အခန်း ၇၃၅
Vol. 63 Ch. 735
အခန်း ၇၃၅
ဤသို့ အမတတစ်ပါးအလား ပုဂ္ဂိုလ်မျိုးမှာ ကောင်းကင်ဘုံထက်ပင် သာလွန်၏။
ထိုသို့တွေးလျက် ပါးထန်မှ ပြောသည်။
“မန်အာ မြန်မြန်၊ တန်ဖိုးကြီးလက်ဆောင်တွေပြင်ပြီး ငါနဲ့အတူ ဘုန်းတော်ကြီးဖန်းကို သွားတွေ့မယ်”
ယွီမန်အာလည်း အံ့ဩနေ၏။ ဤသိုင်းလောကအထင်ကရပုဂ္ဂိုလ်ကြီးကို သူမလည်း သိပါသည်။ ယွီမန်အာမှ ချက်ချင်း ပြန်ပြောသည်။
“သခင်ကြီး မျန့်ရွှေစီရင်စုရာဇဝတ်တရားသူကြီးထန်ဝမ့်နျန်က ခုနလေးကပဲ လက်ဆောင်တစ်ခု ပို့လိုက်ပါတယ်။ ကျွန်မတော့ အဲဒီလက်ဆောင်ကို အတော်လေး စိတ်တိုင်းကျတယ်။ ဘုန်းတော်ကြီးဖန်းကို အဲဒီလက်ဆောင်ပဲ ပေးလိုက်ကြမလား”
“ကောင်းတယ် ကောင်းတယ်။ မြင်းတွေ အသင့်ပြင်လိုက်”
“ဟုတ်ကဲ့”
ယွီမန်အာသည် မြင်းပြင်ဆင်ရန် ချက်ချင်း ထွက်သွားခဲ့သည်။ အပြင်တွင် မိုးအသည်းအထန်ရွာနေသည့်တိုင် ပါးထန်၏ စိတ်နှလုံးမှာတော့ မတည်ငြိမ်နိုင်ဖြစ်နေခဲ့သည်။
…
ယီးဟုန်ဂေဟာ၏ အနောက်ဘက်ခြံဝင်း၌ ယွီမေ့ဇစ်သည် အနားယူရင်း ဒိန်ချဉ်ခဲအချို့ကို စားလိုက်သည့်တိုင် စိတ်အခြေအနေမကောင်းနိုင်သေးပေ။ ယွီမေ့ဇစ်မှ ပြောသည်။
“အဲဒီချန်ကျိုစစ်က စည်းမျဉ်းဥပဒေမရှိဘူး။ စောင့်နေလိုက်၊ ငါ အခွင့်အရေးရတာနဲ့ သူ့ကို တန်ကြေးကို သွေးနဲ့ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်”
ထိုအခါ ဟန်ဟယ်နှင့်ဟန်လျန်တို့သည် အပြန်အလှန် အကြည့်ဖလှယ်လိုက်ကြသည်။
သူတို့နှစ်ယောက် တစ်ခုခုပြန်ပြောတော့မည်တွင် လူတစ်ယောက် အလျင်စလို ပြေးဝင်လာ၏။ ယွီမေ့ဇစ်၏ အနီးကပ်အစောင့်ပင်။
ထိုလူသည် အပြေးဝင်ရောက်လာပြီး ပြောသည်။
“ဒုခန်းမအရှင်သခင် ကိစ္စကြီး ကိစ္စကြီးဖြစ်နေပါပြီ”
ယွီမေ့ဇစ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ဘာကိစ္စလဲ ပြောစမ်း”
ထိုအခါ အစောင့်မှ ပြောသည်။
“ဘုန်းတော်ကြီးဖန်း… ဘုန်းတော်ကြီးဖန်း မျန့်ရွှေကို ရောက်နေပါတယ်”
“ဘယ်သူလို့ပြောလိုက်တယ်”
ယွီမေ့ဇစ်သည် အချိန်တစ်ခုကြာ မင်သက်သွားခဲ့လျက် ထို့နောက်တွင် ထိုင်နေရာမှ ထရပ်လိုက်သည်။
“ဘုန်း… ဘုန်းတော်ကြီးဖန်း ဖန်းယင်းယွီ”
“ဟမ်…”
ထိုစကားတွင် ဟန်ဟယ့်နှင့်ဟန်လျန်လည်း ပင့်သက်ရှိုက်မိလိုက်ကြသည်။ သူတို့သည် အပြန်အလှန် ကြည့်လိုက်မိကြ၏။
ဖန်းယင်းယွီဆိုတာ ဘယ်သူမလို့လဲ။ မိန်ဂိုဏ်းတမန်တော်သုံးပါးထဲက တစ်ပါးလေ။ မိန်းဂိုဏ်းရဲ့အမှတ်သင်္ကေတပဲ။
