← Chapters

အခန်း ၇၂၉

Vol. 63 Ch. 729

အခန်း ၇၂၉

Vol. 63 Ch. 729

အခန်း ၇၂၉

ထိုအခါ ချန်ဟန်သည် နားမလည်နိုင်ဘဲ ရှုပ်ထွေးသွားရလျက် ပြန်တုံ့ပြန်သည်။

“ဟုတ်ကဲ့”

ကနဦးတွင် ချန်ကျဲ့သည် ဘုန်းတော်ကြီးကို သွားရှာရန် တွေးထားခြင်းဖြစ်သည်။ သို့သော် ဘုန်းတော်ကြီးသည် သေရည်ရှာနေလေရာ ယခုတွင် အခြေအနေမှာ “ယုန်ကိုစောင့်ဆိုင်းခြင်း”သာ ဖြစ်ပေလိမ့်မည်။

…

စုန့်ဟယ့်စားသောက်ဆိုင်သည် ငြိမ်းချမ်းခြင်းလမ်းမထိပ်တွင် တည်ရှိပြီး ၎င်းဆိုင်ဆိုင်းဘုတ်ကို ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ချန်ကျိုစစ်မှ ကိုယ်တိုင် ထွင်းပေးထားသည်။

စုန့်ဟယ့်စားသောက်ဆိုင်သည် ဝင်သူထွက်သူများစွာဖြင့် စည်ကားနေသည်။ ရွာနေသည့် မိုးဖွဲဖွဲသည် လူတို့၏သေရည်သောက်ချင်စိတ်ကို မဟန့်တားနိုင်ချေ။

လူစည်ကားနေသည့် စားသောက်ဆိုင်ထဲသို့ ဘုန်းတော်ကြီးတစ်ပါးရောက်လာပြီး စားပွဲထိုးကို မေးမြန်းသည်။

“ဒီမှာ သေရည်ကောင်းကောင်းရသလား”

ဘုန်းတော်ကြီး၏စကားကြောင့် စားပွဲထိုးလေးသည် အံ့ဩသွားလျက် ပြောသည်။

“ဟမ် ဒီမှာဗျ။ ခင်ဗျားက ဘုန်းကြီးတစ်ပါးဖြစ်ပြီးတော့ သေရည်သောက်မလို့လား”

ထိုအခါ ဘုန်းကြီးသည် ပြုံးလိုက်ပြီး အရိုအသေပြုလျက် ပြောသည်။

“အသားနဲ့သေရည်ဆိုတာ အူကိုဖြတ်သန်းသွားမှာပါပဲ။ ဒါပေမဲ့ ဗုဒ္ဓကတော့ နှလုံးသားမှာ စွဲမြဲတည်ရှိနေပါတယ်။ ဒီဘုန်းကြီးစိတ်နှလုံးမှာ ဗုဒ္ဓက အမြဲတည်ရှိနေတာပဲမလို့ ဒီဘုန်းကြီးလုပ်ဆောင်သမျှက ဗုဒ္ဓလုပ်ဆောင်တာပါပဲ”

ထိုအခါ စားပွဲထိုးလေးမှ ပြောသည်။

“ကျွန်တော်နားမလည်ဘူး။ ဒါပေမဲ့ ဆရာတော့်ပုံစံက ဒီလောက်စုတ်ချာနေတာ ဆရာတော်မှာ ပိုက်ဆံရှိလို့လား”

ထိုအခါ ဘုန်းတော်ကြီးသည် ငွေတစ်တုံးထုတ်ပြ၏။

ပိုက်ဆံရှိလျှင် ကိစ္စအတော်များများ လွယ်ကူသွားလေသည်။

“ကျွန်တော်တို့ဆိုင်မှာ သေရည်ကောင်းကောင်းတွေ အများကြီးရှိပါတယ်။ ဒီမှာကြည့် ဒါက ဝါးစိမ်းမြွေ၊ ဒါက ပျိုနီ၊ ဒါက…”

