← Chapters

ဘေးဒုက္ခ၏ အခြားတစ်ဖက်တွင် အဆုံးမသပ်သော အခွင့်ရေး ရှိ၏။

Vol. 014 Ch. 699

ဘေးဒုက္ခ၏ အခြားတစ်ဖက်တွင် အဆုံးမသပ်သော အခွင့်ရေး ရှိ၏။

Vol. 014 Ch. 699

သို့ရာတွင် အစိမ်းရောင်နဂါးကတော့ တွင်းနက်၏ စုပ်အားအကြောင်း မသိပေ။၎င်းက တွင်းနက်ထဲသို့ ခုန်ချလိုက်သည့်အခါမှ စုပ်အားကို သတိပြုမိသွားကာ စတင် ရုန်းကန်လေသည်။၎င်းခန္ဓာကိုယ်မှ လျှပ်စီးတန်းများက ထိုးထွက်လာလေ၏။တွင်းနက်ဘေးတစ်ဖက်စီရှိ ကျောက်စကျောက်နများပါ ပဲ့ကျကုန်လေသည်။

တွင်းနက်ထဲ၌ ပို၍ နက်လာလေလေ စုပ်အားကပို၍ အားကောင်းလာလေ ဖြစ်၏။အစိမ်းရောင်နဂါးက သူ့ကိုယ်သူ လျှပ်စီးများဖြင့် ခြုံလွှမ်းထားကာ စုပ်အားကို ခုခံသည်။၎င်းကအပေါ်သို့ ထိုးတက်ရန် ပြင်လိုက်စဉ် ခေါင်းမော့ကြည့်လိုက်ရာ တွင်းနက်နံရံတစ်လျှောက် အရှိန်ကို သေချာထိန်းချုပ်နေသော ဝမ်လင်းအား တွေ့မြင်သွားသည်။နဂါးက ရုတ်တရက် မာန်ဖိလိုက်သည်။၎င်းက လွတ်မြောက်အောင် ဆက်မလုပ်တော့ဘဲ ဝမ်လင်းထံသို့သာ ဦးတည်သွားတော့သည်။

ဝမ်လင်းအသွင်က ပို၍ သုန်မှုန်လာကာ သူက ကြိတ်၍ ကျိန်ဆဲလိုက်သည်။သည်နဂါးက အန္တရာယ်ကို ရင်ဆိုင်နေရသည်ကိုပင် မသိပေ။၎င်းက မမြင်ရသော စုပ်အားကို ခံစားရသော်လည်း ထွက်ပြေးခြင်း မပြုတော့ချေ။ထိုအစား ဝမ်လင်းကို တွေ့မြင်လိုက်သည်နှင့် သူ ထွက်သွားနိုင်သည့် အခွင့်ရေးကို လက်လွှတ်လိုက်သည်။

“ဒါက တော်တော် မုန်းဖို့ ကောင်းတယ်…” ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ရပ်တန့်လိုက်ရာ စုပ်အား၏ ချက်ခြင်း ဆွဲငင်ခြင်းကို ခံလိုက်ရသည်။သူက လျင်မြန်စွာ အောက်သို့ ပြုတ်ကျသွားသဖြင့် နဂါးအား လွဲချောသွားစေသည်။သည့်နောက် ယင်းနဂါးက ဝမ်လင်းနောက်သို့ လိုက်လံလာပြန်သည်။

လူတစ်ယောက်၊နဂါးတစ်ကောင်သည် တွင်းနက်ထဲသို့ ဆင်းသက်နေကာ တစ်ဖြည်းဖြည်း ပို၍ အောက်သို့ ရောက်ရောက်လာသည်။ဝမ်လင်းက အောက်ခြေမှ စုပ်အားသည် ပို၍ ပြင်းထန်လာသည်ကို သတိထားနေ၏။

သူ့နောက်တွင်လည်း မာန်သွင်း၍ ပါးစပ်ဖြဲကာ လိုက်လာသော အစိမ်းရောင်နဂါးက ရှိလို့နေ၏။၎င်းကအစိမ်းရောင် လျှပ်စီးအလင်းလုံးကို ထုတ်လွှတ်ကာ ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်သည်။

