← Chapters

အခန်း ၇၃၀

Vol. 63 Ch. 730

အခန်း ၇၃၀

Vol. 63 Ch. 730

အခန်း 730

“နီ အစ်ကိုနီလား”

ချန်ကျဲ့သည် ကနဦးတွင် အံ့ဩသွားခဲ့ပြီး နောက်တော့ အလွန်ပျော်ရွှင်သွားခဲ့သည်။

အစ်ကိုကြီးနီ၏ သတင်းမရခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီမဟုတ်ပါလော။

“အစ်ကိုနီ နေကောင်းကျန်းမာရဲ့လား”

ချန်ကျဲ့ ဘုန်းတော်ကြီးကို မေးလိုက်သည်။ သူ၏ရှေ့ရှိဘုန်းတော်ကြီးသည် သူ့ကိုလိမ်ညာလိမ့်မည်ဟု ချန်ကျဲ့ မထင်ပေ။ သူ့ကို လိမ်ညာဖို့အတွက်နှင့် မည်သူကများ မိုင်ထောင်ချီခရီးနှင်ကာ မျန့်ရွှေစီရင်စုအထိ ရောက်လာပါမည်နည်း။ အထူးသဖြင့် လောကနံပါတ်၆အဆင့် သိုင်းပညာရှင်ကြီးသည် ထိုသို့လုပ်ဆောင်ပါမည်လော။

ဘုန်းတော်ကြီးမှ ရယ်မောလျက် ပြန်ပြောသည်။

“အာ သူအဆင်ပြေပါတယ်။ လတ်တလောမှာ နည်းနည်းထိခိုက်ထားပေမဲ့ သက်သာသွားတော့ ငါနဲ့အတူနေတယ်လေ။ ပြီးတော့ ကိစ္စအသေးအမွှားတချို့အတွက် ငါ့ကိုကူညီပေးတာပေါ့”

“အာ အစ်ကိုနီ ထိခိုက်ထားတာလား”

ချန်ကျဲ့ အနည်းငယ် စိုးရိမ်သွားရသည်။ ဘုန်းတော်ကြီးမှ ပြောသည်။

“ဟုတ်တယ်။ ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး။ ရွှမ်းပင်းအကြီးအကဲနှစ်ပါးနဲ့ တိုက်ခိုက်ခဲ့ရုံပါပဲ…”

ဘုန်းတော်ကြီးမှ ကြက်ကင်ကို ကိုက်ဝါးရင်းဖြင့် နီဝမ်ကျွင့်အကြောင်းများကို ပြောပြသည်။

အဖြစ်အပျက်မှာ ဤသို့ဖြစ်သည်။ နီဝမ်ကျွင့်သည် ချန်ကျဲ့နှင့်လမ်းခွဲပြီးနောက် ဟူပေမှ အန်းဟွေးအထိ ထွက်ပြေးခဲ့ကာ တည်းခိုခန်းတစ်ခုတွင်မူ ရွှမ်းပင်းအကြီးအကဲနှစ်ပါးနှင့် ဆုံတွေ့ခဲ့သည်။ ထိုအချိန်က နီဝမ်ကျွင့်သည် ခရိုင်မင်းသမီးကျောက်ယာကို ဓားစာခံဖမ်းဆီးထားသဖြင့် ရွှမ်းပင်းအကြီးအကဲနှစ်ပါးသည် ကျောက်ယာကို ထိခိုက်မည်စိုးသောကြောင့် နီဝမ်ကျွင့်ကို အရမ်းပြင်းပြင်းထန်ထန် မတိုက်ခိုက်ရဲကြပေ။

သို့သော် ရယ်စရာကောင်းလှစွာဖြင့် ရွှမ်းပင်းဒုအကြီးအကဲဖြစ်သူ ကွေယန့်နျန်မှ ဤသို့ပြောခဲ့လေသည်။ “နီဝမ်ကျွင့် ငါတို့သိုင်းလောကသားတွေဆိုတာ မျှမျှတတတိုက်ခိုက်သင့်တယ်။ မိန်းမငယ်လေးတစ်ယောက်ကို ဒိုင်းကာလုပ်သုံးမနေနဲ့။ ဒီအကြောင်းသာ ပျံ့နှံ့သွားရင် တစ်လောကလုံး လှောင်ပြောင်စရာ ဟာသကြီး ဖြစ်နေလိမ့်မယ်”

