အခန်း ၇၃၁
Vol. 63 Ch. 731
အခန်း ၇၃၁
“အို ညီနောင်နီ အဲဒီသူက ဘယ်သူလဲ မြန်မြန်ပြောစမ်းပါ”
ဘုန်းတော်ကြီးဖန်းသည် နီဝမ်ကျွင့်မှ တစ်စုံတစ်ယောက်အား ဤသို့ချီးမွမ်းပြောဆိုသည်ကို ပထမဆုံးကြားဖူးခြင်းဖြစ်သဖြင့် တိုက်ရိုက်မေးမြန်းလိုက်သည်။ နီဝမ်ကျွင့်မှ ပြန်ပြောသည်။
“မျန့်ရွှေစီရင်စု ရှန်းထောင်ရွာ၊ သူ့မျိုးရိုးနာမည်က ချန်၊ နာမည်က ကျိုစစ်ပါ”
“ချန်ကျိုစစ်”
ဖန်းယင်းယွီ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
“နာမည်ကောင်းပဲ။ ကျိုဝူဖြစ်ဖို့ တစ်လှမ်းပဲလိုတယ်”
ထို့နောက် ဖန်းယင်းယွီသည် နီဝမ်ကျွင့်ကို ပြောသည်။
“ညီနောင်နီ မင်းရထားတဲ့ ဒဏ်ရာတွေနဲ့ဆို ပြန်ကောင်းဖို့ အချိန်လိုဦးမှာပဲ။ ငါ မျန့်ရွှေကိုသွားပြီး မင်းပြောတဲ့လူက ဘယ်လောက်အရည်အချင်းရှိလဲ ကိုယ်တိုင်သွားကြည့်ချင်လို့”
ထိုအခါ နီဝမ်ကျွင့်မှ ပြောသည်။
“ဟားဟား ကောင်းတာပေါ့ဗျာ အစ်ကိုဖန်းရာ။ အစ်ကိုဖန်း သွားမယ်ဆိုရင် ကျွန်တော့်အစား သူ့ကို စာတစ်စောင်ယူသွားပေးပါဦး။ ကျွန်တော်လည်း အဲဒီညီလေးကို လွမ်းနေတာ။ သူအခု ဘယ်လိုနေလဲ မသိဘူး”
သို့ဖြင့် ဖန်းယင်းယွီသည် နီဝမ်ကျွင့်၏လက်ရေးစာတစ်စောင်နှင့်အတူ ခရီးနှင်လာခဲ့သည်။ အန်းဟွေး၊ ကျန်းစူးနှင့် ကျယ့်ကျန်း၊ ဖူကျန့်၊ ကျန်းရှီး၊ ဟူနန်၊ ထို့နောက် ဟူပေအထိ မိုင်ပေါင်းထောင်သောင်းချီ ခရီးနှင်ခဲ့ရသည်။ ခရီးတစ်လျှောက်တွင် ဒေသခံသူရဲကောင်းအချို့နှင့်လည်း တွေ့ဆုံခဲ့ပြီး တပည့်နှစ်ယောက်ပင် လက်ခံခဲ့သေးသည်။ သို့ဖြင့် နောက်ဆုံးတွင်တော့ မျန့်ရွှေသို့ရောက်ရှိပြီး ချန်ကျိုစစ်ကို ရှာခဲ့သည်။
ဖန်းယင်းယွီ၏ဇာတ်လမ်းကို နားထောင်ပြီးနောက် ချန်ကျဲ့မှ ပြောသည်။
“ဆရာတော်ဖန်း ကျွန်တော့်အစ်ကိုက တကယ်ပဲ ဘယ်လိုဒဏ်ရာမျိုး ရခဲ့တာပါလဲ။ အဲဒီတုန်းက ကျွန်တော့်ကျင့်ကြံဆင့်က နိမ့်ပါးတာကြောင့် အများကြီး မစဉ်းစားမိခဲ့ဘူး။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်ကျင့်ကြံဆင့်လည်း တိုးတက်လာတော့ ကျွန်တော် အမြဲ အဲဒီအကြောင်းကို စဉ်းစားနေမိပါတယ်။ ဆရာတော် ကျွန်တော့်ကို ပြောပြပေးနိုင်မလား”
ထိုအချိန်၌ ဖန်းယင်းယွီ၏ပါးများမှာ အနည်းငယ် နီမြန်းနေပြီဖြစ်သည်။ ခန္ဓာကိုယ်တွင်လည်း ခပ်နွေးနွေးခံစားချက်ကို ခံစားနေရသည်။ ဖန်းယင်းယွီ စိတ်ထဲ၌ တွေးလိုက်သည်။