ယင်းလျှပ်စီးလုံးက ဝမ်လင်းထံသို့ နတ်ဘုရားပြစ်ဒဏ်အလား ကျရောက်လာသည်။ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။သူက ရှောင်ရန် ပြင်လိုက်သည်။သို့ရာတွင် သည်ကျဆင်းလာသော လျှပ်စီးလုံးက ရုတ်တရက် ရပ်တန့်သွားကာ ၎င်း၏ မူလလမ်းကြောင်းကနေ အနည်းငယ် သွေဖယ်သွားသည်။

ဝမ်လင်းအသွင်က ချက်ခြင်း ပြောင်းလဲသွားသည်။သူက သူ့အောက်မှ အံ့မခန်းစုပ်အားကို ခံစားမိသည်။သည်အခိုက်အတန့်၌ သူက တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။ သူက သိုလှောင်အိတ်ထဲကနေ ဓားသုံးလက်ကို ထုတ်ယူသည်။၎င်းဓားသုံးလက်က နံရံပေါ်သို အစီအရင်တစ်ခုအသွင်ဖြင့် ထိုးစိုက်သွားကာ တစ်ခုနှင့်တစ်ခု ကျားကန်ထောက်ပံ့ပေးသွားသည်။ဝမ်လင်းက ဓားတစ်လက်ပေါ်သို့ လက်ဖြင့်တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူက ဓားအား စုပ်ကိုင်လိုက်သည့်အခိုက်အတန့်တွင် သူ့အောက်မှ စုပ်အားက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ပထမဆုံးအနေဖြင့် ၎င်းက လျှပ်စီးလုံး၏ ဦးတည်ရာကို ပြောင်းလဲသွားစေကာ ၎င်းအား တွင်းနက် အနက်ပိုင်းထဲသို့ စုပ်ယူသွားချေသည်။

ထိုလျှပ်စီးလုံးက လင်းလက်သွားကာ သည်တွင်းနက်၏ အောက်ခြေပိုင်းကို လင်းထိန်သွားစေသည်။

ရှေးဟောင်းမိုးကြိုးနဂါးက မှင်သက်လို့သွား၏။ ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ဖြစ်ပေါ်လာသည်။၎င်းက ဝမ်လင်းကို ဆက်လက် ဝါးမြိုရန် မကြိုးစားတော့ဘဲ အပေါ်သို့ ဆန်တက်ရန် ရုန်းကန်လိုက်၏။၎င်းက ကြောက်လန့်နေချေပြီ။

၎င်း၏ ရှေးဟောင်းမှတ်ဉာဏ်အမွေအနှစ်ထဲ၌ ယခုစုပ်အားလို အလားတူအရာများကို တွေ့မြင်ခဲ့ဖူးပေ၏။၎င်းက ကြမ်းကြတ်စွာ မာန်သွင်း၍ ခန္ဓာကိုယ်အား လျှပ်စီးများဖြင့် လွှမ်းခြုံစေသည်။၎င်းက အချို့စုပ်အားများကို ခုခံက အပေါ်ဘက် ပေသုံးဆယ်သို့ ပျံတက်၏။

“ပြေးချင်တာလား…” ဝမ်လင်း မျက်လုံးများက အေးစက်နေ၏။၎င်း မိုးကြိုးနဂါးကြောင့်သာ မဟုတ်ပါက သူက သည်နေရာသို့ အတင်းအကြပ် မည်သို့ ရောက်လာရပါ့မည်နည်း။ ၎င်းမိုးကြိုးနဂါးကြောင့်သာ သူက သည်တွင်းနက်ထဲသို့ ခုန်ချခဲ့ရပေသည်။ခုချိန်၌ အကွာအဝေးတစ်ခုသို့ ရောက်နေပြီ ဖြစ်သဖြင့် ဝမ်လင်းအတွက် အပေါ်သို့ ပြန်တက်ရန် မဖြစ်နိုင်တော့ချေ။

“ရပ်လိုက်စမ်း…” ဝမ်လင်းက မာန်သွင်းကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်း၍ ကောင်းကင်ဘုံရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုလိုက်သည်။

အရင်တုန်းက မိုးကြိုးနဂါးက သည်မန္တာန်ကြောင့် ခဏတာသာ တုံ့သွားနိုင်မည် ဖြစ်သော်လည်း ၎င်းက သည်လောက်ကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။သို့ရာတွင် ခုချိန်၌ လုံးဝခြားနားသွားခဲ့လေပြီ။