နီဝမ်ကျွင့်သည် ခဏမျှ တွေဝေသွားသည်မှာ ထိုစကားသည် ထိရောက်ကြောင်း သိသာလှသည်။

ထိုအခါ ရွှမ်းပင်းပထမအကြီးအကဲ ဟယ်ယီးရှိုမှ ပြောသည်။

“ဟုတ်တယ်။ ငါတို့အားလုံးက ယောကျ်ားတွေပဲ။ မိန်းမငယ်လေးတစ်ယောက်ကို ဒိုင်းကာအဖြစ် အသုံးချရင် သေတဲ့အခါကျ အရှက်ရရလိမ့်မယ်မဟုတ်လား။ မင်းဒီနေ့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ရင်တောင် အနာဂတ်မှာ မင်းကိုယ်မင်း ဘယ်မျက်နှာနဲ့ သူရဲကောင်းတစ်ယောက်ပါလို့ ပြောမလဲ”

“မင်း သူ့ကို အရင်လွှတ်ပေးလိုက်။ ငါတို့သုံးယောက် မျှမျှတတ တိုက်ခိုက်ကြမယ်။ ငါတို့သေသွားခဲ့ရင်တောင်မှ ယောကျ်ားတစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိရှိသေကြတာပေါ့”

ထို့နောက်တွင် နီဝမ်ကျွင့်သည် တကယ်ကြီး ကျောက်ယာကို လွှတ်ပေးလိုက်လေသည်။

ထိုအကြောင်းအရာကိုကြားလျှင် ချန်ကျဲ့မှာ မထိန်းချုပ်နိုင်စွာဖြင့် ခါးခါးသီးသီး ပြုံးမိသွားရသည်။ ငါ့အစ်ကိုကြီးနီကတော့ တကယ့်ကို သူရဲကောင်းတစ်ယောက်ပါပဲ။ စော်ကားပုတ်ခတ်ခံရတာနဲ့ ဒီလိုအမြော်အမြင်မရှိတဲ့လုပ်ရပ်မျိုးကို စိတ်လိုက်မာန်ပါလုပ်ပစ်လိုက်တယ်။ ငါသာဆို တစ်ဖက်လူတွေ ဒူးထောက်တောင်းပန်တောင် ဒီလိုအရေးကြီးဓားစာခံကို မလွှတ်ပေးဘူးပဲ။

ဤအချက်ကြောင့်ပင် သိုင်းလောကတစ်ခွင် အမည်ကျော်ကြားသည့် သူရဲကောင်းနီဝမ်ကျွင့်သည် သူ၏အကောင်းဆုံးအခြေအနေတွင်ပင် သူရဲကောင်းတစ်ယောက်နှင့် လားလားမျှ မအပ်စပ်သည့် လူဆိုးလူညစ်တစ်ယောက်အဖြစ် သမုတ်ခံရခြင်းဖြစ်ပေသည်။

အကြောင်းမှာ သူရဲကောင်းတစ်ယောက်အတွက်မူ ဂုဏ်သိက္ခာဟူသည် အရာအားလုံးထက် အရေးကြီးသောကြောင့် ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် တစ်ခါတလေတွင် သူရဲကောင်းများ၏ တွေးခေါ်မှုပုံစံကို ချန်ကျဲ့ နားမလည်နိုင်ပေ။

