အခန်း ၇၃၃
Vol. 63 Ch. 733
အခန်း ၇၃၃
ထိုအချိန်မှစတင်၍ ချန်ယုံလျန့်သည် လူများစွာတို့၏ အထင်သေးစက်ဆုပ်ခြင်းခံခဲ့ရကာ နောက်ဆုံးတွင် လူများသည် ချန်ယုံလျန့်ကို စွန့်ပစ်၍ ကျူးယွမ်ကျန်းဘက်သို့ ကူးပြောင်းသွားကြသည်။
ထိုသို့ကူးပြောင်းသူများထဲတွင် အထင်ရှားအကျော်ကြားဆုံးသူမှာ ဖုယုံသယ်ဖြစ်သည်။
ချန်ကျဲ့သည် သမိုင်းမှတ်တမ်းများကို ပြန်စဉ်းစားကြည့်ရာ ဤအချက်ကို ဦးစွာတွေးမိခဲ့၏။
နီဝမ်ကျွင့်သည် ရွှီရှို့ဟွေးကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ သို့သော် ရွှီရှို့ဟွေးမှ သိသွားသဖြင့် နီဝမ်ကျွင့်သည် ချန်ယုံလျန့်ထံ ထွက်ပြေးခိုလှုံခဲ့သည်။ သို့သော် မကြာမီတွင်ပင် ချန်ယုံလျန့်သည် နီဝမ်ကျွင့်ကိုသတ်၍ နီဝမ်ကျွင့်၏ဦးခေါင်းကို ရွှီရှို့ဟွေးထံ ဆက်သခဲ့သည်။
ရွှီရှို့ဟွေးသည် အလွန်စိတ်ကျေနပ်လျက် ချန်ယုံလျန့်ကို နိုင်ငံတော်စီမံခန့်ခွဲရေးအမတ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ သို့သော် မကြာမီတွင် ချန်ယုံလျန့်သည် ထီးနန်းလုခဲ့သည်။
နောက်ဆုံးတွင်တော့ ချန်ယုံလျန့်သည် ပြင်းထန်လွန်းစွာသော ပြစ်တင်ဝေဖန်မှုများ၊ ဆန့်ကျင်မှုများကို ရင်ဆိုင်ကာ ရွှီရှို့ဟွေးကို ကွပ်မျက်ခဲ့သည်။
သို့ဖြင့် ချန်ယုံလျန့်သည် ဘုရင်ကိုလုပ်ကြံသတ်ဖြတ်မှုဖြင့် ထိုခေတ်ကာလ၏ အထင်သေးစက်ဆုပ်ခံရသူဖြစ်လာခဲ့သည်။
အနာဂတ်အကဲဖြတ်သုံးသပ်ချက်များတွင်မူ ချန်ယုံလျန့်၏ နိုင်ငံရေးဆောင်ရွက်ချက်များသည် ရင့်ကျက်မှုမရှိ၊ ထီးနန်းလုယူခြင်းသည်လည်း ကိစ္စတစ်ရပ်ဖြစ်သော်ငြား ရွှီရှို့ဟွေးကို သတ်ဖြတ်ခြင်းငှာ မလိုအပ်ဟု သုံးသပ်ကြသည်။ ထိုလုပ်ဆောင်ချက်သည် ရွှီရှို့ဟွေး၏ ထိပ်တန်းစစ်သူကြီးများဖြစ်သည့် ဖုယုံသယ်နှင့် တင်းဖူလန်ကဲ့သို့လူများကို စွန့်ခွာသွားစေခဲ့သည်။ ‘