စားပွဲထိုးသည် သေရည်ကောင်းများကို စတင်မိတ်ဆက်ပေးသည်။

ထိုအချိန်၌ အပေါ်ထပ်တွင် စောင့်ဆိုင်းနေသည့် ချန်ကျဲ့သည် ဘုန်းတော်ကြီးကို ကြည့်နေသည်။ သို့သော် တစ်ချက်ကြည့်ပြီးသည်နှင့် ချန်ကျဲ့ အကြည့်ပြန်လွှဲလိုက်သည်။ သူကိုယ်တိုင်လည်း သိုင်းပညာရှင်တစ်ဦးဖြစ်ရာ ဘုန်းတော်ကြီး၏အာရုံစိုက်မှုကို မဆွဲဆောင်သင့်ကြောင်း သူနားလည်သည်။

ချန်ကျဲ့ ချန်ဟန်ကို အချက်ပြလိုက်သည်။

ချန်ဟန်သည် ချက်ချင်းနားလည်သွားပြီး အပေါ်ထပ်သို့ သေရည်ယူလာပေးရန် မှာလိုက်သည်။ သေရည်သယ်လာသည့်လမ်းတွင် အဆို့ကို ဖွင့်လိုက်ရာ သေရည်၏ အမွှေးနံ့သည် ပထမထပ်တွင် ရုတ်ချည်း ပျံ့နှံ့သွား၏။

ထိုအခါ စားပွဲထိုး၏ သေရည်မိတ်ဆက်ကို နားထောင်နေသည့် ဘုန်းတော်ကြီးသည် လက်ဝှေ့ယမ်းလျက် ပြော၏။

“ငါ ဒီဟာတွေမလိုချင်ဘူး။ ငါ အဲဒီသေရည်မျိုးလိုချင်တယ်”

ဘုန်းတော်ကြီးသည် အပေါ်ထပ်သို့ တက်သွားပြီဖြစ်သည့် ငါးဖမ်းကုန်သည်အဖွဲ့သားကို လက်ညှိုးညွှန်ပြသည်။ စားပွဲထိုးမှာ တွန့်ဆုတ်သွားရပြီး ပြောသည်။

“ဆရာတော် အဲဒီသေရည်က ဧည့်သည်ကိုယ်တိုင်ပြင်ဆင်လာတဲ့သေရည်ပါ။ ဒီမှာ မရောင်းပါဘူး”

ဘုန်းတော်ကြီးသည် ပြုံးလိုက်ပြီး သေရည်တစ်အိုးကို လက်ညှိုးညွှန်ပြသည်။

“အဲဒါက ငါ့အတွက်ပြင်ဆင်ထားတာပဲ”

စားပွဲထိုးသည် ကြောင်အသွားရကာ ဖျန်ဖြေပြောဆိုရန် ပြင်ဆင်လိုက်သည်။ သို့သော် ဘုန်းတော်ကြီးသည် စားပွဲထိုးကို အသာအယာပင် ရှောင်လိုက်ပြီး အပေါ်ထပ်တက်သည့်လှေကားသို့ ရောက်သွားလေသည်။

စားပွဲထိုးသည် နောက်မှ အပြေးလိုက်၏။

စားပွဲထိုးမှ ပြောသည်။

“ဆရာတော် ကျွန်တော့်ကို ပြဿနာမရှာပါနဲ့ဗျာ။ အပေါ်ထပ်က ဧည့်သည်တွေက အကုန်လုံး အထက်တန်းလွှာတွေဗျ”

ဘုန်းတော်ကြီးသည် ဂရုမစိုက်ဘဲ အပေါ်ထပ်သို့တက်သွားပြီး ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခု၏တံခါးကို တွန်းဖွင့်လိုက်သည်။