တကယ် သေရည်ကောင်းပဲ။ ငါ့ကိုတောင် ဒီလိုဖြစ်အောင် လုပ်နိုင်တယ်တဲ့။ အရမ်းသက်သောင့်သက်သာရှိလိုက်တာ သက်သောင့်သက်သာရှိလိုက်တာ”
ဖန်းယင်းယွီသည် ချီစွမ်းအင်ဖြင့် သေရည်၏သက်ရောက်မှုကို ဖိနှိပ်မထားပေ။ သို့တိုင် သူ၏ကြံ့ခိုင်သန်မာလွန်းသည့် ခန္ဓာကိုယ်ဖွဲ့စည်းမှုကြောင့် သေရည်ခွက်တစ်ထောင်သောက်လျှင်ပင် သေရည်မယစ်မူးချေ။
ချန်ကျဲ့၏စကားအဆုံး၌ ဖန်းယင်းယွီမှ ပြောသည်။
“ညီနောင်လေး သေရည်ထပ်ရှိသေးလား”
ချန်ကျဲ့မှ ပြန်ဖြေသည်။
“ဆရာတော် သေရည်က အများကြီးရှိပါတယ်။ ဒါပေမဲ့ ဆရာတော် အခု ကျင်း၃၀သောက်ထားပြီးပြီ။ ဒီသေရည်က ပြင်းတယ်။ ကျန်းမာရေးထိခိုက်ပါလိမ့်မယ်”
“ကိစ္စမရှိဘူး ကိစ္စမရှိဘူး။ ထပ်ရှိသေးရင် ငါ့ကိုထပ်ယူလာပေးစမ်းပါ”
ထိုအခါ ချန်ကျဲ့ ချန်ဟန်ကို ကြည့်လိုက်သည်။ ချန်ဟန်လည်း နောက်တစ်အိုး ချက်ချင်းထပ်ယူလာပေးပြီးနောက် ပြောသည်။
“ဆရာတော် ကျွန်တော်တို့မှာရှိတာ ဒါအကုန်ပါပဲ။ ဆရာတော် ထပ်သောက်ချင်ရင် ကျွန်တော် အိမ်တော်ပြန်ပြီး လှည်းနဲ့ဆွဲလာရတော့မယ်”
ဖန်းယင်းယွီမှ လက်ဝှေ့ယမ်းလျက် ပြောသည်။
“အာ မလိုပါဘူး။ ဒီလောကရဲ့အရာအားလုံးက ကံကြမ္မာအတိုင်း ဖြစ်ပျက်တာပါပဲ။ ကြည့်ရတာ ငါက ဒီနေ့ သေရည်လေးအိုးပဲသောက်ဖို့ ကံပါလာတာဖြစ်မှာပေါ့။ ကျန်တာကိုတော့ နောက်ရက်မှပဲ သောက်ပါတော့မယ်လေ”
ထိုသို့ပြောပြီးနောက် ဖန်းယင်းယွီသည် သေရည်အိုးကို ဖွင့်လိုက်ပြီး ခပ်နည်းနည်းတစ်ငုံသောက်လိုက်သည်။ ယခင်ကမူ အငမ်းမရ မော့သောက်ခဲ့ပြီး ယခုတွင် အရသာခံသောက်သုံးသည်။
“အား ကောင်းလိုက်တဲ့သေရည်။ မင်း ခုနက ငါ့ကို ဘာမေးလိုက်တာပါလိမ့်”
ဖန်းယင်းယွီမှ ချန်ကျဲ့ကို မေးသည်။
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် မေးတာက အစ်ကိုနီရထားတဲ့ဒဏ်ရာက ဘယ်လိုဒဏ်ရာမျိုးလဲလို့ပါ။ အစ်ကိုနီက ရွှမ်းပင်းအကြီးအကဲနှစ်ပါးနဲ့တောင် ယှဉ်တိုက်နိုင်စွမ်းရှိတာကို အဲဒီတုန်းက မျန့်ရွှေမှာ ဘာလို့များ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်စုရဲ့ လိုက်ဖမ်းခံနေခဲ့ရတာလဲ။ ကျွန်တော် လုံးဝ နားမလည်နိုင်ဘူး”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“အို အဲဒါက သူဒဏ်ရာရထားလို့ မဟုတ်ဘူး။ သူ့ရဲ့သိုင်းကျင့်ကြံမှုမှာ ပြဿနာရှိနေတာ။ သူကျင့်ကြံတဲ့သိုင်းက ‘ပျက်စီးခြင်းမရှိလျှင် ဆောက်တည်ခြင်းမရှိ’လို့ခေါ်တဲ့ ပြစ်ချက်တစ်ခုရှိနေတာလေ”
