်သာအဖြစ် သုံးရန် ရိက္ခာသေတ္တာအလွတ်တောင် အလုံအလောက် မရှိကြသဖြင့် လူတိုင်း၏ လက်ရှိ လူနေမှုဘဝ အခြေအနေကို မှန်းဆကြည့်၍ ရနိုင်ပေသည်။
“အိပ်စက်ခြင်းအိတ်လည်း ရှိသေးတယ်ဟ။ ဘောပဲ... ငါဆို အခု ဆွဲငင်အားမဲ့နေတဲ့ ဒီပတ်ဝန်းကျင်မှာ ဘယ်လိုမှ အိပ်လို့မရဘူး ဖြစ်နေတာဟ။”
“မနေ့က ငါ အိပ်ပျော်သွားတုန်းက ငါ့လက်က ငါ့လက်မဟုတ်သလိုမျိုး ခံစားခဲ့ရတယ်။ အိပ်မက်ထဲမှာ ငါ့လက်က မိစ္ဆာကောင်ကြီး ဖြစ်နေတယ်လို့ မက်လို့ ဓားနဲ့တောင် လှမ်းခုတ်မိမလို့ ဖြစ်သွားသေးတယ်။”
“S အဆင့် အိပ်စက်ခြင်းအိတ်လား။ ဒါက တကယ်ပဲ ရိက္ခာသေတ္တာထဲကနေ ရလာနိုင်တဲ့ အရာမျိုး ဟုတ်လို့လား။”
“ဟုတ်တယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခံစားရတယ်။”
“မဖြစ်နိုင်ဘူး ဟုတ်လား။ အဲဒီ SSS အဆင့် မှန်က ပိုပြီးတော့တောင် မဖြစ်နိုင်တာ မဟုတ်ဘူးလား။ ငါဆို အဲဒီ ပြတင်းပေါက်မှန် သေးသေးလေးနားမှာ တစ်နေ့ကုန် ကပ်နေရတာ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ မင်းတို့ မသိပါဘူး။ ငါ့မှာသာ အဲဒီလို မှန်မျိုးရှိရင် သေချာပေါက် အောက်ခြေအထိ ရောက်တဲ့ မှန်ပြတင်းပေါက်ကြီး လုပ်ပစ်မယ်။ မြင်ကွင်းက အကျယ်ကြီး ဖြစ်သွားမှာ သေချာတယ်။”
“ဟုတ်တယ်။ ကယ်ဆယ်ရေးယာဉ်ထဲမှာ ထိုင်ရင်း စကြဝဠာကြီးကို လှမ်းမြင်နေရမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် ကျေနပ်ဖို့ကောင်းနေပြီ။ ပိုပြီး အရေးကြီးတာက မြင်ကွင်းကွင်းပြင် ကျယ်ပြန့်သွားပြီးရင် ငါတို့ရဲ့ ဘေးကင်းလုံခြုံမှုကလည်း အဆင့်တစ်ခုကို ထိုးတက်သွားမှာပဲ။”
“ဟုတ်သားပဲ။ ညီအစ်ကိုကျူး... မင်းက ဒီလောက် ကောင်းတဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ် ရထားတာလဲ။”
နောက်ဆုံးတွင် တစ်စုံတစ်ဦးက မေးမြန်းလာခဲ့တော့သည်။ ကျူးဝူက ပြုံးလိုက်၏။
“ငါက ကြယ်တံခွန်ရဲ့ ဆွဲခေါ်မှုကို ခံလိုက်ရတာမို့လို့ ကြယ်တံခွန်ရဲ့ အမြီးပိုင်းထဲမှာပဲ အမြဲရှိနေခဲ့တာ။ သာမန်အသိစိတ်လေး ရှိတဲ့သူဆိုရင် ကြယ်တံခွန်အမြီးထဲမှာ ဘာမှမမြင်ရသလို ရိက္ခာသေတ္တာတွေ သွားဆွဲဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိကြမှာပါ။ ဒါ့အပြင် အသစ်ထွက်လာတဲ့ ရိက္ခာသေတ္တာတွေက ငါ့နောက်ကို လိုက်မလာဘူးလို့လည်း ငါသံသယရှိတယ်။ ဘာလို့လဲဆိုတော့ ဒီကြယ်တံခွန်ရဲ့ အရှိန်က အရမ်းမြန်လွန်းလို့ပဲ။”