အထဲတွင် လူငယ်လေးတစ်ယောက် ထိုင်နေသည်။

လူငယ်လေး၏မျက်နှာကိုမြင်လျှင် ဘုန်းတော်ကြီးသည် ရုတ်ချည်း မျက်မှောင်ကြုတ်သွား၏။ ထိုစဉ် စားပွဲထိုးသည် အပြေး အမီလိုက်လာသည်။

“ဒီဘုန်းကြီးတော့ ခင်ဗျားနားမလည်ဘူးလား။ ခင်ဗျားကို ဒီအပေါ်မတက်ရဘူးလို့ ပြောနေတယ်လေ”

ဘုန်းတော်ကြီးသည် စားပွဲထိုးကို လျစ်လျူရှုထား၏။ စားပွဲထိုးသည် အခန်းထဲတွင် ထိုင်နေသည့် ချန်ကျဲ့ကိုမြင်သောအခါ ပြောသည်။

“ကုန်သည်အဖွဲ့ခေါင်းဆောင်ချန် ကျွန်တော်…”

ချန်ကျဲ့ လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“စားပွဲထိုး မင်းသွားလို့ရပြီ။ မင်းကို ဒီနေရာမှာ မလိုအပ်ဘူး”

ထိုအခါ စားပွဲထိုးသည် ဘုန်းတော်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါဦးမယ်”

စားပွဲထိုးထွက်သွား၏။ ချန်ကျဲ့သည် သူ၏ရှေ့ရှိ အမည်ကျော်ကြားသည့် ရယ်မောဗုဒ္ဓဖန်းယင်းယွီကို ကြည့်နေခဲ့သည်။ ဖန်းယင်းယွီသည်လည်း ချန်ကျဲ့ကို ဘာမှမပြောဘဲ ကြည့်နေ၏။

ခဏကြာပြီးနောက် ချန်ကျဲ့မှ စ၍ စကားပြောလိုက်သည်။

“ဆရာတော် သေရည်တစ်ခွက်လောက်သောက်မလား”

ဘုန်းတော်ကြီးမှ ရယ်မောသည်။

“ဟား ငါ့ကို ဒီအပေါ်မှာ သေရည်သောက်ဖို့ ဖိတ်ခေါ်ခဲ့တာ မင်းမလား”

ချန်ကျဲ့ ခပ်သာသာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“တကယ့်ကိုပဲ ဆရာတော့်ကို ဘာမှဖုံးကွယ်ထားလို့မရဘူးပဲ”

ဘုန်းတော်ကြီးသည် ဘာမှမပြောပေ။ ထိုစဉ် ချန်ကျဲ့မှ ချန်ဟန်ကို ပြောသည်။

“အားဟန် သေရည်ယူခဲ့”

ထိုအခါ ချန်ဟန်သည် ချန်ကျဲ့ တစ်နှစ်တာသိမ်းဆည်းထားသည့် အကောင်းဆုံးသေရည်ကို ချက်ချင်း ယူလာပေးသည်။

ထို့နောက် အဖုံးကို ဖွင့်လိုက်ရာ သေရည်၏မွေးပျံ့သောရနံ့ ရုတ်ချည်း ပျံ့လွင့်လာသည်။ ဘုန်းတော်ကြီးသည် အနံ့ရှူသွင်းရင်း ပြောသည်။

“မွှေးလိုက်တဲ့သေရည်ပဲ”

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“မွှေးရုံတင်မဟုတ်ဘူး၊ ပြင်းလည်းပြင်းတယ်။ ဆရာတော် သောက်နိုင်ပါ့မလား”

ချန်ကျဲ့ယူလာသည့် သေရည်မှာ သူကိုယ်တိုင် ဖောက်လုပ်ထားသည့် အရက်ဖြူဖြစ်သည်။ တစ်အိုးလျှင် အရက်ပါဝင်မှု ၆၀ရာခိုင်နှုန်းပါရှိကာ ချန်ကျဲ့သည် ဒဏ်ရာပိုးသတ်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