ဂိုဏ်း၏ ဒီနေ့ဒီအချိန်အထိ ရပ်တည်နိုင်ခြင်းတွင် တစ်ချိန်က တမန်တော်သုံးပါး၏ ဂုဏ်သတင်းသည် အများကြီးအကျိုးသက်ရောက်မှုရှိပေသည်။ ယခုတွင် ထိုတမန်တော်ကြီးတစ်ပါးသည် မျန့်ရွှေသို့ရောက်ရှိနေလေရာ သူတို့အား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားစေလေသည်။
သူတို့သည် အချိန်တစ်ခုအထိ အံ့အားသင့်လျက် တစ်ယောက်တစ်ပြန် ကြည့်နေမိကြသည်။
“မင်းပေါက်ကရတွေပြောနေတာပဲ။ မင်း ငါတို့ကိုလိမ်နေတာမလား”
ယွီမေ့ဇစ်သည် မယုံကြည်နိုင်သေးပေ။ ထိုအခါ သတင်းလာပို့သည့်အစောင့်မှ ချက်ချင်း ပြန်ပြောသည်။
“လုံးဝ သေချာပါတယ်။ ဒုခန်းအရှင်သခင်ရဲ့အမိန့်အတိုင်း ကျွန်တော်တို့လူတွေက ငါးဖမ်းကုန်သည်အဖွဲ့ချန်ကျိုစစ်ကို စောင့်ကြပ်နေခဲ့တာပါ။ အဲဒီမှာ ချန်ကျိုစစ်က မထင်မှတ်ဘဲ ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတယ်လေ”
“ကျွန်တော်တို့လည်း ဝယ်သူယောင်ဆောင်ပြီး ဆိုင်ထဲလိုက်ဝင်ခဲ့တယ်။ နောက်တော့ ဘုန်းတော်ကြီးဖန်းနဲ့ ချန်ကျိုစစ်နဲ့ အတူသေရည်သောက်ရင်း ပျော်ပျော်ပါးပါး စကားပြောနေကြတာကို တွေ့လိုက်ရတာပဲ။ ကျွန်တော်ကြားခဲ့တာ ချန်ကျိုစစ်က ဘုန်းတော်ကြီးဖန်းကို အစ်ကိုဖန်းလို့တောင် ခေါ်နေသေးတယ်”
“ဘာ”
ယွီမေ့ဇစ်၊ ဟန်ဟယ့်နှင့် ဟန်လျန်တို့သုံးဦးစလုံး မျက်လုံးပြူးသွားကြတော့သည်။
ဖန်းယင်းယွီသည် မိန်ဂိုဏ်း၏ နတ်ဘုရားလိုဖြစ်တည်မှု၊ မိန်ဂိုဏ်း၏တမန်တော်တစ်ပါးဖြစ်ပြီး ဂိုဏ်းသားအားလုံး၏ ရိုသေလေးစားမှုခံရသူဖြစ်သည်။
ယွီမေ့ဇစ်၏အမြင်တွင် ချန်ကျိုစစ်သည် အလွန်မောက်မာထောင်လွှားသည့် ကုန်သည်အဖွဲ့လေးတစ်ခု၏ ပုရွက်ဆိတ်ကဲ့သို့ လူတစ်ယောက်သာ ဖြစ်သည်။
ဟန်ဟယ့်၏အမြင်တွင် ချန်ကျိုစစ်သည် အရည်အချင်းရှိသည့် သာမန်လူတစ်ယောက်ဖြစ်သည်။
သို့သော် သူတို့မည်မျှ ဦးနှောက်ကို ခြစ်ထုတ်စဉ်းစားပါစေ ချန်ကျိုစစ်ကဲ့သို့လူတစ်ယောက်သည် ဖန်းယင်းယွီကဲ့သို့ နတ်ဘုရားအလားပုဂ္ဂိုလ်ကြီးကို အစ်ကိုဖန်းဟု ခေါ်ဝေါ်ရန် မဆိုထားနှင့် အဆက်အသွယ်ရှိနေမည်ဟုပင် စိတ်ကူးပုံဖော်မရပေ။
ဘယ်လိုလူက ဖန်းယင်းယွီကို အစ်ကိုလို့ ခေါ်ဝေါ်နိုင်မှာလဲ။ ဖန်းယင်းယွီဆိုတာ မိန်ဂိုဏ်းချုပ် ထာဝရတည်မြဲဘုရင် ဟန်ရှန်းထုန်နဲ့ ညာတမန်တော် ယွိရှန်းဘုန်းတော်ကြီး လျိုဖုထုန်နဲ့ တစ်တန်းတည်းလို့ သတ်မှတ်ရတဲ့သူလေ။