ချန်ယုံလျန့်သည် တကယ်လည်း အလွန်အဆင်အခြင်မဲ့ ပြုမူလွန်းသည်ဟု ချန်ကျဲ့လည်း ခံစားမိသည်။ သူ၏ရည်ရွယ်ချက်သည် ဧကရာဇ်တစ်ပါးဖြစ်ရန်ပင်။ ရွှီရှို့ဟွေးကို အနိုင်ယူပြီးပါက အကျဉ်းချထားနိုင်၏။ အချိန်အနည်းငယ်ကြာပြီးနောက်မှ အဆိပ်ခတ်သည်ဖြစ်စေ၊ တခြားနည်းလမ်းတစ်ခုခု အသုံးပြု၍ဖြစ်စေ တိတ်တဆိတ် သတ်ဖြတ်နိုင်ပေသည်။
ရွှီရှို့ဟွေးကို ကွပ်မျက်ခြင်းကဲ့သို့ ပြင်းထန်သည့်နည်းလမ်းမျိုးဖြင့် သူ့ကိုယ်သူ ဘုရင်ကိုလုပ်ကြံသတ်ဖြတ်သူဟူသည့် နှစ်ထောင်ချီကြာမြင့်သည့်တိုင် ဖျောက်ဖျက်မရနိုင်မည့် အမည်ဆိုးထင်ကျန်အောင် ပြုလုပ်ရန် မလိုအပ်ပေ။
ချန်ကျဲ့တွေးနေစဉ် ဖန်းယင်းယွီမှ ဗလုံးဗထွေးဖြင့် ပြောသည်။
“ညီနောင်ကျိုစစ် မင်းအစ်ကိုနီဆီက စာကို မင်းအခုထိ မဖတ်ရသေးဘူးနော်။ ဖတ်လိုက်ဦးလေ။ ငါတို့ နောက်မှ စကားဆက်ပြောကြတာပေါ့”
ထိုအခါ ချန်ကျဲ့ အမြန်ပြန်ပြောလိုက်သည်။
“ဟုတ်သား၊ ကျွန်တော် ဆရာတော်နဲ့ စကားပြောနေတာနဲ့ စာကို မေ့သွားတော့မလို့”
ထို့နောက် ချန်ကျဲ့ စာကို ချက်ချင်းဖွင့်ဖတ်သည်။
(ညီနောင်ကျိုစစ်)
(ငါတို့ မျန့်ရွှေမှာ လမ်းခွဲသွားပြီးကတည်းက ငါ အမြဲ မင်းအကြောင်း စဉ်းစားနေတာ။ ဒီနေ့ အစ်ကိုဖန်းနဲ့ စကားပြောဖြစ်တော့ ငါ မင်းကို ပိုလို့တောင် သတိရမိသွားတယ်)
(မင်းအခု ဘယ်လိုနေနေပြီလဲ ငါမသိဘူး။ ငါ့မှာ အလုပ်တာဝန်တွေရှိနေတော့ ငါ မင်းကို လာမတွေ့နိုင်ဘူး။ နှမြောတသဖြစ်မိပါတယ်)
(ဒါပေမဲ့ အစ်ကိုဖန်းက မျန့်ရွှေကိုသွားမယ်ဆိုတော့ မင်းကိုသတိရကြောင်းဖော်ပြဖို့အတွက် ဒီစာကို ထည့်ပေးလိုက်ပါတယ်)
(ပြီးတော့ အစ်ကိုဖန်းက လတ်တလော အရည်အချင်းရှိတဲ့သူတွေကို ရှာနေတာ ငါမင်းကိုပဲ ချက်ချင်းတွေးမိသွားတယ်။ ငါနဲ့ အစ်ကိုဖန်းက ကိစ္စကြီးတစ်ခုလုပ်ဖို့ စီစဉ်နေကြတာ။ မင်းစိတ်ဝင်စားမလား ငါသိချင်တယ်)
(မင်းစိတ်ဝင်စားရင် အစ်ကိုဖန်းနဲ့အတူ လိုက်ခဲ့လိုက်ပါ။ ငါတို့ညီနောင်တွေ အတူသောက်စားရင်း စကားပြောကြတာပေါ့)