ဒီလိုသာ လွှတ်ပေးမယ်ဆိုရင် အစကတည်းက ဘာလို့ဖမ်းသေးလဲ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ နီဝမ်ကျွင့် ကျောက်ယာကို ဖမ်းဆီးချိန်က ကျောက်ယာသည် သူ၏အမြင်တွင် သာ့ချန်တော်ဝင်မိသားစုကို ကိုယ်စားပြုသူတစ်ဦးဖြစ်ခဲ့လိမ့်မည်။ ကျောက်ယာကို ဖမ်းဆီးခြင်းသည် တော်ဝင်မိသားစု၏အင်အားအာဏာကို စိန်ခေါ်လိုက်ခြင်းဖြစ်သဖြင့် သူရဲကောင်းဂုဏ်သိက္ခာနှင့် ကိုက်ညီ၊မညီကို အရေးမစိုက်ခဲ့ခြင်းပင်။

ထို့နောက် ကျောက်ယာကို လွှတ်ပေးလိုက်ခြင်းသည် ကွေယန့်နျန်၏ မိန်းမငယ်လေးတစ်ဦးကို ဒိုင်းအဖြစ်အသုံးပြုသည်ဟူသည့် စကားကြောင့်ဖြစ်လိမ့်မည်။ ထိုအချိန်တွင်မူ ကျောက်ယာသည် သာမန်မိန်းမငယ်လေးတစ်ဦးဖြစ်သွားခဲ့ပြီး အင်အားအာဏာကိုစိန်ခေါ်ခြင်းနှင့် မကိုက်ညီတော့ပေ။ သို့ဖြင့် ကျောက်ယာကို လွှတ်ပေးလိုက်ခြင်းပင်။

ဤသည်မှာ ချန်ကျဲ့နားလည်ထားသည့် နီဝမ်ကျွင့်ဖြစ်သည်။

ကျောက်ယာကို လွှတ်ပေးပြီးနောက် နီဝမ်ကျွင့်သည် ရွှမ်းပင်းအကြီးအကဲနှစ်ပါးနှင့် တိုက်ခိုက်ခဲ့ပြီး ထိုနှစ်ဦးပူးပေါင်းတိုက်ခိုက်မှုကို အနိုင်မယူနိုင်ခဲ့ပေ။

ထို့နောက် နီဝမ်ကျွင့်သည် ထွက်ပြေးခဲ့ပြီး ရွှမ်းပင်းအကြီးအကဲနှစ်ပါးသည် နောက်မှ အသည်းအသန် လိုက်လံဖမ်းဆီးခဲ့သည်။

ထို့နောက် တည်းခိုခန်းတွင် အချိန်ဖြုန်းနေသည့် ဘုန်းတော်ကြီးသည် ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။ ထိုဘုန်းတော်ကြီးမှာ ချန်ကျဲ့ရှေ့ရှိ ဘုန်းတော်ကြီးဖန်းယင်းယွီဖြစ်ပေသည်။

ဘုန်းတော်ကြီးသည် နီဝမ်ကျွင့်၏ သူရဲကောင်းစိတ်ဓာတ်ကြောင့် စိတ်လှုပ်ရှားသွားခဲ့ပြီး ထိုသုံးဦးနောက်ကို သုံးရက်၊သုံးညတိုင်တိုင် လိုက်ခဲ့သည်။ နီဝမ်ကျွင့် ဆက်မပြေးနိုင်တော့ဘဲ ရွှမ်းပင်းအကြီးအကဲနှစ်ပါးမှ လက်ဝါးသိုင်းကွက်ဖြင့် နီဝမ်ကျွင့်ကို အသက်နုတ်တော့မည့်အချိန်တွင် ဘုန်းတော်ကြီးမှ ရုတ်တရက် ကြားဝင်နှောင့်ယှက်ခဲ့သည်။

ရွှမ်းပင်းအကြီးအကဲနှစ်ပါးလည်း ထိတ်လန့်သွားလျက် ဘုန်းတော်ကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းသည်။ ဘုန်းတော်ကြီးမှ ပြောသည်။

“ငါဗုဒ္ဓက ဘယ်သူဆိုတာကို မင်းတို့က ဘာလို့ဂရုစိုက်နေရတာလဲ။ ငါဒီလူကို ကာကွယ်မလို့ ထွက်သွားကြစမ်း”