မိုးကြိုးနဂါးက ခဏတာ တုံ့ဆိုင်းသွားသည်နှင့် အောက်ဘက်မှ စုပ်အား၏ ဆွဲယူခြင်းကို ခံလိုက်ရကာ အောက်သို့ ပေတစ်ရာကျော်လောက် ပြန်ရောက်ရှိသွားသည်။

“မင်း ထွက် မပြေးနိုင်ပါဘူး…” ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။သူ့ခန္ဓာကိုယ်ကလည်း စုပ်အားဖြင့် ဆွဲငင်ခြင်း ခံနေရသည်သာ ဖြစ်သည်။သူက မြန်ဆန်စွာ နစ်မြုပ်နေရင်း နံရံပေါ်စိုက်ထားသော ဓားသုံးလက်ကလည်း တရွတ်တိုက်ပါလာကာ နံရံပေါ်၌ နက်ရှိုင်းသော ဓားဖြတ်ရာကြီးများကို ဖြစ်စေသည်။

“ရပ်တန့်ခြင်း…” ဝမ်လင်းက မန္တာန်ကို ထပ်မံ အသက်သွင်းလိုက်ပြန်သည်။

မိုးကြိုးနဂါးက ရုန်းကန်နေရာ လျှပ်စီးတန်းများက အရူးအမူး တဖျပ်ဖျပ် တောက်ပလို့နေလေသည်။၎င်းက အပေါ်သို့ ပြန်ဆန်တက်ရန် ကြိုးပမ်းနေ၏။ ဝမ်လင်းကြောင့်သာ မဟုတ်ပါက သူသည် အပေါ်သို့ အတင်းပြန်တက်နိုင်ပေလိမ့်မည်။ သို့ရာတွင် ၎င်းက အထက်သို့ နည်းနည်း ရုန်းတက်လိုက်တိုင်း ဝမ်လင်းက သူ့အား ရပ်တန့်စေနေလေသည်။ စုပ်အားများက မိုးကြိုးနဂါးအား ဝန်းရံထားသည်။ထို့ကြောင့် ၎င်းက မည်မျှရုန်းကန်နေပါစေ အသုံးမဝင် ဖြစ်လို့နေ၏။

ထိုစုပ်အားကြောင့် ၎င်း ဝမ်လင်းထံသို့ လှမ်း၍ ပစ်လွှတ်တိုက်ခိုက်မှုများကလည်း ဝမ်လင်းနားမရောက်ခင် စုပ်ယူခြင်း ခံနေရပေသည်။၎င်းက ဝမ်လင်းထံသို့သာ မျှော်လင့်ချက်မဲ့ဟန်ဖြင့် စူးစိုက်ကြည့်နေကာ တွင်းနက်ထဲသို့ စုပ်ယူခြင်းကို ခံနေရသည်။

သည်အခိုက်အတန့်၌ စုပ်အားက ရုတ်တရက် တိုးလို့လာ၏။သည်စုပ်အားက အရင်ထက် အဆများစွာ ပိုတိုးလာခြင်းပင်။ဝမ်လင်းက ဓားကို အတင်းစုပ်ကိုင်ထားသည့် သူ့လက်များ ပြဲထွက်ကုန်ပလားဟု ခံစားလိုက်ရသည်။သို့သော် သူက ဓားကိုတော့ မြဲမြံစွာ ဆုပ်ကိုင်ထားပေသည်။ဓားသုံးလက်က နံရံထဲကို စူးဝင်ကာ တရွတ်တိုက်အောက်သို့ပါလာပြီး နက်ရှိုင်းသော ဓားရာများ နံရံပေါ်တွင် ဖြစ်ပေါ်စေနေသည်။

သို့ရာတွင် သည်စုပ်အားက အားကောင်းလွန်းလှ၏။သည်လို သေရှင်းရှင်ရေးအခြေအနေတွင် ဝမ်လင်းက အံတင်းတင်းကြိတ်ကာ သူ့နတ်ဘုရားအာရုံကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်၏။သည်အခါ သူ့ကိုယ်ပိုင် ကောင်းကင်ဘုံဓားနှင့်လခြမ်းကွေးဓားသွားတို့က ထွက်ပေါ်လို့လာ၏။၎င်းတို့က ဝမ်လင်းအောက်ရှိ နံရံကို ထိုးစိုက်လိုက်သည်။ဝမ်လင်းက ထိုဓားနှစ်လက်ပေါ်တွင် မတ်တပ်ရပ်လျက် တွင်းနက်အောက်ခြေသို့ မြန်ဆန်စွာ နစ်မြုပ်လို့နေသည်။