ဘုန်းတော်ကြီးဖန်းကို အစ်ကိုလို့ခေါ်ဖို့ဆို အနည်းဆုံးတော့ ဓမ္မရာဇာတစ်ပါးဖြစ်သင့်တယ်မဟုတ်လား။
အဲဒါကို ချန်ကျိုစစ်က ဘုန်းတော်ကြီးဖန်းကို အစ်ကိုဖန်းလို့ ခေါ်တယ်ပေါ့လေ။ ဘာလို့လဲ ဘာလို့လဲ။
ယွီမေ့ဇစ်သည် သူ၏ကမ္ဘာကြီး အထက်အောက်ပြောင်းပြန်လန်သွားသည့်အလား ခံစားနေရသည်။ ဟန်ဟယ့်သည် အံ့အားသင့်စွာ နှုတ်ခမ်းကို ဖိကိုက်ထားကာ ဟန်လျန်သည်တော့ စားလက်စ ပန်းကိတ်မုန့်များကို မျိုချရန် မေ့လျော့လျက် ပါးစပ်အဟောင်းသားလေး ဖြစ်နေသည်။
သုံးဦးသားမှာ လှုပ်ရှားမှုရပ်တန့်စေသည့်မန္တာန်မိထားသည့်အလားပင်။
သူတို့ကြားခဲ့ရသည့် သတင်းစကားမှာ ရွာငယ်လေး၏ ကုန်စုံဆိုင်ပိုင်ရှင်မှ ကမ္ဘာအချမ်းသာဆုံးလူကို အစ်ကိုကြီးဟု ခေါ်လိုက်ခြင်းအလား မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။
အလွန်မယုံကြည်နိုင်ဖွယ်ကောင်းသည့် စိတ်ချောက်ချားဖွယ်ရာ သတင်းစကားပင်။
ဤသတင်းစကားသည် သူတို့၏ လောကကြီးအပေါ် ရှုမြင်မှုပုံစံကို အဆုံးသတ်သွားခဲ့သည်။ အချိန်တစ်ခုကြာ မင်သက်ဆွံ့အမှုပြီးနောက်၌ ဟန်ဟယ့်သည် ပထမဆုံး အသိပြန်ကပ်သွားခဲ့ကာ ပြောသည်။
“ဒုခန်းမအရှင်သခင် ကျွန်မတို့ ဘုန်းတော်ကြီးကို သွားဂါရဝပြုသင့်တယ်”
ထိုအခါ ငတုံးတစ်ယောက်ကဲ့သို့သော ယွီမေ့ဇစ်သည်ပင် မှန်ကန်စွာ တုံ့ပြန်လာသည်။
ဟုတ်တယ်။ ငါတို့ရဲ့တမန်တော်ကို သွားဂါရဝပြုသင့်တယ်။
ယွီမေ့ဇစ်မှ ပြောသည်။
“မြင်းပြင် မြင်းပြင်လိုက်”
ထို့နောက် ဟန်ဟယ့်နှင့်အတူ ထွက်ခွာခဲ့ကြသည်။ ဟန်ဟယ့်သည် သူမ၏သရုပ်မှန်ကို လူသိသွားမည်အား မကြောက်ရွံ့တော့ပေ။ ဆေးဘုရင်တောင်ကြားသို့ ခရီးစဉ်တွင် သူမ ပါဝင်မည်ဖြစ်ရာ သူမ၏သရုပ်မှန်ကို သံသယဝင်ကြတော့မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် မျန့်ရွှေစီရင်စုမှ ထွက်သွားရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ယီးဟုန်ဂေဟာ၏ ပိုင်ဆိုင်မှုများကိုလည်း အားလုံးရှင်းလင်းပြီးသလောက် ရှိပေပြီ။
သို့ဖြင့် သူတို့သည် မိုးသည်းထဲတွင် လမ်းမကြီးဆီသို့ ချီတက်ထွက်ခွာလာခဲ့ကြသည်။
သို့သော် ဘုန်းတော်ကြီးဖန်းဆီ ထွက်ခွာလာသည့် အုပ်စုသုံးစုစလုံးတွင် တူညီသည့် မေးခွန်းတစ်ခုရှိနေ၏။ ချန်ကျိုစစ်သည် အဘယ်သို့များ ဖန်းယင်းယွီနှင့် အဆက်အသွယ်ရှိသွားရသနည်း။ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးအဆင့်အတန်းများသည် မိုးနှင့်မြေတမျှ ကွာခြားလွန်းသည် မဟုတ်ပါလော။