ရွှမ်းပင်းအကြီးအကဲနှစ်ပါးသည် ဘုန်းတော်ကြီးကို အနိုင်မတိုက်လေရာ ရွေးချယ်စရာမရှိဘဲ ဆုတ်ခွာကြရတော့သည်။ သို့ဖြင့် ဘုန်းတော်ကြီးဖန်းသည် နီဝမ်ကျွင့်ကို ကယ်တင်ခဲ့သည်။

မည်သူမှန်းမသိပါဘဲ ကယ်တင်ပေးခဲ့ပြီး စကားစမြည်ပြောတော့မှသာ သူတို့နှစ်ဦးသည် စိတ်ဝိဥာဉ်ရင်းမြစ်တူညီသူများဖြစ်ကြောင်းသိခဲ့ရပြီး စောစီးစွာ မဆုံစည်းခဲ့ခြင်းအတွက် နှမြောမိရလေသည်။ ဘုန်းတော်ကြီးဖန်းယင်းယွီသည် နီဝမ်ကျွင့်အား သူ အထူးတလည်လုပ်ဆောင်ချင်သည့် ကိစ္စများ ရှိပါသလောဟု မေးမြန်းခဲ့ပြီး နီဝမ်ကျွင့်မှ ဤသို့ပြန်ပြောခဲ့သည်။

“တကယ်တော့ မရှိပါဘူး။ ကျွန်တော့်ဆရာသခင်ဆီက ထွက်ခွာလာတော့ ဆရာက ကျွန်တော့်ကို လောကတစ်ခွင် လှည့်လည်သွားခိုင်းခဲ့တယ်။ ကျွန်တော်က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမယ့်ကံကြမ္မာရှိတယ်လို့လည်း ပြောခဲ့တယ်”

ဘုန်းတော်ကြီးဖန်းမှ ရယ်မောလျက် ပြောသည်။

“ညီနောင်လေး မင်းမှာ သွားစရာနေရာမရှိရင် ငါ့ရဲ့အရိမေတ္တယျဂိုဏ်းထဲ ဝင်လိုက်ပါလား။ ငါက ဂိုဏ်းချုပ်ပဲ။ ငါ မင်းကို ဒုဂိုဏ်းချုပ်ရာထူးပေးနိုင်တယ်”

နီဝမ်ကျွင့်မှ ပြန်ပြောသည်။

“ကျွန်တော်က လွတ်လွတ်လပ်လပ်ရှင်သန်တာနဲ့ ကျင့်သားရနေပါပြီ။ ဖြစ်ပါ့မလား”

ဘုန်းတော်ကြီးဖန်းမှ ရယ်သည်။

“ငါ့အရိမေတ္တယျဂိုဏ်းက လွတ်လပ်မှုကို တန်ဖိုးထားတယ်။ မင်းလုပ်ချင်တာမှန်သမျှကို ဘာအထိန်းအချုပ်မှ မရှိဘဲ လုပ်လို့ရတယ်။ ဘယ်လိုလဲ ဝင်မလား”

ကနဦးတွင် နီဝမ်ကျွင့်သည် သူ့တွင် တကယ်လည်း လုပ်စရာမရှိသောကြောင့်၊ နှစ်အချက် ဖန်းယင်းယွီ၏ အသက်ကယ်ပေးသည့်ကျေးဇူးကို ပြန်ဆပ်လိုသောကြောင့် လက်ခံခဲ့လိုက်သည်။

ထို့နောက် ဖန်းယင်းယွီသည် နီဝမ်ကျွင့်နှင့် ရှည်ကြာစွာ ဆွေးနွေးပြောဆိုခဲ့ပြီး သုံးလခန့် အတူတကွ ခရီးသွားခဲ့ကြသည်။ ထို့နောက် သာမန်ပြည်သူများ ဒုက္ခခံစားနေကြရသည်ကို မြင်တွေ့ခဲ့ရသည်။ ဖန်းယင်းယွီသည် သူ၏ရည်မှန်းချက်ကို နီဝမ်ကျွင့်အား ပြောပြခဲ့သည်။ သူသည် လောကတစ်ခွင်လျှောက်သွား၍ အရည်အချင်းရှိသူများကို ရှာဖွေနေခြင်းဖြစ်ပြီး ထိုလူများကို စုဝေး၍ တော်ဝင်နန်းတော်ကို ဖြုတ်ချကာ မင်းဆက်အသစ်ကို တည်ထောင်လိုခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