ဤအရက်သည် လက်ရှိခေတ်ကာလရှိ ဆန်အရက်၊ အရက်ဝါတို့ဖြင့် နှိုင်းယှဉ်ပါက အလွန်ပြင်း၏။

ချန်ကျဲ့ သေရည်နှစ်အိုးယူလာခဲ့သည်။ ချန်ဟန်သည် သူတို့နှစ်ဦးအတွက် သေရည်တစ်ခွက်စီ ထည့်ပေးသည်။ ထို့နောက် ဘုန်းတော်ကြီးမှ ရယ်လျက် ပြောသည်။

“ဟားဟား မင်းတို့မျန့်ရွှေစီရင်စုကလူတွေက တကယ်ကောင်းတာပဲ။ နေ့လယ်တုန်းက လူတစ်ယောက်က ဒီဘုန်းကြီးကို ကြက်ကင်တစ်ခြမ်းကျွေးသေးတယ်။ ညနေကျတော့ တစ်ယောက်က သေရည်သောက်ဖို့ ဖိတ်ပြန်ပြီ။ စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”

ထိုသို့ပြောရင်း ဘုန်းတော်ကြီးသည် သူ၏စုတ်ပြဲပေပွနေသည့် အိတ်ကပ်ထဲကို မွှေနှောက်နေသည်။ ထို့နောက် ကြက်ကင်တစ်ခြမ်းကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်ရှိ သေရည်ခွက်ကို ကောက်ကိုင်ကာ ပြောသည်။

“ဒါဆိုရင်တော့ ဒီဘုန်းကြီး အားနာမနေတော့ဘူး”

သို့ဆိုလျက် ဘုန်းတော်ကြီးသည် ချန်ကျဲ့၏အရက်ဖြူကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ ထို့နောက် ကျေနပ်အားရသည့် မျက်နှာအမူအရာဖြင့် ပြော၏။

“အား.. သေရည်ကောင်းပဲ သေရည်ကောင်းပဲ”

ထိုအခါ ချန်ကျဲ့မှ မှတ်ချက်ပြုသည်။

“ဆရာတော်က သေရည်သောက်နိုင်စွမ်းမြင့်တာပဲ။ အားချန်”

ထိုအခါ ချန်ဟန်သည် ချက်ချင်း သေရည်ထပ်ထည့်ပေးသည်။ သို့သော် ချန်ဟန်ထည့်ပေးပြီးသည်နှင့် ဘုန်းတော်ကြီးသည် ချန်ဟန်၏လက်ထဲမှ သေရည်အိုးကို ဆွဲယူလိုက်သည်။ ချန်ဟန်သည် အံ့ဩမင်သက်စွာ ကြောင်ကြည့်နေမိ၏။ ဘုန်းတော်ကြီးသည် သေရည်အိုးကို ယူပြီးနောက် ခွက်ထဲထည့်ထားသည့် သေရည်ကိုပါ အိုးထဲ ပြန်ထည့်လိုက်သည်။

ထို့နောက် သေရည်အိုးကို ကိုင်ကာ အရက်ဖြူ၁၀ကျင်းစလုံးကို တစ်ကျိုက်တည်း မော့သောက်လေသည်။

ထို့နောက် ကျေနပ်စွာဖြင့် လေတက်၏။

ထိုမြင်ကွင်းတွင် ချန်ကျဲ့လည်း အံ့ဩသွားရသည်။

အရက်ဖြူ၁၀ကျင်းကို တစ်ကျိုက်တည်း သောက်ပစ်လိုက်တယ်လား။ ဒီဘုန်းကြီး မမူးဘူးလား။

သို့သော် ဘုန်းတော်ကြီးသည် မကျေနပ်နိုင်သေးပေ။ လက်ဆန့်ထုတ်လျက် ပြောသည်။

“နောက်တစ်အိုးပေးဦး”

