အခန်း ၇၃၂
Vol. 63 Ch. 732
အခန်း ၇၃၂
ချန်ကျဲ့ ခဏမျှစဉ်းစားနေပြီးနောက် ထပ်မစဉ်းစားတော့ပေ။ ဤသို့ပုဂ္ဂိုလ်ကြီးတစ်ဦးမှ ဤမျှခရီးကိုနှင်ပြီး စာတစ်စောင် လာပို့ပေးခြင်းသည်ပင် ဂုဏ်ယူဖွယ်ဖြစ်ပေသည်။ သူ့အနေဖြင့် ဘာကိုများ ထပ်မေးမြန်းနေရမည်နည်း။
ထိုသို့တွေးနေရင်း ချန်ကျဲ့၏စိတ်ထဲ အနည်းငယ်ရယ်စရာကောင်းသည့် အတွေးတစ်ခုဖြတ်ပြေးသွား၏။ သို့သော် မီးခိုးတိမ်တိုက်များအလား လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ချန်ကျဲ့ ဖန်းယင်းယွီကို မေးလိုက်သည်။
“ဆရာတော် ဘာကိစ္စကြောင့် မျန့်ရွှေကို လာခဲ့တာလဲ”
ဖန်းယင်းယွီသည် သေရည်တစ်ငုံသောက်လိုက်ပြီး ပြန်ဖြေသည်။
“ဆေးဘုရင်ရတနာ”
“အာ”
ချန်ကျဲ့ အံ့ဩသွားရ၏။
“ဆရာတော် ဆရာတော်ကလည်း ဆေးဘုရင်ရတနာအတွက် လာခဲ့တာလား”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“အင်း”
ချန်ကျဲ့မှ ပြောသည်။
“ဆေးဘုရင်တောင်ကြားမှာ ဆရာတော်လိုအပ်တဲ့ဆေးရှိလို့လား”
“အဲဒါတော့ မရှိပါဘူး”
ဖန်းယင်းယွီမှ ခေါင်းခါသည်။ ချန်ကျဲ့မှ ဆက်ပြောသည်။
“ဒါဆို ဆရာတော်က ဘာလို့..”
ဖန်းယင်းယွီမှ ဗလုံးဗထွေးဖြင့် ပြောသည်။
“ငါက ထူးခြားတဲ့ဆေးတစ်မျိုးရှာဖို့လာတာ။ ငါ မိန်းကလေးဟန်ဆီကနေကြားခဲ့တာ အဲဒီဆေးကို ဒီမှာရှာနိုင်တယ်တဲ့”
“မိန်းကလေးဟန်လား”
ချန်ကျဲ့ ဖန်းယင်းယွီကို ကြည့်လိုက်သည်။ ဖန်းယင်းယွီမှ ပြောသည်။
“ဟန်မြောင်ကျန်း”
ဪ ဟုတ်သား။ ခင်ဗျားကလည်း မိန်ဂိုဏ်းရဲ့ တမန်တော်တစ်ပါးပဲ။ ဓမ္မရာဇာတစ်ပါးကို ဒီလိုခေါ်ဝေါ်တာလည်း မမှားပါဘူးလေ။ ငါအမြင်ကျဉ်းသွားတာပါ။
ချန်ကျဲ့မှ မေးသည်။
“ဆရာတော်က ဘာဆေးကို ရှာနေတာပါလဲ”
ခဏမျှစဉ်းစားနေပြီးနောက် ဖန်းယင်းယွီမှ ပြန်ပြောသည်။
“ဥာဏ်အလင်းပွင့်ဆေးလုံး”
“ဥာဏ်အလင်းပွင့်ဆေးလုံး”
ချန်ကျဲ့ ရှုပ်ထွေးသွားပြီး ဥာဏ်အလင်းပွင့်ဆေးလုံးမှာ အဘယ်အရာဖြစ်သည်ကို မေးမြန်းခဲ့သည်။
ဖန်းယင်းယွီမှ ရှင်းပြသည်။