(မင်းမှာ တခြားအစီအစဉ်ရှိနေရင်တောင် အစ်ကိုဖန်းကို ယုံကြည်လို့ရပါတယ်။ အစ်ကိုဖန်းက လူကောင်းတစ်ယောက်ပါ။ မင်းမှာ အခက်အခဲတစ်ခုခုရှိခဲ့ရင် အစ်ကိုဖန်းနဲ့ တိုင်ပင်လို့ရတယ်)
(ငါ မင်းနဲ့ မကြာခင်တွေ့ပြီး သေရည်အတူသောက်ရဖို့ မျှော်လင့်ပါတယ်။ ငါတို့နောက်တစ်ကြိမ်ပြန်တွေ့တဲ့အခါ အထင်ကြီးစရာလူဖြစ်နေရမယ်ဆိုတဲ့ မင်းရဲ့ကတိကို ငါမှတ်မိသေးတယ်)
(မင်းအခု ဘယ်လိုအဆင့်အတန်းထိ ရောက်နေခဲ့ပြီလဲ ငါသိချင်တယ်…)
(မင်းရဲ့အစ်ကိုကြီး နီဝမ်ကျွင့်)
စာဖတ်လိုက်သည်တွင် ချန်ကျဲ့၏စိတ်နှလုံးထဲ နွေးထွေးသွားရသည်။
အစ်ကိုနီက တကယ် စကားပြောကောင်းတာပဲ။
တကယ်တော့ ချန်ကျဲ့သည်လည်း နီဝမ်ကျွင့်ကို သတိရမိပြီး အတူတကွ သေရည်သောက်ကာ စကားပြောချင်ပေသည်။
ဖန်းယင်းယွီမှ ချန်ကျဲ့ကို ပြောသည်။
“ညီနောင်ကျိုစစ် နီဝမ်ကျွင့်က ငါ့ကို အစ်ကိုကြီးလို့ခေါ်တယ်။ မင်းက သူ့ကို အစ်ကိုကြီးလို့ခေါ်တယ်။ အဲဒီတော့ ငါကလည်း မင်းရဲ့အစ်ကိုကြီးပဲ။ မင်းမှာ ငြင်းစရာရှိသလား”
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုဖန်းလို အစ်ကိုကြီးတစ်ယောက်ရှိနိုင်တာက ကျွန်တော့်အတွက် ကံကောင်းခြင်းပါပဲ”
ဖန်းယင်းယွီမှ ပြောသည်။“ကောင်းတယ်။ မင်းက ငါနဲ့ အတော်ကိုက်တယ်။ အပိုတွေပြောမနေဘူး၊ တည့်တိုးပဲ။ ငါကြိုက်တယ်”
ထို့နောက် ဖန်းယင်းယွီမှ ချန်ကျဲ့ကို မေးသည်။
“အဲဒီတော့ မင်း ငါ့ရဲ့အရိမေတ္တယျဂိုဏ်းကို ဝင်ဖို့ဆန္ဒရှိသလား။ ငါဂိုဏ်းမှာ စီမံခန့်ခွဲမယ့်သူလိုနေတယ်”
ချန်ကျဲ့မှ မေးသည်။
“ဆရာတော် ဒီစီမံခန့်ခွဲသူရာထူးက အတိအကျ ဘာလုပ်ရမှာလဲ”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“ညီနောင်ကျိုစစ် ငါ့ရည်ရွယ်ချက်က ဧကရာဇ်တစ်ပါးတည်ထောင်ဖို့ဆိုတာ မင်းလည်း သိနေပြီပဲ။ ဒီစီမံခန့်ခွဲသူက နောက်ဆုံးကျ အင်ပါယာကြီးရဲ့ အမတ်ချုပ်ကြီးဖြစ်လာမှာ။ ဧကရာဇ်လက်အောက်က အင်အားအကြီးဆုံး၊ လူတစ်သောင်းအထက်မှာ ရပ်တည်ရမယ့်သူပေါ့”
ဖန်းယင်းယွီ၏ ကမ်းလှမ်းချက်သည် အမှန်တကယ်ပင် မက်မောဖွယ်ကောင်းကြောင်း ချန်ကျဲ့ ဝန်ခံရပေမည်။