ခုချိန်တွင် မိုးကြိုးနဂါးက ရုန်းကန်နေသော်လည်း အောက်သို့ တစ်ဟုန်ထိုး နစ်မြုပ်နေနေသည်သာ ဖြစ်သည်။၎င်းက ၎င်း၏ အသွင်ပုံစံကိုပင် ဆက်၍ မထိန်းထားနိုင်တော့ဘဲ အစိမ်းရောင်အခိုးငွေ့အမျှင်တန်းရှည်တစ်ခုက ၎င်းထံကနေ ဆန့်ထုတ်ကာ နေသည်။

ထိုအစိမ်းရောင်အခိုးငွေ့ထံမှ အစိမ်းရောင်အလင်းဖျော့ဖျော့က ထွက်ပေါ်လို့နေသည်။ထိုအစိမ်းရောင်အခိုးငွေ့ကလည်း တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံနေရကာ ပတ်ဝန်းကျင်ကို အနည်းငယ် လင်းလက်စေသည်။

“အောက် ဆင်းသွားလိုက်…” သည်ထူးဆန်းသော အမျိုးသမီးအသံက ဝမ်လင်း၏ သိုလှောင်အိတ်ထဲကနေ တစ်ဆင့် သူ့စိတ်ထဲတွင် ပေါ်လာပြန်သည်။ဝမ်လင်းအသွင်က အလွန်သုန်မှုန်နေကာ သူက အောက်သို့ ငုံ့ကြည့်လိုက်၏။သည့်နောက် သူ့အသွင်က ပြောင်းလဲသွားချေသည်။

အစိမ်းရောင်အခိုးငွေ့မှ အလင်းဖျော့ဖျော့ကြောင့် သူက အရိပ်တစ်ခုက ရေပြင်ညီထိုးထွက်နေသည်ကို ခပ်ဝါးဝါး တွေ့မြင်လိုက်ရသည်။သည်အခိုက်အတန့်၌ အစိမ်းရောင်အလင်းက ထိုအရိပ်ကို ထွန်းငြှိပေးသွားသည်။

ဝမ်လင်းက နံရံထက်မှ ကျောက်တုံးကြီးတစ်ခု ကပ်လို့နေသည်ကို တွေ့မြင်လိုက်ရ၏။သည်ကျောက်တုံးက ပေတစ်ရာလောက် ကျယ်ပြန့်ကာ ၎င်းအပေါ်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိလို့နေသည်။

ဝမ်လင်းက သေချာထပ် မကြည့်လိုက်ခင်မှာပင် အစိမ်းရောင်အလင်းက အားနည်းလို့သွား၏။သည်အလင်းတန်း မရှိသည်နှင့် အမှောင်ထုကသာ ပြန်ကြီးစိုးသွားချေသည်။

“တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်…” ဝမ်လင်း မျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။ ကံမကောင်းစွာနှင့် သူက သူ့နတ်ဘုရားအာရုံကို မဖြန့်ကျက်နိုင်ခြင်းပင်။မဟုတ်လျှင် သူက အရာရာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပေလိမ့်မည်။

ဝမ်လင်းက သူ့ခြေထောက်အောက်ရှိ ကောင်းကင်ဘုံဓားက ရုတ်တရက် ပျောက်ကွယ်သွားကာ သိပ်မကြာခင်တွင် လခြမ်းကွေးဓားသွားလည်း ထို့အတူ ဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။

“ နံရံမှာ အက်ကွဲကြောင်း တစ်ခု ရှိနေတယ်…” ဝမ်လင်းက အလွန်ဝမ်းသာသွားမိ၏။တုံ့ဆိုင်းခြင်းမရှိ သူက နံရံဘက်သို့ သူ့ကိုယ်သူ ပစ်သွင်းလိုက်ချေသည်။