သို့သော် ဘွင်းဘွင်းရှင်းရှင်းပြောပါက ပုန်ကန်လိုခြင်းသာ ဖြစ်ပါ၏။ ပုန်ကန်ပြီးနောက် ဟန့်မင်းဆက်ကို ပြန်လည်ဖွဲ့စည်းတည်ထောင်လိုခြင်းပင်။

ဤသို့စကားများကို သာမန်လူတစ်ယောက်ကို ပြောပြခဲ့ပါက သေချာပေါက် ကြောက်လန့်သွားကြမည်ဖြစ်သည်။ သို့ဖြစ်ပါက ဖန်းယင်းယွီလည်း ပြန်စဉ်းစားသုံးသပ်ရလိမ့်မည်။ တစ်ဖက်လူမှလည်း သူ့ကို “ခင်ဗျားရဲ့ပုန်ကန်ဖို့အကြံအစည်ထဲ ကျုပ်ကို ဆွဲမထည့်”ဟု တုံ့ပြန်လာနိုင်ပေသည်။

သို့သော် တစ်ဖက်လူသည် ပုန်ကန်ဖို့အတွေးရှိသည့် နီဝမ်ကျွင့်ဖြစ်နေသဖြင့် လျင်မြန်စွာပင် သဘောတူလာခဲ့သည်။ ထို့နောက် ဖန်းယင်းယွီသည် နီဝမ်ကျွင့်အား သိုင်းလောကတစ်ခွင် သွားလာနေစဉ်အတွင်း အရည်အချင်းရှိသူများနှင့် ဆုံတွေ့ဖူးသလောဟု မေးမြန်းခဲ့သည်။

ထိုမေးခွန်းကို နီဝမ်ကျွင့်မှ ဤသို့ချက်ချင်း ပြန်ဖြေခဲ့သည်။

“အစ်ကိုဖန်း ကျွန်တော် တခြားကိစ္စတွေကိုတော့ မသိကောင်း မသိနိုင်ပေမဲ့ အရည်အချင်းရှိသူဆိုရင်တော့ ကျွန်တော့်မှာ အရမ်းကိုမှ အရည်အချင်းရှိတဲ့ ညီနောင်တစ်ယောက်ရှိပါတယ်။ သူ့ရဲ့အတွေးအမြင်တွေက သာမန်ထက် ထူးကဲပြီး တစ်ခါတလေကျ ထူးခြားတဲ့အကြံဥာဏ်တွေကို တွေးထုတ်တတ်သေးတယ်။ ပြီးတော့ သူ့အကျင့်စရိုက်ကလည်း လုံးဝ သူရဲကောင်းဆန်တယ်။ သူက မျန့်ရွှေက အရေပြားသန့်စင်ခြင်းအဆင့်လေးပဲရှိတဲ့ သာမန်လူတစ်ယောက်ပဲဖြစ်တာတောင် ဘေးအန္တရာယ်တွေကို အကြောက်အရွံ့မရှိရင်ဆိုင်ပြီး အသက်အန္တရာယ်ကြုံတွေ့နေရချိန်မှာ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ အဲဒီညီနောင်က ကရုဏာတရားကြီးမားပြီး သတ္တိရှိတယ်၊ နည်းဗျူဟာကျွမ်းကျင်တယ်၊ အမြော်အမြင်ရှိတယ်၊ ကျွန်တော့်ခရီးလမ်းတစ်လျှောက်မှာ တကယ့်ကို တွေ့ရခဲပြီး ရှားပါးတဲ့ အရည်အချင်းရှိတဲ့သူပါပဲ”

All Chapters