“ပျက်စီးခြင်းမရှိလျှင် ဆောက်တည်ခြင်းမရှိ”
ဖန်းယင်းယွီမှ ပြောသည်။
“ဟုတ်တယ်။ ပျက်စီးမှုမရှိရင် ဆောက်တည်ခြင်းမရှိဘူး။ မင်းအစ်ကိုနီက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့သိုင်းပညာတစ်ခုဖြစ်တဲ့ ဇာတ်လမ်းကိုးသွယ်မျှော်စင်သိုင်းကို ကျင့်ကြံတာလေ”
“ဇာတ်လမ်းကိုးသွယ်မျှော်စင်သိုင်း”
ချန်ကျဲ့ သိုင်းအမည်ကို ရေရွတ်လိုက်သည်။ ဖန်းယင်းယွီမှ ဆက်ပြောသည်။
“ဟုတ်တယ် ဇာတ်လမ်းကိုးသွယ်မျှော်စင်သိုင်းပဲ။ ဒီသိုင်းရဲ့ မျှော်စင်တစ်ထပ်စီက သိုင်းနယ်ပယ်အဆင့်တစ်ခုကို ကိုယ်စားပြုတယ်။ ညီနောင်နီနဲ့ မင်းနဲ့ ဆုံတွေ့တဲ့အချိန်တုန်းက သူ့ရဲ့ကျင့်ကြံမှုစွမ်းအင်တွေ ဆဌမအကြိမ်မြောက် ပျောက်ဆုံးပြီး အစက ပြန်စတင်နေခဲ့တာပေါ့”
“ဒီဇာတ်လမ်းကိုးသွယ်မျှော်စင်သိုင်းက တစ်ဆင့်တက်တိုင်း ကျင့်ကြံမှုစွမ်းအင်တွေ ပျောက်ဆုံးပြီး အစက ပြန်စတင်ရတယ်။ မျှော်စင်တစ်ခုပေါ် တက်နေသလိုမျိုးပေါ့။ တစ်ထပ်တက်တိုင်း မြေညီထပ်ဆီ ပြန်သွားပြီး ပထမထပ်ကနေ ပြန်စတက်ရတာမျိုး”
“ဒီတစ်ခေါက်က သူ့ရဲ့၆ကြိမ်မြောက် ကျင့်ကြံမှုပျောက်ဆုံးခြင်းပဲ။ သိုင်းပညာတိုးတက်မှုမရှိတဲ့ အခြေအနေမှာ အဲဒီအဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတာပဲ။ လူတွေ လိုက်ဖမ်းတာ ခံခဲ့ရတယ်။ သူ့ကို ကျင့်ကြံဖို့အချိန် တစ်လ၊နှစ်လလောက်သာ ပေးလိုက်ရင် အဲဒီစွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တွေဆိုတာက သူ့အတွက် ဘာမှဟုတ်မနေဘူး”
ဇာတ်လမ်းကိုးသွယ်မျှော်စင်သိုင်းရဲ့ နိယာမက ဒီလိုမျိုးကိုး။
ချန်ကျဲ့ စဉ်းစားပြီးနောက် မေးလိုက်သည်။
“ဆရာတော် အခု အစ်ကိုနီရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်မှာပါလဲ”
ဖန်းယင်းယွီမှ ပြန်ဖြေသည်။
“အို သူ အခုလောက်ဆို နဂါးအဆင့်ကို ပြန်ရောက်နေလောက်ပြီ”
“နဂါးအဆင့်”
ချန်ကျဲ့ ရေရွတ်လိုက်သည်။ ချန်ကျဲ့သည် သူဆက်လက်ကျင့်ကြံရမည့် ကျင့်ကြံဆင့်များကို သိထားပြီဖြစ်သည်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၊ ဝံပုလွေအငွေ့အသက်အဆင့်၊ သက်တံအဆင့်နှင့် နဂါးအဆင့်၊…
နဂါးအဆင့်ဟူသည် မိန်ဂိုဏ်း၏ဓမ္မရာဇာကြီးများနှင့် တန်းတူဖြစ်သည်။