“ဟုတ်သားပဲ။ အဲလိုပြောတော့မှ... မင်း ရိက္ခာသေတ္တာ မကောက်ရတာ တော်တော်ကြာသွားပြီပေါ့ ဟုတ်လား။”
“အတိအကျပဲ။”
ကျူးဝူက ပြောလိုက်သည်။
“ကံကောင်းလို့ ဆရာကြီးက ငါ့ကို စောင့်ရှောက်ပေးထားလို့သာ ငါ အသက်ရှင်နိုင်ခဲ့တာ။ စောစောက ငါချပြခဲ့တဲ့ ပစ္စည်းတွေအားလုံးက ဆရာကြီး ငါ့ကို ပေးထားတာတွေချည်းပဲ။”
ထိုစကားများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
“ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အဲဒါတွေက S အဆင့်နဲ့ SSS အဆင့် ပစ္စည်းတွေလေ။”
“ပြီးတော့ လူတိုင်း လိုအပ်နေတဲ့ မစင်နဲ့ ဆီး စုဆောင်းတဲ့ကိရိယာကို သူဌေးက မင်းကို ဒီအတိုင်း ပေးလိုက်တယ်ဆိုတော့ သူကိုယ်တိုင်ကော မသုံးဘူးလား။ ဒါမှမဟုတ် မင်းတို့နှစ်ယောက် မျှသုံးနေကြတာလား။”
“သူဌေးကြီးပီပီ တကယ့်ကို ရက်ရောချက်ပဲ။ ညီအစ်ကိုဝက်... ငါ့ကိုလည်း မိတ်ဆက်ပေးပါလား။ ငါလည်း အဲဒီဆရာကြီးနဲ့ သိကျွမ်းချင်လို့ပါ။”
“ဟုတ်တယ်။ ငါတို့အားလုံးလည်း သူနဲ့သိချင်ကြတယ်။ သူ့ရဲ့ လက်အောက်ငယ်သား ဖြစ်ရရင် ပိုကောင်းတယ်။”
“ဆရာကြီးရဲ့ လက်အောက်ငယ်သား ဖြစ်ချင်ရုံနဲ့တော့ မလွယ်ဘူး။ မင်းတို့မှာ တန်ဖိုးတစ်ခုခု ရှိဖို့လိုသေးတယ်။”
ကျူးဝူက ပြောလိုက်သည်။
“ဆရာကြီးက အသုံးမကျတဲ့ လက်အောက်ငယ်သားတွေကိုတော့ ခေါ်မှာမဟုတ်ဘူး။”
“အာ... ညီအစ်ကိုကျူး မင်းကြည့်ရတာလည်း သိပ်ပြီး အသုံးဝင်ပုံမရပါဘူး ဟုတ်တယ်မလား။”
“ဟုတ်တယ်။ မင်းက ရိက္ခာသေတ္တာတောင် မဖမ်းနိုင်တာကို ဆရာကြီးက မင်းကို အခုထိ လက်ခံထားတုန်းပဲ မဟုတ်ဘူးလား။”
ကျူးဝူက ပြုံးလိုက်သည်။
“ဆရာကြီးက ဆရာကြီး ဘာလို့ဖြစ်နေတာလဲဆိုတော့ သူတို့ရဲ့ အမြော်အမြင်က ထူးခြားလို့ပဲ။ မင်းတို့အားလုံးက ငါ့ကို အသုံးမကျဘူးလို့ ထင်နေကြတယ် ဟုတ်တယ်မလား။”
အများသုံးချန်နယ်ထဲတွင် မည်သူမျှ စကားမပြောကြသော်လည်း လူတိုင်း ခေါင်းညိတ်နေကြလိမ့်မည်ကို ကျူးဝူ သိနေသည်။
“ဒါပေမဲ့ ဆရာကြီးရဲ့ မျက်လုံးထဲမှာတော့ ငါက ရတနာသိုက်ကြီးပေါ်မှာ ထိုင်နေတာကွ။”
ကျူးဝူက ဆက်ပြောလိုက်သည်။
ထိုမက်ဆေ့ခ်ျကို ပို့ပြီးနောက် ဉာဏ်ပြေးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးက ချက်ချင်းပင် ရိပ်မိသွားခဲ့သည်။
“မဟုတ်မှလွဲရော ဆရာကြီးက ကြယ်တံခွန်ပေါ်က ရေကို သဘောကျသွားတာလား။”
“ဘင်ဂို...။ အဖြေမှန်တယ်။ ဒါပေမဲ့ ဆုတော့မရှိဘူး။”
