← Chapters

အခန်း ၇၃၆

Vol. 63 Ch. 736

အခန်း ၇၃၆

Vol. 63 Ch. 736

အခန်း ၇၃၆

“ဘုန်းတော်ကြီးဖန်းကို ဂါရဝပြုပါတယ်”

“တမန်တော်ဘုန်းတော်ကြီးဖန်းကို ဂါရဝပြုပါတယ်”

အားလုံးသည် ဖန်းယင်းယွီကို ရိုသေလေးစားစွာ နှုတ်ဆက်ကြသည်။ ထိုအခါ ဖန်းယင်းယွီသည် စားလက်စပေါက်စီကို မျိုချလိုက်ပြီး ပြောသည်။

“မင်းတို့က သတင်းရတာ အတော်မြန်ကြတာပဲ”

ထိုအခါ လူအုပ်သည် တစ်ယောက်တစ်ပြန်ကြည့်လိုက်ကြသော်ငြား ဘာမှမပြောကြပေ။

ဖန်းယင်းယွီမှ ရယ်လိုက်ပြီး ပြောသည်။

“မင်းတို့ တစ်ကြိမ်ကို တစ်ခုပြောလို့ရတယ်။ ပြောကြပါဦး၊ မင်းတို့ ဒီဘုန်းကြီးဆီက ဘာလိုချင်တာလဲ”

ထိုအခါ ပါးထန်သည် ကျောက်ယာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ခရိုင်မင်းသမီး ကြွပါ”

ကျောက်ယာမှ ဘာမှမပြောရသေးခင် တစ်ဖက်ရှိ ယွီမေ့ဇစ်သည် ရုတ်တရက် ဒူးထောက်ချလိုက်၏။

“ဒီနိမ့်ပါးတဲ့ငယ်သားယွီမေ့ဇစ် တမန်တော်ကြီးကို ဂါရဝပြုပါတယ်”

ဖန်းယင်းယွီ ယွီမေ့ဇစ်ကို ကြည့်လိုက်သည်။

“ငါမင်းကို မှတ်မိသလိုပဲ။ မင်းက ရှောင်ဟန်အနားမှာ အမြဲအတူရှိတတ်တဲ့တစ်ယောက်မလား”

“ဟုတ်ပါတယ် အမှန်ပါပဲ။ ကျွန်မက ဓမ္မရာဇာဟန်ရဲ့ အနီးကပ်အစေခံပါ။ ကျွန်မ သခင့်ကိုယ်စား တမန်တော်ကြီးကို ဂါရဝပြုပါတယ်။ လွန်ခဲ့တဲ့၁၃နှစ် တမန်တော်ကြီး မိန်ဂိုဏ်းက ထွက်သွားတုန်းက သခင်က တမန်တော်ကြီးအကြောင်းကို မကြာခဏပြောလေ့ရှိပါတယ်။ သိုင်းလောကက ကျယ်ပြောတာကြောင့် ဆုံတွေ့ဖို့အခွင့်အရေးမရှိခဲ့ပါဘူး။ ဒါပေမဲ့ သခင်ကပြောတယ်၊ ကျွန်မတို့ တမန်တော်ကြီးနဲ့တွေ့တဲ့အခါ သခင့်အစား စကားပါးပေးပါတဲ့”

ဖန်းယင်းယွီမှ ယွီမေ့ဇစ်ကို ပြောသည်။

“အို ဘာများလဲ”

“တကယ်တော့ ဒါက မိန်ဂိုဏ်းချုပ်ရဲ့သဘောဆန္ဒလည်းဖြစ်ပါတယ်။ ဂိုဏ်းချုပ်က ကျွန်မတို့ဓမ္မရာဇာဟန်ကို တစ်ဆင့်ပြန်ပြောစေချင်ခဲ့တာပါ”

ဖန်းယင်းယွီသည် ဘာမှမတုံ့ပြန်ဘဲ ယွီမေ့ဇစ်ကိုကြည့်ကာ သူမ ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေသည်။

ယွီမေ့ဇစ်မှ ပြောသည်။

“သခင်က ပြောပါတယ်၊ မိန်ဂိုဏ်းက လက်ဝဲတမန်တော်ကြီးပြန်အလာကို အမြဲတမ်း စောင့်မျှော်နေပါတယ်။ ဘယ်အချိန်၊ဘယ်နေရာမှာပဲဖြစ်စေ လက်ဝဲတမန်တော်ကြီးက အမြဲတမ်းအတွက် မိန်ဂိုဏ်းရဲ့လက်ဝဲတမန်တော်ကြီးဖြစ်နေမှာပါပဲတဲ့”