ချန်ဟန်သည် အံ့အားသင့်လျက် ချန်ကျဲ့ကို ကြည့်လာသည်။ ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

ချန်ဟန်လည်း နောက်တစ်အိုး ချက်ချင်းယူပေးလိုက်သည်။ ဤ၁၀ကျင်းပါဝင်သည့် သေရည်တစ်အိုးကိုလည်း ဘုန်းတော်ကြီးသည် တစ်ကျိုက်တည်း သောက်ချပစ်လိုက်လေသည်။

ထို့နောက် လက်ဆန့်ထုတ်၍ တောင်းလာပြန်သည်။ ချန်ဟန်မှာ တုန်လှုပ်စွာဖြင့် တံတွေးမျိုချမိလိုက်၏။

ဘယ်လိုလူက သေရည်ကို ဒီလိုသောက်လို့လဲ။

ဒီလိုကနေ သေရည်သောက်ရင်း သေသွားလောက်လား။

ချန်ဟန်သည် တွေးနေရင်း နောက်ထပ်သေရည်တစ်အိုး ယူပေးလိုက်သည်။ ဘုန်းတော်ကြီးသည်လည်း တစ်ကျိုက်တည်း သောက်ပစ်လိုက်ပြန်သည်။

သေရည်အိုးကြီးသုံးအိုး၊ အရက်ပါဝင်မှု၆၀ရာခိုင်နှုန်းရှိသည့် စုစုပေါင်း အရက်ဖြူကျင်း၃၀သည် တစ်ခဏလေးအတွင်း ကုန်သွားခဲ့သည်။ ဘုန်းတော်ကြီးသည် အရက်ကုန်သွားပြီးနောက် စိတ်ကျေနပ်စွာ လေတက်ပြန်သည်။

ထိုစဉ် ချန်ကျဲ့မှ ဘုန်းတော်ကြီးကို ပြောသည်။

“ဆရာတော် သောက်လို့ဝပြီလားဗျ”

ထိုအခါ ဘုန်းတော်ကြီးမှ ရယ်မောလျက် ပြောသည်။

“ချန်ကျိုစစ် ဒီဘုန်းကြီးက မင်းကိုရှာဖို့အတွက် မိုင်ထောင်ချီခရီးနှင်ခဲ့ရတာ။ မင်းရဲ့သေရည်ကောင်းတွေကို နှစ်အိုး၊သုံးအိုးလောက်မှ မသောက်ရရင် ဒီဘုန်းကြီး မိုင်ထောင်ချီခရီးနှင်ခဲ့ရတာ ဘယ်တရားတော့မလဲ”

ဟမ်…

ဘုန်းတော်ကြီးမှ သူ့နာမည်ကို တိုက်ရိုက်ခေါ်လိုက်သည်တွင် ချန်ကျဲ့သည် အံ့ဩသွားလျက် ဘုန်းတော်ကြီးကို ငေးစိုက်ကြည့်နေမိလေသည်။

ငါ့ကိုရှာဖို့အတွက် မိုင်ထောင်ချီခရီးနှင်ခဲ့ရတယ်လို့ ပြောလိုက်တာလား။

ဘာတွေဖြစ်ကုန်တာလဲ။

ထိုစဉ် ဘုန်းတော်ကြီးမှ ပြောသည်။

“အဲဒီမျက်နှာအမူအရာက ဘာတုန်း”

“မင်း နီဝမ်ကျွင့်ကို သိသလား။ သူက ငါ့ကို မင်းကိုရှာခိုင်းလိုက်တာ။ ဒီမှာ သူပေးတဲ့စာ”

ထိုသို့ပြောလျက် ဘုန်းတော်ကြီးသည် စာတစ်စောင်ကို ချန်ကျဲ့ရှေ့ ချပေးသည်။

“နီ အစ်ကိုနီလား”

ချန်ကျဲ့ အံ့အားသင့်နေ၏။

All Chapters