ကျူးဝူက ချက်ချင်း ပြောလိုက်သည်။ လူတိုင်းလည်း ချက်ချင်းပင် သဘောပေါက်သွားကြတော့သည်။
“ဆရာကြီးရဲ့ အတွေးအခေါ်က တကယ်ကို လျင်မြန်တာပဲ။ ကြယ်တံခွန်ဆီကနေ ရေရဖို့ကို တကယ် တွေးမိတာပဲလား။”
“ဟုတ်တယ်။ ငါတော့ သူ့ကို တကယ် လေးစားမိသွားပြီ။”
“အခုဆို ဆရာကြီးမှာ ရေကို လျှပ်စစ်ဓာတ်ခွဲပြီး ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့ စက်ကိရိယာ သေချာပေါက် ရှိရမယ်ဆိုတာ အတည်ပြုလို့ရပြီ။ ပြီးတော့ အဲဒီဓာတ်ငွေ့တွေကို အရည်အဖြစ် ပြောင်းလဲပေးတဲ့ စက်လည်း ရှိရမယ်။ အဲဒါတွေရှိပြီး ကြယ်တံခွန်ပေါ်က ဧရာမ ရေထုကြီးနဲ့ ပေါင်းစပ်လိုက်ရင်တော့... လူတစ်ယောက်တည်းက ဂလက်ဆီတစ်ခုလုံးက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပုံရတယ်။”
ကျူးဝူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“အင်း... အဲဒါ အတိအကျပဲ။ အခု မင်းတို့တွေ ငါ့ရဲ့ အထောက်အထားကို ထပ်ပြီး သံသယဝင်နေစရာ မလိုတော့ဘူး မဟုတ်လား။”
“မဝင်တော့ပါဘူး။ ဆရာကြီး... ငါ့ကို ရေနည်းနည်းလောက် ရောင်းပေးနိုင်မလား။ ငါ ရေမသောက်ရတာ နှစ်ရက်ရှိပြီ။”
ကျူးဝူက အားကိုးရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“စိတ်မကောင်းပါဘူး။ ကြယ်တံခွန်ပေါ်က ကောက်လို့ရတဲ့ ရေက တိုက်ရိုက်သောက်လို့ မရဘူး။ ငါ့ရဲ့ ကိုယ်ပိုင် ရေသန့်ကလည်း အကန့်အသတ်ပဲ ရှိတာမို့လို့ မရပါဘူး။”
“ဆရာကြီး... ကျေးဇူးပြုပြီး ငါ့ကို အောက်ဆီဂျင် နည်းနည်းလောက် ရောင်းပေးပါ။ ငါ တကယ် အသက်ရှူကျပ်ပြီး သေတော့မယ်။ ငါ့ကိုသာ အောက်ဆီဂျင် ပေးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပါအဝင် အရာအားလုံးကို ပေးဖို့ အဆင်သင့်ပဲ။”
“ညီအစ်ကိုကျူး... ငါ့ကို လျှပ်စစ်ဓာတ်အား ၁၀ မှတ်လောက် အရောင်းအဝယ် လုပ်ပေးပါ။ မင်း ကြိုက်တဲ့စျေးသာပြောလိုက်ပါ။ ငါ့မှာ ဘာမှမရှိတော့ဘူး။”
“မင်းမှာ ဘာမှမရှိရင် ဒီမှာ လာပြီး ဘာလို့ ပြဿနာလာရှာနေတာလဲ။ ဆရာကြီး... ငါ့မှာ လောင်စာဆီ နည်းနည်းလောက် လိုနေလို့ ငါ့ကို ရောင်းပေးပါ။”
ကျူးဝူသည် ပထမအဆင့်တုန်းက အခြေအနေသို့ ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရသည်။ ပထမအဆင့်တုန်းကလည်း လူအများအပြားသည် သူ့ထံ လာရောက်တောင်းပန်တိုးလျှိုးကာ သူ့ထံမှ ပစ္စည်းများ ဝယ်ယူချင်ခဲ့ကြဖူးသည်။