“ဟားဟားဟား…”

ထိုအခါ ဖန်းယင်းယွီသည် အားရပါးရရယ်မောတော့သည်။ ထိုရယ်သံကြောင့် ယွီမေ့ဇစ် ကြောက်လန့်သွားရသည်။ အကြောင်းမှာ သူမ ပြောခဲ့သည့်စကားများသည် သူမဘာသာ ထွင်ပြောခဲ့ခြင်းဖြစ်သောကြောင့်ပင်။

ဟန်မြောင်ကျန်းသည် ထိုသို့စကားမျိုးကို တစ်ခွန်းတစ်ပါဒမှ မပြောခဲ့။ ဂိုဏ်းချုပ်သည်လည်း ဖန်းယင်းယွီကို မိန်ဂိုဏ်းသို့ပြန်လာစေလိုသည်ဟူသည့်စကားမျိုး သေချာပေါက် မပြောခဲ့ဖူးပေ။ ထိုစကားအားလုံးသည် ယွီမေ့ဇစ်မှ ခံစားချက်ကိုလှုံ့ဆော်ရန်ရည်ရွယ်ချက်ဖြင့် နေရာတွင် ချက်ချင်းဖန်တီးလိုက်သည့်စကားများသာ ဖြစ်ပေသည်။

ဖန်းယင်းယွီမှ ထိုစကားများကို ယုံကြည်သွားပြီး မိန်ဂိုဏ်းသို့ပြန်လာရန် သူမ မျှော်လင့်သည်။

လက်ဝဲတမန်တော်ကြီးကို ဂိုဏ်းသို့ပြန်လာအောင် စွမ်းဆောင်နိုင်သည့် အကျိုးဆောင်မှုသည် ချန်ကျိုစစ်ကဲ့သို့ ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ရာကို သုတ်သင်ရှင်းလင်းခြင်းထက် အများကြီး သာလွန်သည်။ သို့ဖြစ်ရာ “ဒီနေ့က အခွင့်အရေးဖြစ်နေနိုင်မှတော့ ဘာလို့အခွင့်အရေးကို မဖမ်းဆုပ်ရမလဲ”ဟူသည့် စကားအတိုင်း ယွီမေ့ဇစ်သည် မိန်ဂိုဏ်းအတွက် အကျိုးဆောင်မှုကြီးကို အောင်မြင်စွာလုပ်ဆောင်ရန် ကြံစည်ခဲ့သည်။

ထို့ပြင် ဤကိစ္စ၏ အောင်မြင်နိုင်မည့်ရာခိုင်နှုန်းသည်လည်း မနည်းလှဟု သူမ ခံစားနေရသည်။

မိန်ဂိုဏ်းတမန်တော်သုံးပါးသည် ညီအစ်ကိုများအလား ရင်းနှီးကြကြောင်း လူတိုင်းသိသည်။ ထို့ပြင် သူမ၏သခင်သည် လက်ဝဲတမန်တော်ကြီး၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာသူဖြစ်သောကြောင့် သူတို့၏ဆက်ဆံရေးသည် ထူးကဲနက်ရှိုင်း၏။

သူတို့၏ပတ်သက်ဆက်နွယ်မှုအရ တော်စပ်မှုကဒ်ကို အသုံးပြုခြင်းအားဖြင့် လက်ဝဲတမန်တော်တွင် သံယောဇဉ်ကျန်ရှိနေသေးပါက ဂိုဏ်းချုပ်နှင့် တည်ရှိခဲ့သည့် နှောင်ကြိုးကို လျစ်လျူရှုနိုင်လိမ့်မည် မဟုတ်ပေ။ စိတ်ပြောင်းကောင်း ပြောင်းလဲသွားနိုင်၏။ စိတ်ပြောင်းသွားကာ မိန်ဂိုဏ်းသို့ပြန်လာရန် စိတ်ယိမ်းယိုင်လာနိုင်ပေသည်။

မိန်ဂိုဏ်းတမန်တော်ကြီးတစ်ပါးကို ပြန်ခေါ်လာပေးနိုင်သည့် အကျိုးဆောင်မှုသည် အနည်းဆုံးတော့ အကြီးအကဲရာထူးကို ကမ်းလှမ်းခံရနိုင်ပေသည်။ သို့ဖြင့် ယွီမေ့ဇစ်သည် ကြီးမားသည့်အကျိုးအမြတ်အတွက် တန်ကြေးနည်းနည်းဖြင့် လောင်းကြေးထပ်ခဲ့သည်။

