အခန်း ၇၃၇
Vol. 63 Ch. 737
အခန်း ၇၃၇
“အထူးသဖြင့် အဲဒီကောင်မလေးပဲ။ သူက ရူယန်မင်းသားအိမ်တော်က ခရိုင်မင်းသမီးပဲ။ သူ့ကိုဖမ်းဆီးလိုက်တာက သေချာပေါက် တော်ဝင်နန်းတော်အတွက် ရိုက်ချက်အပြင်းစားဖြစ်မှာပဲ။ ကျေးဇူးပြုပြီး တမန်တော်ကြီး လှုပ်ရှားပေးပါ”
ယွီမေ့ဇစ်သည် စိတ်လှုပ်ရှားတက်ကြွစွာ ပြော၏။
“မင်းလုပ်ရဲလား”
အားသာ့သည် ချက်ချင်း ဓားဆွဲထုတ်လျက် ကျောက်ယာ၏ရှေ့မှ ပိတ်ရပ်လိုက်သည်။ အားအာ့လည်း ရှေ့ထွက်လာ၏။ နဂိုကတည်းက နီရဲရဲဖြစ်သည့် သူ့မျက်နှာမှာ ယခုတွင် ပို၍နီရဲနေလေသည်။ အားစန်းသည်လည်း ကျောက်ယာ၏ရှေ့တွင် ချက်ချင်းပိတ်ရပ်လိုက်ပြီး အော်ပြောသည်။
“ခရိုင်မင်းသမီး အမြန်သွားတော့။ ကျွန်တော် သူတို့ကိုထိန်းထားလိုက်မယ်”
ထိုအခါ အားလုံး၏အကြည့်များသည် ကျောက်ယာထံ ကျရောက်လာကြ၏။ သို့သော် ကျောက်ယာသည် အားသာ့၊ အားအာ့တို့ကို ဘေးသို့တွန်းဖယ်လိုက်သည်။
“ခရိုင်မင်းသမီး”
အားစန်းသည် ကျောက်ယာရှေ့ ပိတ်ရပ်သည်။ သို့သော် မထင်မှတ်စွာဖြင့် ကျောက်ယာသည် အားစန်း၏ပခုံးကို ဖွဖွပုတ်လျက် ပြောသည်။
“စိတ်အေးအေးထားပါ”
ထို့နောက် ဖန်းယင်းယွီရှေ့သို့ လျှောက်သွားလိုက်ပြီး လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ဆရာတော်ဖန်း ကျွန်မတို့ ထပ်တွေ့ပြန်ပါပြီ”
ဖန်းယင်းယွီ ပြုံးလိုက်သည်။
“ဟုတ်ပါရဲ့ ခရိုင်မင်းသမီး၊ ထပ်တွေ့ကြပြန်ပြီ”
ထိုမြင်ကွင်းတွင် ယွီမေ့ဇစ် မျက်မှောင်ကြုတ်သွား၏။ ထိုအခိုက်အတန့်၌ ဟန်ဟယ့်၏မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမသည် ဖန်းယင်းယွီကိုကြည့်ပြီး ယွီမေ့ဇစ်ကိုကြည့်လိုက်ပြန်ကာ ဤယွီမေ့ဇစ်သည် လက်ဝဲတမန်တော်ကို လှုပ်ရှားရန် တိုက်ရိုက်သွားခိုင်းစေနေသည်မှာ အလွန်မိုက်မဲတုံးအလွန်းသည်ဟု တွေးလိုက်သည်။
သူ ခုနက လက်ဝဲတမန်တော်ကို ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါနဲ့ သွားညွှန်ကြားနေတာ ဘာအဓိပ္ပာယ်လဲ။
ကျောက်ယာလည်း ပြုံးလိုက်ပြီး ပြောသည်။
“ကျွန်မတို့ အန်းဟွေးယွဲ့ယန်က တည်းခိုခန်းမှာ တွေ့ခဲ့တာ အခုဆို ၇လ၊၈လလောက် ကြာပါပြီ”
ဖန်းယင်းယွီမှ ပြောသည်။
“အင်း ခရိုင်မင်းသမီးက ဒီလောက်အထိတောက်ပနေမယ်လို့ ထင်မထားခဲ့ဘူးပဲ။ ကြည့်ရတာ ဒီ၇လ၊၈လအချိန်ကို ကောင်းကောင်းဖြတ်သန်းခဲ့ရတယ်ထင်ပါရဲ့”
ကျောက်ယာမှ ပြောသည်။