မိန်ဂိုဏ်းဓမ္မရာဇာကြီးများ၏ ကျင့်ကြံဆင့်သည် နဂါးအဆင့်ဖြစ်လိမ့်မည်ဟု ချန်ကျဲ့ အနှစ်ချုပ်ခန့်မှန်းထားသည်။ အကြောင်းမှာ လွန်ခဲ့သည့်နှစ်သုံးဆယ်က ဟန်မြောင်ကျန်းသည် ဇာမဏီဆေးလုံးကို သောက်သုံးခဲ့ပြီး နဂါးအဆင့်သို့ တက်လှမ်းပြီးနောက် ဓမ္မရာဇာတစ်ပါး ဖြစ်လာခဲ့သောကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ ဓမ္မရာဇာလေးပါး၏ ကျင့်ကြံဆင့်သည် အနိမ့်ဆုံး နဂါးအဆင့်တော့ ရှိကြလိမ့်မည်။
ချန်ကျဲ့ အချိန်ခဏကြာ အတွေးထဲနစ်မြောနေခဲ့ပြီးနောက် ဖန်းယင်းယွီကို ကြည့်လိုက်ပြီး ပြောသည်။“ဆရာတော်ကရော ဘာကျင့်ကြံဆင့်လဲဗျ”
ဖန်းယင်းယွီမှ ရယ်မောလျက် ပြောသည်။“ငါလား။ သူတို့ထက် နည်းနည်းလေး ပိုမြင့်ရုံပါပဲ။ နည်းနည်းလေးပါပဲ အစ်…”
ဖန်းယင်းယွီမှ ဤသို့တုံ့ပြန်ရာ ချန်ကျဲ့လည်း ထပ်မံ၍ မမေးမြန်းတော့ဘဲ ပြောလိုက်သည်။
“ဆရာတော်က ဆရာကြီးကျန်းနဲ့ ယှဉ်လိုက်ရင်ရော ဘယ်လိုဖြစ်မလဲ”
ထိုအခါ ဖန်းယင်းယွီမှ ပြောသည်။
“မယှဉ်နိုင်ဘူး မယှဉ်နိုင်ဘူး။ ဆရာကြီးကျန်း အမ်းး သူက ငါ့ထက် နည်းနည်းလေး ပိုမြင့်တယ်”
ဖန်းယင်းယွီသည် အရက်ကြောင့် အနည်းငယ် ဗလုံးဗထွေးဖြင့် မျက်နှာမှာ အနည်းငယ် အနီရောင်သန်းနေသည်။ သေရည်၏သက်ရောက်မှု စတင်နေပြီဖြစ်လိမ့်မည်။ သေရည်မူးနေသည့် ဖန်းယင်းယွီသည် ပို၍ပင် တောက်ပစွာ ပြုံးရယ်နေခဲ့လေရာ သူ၏ ရယ်မောဗုဒ္ဓဟူသည့် ဂုဏ်ပုဒ်နှင့် အလွန်လိုက်ဖက်ညီနေတော့သည်။
ချန်ကျဲ့သည် ဖန်းယင်းယွီကို ပြောသည်။
“ဆရာတော် ဒီစကားက မမေးသင့်လောက်ပေမဲ့ ဆရာတော် မျန့်ရွှေကိုလာတာ ကျွန်တော့်ကို ရှာဖို့အတွက်ပဲတော့ မဟုတ်ဘူးမလား”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“မဟုတ်ဘူး”
ဟင်။
ပွင့်လင်းသည့်တုံ့ပြန်မှုကြောင့် ချန်ကျဲ့ လန့်သွား၏။ ဤသို့ဘုန်းတော်ကြီးတစ်ပါးသည် သူ့ကို ရှာဖို့တစ်ခုတည်းအတွက်နှင့် ဤမျှခရီးရှည်ကြီးကို နှင်လာလိမ့်မည်ဟု ချန်ကျဲ့ မယုံကြည်ပေ။ ထို့ကြောင့် မေးလိုက်ခြင်းဖြစ်သည်။
ဒါပေမဲ့ ဒီဘုန်းကြီးက တကယ်ပွင့်လင်းတာပဲ။ ဒီတိုင်း ငါ့အတွက်ပဲ အထူးတလည်လာခဲ့တာပါလို့ ပြောလိုက်လို့ရတာပဲကို။ သူအဲဒီလိုပြောလည်း ငါက အမှန်ကို သိနိုင်မှာမှ မဟုတ်တာပဲ။ ပြီးတော့ သူ အဲဒီလိုသာ ဖြေလိုက်ရင် ငါက ပိုပြီး ကျေးဇူးတင်ခံစားသွားရနိုင်တယ် မဟုတ်ဘူးလား။ ဒီဘုန်းကြီးက ဒီလိုကြီး ဘွင်းဘွင်းရှင်းရှင်းနိုင်တော့ ငါ့မှာ ဘယ်လိုတုံ့ပြန်ရမလဲတောင် စဉ်းစားမရဖြစ်သွားရပြီ။