သူ့ခန္ဓာကိုယ်က နံရံပေါ်ရှိ အပေါက်ထဲသို့ ချက်ခြင်း ဝင်ရောက်လို့သွားသည်။မျှော်လင့်ထားသလိုပင် နံရံပေါ်၌ ဆယ်ပေလောက်ရှိသည့် အက်ကွဲကြောင်း တစ်ခု ရှိလို့နေခြင်းပင်။အထဲသို့ ဝင်ရောက်ပြီးနောက် သူက ဓားသုံးလက်၊ကောင်းကင်ဘုံဓားနှင့် လခြမ်းကွေးဓားသွားတို့က မြန်နိုင်သမျှ မြန်မြန် ပြန်သိမ်းယူလိုက်၏။

အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲနေသော မိုးကြိုးနဂါးက ဝမ်လင်း အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်သည့်အခါ ၎င်းက ချက်ခြင်း စတင်ရုန်းကန်လာလေသည်။၎င်းက မာန်သွင်းကာ ဝမ်လင်းရှိကာ အက်ကွဲကြောင်းထံသို့ တစ်ဟုန်ထိုး ဆန်တက်လိုက်သည်။

သည်တစ်ကြိမ်၌ ၎င်းက ဝမ်လင်းကို ဝါးမြိုရန် မဟုတ်ပေ။၎င်းက စုပ်အားကို ရှောင်ရန်အတွက် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လိုခြင်းသာ ဖြစ်သည်။၎င်းက ၎င်းခန္ဓာကိုယ်ထဲမှ မိုးကြိုးစွမ်းအင်များအားလုံးကို အသက်သွင်းကာ အက်ကွဲကြောင်းရှိရာသို့ အရူးအမူး တိုးဝင်လာခဲ့သည်။

သို့ရာတွင် ထိုစုပ်အားက ပြင်းထန်လွန်းလှ၏။ထို့ကြောင့် ၎င်းက အက်ကွဲကြောင်း ရှိရာသို့ ရောက်ရှိရန် မဖြစ်နိုင်လုနီးပါးပင်။မိုးကြိုးသားရဲက ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ထုတ်ဖော်၏။သည့်နောက် ၎င်း၏ ခန္ဓာကိုယ်အား နှစ်ခြမ်းခွဲလိုက်သည်။တစ်ခြမ်းက တွင်းနက်၏ အောက်ခြေသို့ စုပ်ယူခြင်း ခံလိုက်ရပြီး နောက်ထပ် အပေါ်ခြမ်းက ထိုခဏ၌ တွင်းနက်ထဲသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။

ဝမ်လင်းမျက်လုံးများက အေးစက်သွားသည်။ သူက ထိုအက်ကွဲကြောင်းထဲ၌ စိတ်သက်သာရာ ရဟန် ခံစားလိုက်ရစဉ်မှာပင် သူက မိုးကြိုးနဂါးသည် သူ့ထံသို့ တဟုန်ထိုး တိုးဝင်လာနေသည်ကို တွေ့မြင်လိုက်ရတော့သည်။သည်အခိုက်အတန့်၌ သူက ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုလိုက်ရန်သာ လို၏။ထို မန္တာန်ကိုသာ အသုံးပြုလိုက်သည်နှင့် မိုးကြိုးသားရဲ၏ မျှော်လင့်ချက်က စုန်းစုန်းမြုပ်ကာ စုပ်အား၏ ဆွဲငင်ခြင်းကို ခံလိုက်ရပေမည်။

မိုးကြိုးသားရဲက ထိုအရာကို သိသာစွာ သတိထားနေ၏။ထို့ကြောင့် ၎င်းက ပါးစပ်ဟကာ လျှပ်စီးလုံးကို ထွေးထုတ်လိုက်ရန် ပြင်ထားသည်။၎င်းလျှပ်စီးလုံးကို အောင်မြင်စွာ ထိမှန်ရန် ထွေးထုတ်လိုက်နိုင်သည်နှင့် ဝမ်လင်းအတွက် ရှောင်ဖို့နေရာ မရှိပေ။