“မဆိုးလှပါဘူး။ နေ့တိုင်း အိတ်တစ်လုံးထဲထည့်ပြီး သယ်သွားမခံရတော့ သေချာပေါက် ကောင်းတာပေါ့။ ဒါနဲ့ နီဝမ်ကျွင့်ဘယ်လိုနေလဲ”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“အင်း မဆိုးပါဘူး”
ကျောက်ယာမှ ပြောသည်။
“ဒါဆို ဆရာတော်ဖန်း အချိန်ရခဲ့ရင် သူ့ကို စကားလေးပါးပေးနိုင်မလား။ ကျွန်မ အတိတ်က အဖြစ်အပျက်တွေကို မမေ့လျော့သေးဘူး။ တစ်နေ့ကျရင် သူ ကျွန်မအပေါ် လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်လို့ ပြောပေးပါ”
ဖန်းယင်းယွီ ရယ်မောလိုက်သည်။
“ဟားဟားဟား… စိတ်ဝင်စားစရာပဲ ခရိုင်မင်းသမီးက စိတ်ဝင်စားစရာပဲ”
ကျောက်ယာမှ ပြောသည်။
“ဆရာတော်ဖန်းက ကျွန်မကို အငြိုးအတေးတစ်ခုကို လွှတ်မချရင် အဲဒီအငြိုးအတေးက ဘယ်တော့မှ အဆုံးမသတ်တော့ဘူးလို့ တရားချမှာတော့ မဟုတ်ပါဘူးနော်”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ဒီဘုန်းကြီးက အဲဒီလို တရားမဟောပါဘူး။ ဒီဘုန်းကြီးကျင့်သုံးတဲ့ဝါဒက မှန်ကန်စွာတုံ့ပြန်မှုပါပဲ။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပေါ့။ မကောင်းမှုကို ကောင်းမှုနဲ့တုံ့ပြန်တယ်ဆိုတာမျိုးတွေက ဒီတိုင်းအဓိပ္ပာယ်မရှိတဲ့စကားတွေပဲ”
“အဲဒါကြောင့် မိန်းကလေး၊ မင်း နီဝမ်ကျွင့်ကို လက်စားချေမှာကို ငါထောက်ခံပါတယ်။ သူ့ကို အိတ်တစ်လုံးထဲထည့်ပြီး မစင်တွင်းထဲ ပစ်ချလိုက်တာ အကောင်းဆုံးပါပဲ။ ဘယ်လိုလဲ”
ဖန်းယင်းယွီသည် အလွန်အပြုသဘောဆောင်သည့် အကြံပြုချက်ကို ကမ်းလှမ်းလိုက်သည်။
ကျောက်ယာသည် မျက်လုံးများတောက်ပသွားလျက် ပြောသည်။
“ဟားဟား ဆရာတော်ဖန်း အဲဒါက အကြံကောင်းပဲ”
“ဒါဆိုဒီလိုပဲသတ်မှတ်လိုက်တာပေါ့။ အဲဒါကြောင့် မိန်းကလေး မင်းကြိုးစားဖို့လိုမယ်။ ရှောင်နီက သာမန်လူမဟုတ်ဘူး။ သူက လအနည်းငယ်အတွင်းမှာပဲ နဂါးအဆင့်ကို တက်လှမ်းသွားနိုင်ခြေရှိတယ်။ မင်းက အခုမှ ချီစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကိုမှ အစောပိုင်းအဆင့်လေးပဲရှိသေးတာ။ မင်းကြိုးစားဖို့လိုသေးတယ်”
“မြစ်အရှေ့အရပ်မှာ နှစ်၃၀၊ အနောက်အရပ်မှာ နှစ်၃၀တဲ့။ အားနည်းတဲ့အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ အထင်မသေးလိုက်ပါနဲ့။ သူ့အသက်က ၃၀နီးပါးဖြစ်နေပြီ၊ ကျွန်မအသက်က ဒီနှစ်မှ ၁၈နှစ်ပြည့်တာ။ ကျွန်မမှာ သူ့ကိုအမှီလိုက်ဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်”
ထိုအခါ ဖန်းယင်းယွီသည် အားရပါးရရယ်မော၏။