“အင်း ဥာဏ်အလင်းပွင့်ဆေးလုံးက မိန်းကလေးဟန်ပြောတာ ဆေးဘုရင်တောင်ကြားမှာ ဥာဏ်အလင်းပွင့်ဆေးလုံးရှိတယ်တဲ့။ အဲဒါကြောင့် ငါလာခဲ့တာ”
ချန်ကျဲ့မှ ထပ်မေးသည်။
“အဲဒီဆေးက ဘယ်လိုဆေးမျိုးပါလဲ”
ဖန်းယင်းယွီမှ ပြောသည်။
“လူတွေကို ပိုဥာဏ်ကောင်းအောင် လုပ်ပေးတဲ့ဆေး”
ချန်ကျဲ့ မျက်မှောင်ကြုတ်သွားရ၏။
“အရူးတစ်ယောက်ကို ပုံမှန်လူဖြစ်အောင် ပြောင်းပေးလား”
ဖန်းယင်းယွီသည် ပြန်မဖြေပေ။ သို့သော် သူ၏တိတ်ဆိတ်မှုသည် ချန်ကျဲ့၏ခန့်မှန်းချက်ကို အတည်ပြုပေးခဲ့သည်။ ချန်ကျဲ့မှ ဆက်ပြောသည်။
“ဆရာတော်က ဒီဆေးကို ဘာအတွက် လိုအပ်တာပါလဲ”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“ဧကရာဇ်တစ်ပါးဖန်တီးဖို့”
သေရည်သောက်ရန်ပြင်နေသည့် ချန်ကျဲ့မှာ ထိုစကားတွင် ပါးစပ်ထဲမှ သေရည်များ ပြန်ထွက်ကျမတတ် ဖြစ်သွားရသည်။
‘ဧကရာဇ်တစ်ပါးဖန်တီးဖို့’တဲ့လား။ ကောင်းလိုက်တဲ့ စကားအသုံးအနှုန်းပဲ။
ချန်ကျဲ့သည် ထိုသို့စကားအသုံးအနှုန်းကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးပေ။
သို့သော် သူ့စိတ်ထဲ ရုတ်တရက် အတွေးတစ်ခုဝင်လာ၏။
လွန်ခဲ့သည့်နှစ်များက လောကနံပါတ်သုံးဖြစ်သည့် ယွမ်စန်းကျားသည် ဘုန်းတော်ကြီးဖန်းသည်လည်း လောကကြီးကို ပြန်ဆင်ဖွဲ့စည်းရန် ပြင်ဆင်နေပုံရသည်ဟု ပြောခဲ့ဖူးသည်။
သို့သော် ဘုန်းတော်ကြီးဖန်းသည် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်ကို အာရုံခံပြီး ကောင်းကင်ဘုံ၏ဗျာဒိတ်တော်ကို ရှာဖွေရန် နှစ်မြှုပ်ထားသည့် ယွမ်စန်းကျားနှင့် လမ်းကြောင်းတူညီဟန် မရချေ။
ယွမ်စန်းကျားသည် လူသုံးယောက်ကို ရှာဖွေခဲ့သည်။ ချန်ကျိုစစ်၊ ကျူးချုံပါးနှင့် ကျန်းကျိုစစ်တို့ဖြစ်သည်။
သို့သော် ဤဘုန်းတော်ကြီးဖန်းသည် မသိရသော တိုင်းတာတွက်ချက်မှုအချို့ဖြင့် ဧကရာဇ်ဖြစ်ရန်ထိုက်တန်သည်ဟု သူယူဆထားသူတစ်ဦးကို ရွေးချယ်ခဲ့သည်။
ဒါပေမဲ့ အဲဒီလူက အရူးတစ်ယောက်တော့ မဖြစ်နိုင်ပါဘူးနော်။
ချန်ကျဲ့သည် ဖန်းယင်းယွီကိုကြည့်ရင်း အတွေးများနေ၏။ ဖန်းယင်းယွီမှ မေးသည်။