အရာအားလုံးက လူသားနှင့်နဂါးကြား မည်သူက မန္တာန်ကို မြန်မြန်အသုံးပြုလိုက်နိုင်မည့်အပေါ် မှီတည်နေတော့၏။သို့ရာတွင် ဝမ်လင်း၌ အခြားအစီအစဉ်များ ရှိလို့နေသည်။သူက ထိုနဂါးသူ့ခန္ဓာကိုယ်တစ်ဝက်ကို အဆုံးရှုံးခံလိုက်သည်ကို ကိုယ်တိုင်တွေ့ရှိလိုက်သည့်အပြင် ၎င်းက ခုလက်ရှိတွင်လည်း သူ့စွမ်းအား တစ်ဝက်ကျော်ကို စုပ်ယူအားကို ခုခံရန် အသုံးပြုထားရသည်ကိုပါ တွေ့မြင်နေရသည်။

ဝမ်လင်းက အံတင်းတင်း ကြိတ်လိုက်၏။ တုံ့ဆိုင်းခြင်းမရှိ သူက မျက်လုံးမှိတ်လိုက်ရာ သူ့မူလစိတ်ဝိညာဉ်က ထွက်ပေါ်လာသည်။သည်မိုးကြိုးသားရဲက အက်ကွဲကြောင်းထဲသို့ ဝင်လာသည်နှင့် လျှပ်စီးလုံးကို ထွေးထုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်းမူလစိတ်ဝိညာဉ်က မိုးကြိုးနဂါးအား ဝါးမြိုပစ်လိုက်လေ၏။

ဝမ်လင်းက တစ်ချိန်တုန်းက သည်ကမ္ဘာရှိ စိတ်ဝိညာဉ်တိုင်းကို ဝါးမြိုနိုင်သည့် ဝိညာဉ်ဝါးမြိုသူ ဖြစ်ခဲ့သူ မဟုတ်လား။သို့ရာတွင် သူက သူ့ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့် သည်နည်းစနစ်အသုံးပြုခြင်းကို ဖြည်းဖြည်းချင်း ရပ်တန့်ခဲ့သည်။သည်အခိုက်အတန့်၌ သူ့မူလစိတ်ဝိညာဉ်က ကြီးစွာ ချဲ့ကားလာ၏။မိုးကြိုးသားရဲက ဝမ်လင်း ၎င်းကို ဝါးမြိုလိုက်ချိန်၌ လုံးဝ ကြောင်ရီမှင်သက်သွားမိသည်။

ရှေးဟောင်းမိုးကြိုးသားရဲစိတ်ဝိညာဉ်ကို ဝါးမြိုပြီးသည့်နောက် ဝမ်လင်းမူလစိတ်ဝိညာဉ်က ချက်ခြင်းပင် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ သည်အခိုက်အတန့်၌ သူ့စိတ်ဝိညာဉ်ထဲ၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်လို့နေသည်။

၎င်း၏စိတ်ဝိညာဉ်ကို တစ်ဝက်ခွဲထုတ်လိုက်တာတောင်မှ ရှေးဟောင်းမိုးကြိုးနဂါး၏ စွမ်းအားက အံ့မခန်း ဖြစ်လို့နေဆဲပင်။ဝမ်လင်းက ၎င်းကို ဝါးမြိုလိုက်ပြီးနောက် သူက စိတ်ဝိညာဉ်ဝါးမြိုခြင်း မန္တာန်ကို မြန်ဆန်စွာ အသက်သွင်း၍ ၎င်းကို စတင် စုပ်ယူလေသည်။

ဝမ်လင်းမူလစိတ်ဝိညာဉ်၏ အတွင်းအပြင်ဘက်၌ လျှပ်စီးတန်းများက ရစ်ပတ်ရွှေ့လျားလို့နေကာ မိုးကြိုးနှင့်လျှပ်စီးတို့၏ ခွန်အားကို ပြသလို့နေ၏။၎င်းက သူ့အသွေးအသားနှင့် အရိုးတို့ကိုပင် ထွင်းဖောက်သွားမတက် ဖြစ်လို့နေသည်။

စုပ်အားက အက်ကွဲကြောင်းထဲတွင်တော့ သက်ရောက်ခြင်း မရှိပေ။ထို့ကြောင့် ဝမ်လင်းက သူ့စိတ်အာရုံအားလုံးကို မိုးကြိုးနဂါးအား စုပ်ယူခြင်း၌ အပြည့်အဝ စူးနစ်ထားသည်။