“ကောင်းတယ် ကောင်းတယ်။ မင်း တစ်နေ့ကျ နီဝမ်ကျွင့်ကို စိန်ခေါ်ခဲ့ရင် ငါ ဒိုင်လူကြီးလုပ်ပေးမယ် ဟားဟားဟား…”
ဖန်းယင်းယွီသည် အလွန်စိတ်ကျေနပ်မိ၏။ ဤခရိုင်မင်းသမီးသည် သူ၏အကျင့်စရိုက်နှင့် ကိုက်ညီသည်။ ချစ်ရဲမုန်းရဲသည်မှာ တကယ့်ကို စိတ်ဝိဥာဉ်တက်ကြွသက်ဝင်သူဖြစ်ပေသည်။
ရယ်မောပျော်ရွှင်စွာ စကားပြောနေသည့် ဖန်းယင်းယွီနှင့် ခရိုင်မင်းသမီးကို မြင်ရသည်တွင် ယွီမေ့ဇစ်မှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“လက်ဝဲတမန်တော် သူက တော်ဝင်နန်းတော်ကလူပါ”
ထိုအခါ ဖန်းယင်းယွီသည် ယွီမေ့ဇစ်ကို ကြည့်လိုက်ပြီး ပြောသည်။
“အို ဟုတ်တာပဲ”
“ကျွန်မတို့မိန်ဂိုဏ်းသားတွေမှာ တော်ဝင်နန်းတော်ကို ဖြုတ်ချသုတ်သင်ဖို့ တာဝန်ရှိတယ်။ လက်ဝဲတမန်တော်က မိန်ဂိုဏ်းရဲ့ အမှတ်သင်္ကေတပါ။ ဘယ်လိုလုပ်ပြီး တော်ဝင်နန်းတော်ကလူတွေနဲ့ ရယ်ရယ်မောမော စကားပြောနေနိုင်ရတာလဲ။ ဒါက…”
ယွီမေ့ဇစ်သည် စကားကို ပြီးဆုံးအောင် မပြောရဲတော့ပေ။ ဖန်းယင်းယွီကို ဝေဖန်ပြစ်တင်ရဲသည်အထိ သူမတွင် သတ္တိမရှိပါချေ။ ဖန်းယင်းယွီသည် ဆက်ဆံရလွယ်ကူပြီး သူမကို အရေးတယူ ဂရုမစိုက်၍ တော်သေးသည်။ ပင်လယ်နဂါး ဖန်းကောကျန်းကဲ့သို့ ဒေါသကြီးသည့် အကျင့်စရိုက်ရှိသူဖြစ်ပါက သူမ ထိုသို့ပြောဆိုဝံ့ပါမည်လော။ လက်သီးတစ်ချက်ဖြင့် သူမ ဘဝကို အဆုံးသတ်ခံလိုက်ရနိုင်ပေသည်။
ဖန်းယင်းယွီသည် ပြုံးနေဆဲပင်။
“ဟားဟား ငါမေ့တော့မလို့ပဲ။ မိန်ဂိုဏ်းသားတွေက တော်ဝင်နန်းတော်ကလူတွေနဲ့ အဆက်အသွယ်မလုပ်ရဘူးမလား။ ဒါပေမဲ့ ငါက အခု မိန်ဂိုဏ်းသားဟုတ်လို့လား”
“အာ လက်ဝဲတမန်တော်”
ယွီမေ့ဇစ်သည် တစ်စုံတစ်ခုထပ်ပြောလိုသေးသော်ငြား ဟန်ဟယ့်သည် ဒေါသတကြီးဖြင့် သူမ၏ပါးစပ်ကို ပိတ်လိုက်ရင်း ပြောသည်။
“ရှင်က လက်ဝဲတမန်တော်ရဲ့အထက်လူကြီးမလို့လား ဒါမှမဟုတ် ဆရာမလို့လား။ ကျွန်မတို့ဆရာ ရှင့်ကိုသင်ပေးထားတဲ့ ယဉ်ကျေးမှုကျင့်ဝတ်တွေကို အကုန်မေ့သွားပြီလား”
ယွီမေ့ဇစ်သည် ဒေါသထွက်သွားကာ ဟန်ဟယ့်ကို စူးရဲစွာ စိုက်ကြည့်၏။
ဟန်ဟယ့် အောက်တန်းစားမိန်းမ၊ ငါ့ကိုများ တိရစ္ဆာန်တစ်ကောင်လိုမျိုး ပါးစပ်ကို အတင်းလာပိတ်ရဲတယ်။
ယွီမေ့ဇစ်သည် ချီစွမ်းအင်ကိုအသုံးပြု၍ ဟန်ဟယ့်လက်ထဲမှ လွတ်မြောက်ရန် ကြိုးပမ်းသည်။ သူမ၏မျက်လုံးတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖြတ်ပြေးသွား၏။ သူမကဲ့သို့ ချီစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကျင့်ကြံသူသည် ချီစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ပင် မရောက်သေးသည့် ဟန်ဟယ့်၏ ထိန်းချုပ်ခြင်းခံရမည်မဟုတ်ပေ။
