← Chapters

အခန်း ၉၅၁

Vol. 64 Ch. 951

အခန်း ၉၅၁

Vol. 64 Ch. 951

အခန်း (၉၅၁) မူလဝိညာဉ် ရှေးဟောင်းစွမ်းအားရှင်ကြီး။ မူလဝိညာဉ် ခန္ဓာပြင်ပသို့ ထွက်ခွာခြင်း။ (၃)

"ဗြိ"

ရှယန်လုံ စကားပြော၍ပင် မဆုံးသေးမီ ဝမ်ကျန့်ချိုးသည် ရှယန်ယီ၏ ဘယ်ဘက်လက်ကို ဖမ်းဆုပ်ကာ အားဖြင့် ဆွဲဖြဲလိုက်ရာ အသားစိုင်များ ပြတ်တောက်သွားသံနှင့်အတူ ရှယန်ယီ၏ ဘယ်ဘက်လက်မောင်းမှာ ရက်ရက်စက်စက် အဖြဲခံလိုက်ရပြီး သွေးများမှာ မိုးပေါက်များကဲ့သို့ အောက်သို့ ပန်းထွက်သွားတော့သည်။

ဝမ်ကျန့်ချိုး၏ သွေးနီရောင်မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာပြီး "ငါနဲ့ လာပြီး ဈေးမဆစ်နဲ့။ နောက်ထပ် အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခွန်းပြောတာနဲ့ ဒီကောင်လေးရဲ့ ဝိညာဉ်ကို လေထဲမှာတင် ငါ အမှုန့်ကြိတ်ပစ်မယ်"

ရှယန်ယီသည် သူ၏ လက်မောင်း အတင်းအဓမ္မ ဆွဲဖြဲခံလိုက်ရသဖြင့် နာကျင်လွန်း၍ တစ်ကိုယ်လုံး တုန်ခါသွားသော်လည်း အံကို တင်းတင်းကြိတ်ကာ အသံတစ်ချက်ပင် ထွက်မလာအောင် အောင့်ထားခဲ့သည်။

"ကောင်းပါပြီ... ကျေးဇူးပြုပြီး ရပ်လိုက်ပါ..." ရှယန်လုံက အလောတကြီး အော်ဟစ်လိုက်ပြီး ရှယန်မျိုးနွယ်စုမှ အခြားသော အကြီးအကဲများလည်း အကြီးအကျယ် တုန်လှုပ် ချောက်ချားကုန်ကြသည်။

ရှယန်ယီသည် ရှယန်မျိုးနွယ်စု၏ မျှော်လင့်ချက်ဖြစ်ပြီး အနာဂတ်တွင် အတိုင်းအဆမရှိ တိုးတက်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်ရာ သူသေဆုံးသွားပါက ရှယန်မျိုးနွယ်စုအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမည်။

"နတ်ဘုရားမျိုးစေ့ ဆယ်ခု... ငါတို့ဆီမှာ အဲဒီလောက် အများကြီး မရှိပါဘူး။ ရှယန်မျိုးနွယ်စုရဲ့ မျိုးဆက်အလိုက် စုဆောင်းခဲ့တဲ့ နတ်ဘုရားမျိုးစေ့ အများစုကို မျိုးနွယ်စုဝင်တွေက သန့်စင်သုံးစွဲခဲ့ကြပြီးပြီ..."

ရှယန်မျိုးနွယ်စု အကြီးအကဲတစ်ဦးက စိတ်ပူပန်စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။ သူတို့တွင် နတ်ဘုရားမျိုးစေ့ ဆယ်ခု မပြည့်နိုင်ပေ။

ထွမ်မုထောင်၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဧကရာဇ်မင်းမြတ်... ရှယန်မျိုးနွယ်စုက ကျွန်တော့်အပေါ် တောင်ကြီးတစ်လုံးလို လေးလံတဲ့ ကျေးဇူးတွေ ရှိခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ ရှိတဲ့ ဒီနတ်ဘုရားမျိုးစေ့ကို... ရှယန်မျိုးနွယ်စုကို ပြန်ပေးပါ့မယ်"

ထွမ်မုထောင်သည် ရှယန်မျိုးနွယ်စုဝင် မဟုတ်သော်လည်း ရှယန်မျိုးနွယ်စုက သူ့ကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးခဲ့ပြီး နတ်ဘုရားမျိုးစေ့ပင် ပေးအပ်ခဲ့သည်။ ယခု နတ်ဘုရားမျိုးစေ့ မလုံလောက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးစေ့ကို ပြန်ထုတ်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျန်ရှိသူများမှာ ထိတ်လန့်သွားကြသည်။ နတ်ဘုရားမျိုးစေ့ကို အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ သန့်စင်ထားလျှင် ခွဲထုတ်၍ ရနိုင်သေးသော်လည်း တစ်ကိုယ်လုံးနှင့် တစ်သားတည်း ဖြစ်သွားပြီဆိုပါက မသေမချင်း ပြန်ထုတ်၍ မရနိုင်တော့ပေ။

နတ်ဘုရားမျိုးစေ့ မလုံလောက်ခြင်းနှင့် ရှယန်ယီကို မကယ်တင်နိုင်ခြင်းတို့ကြောင့် ရှယန်မျိုးနွယ်စု၏ ကျေးဇူးကို ဆပ်ရန်အတွက် သူသည် ဤကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကုဖေးယန်က သက်ပြင်းချကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော့်ဆီမှာ ရှိတဲ့ နတ်ဘုရားမျိုးစေ့ကိုလည်း... ထုတ်ယူလို့ ရပါတယ်"