ထို့ပြင် အင်ပါယာကြီးကို အရည်အချင်းရှိသူများ စုဆောင်း၍ ဖြည့်ဆည်းဦးမည်။ တောင်ပိုင်းဦးပေါင်းနီစစ်တပ် အရိမေတ္တယျဂိုဏ်း၊ ဂိုဏ်းခေါင်းဆောင်ဖန်းသည် လောကနံပါတ်၆အဆင့်ဖြစ်သည်။ လက်ရှိတွင် ချန်ကျဲ့သည် ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး အင်အားအရာမှာ တတိယတန်းစားအဖြစ် သတ်မှတ်ရန်ပင် ခက်ခဲ၏။
အင်ပါယာကြီးတစ်ခု၏ အမတ်ချုပ်ရာထူးနှင့် နှိုင်းစာသော် သူသည် သာမညောင်ညလေးသာ ဖြစ်သည်။ ဖန်းယင်းယွီသည် အမှန်တကယ် ရိုးသားသည်ဟု ဆိုနိုင်ပေသည်။
ဤသို့ကမ်းလှမ်းမှုသည် ဖန်းယင်းယွီ၏ နီဝမ်ကျွင့်အပေါ် ယုံကြည်မှုကိုလည်း ထင်ဟပ်ပြသနေသည်။ သို့သော် ချန်ကျဲ့ ဤကမ်းလှမ်းမှုကို လက်မခံနိုင်ပေ။ ဧကရာဇ်သည် ရွှီရှို့ဟွေးဖြစ်နေလေရာ ချန်ကျဲ့သည် သဘောတူရန် တွန့်ဆုတ်နေခဲ့သည်။
ဤကမ္ဘာတွင် ဝဋ်ကြွေးကံကြမ္မာလည်ပတ်မှု ရှိ၊မရှိကို ချန်ကျဲ့ မသိထားပေ။
အနာဂတ်တွင် သူ ရွှီရှို့ဟွေးကို ရင်ဆိုင်တိုက်ခိုက်ရမည်အား ချန်ကျဲ့ စိုးရိမ်သည်။ ရွှီရှို့ဟွေးကို သတ်လိုက်ပါက ဘုရင်ကိုလုပ်ကြံသတ်ဖြတ်သည့် အမည်ဆိုးကြီးကို သူထမ်းပိုးရတော့မည် မဟုတ်ပါလော။
ထိုသို့တွေးလျက် ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုဖန်းရဲ့ ကမ်းလမ်းမှုကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အရိမေတ္တယျဂိုဏ်းထဲတော့ မဝင်တော့ပါဘူး”
ဖန်းယင်းယွီသည် အံ့ဩမသွားဘဲ အရေးမထားဟန် ပြောလာသည်။
“အို ကိစ္စမရှိပါဘူး။ ငါက ဒီတိုင်းမေးကြည့်ရုံပါ။ ငါတို့ရဲ့ညီနောင်ဆက်ဆံရေးကို ဘာမှမသက်ရောက်ပါဘူး”
ထိုတုံ့ပြန်မှုကြောင့် ချန်ကျဲ့ အံ့ဩသွားရပြီး မေးလိုက်သည်။
“အစ်ကိုဖန်းက ကျွန်တော်ဘာလို့ ငြင်းလဲဆိုတာ မသိချင်ဘူးလား”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“ညီနောင်ကျိုစစ် ငါ မျက်နှာဖတ်နိုင်တယ်ဆိုတာ မင်းသိသလား”
ချန်ကျဲ့ တွန့်ဆုတ်သွားလျက် မေးသည်။