တစ်ဖက်ရှိ ဖန်းယင်းယွီသည်တော့ ဤအစေခံသည် လိမ်ညာနေခြင်းဖြစ်ကြောင်း ချက်ချင်းနားလည်သွားခဲ့သည်။

အထူးသဖြင့် ဂိုဏ်းချုပ်ဟန်ရှန်းထုန်သည်လည်း မိန်ဂိုဏ်းသို့ သူပြန်လာရန် မျှော်လင့်နေပါသည်ဟူသည့်စကားမှာ လုံးဝ မဖြစ်နိုင်ပေ။ သူတို့သည် မိတ်ဆွေကောင်းများဖြစ်ကြသော်ငြား ဤသို့အချိန်မျိုးတွင် ဟန်ရှန်းထုန်မှ သူ့ကို မိန်ဂိုဏ်းသို့ပြန်လာရန် တောင်းဆိုခြင်းဟူသည် မည်သို့မျှ မဖြစ်နိုင်ပေ။

အကြောင်းမှာ သူတို့သည် အတွေးအမြင်ပိုင်းနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ခဲ့ကြသောကြောင့်ပင်။ အတွေးအမြင်ပိုင်းပဋိပက္ခဟူသည် အဘယ်နည်း။

၎င်းသည် ပြန်လည်သင့်မြတ်ရန်မဖြစ်နိုင်သည့် ပဋိပက္ခဖြစ်သည်။ ဖန်းယင်းယွီအနေဖြင့် မိန်ဂိုဏ်းသို့ပြန်လာနိုင်ရန်အတွက် သူတို့နှစ်ဦးထဲမှ တစ်ဦးသည် မိမိ၏အတွေးအမြင်နိယာမနှင့် အနာဂတ်ရည်မှန်းချက်များကို စွန့်ပစ်ရလိမ့်မည်။

ဖန်းယင်းယွီမှ ရွှီရှို့ဟွေးအား လက်လျှော့လိုက်ခြင်းဖြစ်စေ သို့မဟုတ် ဟန်ရှန်းထုန်မှ မိမိကိုယ်တိုင် ဧကရာဇ်လုပ်မည့်ရည်ရွယ်ချက်ကို စွန့်ပစ်ပြီး ဖန်းယင်းယွီနှင့်အတူ ရွှီရှို့ဟွေးကို ထောက်ပံ့ပေးခြင်းဖြစ်စေ လုပ်ရလိမ့်မည်။ သို့သော် ထိုနှစ်ခုစလုံးမှာ မဖြစ်နိုင်ချေ။

ထိပ်တန်းအဆင့်ပုဂ္ဂိုလ်ကြီးများတွင် ကိုယ်ပိုင်အတွေးအမြင်နိယာမများရှိကြပြီး အများစုသည် သူတို့၏အတွေးအမြင်နိယာမများကိုသာ တစ်သက်တာလုံး လက်ကိုင်ထားကြကာ လွယ်လွယ်ကူကူ မပြောင်းလဲပေ။

ထို့ကြောင့် ယွီမေ့ဇစ်၏စကားများကို ကြားလိုက်သည်နှင့် သူမ လိမ်ညာနေခြင်းဖြစ်ကြောင်း ဖန်းယင်းယွီ သိလိုက်သည်။ သို့သော် ဖန်းယင်းယွီသည် သူမကို အရေးတယူ အပြစ်မရှာချင်ပေ။ ထို့ကြောင့် အားရပါရသာ ရယ်မောပစ်လိုက်သည်။

“ဟားဟား… ငါနားလည်ပြီ။ မင်းမှာ တခြားပြောစရာရှိသေးလား”

ဖန်းယင်းယွီမှ ဤသို့တုံ့ပြန်လာမည်ဟု ယွီမေ့ဇစ် ထင်မထားခဲ့ပေ။ အနည်းဆုံးတော့ သဘောတူ၏၊မတူ၏ အရိပ်အမြွက်အချို့ ရှိသင့်သည် မဟုတ်ပါလော။ ယခုတွင် ဘုန်းတော်ကြီးဖန်းသည် ရယ်ရုံသာ ရယ်မောလာ၏။

အဲဒါက ဘာအဓိပ္ပာယ်လဲ။ သဘောတူတယ်လည်း မပြောသလို သဘောမတူဘူးလို့လည်း မငြင်းဘူး။ ငါက ပျော်ရမှာလား မပျော်ရဘူးလား။