“မင်း ဘာတွေကြည့်နေတာလဲ”
ချန်ကျဲ့မှ အံ့အားသင့်စွာဖြင့် မေးမြန်းသည်။
“ဆရာတော်က ဧကရာဇ်တစ်ပါးကို ဘယ်လိုဖန်တီးမှာလဲ”
ဖန်းယင်းယွီမှ ပြုံးလိုက်ပြီး ပြောသည်။
“ငါ လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ဇီဝေးသို့ရှုပညာရပ်(တရုတ်မဟာဘုတ်)မှာ ကျွမ်းကျင်တဲ့ ဇနီးမောင်နှံနှစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့ရဲ့သားက ဧကရာဇ်ကြယ်လွှမ်းမိုးတဲ့ဇာတာပိုင်ရှင်ဖြစ်လိမ့်မယ်လို့ ငါခန့်မှန်းမိခဲ့တယ်”
“နှမြောဖို့ကောင်းတာက အဲဒီအချိန်တုန်းက မိန်ဂိုဏ်းက တော်ဝင်နန်းတော်ကို ဖြုတ်ချပြီး ကိုယ်တိုင်မင်းမူဖို့ ရည်ရွယ်ချက်ရှိနေတာ”
“မိန်ဂိုဏ်းက ဧကရာဇ်အဖြစ် မင်းမူအုပ်ချုပ်နိုင်မယ်လို့ ငါမယုံကြည်ဘူး။ လောင်ဟန်နဲ့ ဖုထုန်တို့က အတွေးအခေါ် အရမ်းရိုးအတယ်။ တိုင်းပြည်တစ်ခုကို ကောင်းကောင်းအုပ်ချုပ်နိုင်ဖို့ဆိုတာ သိုင်းပညာအင်အားကြီးမားတာလေးတစ်ခုနဲ့ မလုံလောက်ဘူး။ အရည်အချင်းလိုအပ်သေးတယ်။ အဲဒါက စာပေပညာရှင်တွေအပေါ် မူတည်တာကွ”
“ငါက မိန်ဂိုဏ်းရဲ့အင်အားကို ဒီလောကရဲ့ စစ်မှန်တဲ့ ဧကရာဇ်ကံကြမ္မာပိုင်ရှင်ကို ထောက်ပံ့ပေးစေချင်တာ။ ဒါပေမဲ့ လောင်ဟန်က သဘောမတူဘူး။ သူကိုယ်တိုင်ပဲ ဘုရင်လုပ်ချင်နေတာ”
“ငါတို့ အငြင်းပွားကြပြီး နောက်တော့ ငါလည်း မိန်ဂိုဏ်းက ထွက်လာခဲ့တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ငါ အဲဒီဇနီးမောင်နှံနဲ့ အမှတ်မထင် ပြန်တွေ့ခဲ့တယ်။ အဲဒီဧကရာဇ်ကြယ်ဇာတာနဲ့သူကိုလည်း ငါအမှတ်ရသွားခဲ့တယ်”
“ငါ သူတို့သားနဲ့ တွေ့ခဲ့တယ်။ အဲဒီသူက ဧကရာဇ်ကြယ်ဇာတာပိုင်ရှင်ဆိုတဲ့အတိုင်း မွေးရာပါ အထက်တန်းလွှာအသွင်အပြင်ရှိတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ သူငယ်ရွယ်စဉ်မှာ အဖျားကြီးခဲ့တာကြောင့် ဦးနှောက်ကို ထိခိုက်သွားခဲ့တယ်”
“အဲဒီတော့ ငါလည်း သူ့ဦးနှောက်ကို ကုသဖို့ကြိုးစားရုံပဲ တတ်နိုင်တယ်။ အများကြီးရှာဖွေစူးစမ်းပြီးတဲ့နောက်တော့ ဆေးဘုရင်လက်အောက် ချန်းချွမ်းတောင်ကြားက ဆင်းသက်လာတဲ့ မှတ်တမ်းတွေထဲမှာ ဥာဏ်အလင်းပွင့်ဆေးလုံးဆိုတဲ့ ဆေးတစ်မျိုးအကြောင်း ဖော်ပြထားတာကို ရှာတွေ့ခဲ့တယ်”