“အစ်ကိုဖန်းက ကျွန်တော့်မျက်နှာမှာ ဘာမြင်ခဲ့လို့လဲ”
ဖန်းယင်းယွီမှ ပြောသည်။
“မင်းရဲ့မျက်နှာအသွင်အပြင်က မူလကဖော်ပြတာတော့ လောဘကြီးတဲ့ဝံပုလွေပဲ။ စစ်ပွဲအရာမှာ ကျွမ်းကျင်ပြီး သူတစ်ပါးလက်အောက်ခံလုပ်ဖို့ ဆန္ဒမရှိဘူး။ လိမ်လည်လှည့်ဖျားတတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့သဘာဝ ရှိနိုင်ခြေရှိတယ်”
“ဒါပေမဲ့ မင်းရဲ့ဝိဥာဉ်မှာတော့ လောဘကြီးတဲ့ဝံပုလွေ လွင့်ပါးနေပုံရှိတယ်။ အဲဒါကြောင့် မထင်မှတ်ဘဲ ကံကောင်းမှုကြီးဖြစ်လာတယ်။ ဒီလိုဘဝလက္ခဏာမျိုးက ငါ့ရဲ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်။ ဒါပေမဲ့ မင်းရဲ့ ယေဘုယျကံကြမ္မာကိုတော့ ဗဟိုနန်းတော်က လောဘကြီးတဲ့ဝံပုလွေက လွှမ်းမိုးထားတုန်းပဲ။ ပြောင်းလဲမှုတွေရှိပေမဲ့ အဲဒီအပြောင်းအလဲတွေက သေးငယ်နေတယ်။ အဲဒါကြောင့် မင်းရဲ့အနာဂတ်က ဘုရင်မဟုတ်ရင် အမတ်ကြီးတစ်ယောက်ပဲ ဖြစ်လိမ့်မယ်”
“ဒါက တခြားသူကို နှိမ့်ချနာခံမှုမရှိတဲ့ မျက်နှာပိုင်ရှင်တွေအတွက် ပုံသေပဲ။ အဲဒါကြောင့် မင်းသဘောမတူတာက ပုံမှန်ပါပဲ”
ဖန်းယင်းယွီ၏ စကားအားလုံးကို နားမလည်သော်ငြား လောဘကြီးသည့်ဝံပုလွေ၏ အနှစ်ချုပ်ကိုဖြင့် ချန်ကျဲ့ ဖမ်းမိလိုက်သည်။ သူ၏ စစ်ပွဲနှင့် မလွှဲရှောင်နိုင်ခြင်းကို ဟောကိန်းထုတ်နေသည့် စစ်ပွဲကိုညွှန်ပြသည့်ကြယ်၊ လောဘကြီးသည့်ဝံပုလွေတို့ကို ချန်ကျဲ့သိပါ၏။
ချန်ကျဲ့ တိတ်ဆိတ်နေခဲ့သည်။ ထိုစဉ် ဖန်းယင်းယွီသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ရင်း ပြောသည်။
“ကျိုစစ် ငါ စာကို မင်းလက်ထဲ ပေးခဲ့ပြီးပြီ။ မင်းကို ငါ့ညီနောင်အဖြစ်လည်း အသိအမှတ်ပြုတယ်။ ကျန်တာတွေကို ဘာမှစိုးရိမ်မနေနဲ့။ ဒီလောကကြီးဆိုတာ သေရည်တစ်အိုးလေးပါပဲ။ ငါတို့ရဲ့ အတူသောက်နိုင်စွမ်းက ကံကြမ္မာပဲ။ အေ့.. ငါသွားပြီ။ မင်းရဲ့သေရည်က အရမ်းကောင်းတယ်။ အခွင့်အရေးရတဲ့အခါ ငါ့ကို ပို့ပေးလှည့်ဦး”