ဒါပေမဲ့ လက်ဝဲတမန်တော်က ‘ကောင်းပြီ’လို့ ပြောခဲ့ရင်ရော သဘောတူတယ်လို့ သတ်မှတ်လို့ရမှာလား။ ငါပြန်ရောက်တဲ့အခါကျ သခင်ဟန်ကို ကျွန်မဖျောင်းဖျခဲ့တာ မိန်ဂိုဏ်းကို ပြန်လာနိုင်ခြေရှိတယ်လို့ ပြောလိုက်ရင်တော့ ငါက ကြီးမားတဲ့အကျိုးဆောင်ခဲ့တယ်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား။

ထိုသို့အတွေးများဖြင့် ယွီမေ့ဇစ် အတွေးထဲနစ်မြောနေစဉ် ဘေးရှိ ဟန်ဟယ့်မှ ပြောသည်။

“တမန်တော်ဘုန်းတော်ကြီး ဘုန်းတော်ကြီးက ဘာကိစ္စကြောင့်များ မျန့်ရွှေကို ရောက်လာခဲ့တာပါလဲ”

ဖန်းယင်းယွီ ဟန်ဟယ့်ကို ကြည့်လိုက်သည်။ ဤမိန်းမငယ်လေးသည် အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးလိုက်မိ၏။ သူမသည် ဟန်မြောင်ကျန်း ငယ်စဉ်က ရဲတင်းပြီးထက်မြက်သည့် ပုံရိပ်ကို သတိရစေပေသည်။

ထိုသို့တွေးမိရင်း ဖန်းယင်းယွီမှ ပြောသည်။

“အင်း ငါဒီကိုရောက်လာရတဲ့အကြောင်းအရင်းက မင်းတို့နဲ့ အတူတူပါပဲ။ ဆေးဘုရင်ရတနာအတွက်ပဲ”

“အာ”

ထိုအခါ နေရာရှိလူအားလုံး အံ့ဩသွားကြသည်။ ဤသို့ပုဂ္ဂိုလ်ကြီးသည်လည်း မျန့်ရွှေ၏ ဆေးဘုရင်ရတနာကို စိတ်ဝင်စားသည်ဟု ပြောလာလေရာ အားလုံးမှာ မင်သက်ဆွံ့အကုန်ကြလေသည်။ ခြုံငုံလိုက်ပါလျှင် ဆေးဘုရင်တောင်ကြားရှိ တန်ဖိုးအကြီးဆုံးအရာဖြစ်သည့် ဇာမဏီဆေးလုံးသည်ပင် ကျင့်ကြံသူကို နဂါးအဆင့်သို့တက်လှမ်းစေရန်သာ တတ်နိုင်လေပြီး ၎င်းကိုလည်း လွန်ခဲ့သည့်နှစ်၃၀ကတည်းက တခြားသူမှ ယူသွားခဲ့ပြီးလေပြီ။

ယခု ဆေးဘုရင်တောင်ကြားတွင် ကျန်ရှိသည့်ဆေးများမှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်အတွက် အထောက်အကူဖြစ်နိုင်သည့် ဆေးပစ္စည်းများသာ ဖြစ်သည်။ သို့ဖြစ်သောကြောင့် ဝံပုလွေအငွေ့အသက်အဆင့်ကျင့်ကြံသူများပင်လျှင် ယခုနှစ်တွင် မျန့်ရွှေသို့ ရောက်မလာခဲ့ကြပေ။

အားလုံးအတွေးများနေစဉ် ယွီမေ့ဇစ်မှ ပြောသည်။

“ဟားဟား တမန်တော်ကြီးရောက်လာတာ အရမ်းကောင်းပါတယ်။ ဆေးဘုရင်ရတနာတွေက ကျွန်မတို့မိန်ဂိုဏ်းအပိုင်ပါပဲ။ ကျေးဇူးပြုပြီး အပြင်လူတွေ ဆေးဘုရင်တောင်ကြားထဲဝင်ပြီး မိန်ဂိုဏ်းရဲ့ရတနာတွေကို ခိုးမယူနိုင်အောင် ကာကွယ်ပေးတော်မူပါ”

“ဒါမှမဟုတ် တမန်တော်ကြီးပဲ ကိစ္စအဝဝကို ထိန်းချုပ်ကိုင်ပြီးတော့ ဒီလူတွေအားလုံးကို ဖမ်းဆီးပြီး မိန်ဂိုဏ်းကို ခေါ်သွားပေးပါလား။ ဒီလိုအကျိုးဆောင်မှုကြီးနဲ့ဆို သေချာပေါက် ဂိုဏ်းချုပ်ကို စိတ်ကျေနပ်စေမှာပါ”

All Chapters