ထိုသို့တွေးလိုက်ပြီး ယွီမေ့ဇစ်သည် ညာလက်ရှိ လက်နှစ်ချောင်းကို ဓားအသွင်လှုပ်ရှားရင်း ချီစွမ်းအင်လည်း စီးဆင်းစေလိုက်သည်။ သူမ၏လက်ချောင်းများထက်တွင် မှုန်မှိုင်းမှိုင်းအလင်းတစ်စ ထွက်ပေါ်လာသည်။
ပုံရိပ်ယောင်ယင်လက်ချောင်းသိုင်း။
သူမ ဟန်ဟယ့်ကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
သို့ဖြင့် သူမ ဟန်ဟယ့်၏ဝမ်းဗိုက်ကို ဦးတည်တိုက်ခိုက်သည်။ တစ်ချက်တိုက်ခိုက်လိုက်ရုံဖြင့် ဟန်ဟယ့်သည် ဒဏ်ရာအပြင်းအထန်ရကာ ပြင်းစွာသော နာကျင်မှုကို ခံစားရမည်ဖြစ်သည်။
ဓမ္မာရာဇာတစ်ပါး၏တပည့်ကို တိုက်ခိုက်ခြင်းအတွက် သူမ စိုးရိမ်စရာ မလိုချေ။
တိုက်ခိုက်တော့ ဘာဖြစ်သလဲ။ ဟန်ဟယ့်က ဓမ္မရာဇာကြီးနဲ့ တစ်နှစ်မှာ ဘယ်နှကြိမ်များ တွေ့ရလို့လဲ။ ငါကသာ ဓမ္မရာဇာကြီးရဲ့ အနီးကပ်ဆုံးလူပဲ။
ထိုသို့အတွေးဖြင့် ယွီမေ့ဇစ်သည် သူမ၏လက်ချောင်းများဖြင့် ဟန်ဟယ့်ကို ထိုးစိုက်လိုက်သည်။ ဟန်ဟယ့်သည် သူမ၏ဝမ်းဗိုက်တွင် ကြောက်မက်ဖွယ်သော ချီစွမ်းအင်လှိုင်းကို ရုတ်တရက်ခံစားလိုက်ရသည်။ ခေါင်းငုံ့ကြည့်လိုက်ရာ ယွီမေ့ဇစ်မှ အလစ်တိုက်ခိုက်ဖို့ကြိုးပမ်းနေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာဖြူဖျော့သွားရ၏။
သို့သော် ထိုအခိုက်အတန့်၌ ကျောက်တုံးအသေးတစ်တုံး ရုတ်တရက် ပျံသန်းလာသည်။
ထို့နောက် ဘုန်းခနဲ အသံနှင့်အတူ ယွီမေ့ဇစ်ကို ထိမှန်သွားပြီး ပေအနည်းငယ်အကွာအထိ လွင့်ထွက်သွားစေခဲ့သည်။ ယွီမေ့ဇစ်မှာ သွေးအန်ထွက်သွားရ၏။
ထို့နောက် ဖန်းယင်းယွီမှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“အမှောင်ထဲကနေ ညစ်ပတ်တဲ့နည်းလမ်းတွေ သုံးနေတာ၊ မိန်းကလေးဟန်က မင်းကို အဲဒီလိုသင်ပေးထားသလား”
“အာ”
တိုက်ခိုက်ခံလိုက်ရပြီး သွေးအန်ထွက်သွားရပြီးနောက်၌ ယွီမေ့ဇစ်သည် ဝမ်းဗိုက်အတွင်း အလွန်အမင်း နာကျင်လာခဲ့သည်။ သူမ၏အစာအိမ်တစ်ခုလုံး ပြောင်းပြန်လန်သွားသည့်အလား ခံစားနေရသည်။ တစ်ပြိုင်နက်တည်းပင် သူမ၏ခန္ဓာကိုယ်အတွင်းထဲမှ အေးစိမ့်နေသည့် အအေးဓာတ်များ လှိုက်တက်လာနေလေရာ သူမသည် ပုံရိပ်ယောင်ယင်လက်ချောင်းသိုင်းကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ပြသနေပေသည်။