ရွာကုန်စုံဆိုင်လေးတစ်ဆိုင်၏ ပိုင်ရှင်သည် ကမ္ဘာ့အချမ်းသားဆုံးလူနှင့် အဆက်အသွယ်ရှိခြင်းကို မည်သူမျှ ကြားဖူးကြလိမ့်မည် မဟုတ်ပေ။
ထိုသို့မေးခွန်းများဖြင့် လူအုပ်စုကြီးသည် ဖန်းယင်းယွီနားခိုရာ ဇရပ်ဆီသို့ ရောက်လာခဲ့ကြသည်။
ထိုနေရာသည် တိုက်တိုက်ဆိုင်ဆိုင်ပင် သုံးလမ်းခွဆုံဖြစ်နေလေရာ အုပ်စုသုံးစုသည် လမ်းခွသုံးခုမှ အသီးသီးထွက်လာကြာကာ လမ်းဆုံတွင် မျက်နှာချင်းဆိုင်တွေ့ကြတော့သည်။
အုပ်စုသုံးစုသည် အံ့အားသင့်စွာဖြင့် အပြန်အလှန်ကြည့်နေကြ၏။ တစ်ချိန်တည်းတွင် ဤမျှလူအများကြီးရောက်လာမည်ဟု သူတို့ထင်မထားခဲ့ကြပေ။
ယဲ့လုဖုန်းသည် ဟန်ဟယ့်ကိုမြင်သော် မျက်မှောင်ကြုတ်သွား၏။ နောက်ဘက်ရှိ ယွီမေ့ဇစ်ကိုမြင်သောအခါ ယဲ့လုဖုန်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ ယဲ့လုဖုန်းသည် ဘာမှမပြောသော်ငြား သူ၏မျက်နှာထက်တွင် အမျက်ဒေါသထင်ဟပ်နေပေသည်။
ချောင်ဟုန်ယန်ကလည်း မိန်းဂိုဏ်းသားတစ်ယောက်ဖြစ်နေခဲ့တာပဲ။
အားလုံးသည် မိုးရေထဲရပ်လျက် တစ်ဦးကိုတစ်ဦးကြည့်နေကြကာ မည်သူမျှ စကားစမပြောကြချေ။
အုပ်စုသုံးစုသည် ယခုအချိန်မှာ တိုက်ခိုက်နေရမည့်အချိန်မဟုတ်ကြောင်း နားလည်လေရာ အချင်းချင်းကြည့်နေသည့် အကြည့်များကို တံစက်မြိတ်အောက်ထိုင်ကာ သူဖုန်းစားလေးတစ်ယောက်နှင့်အတူ ပေါက်စီထိုင်စားနေသည့် ဖန်းယင်းယွီထံသို့သာ အကြည့်လွှဲလိုက်ကြသည်။
ပေါက်စီကို ပလုတ်ပလောင်းစားနေသည့် သူဖုန်းစားလေးသည် ရုတ်တရက်ကြီး လူအများကြီးရောက်လာသည်ကို မြင်သောအခါ မျက်လုံးအပြူးသားလေးနှင့် ကြောင်အသွားလေသည်။ ထို့နောက် ဖန်းယင်းယွီကိုလှည့်ကြည့်လိုက်ပြီး ပြောသည်။
“ဆရာတော် ဆရာတော် ပြေးတော့ ပြေးတော့”
ထိုအခါ ဖန်းယင်းယွီသည် ဘာမှပြန်မပြောဘဲ ပြုံးလိုက်သည်။ ထို့နောက် ပြောသည်။
“သူတို့က ငါတို့ကို စားစရာလာပေးတာ။ ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး”
ထိုစဉ် အုပ်စုသုံးစုသည် အသီးသီး မြင်းပေါ်မှ ဆင်းလိုက်ကြပြီး ရှေ့သို့လျှောက်လာကာ အရိုအသေပြုကြသည်။
“ဘုန်းတော်ကြီးဖန်းကို ဂါရဝပြုပါတယ်”
“တမန်တော်ဘုန်းတော်ကြီးဖန်းကို ဂါရဝပြုပါတယ်”