“အဲဒီဆေးက ဥာဏ်ရည်တိုးတက်ကောင်းမွန်စေပြီး ဥာဏ်အလင်းပွင့်စေတဲ့ အာနိသင်ရှိတယ်ဆိုတော့ ငါရှာနေတာနဲ့ အကိုက်ပဲလေ”
ဖန်းယင်းယွီမှ ရှင်းပြသည်။ ချန်ကျဲ့ စိတ်လှုပ်ရှားသွားရ၏။
ဆေးဘုရင်တောင်ကြားမှာ အံ့ဖွယ်ဆေးတွေ ရှိနေတာပါရောလား။ တကယ့်ကို အံ့ဩစရာပါပဲ။
ထို့နောက် ချန်ကျဲ့သည် စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် ဖန်းယင်းယွီကို ပြောသည်။
“ဆရာတော် ဒီလောက်တန်ဖိုးထားတဲ့သူက ဘယ်သူများလဲ။ သူ့ကို ဧကရာဇ်တစ်ပါးအဖြစ် တင်မြှောက်ပေးဖို့အထိ ဆန္ဒရှိနေတာ.. သူ့နာမည်က ဘယ်သူများလဲ”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“သူ့မျိုးရိုးနာမည်က ရွှီ၊ နာမည်က ကျန့်ယီး။ မျိုးရိုးစဉ်ဆက် အထည်အလိပ်ကုန်သည်မိသားစုက ဆင်းသက်လာတဲ့သူပဲ”
“ရွှီကျန့်ယီးလား”
ချန်ကျဲ့ တွေဝေသွား၏။ ဤနာမည်သည် သူအရင်က သိထားခဲ့သည်နှင့် မကိုက်ညီပေ။ မျိုးရိုးအမည်သည်တော့ ကိုက်ညီ၏။
ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် ဖန်းယင်းယွီမှ ပြောသည်။
“နောက်တော့ ငါ သူ့နာမည်ကို ဧကရာဇ်ကြယ်ဇာတာပိုင်ရှင်အဖြစ် ကိုက်ညီမယ့်နာမည် ရွှီရှို့ဟွေးလို့ နာမည်ပြောင်းပေးလိုက်တယ်”
“ရွှီရှို့ဟွေး”
ချန်ကျဲ့ ထိုအမည်ကို ရေရွတ်လိုက်သည်။ သူ၏မျက်နှာထက်တွင် ထုတ်ဖော်မရနိုင်သည့် ခံစားချက်အချို့ ဖြတ်ပြေးသွား၏။ ယခုတွင် လုံးဝ ကိုက်ညီသွားလေပြီ။
တကယ်ကြီး ရွှီရှို့ဟွေးဖြစ်နေတာပဲ။
ထျန်းဝမ်အင်ပါယာ၏ ဧကရာဇ်ပင်။
ချန်ကျဲ့သည် ယွမ်မင်းဆက်နှောင်းပိုင်း၏ သမိုင်းကြောင်းကို ရင်းနှီးကျွမ်းဝင်သည်။ ချန်ယုံလျန့်ပါဝင်နေသည်ဖြစ်ရာ ရွှီရှို့ဟွေး မပါဝင်ခြင်းငှာ မဖြစ်နိုင်ချေ။
သမိုင်းတွင် ရွှီရှို့ဟွေးသည် ဟူပေရှိ အထည်အလိပ်ကုန်သည်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဖန်းယင်းယွိ၏ အကူအညီဖြင့် ထျန်းဝမ်ဟုအမည်ရသည့် အင်ပါယာကို တည်ထောင်ခဲ့သည်။