သူ့မူလစိတ်ဝိညာဉ်က ဖွံဖြိုးကြီးထားလာ၏။သည်ဖွံဖြိုးမှုက အရည်အတွက်မဟုတ်ဘဲ အရည်အသွေးတင်သာ ဖြစ်၏။ဝမ်လင်းမူလစိတ်ဝိညာဉ်က လျှပ်စီးများဖြင့် လွှမ်းခြုံကာ နေသည်။ရှေးဟောင်းမိုးကြိုးနဂါးက သူ့မူလစိတ်ဝိညာဉ်ထဲ၌ သွေးကြောများကဲ့သို့ လိမ်ယှက် ချဲ့ထွင်နေသည်။သည်မိုးကြိုးနဂါး၏ အသွင်က လွန်မင်းစွာ နာကျင်နေသည့်ပုံ ပေါက်နေ၏။

မိုးကြိုးနဂါးကိုယ်မှ အမျှင်တန်း အစိတ်အပိုင်းများက ဝမ်လင်းမူလစိတ်ဝိညာဉ်၏ ထောင့်တိုင်းသို့ ဦးတည် ချဲ့ထွင်လို့နေသည်။မိုးကြိုးနဂါး၏ စွမ်းအားက ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲသို့ ထူးဆန်းအံ့ဖွယ်နည်းဖြင့် ပြောင်းလဲကာ နေ၏။

ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်မျိုးပင် သည်လို ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုပစ်ရဲမည် မဟုတ်ပေ။အကြောင်းရင်းက သည်မိုးကြိုးနဂါးက တစ်ခြားရှေးဟောင်းသားရဲများနှင့် မတူပေ။ပြောကြသည်က ၎င်းက ရှေးဟောင်းမိုးကြိုးနဂါးများက မိုးကြိုးကနေ မွေးဖွားလာခြင်းဖြစ်ကာ ကောင်းကင်ဘုံ၏ ချစ်ခင်ခြင်းကို ခံရသည် ဟူ၍ပင်။ ၎င်းတို့က ကောင်းကင်ဘုံမှ မိုးကြိုး၏ စွမ်းအားကိုပင် အချိန်တစ်ခုကြာ ထိန်းချုပ်နိုင်စွမ်း ရှိကြပေသည်။

ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ်က သည်လိုမျိုးမိုးကြိုးကို မည်သို့ တောင့်ခံနိုင်ပါ့မည်နည်း။

သို့ရာတွင် ဘေးဒုက္ခ၏ အခြားတစ်ဖက်၌ အဆုံးမသပ်နိုင်သည့် အခွင့်အရေးတို့ ရှိလို့နေစမြဲ မဟုတ်လော။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က မိုးကြိုးသားရဲထံမှ လျှပ်စီးများနှင့် ဝန်းရံလို့နေသည်။ဝမ်လင်းခန္ဓာကိုယ်ထဲ၌ မြောက်များစွာသော မိုးကြိုးများက စုစည်းနေကြသည်။တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်နေပြီးနောက် မိုးကြိုးလက္ခဏအမှတ်အသားက ဝမ်လင်းခန္ဓာကိုယ်၌ ပေါ်ထွက်လာ၏။

သူ့မူလစိတ်ဝိညာဉ်က အံ့မခန်းအဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။၎င်းက မြေကြီးကိုပင် တုန်ခါစေနိုင်သည့် ပြောင်းလဲမှုတစ်ခုပင်။ ဖြစ်နိုင်သည်က သည်လိုပြောင်းလဲမှုက သူ့ကျင့်ကြံမှုကို တိုးတက်နိုင်စေခြင်း မရှိပေ။သို့သော် အနာဂတ်တွင်တော့ ဝမ်လင်းအတွက် အဆုံးမဲ့သော လမ်းကြောင်းများကို ပွင့်လှစ်သွားစေခဲ့ပြီ ဖြစ်သည်။

မိုးကြိုးပါဝင်သော မူလစိတ်ဝိညာဉ်။ရှေ့ဖြစ်ဟောသူပင် သည်လိုမျိုး အောင်မြင်မှု ရရှိခဲ့သည့် ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့ဖူးလိမ့်မည် မဟုတ်ချေ။

ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးနဂါးက ပြင်းထန်စွာ ရုန်းကန်နေရာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်အပေါ် သက်ရောက်မှု ရှိနေစေ၏။၎င်းက ခုထိ အလျှော့မပေးသေးဘဲ တန်ပြန် တိုက်ခိုက်နေပေသည်။

***

All Chapters