ထျန်းဝမ်ဟု အဘယ်ကြောင့် ခေါ်ဝေါ်ရသနည်း။ အကြောင်းမှာ ယွမ်မင်းဆက်ဟုခေါ်တွင်သည့် တော်ဝင်နန်းတော်ကို ဖြုတ်ချရန်ရည်ရွယ်ခြင်းဖြစ်ပြီး သူ၏အုပ်ချုပ်မှုစနစ်သည် ယွမ်မင်းဆက်ကို ကျော်လွန်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ကြီးမားသော(大)ဟူသည့် စာလုံးကို စုတ်ချက်တစ်ချက်ပေါင်းထည့်ကာ ထျန်း(天)ဖြစ်လာစေပြီး မူလအစ(元)ဟူသည့် စာလုံးထက်တွင် ခေါင်မိုးစုတ်ချက်(宀)ထည့်ကာ ပြီးဆုံးခြင်း၊ပြည့်စုံခြင်းဟု အဓိပ္ပာယ်ရသည့် ဝမ်(完)ဖြစ်လာစေသည်။ သို့ဖြင့် ထျန်းဝမ်အင်ပါယာဟူသည့်အမည် ဖြစ်တည်လာခဲ့သည်။
(တရုတ်စာတွေ ပါတိုင်း AI စာစဉ်မဟုတ်ပါ။ ဘာသာပြန်သူဆရာမက သေချာလေ့လာပြီး မျက်လုံးထဲ မြင်စေရန် ထည့်ပေးထားခြင်း ဖြစ်ပါတယ်)
ဟန်လင်အာသည် မြောက်ပိုင်းဦးဆောင်းနီစစ်တပ်၏ခေါင်းဆောင်ဖြစ်လျှင် တောင်ပိုင်းဦးဆောင်းနီစစ်တပ်၏ ခေါင်းဆောင်သည် ရွှီရှို့ဟွေးဖြစ်လိမ့်မည်။
ထို့ပြင် ရွှီရှို့ဟွေး၏လက်အောက်၌ စစ်သူကြီးနှစ်ဦးရှိသည်။ တစ်ဦးမှာ နီဝမ်ကျွင့်ဖြစ်ပြီး ကျန်တစ်ဦးမှာ မျိုးရိုးအမည်ချန်၊ အမည် ယုံလျန့်ဖြစ်သည်။
ဟုတ်ပါ၏။ ထိုသူမှာ ချန်ကျိုစစ်ပင်။
ချန်ကျဲ့ သမိုင်းမှတ်တမ်းများကို ပြန်စဉ်းစားကြည့်လိုက်သည်။ ဤအပြိုင်ကမ္ဘာ သာ့ချန်တိုင်းပြည်ကြီး၏ သမိုင်းကြောင်းသည် မူလကမ္ဘာ၏သမိုင်းကြောင်းနှင့် အတိအကျ မတူညီနိုင်သော်ငြား ကိုးကားမှီငြမ်းချက်တော့ ရှိပေသည်။
ထို့ပြင် ပိုအရေးကြီးသည့်အချက်မှာ…
နောက်ဆုံးတွင် ရွှီရှို့ဟွေးသည် ချန်ယုံလျန့်၏ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုအကြောင်းအရာသည် ချန်ယုံလျန့်အတွက် တစ်ဘဝလုံးစာ ပြစ်တင်ဝေဖန်ခံရသည့် အကြောင်းအရာဖြစ်ခဲ့သည်။ ချန်ယုံလျန့်၏ နောက်ဆုံးတိုက်ပွဲဖြစ်သည့် ကျူးယွမ်ကျန်းနှင့် တိုက်ပွဲတွင်လည်း သူ၏ တစ်ချိန်က ဘုရင်ကိုလုပ်ကြံသတ်ဖြတ်သူဟူသည့် ဂုဏ်ပုဒ်ကြောင့် ရှုံးနိမ့်ခဲ့ရလေသည်။