ရှယန်လုံ၏ မျက်လုံးများ နီမြန်းလာသည်။ ဝမ်ကျန့်ချိုးသည် သူတို့ မတတ်နိုင်သော နတ်ဘုရားမျိုးစေ့ ဆယ်ခုကို အတင်းအဓမ္မ တောင်းဆိုနေခြင်း ဖြစ်ပြီး အရေအတွက် ပြည့်မီရန် သူတို့၏ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် သိုင်းပညာရှင်များထံမှ မျိုးစေ့များကို ပြန်ထုတ်ယူရမည်ဆိုပါက ဒါဟာ သူတို့ကို သေတွင်းထဲသို့ တွန်းပို့နေခြင်းပင် ဖြစ်သည်။

ဟုန်မန့်ထျန်းသည် ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်နေပြီး လှောင်ပြောင်သော လေသံဖြင့် "ဧကရာဇ်မင်းမြတ်၊ အရင်တုန်းကတော့ သိပ်ပြီး ယုံကြည်ချက်ရှိပြီး ရည်မှန်းချက် ကြီးမားခဲ့တာပဲ။ အခုကျတော့ ဘာလို့ ဒီလောက်တောင် ဝေခွဲမရဖြစ်ပြီး စိတ်ဓာတ်ပျော့ညံ့နေရတာလဲ"

ရှယန်လုံသည် ဟုန်မန်ထျန်း၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ငါ့ဆီမှာ နတ်ဘုရားမျိုးစေ့ သုံးခု ရှိတယ်... ယီအာအတွက် မင်းတို့ အသက်ပေးစရာ မလိုပါဘူး။ ငါက သူ့အဖေပဲ။ ဒါက ငါ့ရဲ့ တာဝန်ပဲ"

ဝမ်ကျန့်ချိုးသည် ရက်စက်သော အပြုံးဖြင့် ဖြစ်ပျက်နေသမျှကို ကြည့်နေပြီး သူတို့ကို အလောတကြီး မတိုက်တွန်းတော့ဘဲ ထိုလူများ ဆုံးဖြတ်ချက်ချသည်ကိုသာ စောင့်ကြည့်နေသည်။ သူ၏ ကြီးမားလှသော ခွန်အားရှေ့တွင် ထိုလူများမှာ ဦးညွှတ် အရှုံးပေးရုံမှတစ်ပါး အခြားမရှိကြောင်း သူ သိထားသည်။

ရှယန်မျိုးနွယ်စု၏ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် သိုင်းပညာရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ရူးမတတ် ဒေါသထွက်နေကြသော်လည်း အားကိုးရာမဲ့မှုကိုလည်း ခံစားနေရသည်။ ဝမ်ကျန့်ချိုး၏ ကြောက်မက်ဖွယ် ခွန်အားမှာ သူတို့ အသက်ပေး တိုက်ခိုက်လျှင်ပင် ယှဉ်နိုင်မည့် အနေအထားတွင် မရှိပေ။

"ဟင်"

နှစ်ဖက်စလုံး အကျပ်ရိုက်နေစဉ်မှာပင် ဝမ်ကျန့်ချိုး၏ မျက်လုံးများ ရုတ်တရက် ပြူးကျသွားသည်။

"မင်းလက်ကို... ဖယ်လိုက်စမ်း"

အေးစက်သော အသံတစ်ခုသည် ဝမ်ကျန့်ချိုး၏ သိစိတ်ပင်လယ်အတွင်းသို့ တိုက်ရိုက် ပဲ့တင်ထပ်သွားရာ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှေရောင် အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ အချိန်ကာလနှင့် အကွာအဝေး အတားအဆီးများကို ကျော်ဖြတ်လျက် မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် အဝေးမှ အနီးသို့ ရောက်ရှိလာသည်။

"မကောင်းတော့ဘူး"

ဝမ်ကျန့်ချိုးမှာ ထိတ်လန့်သွားပြီး ရှယန်ယီ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ကို အမြန်လွှတ်ရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။

"ရှပ်"

ပြတ်သားသော အသံတစ်ခုနှင့်အတူ ဝမ်ကျန့်ချိုးသည် အလန့်တကြား နောက်သို့ ဆုတ်လိုက်သည်။

ဟင်းလင်းပြင်တွင် ရှည်လျားသော အက်ကြောင်းတစ်ခု ပေါ်လာပြီး ပြန်ပိတ်ရန်ပင် ခက်ခဲနေသည်။ ဝမ်ကျန့်ချိုးသည် သူ၏ ရှေ့တွင်ရှိနေသော ရှယန်ယီကို ကြောင်စီစီဖြင့် ကြည့်နေမိသည်။ ရှယန်ယီ၏ လည်ပင်းတွင် ဖြတ်တောက်ခံထားရသော လက်တစ်ဖက် ကပ်ပါသွားသည်။ သူသည် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ မိမိ၏ ဘယ်ဘက်လက် မရှိတော့ဘဲ လက်ကောက်ဝတ်မှနေ၍ မှန်ပြင်တစ်ခုကဲ့သို့ ချောမွေ့စွာ ဖြတ်တောက်ခံလိုက်ရကြောင်း တွေ့လိုက်ရသည်။

တစ်ချက်တည်းဖြင့် ဝမ်ကျန့်ချိုးသည် ပြတ်သွားသော လက်ကို စွမ်းအားတစ်ခုဖြင့် ပြန်လည်ဆွဲယူကာ သူ၏ လက်ကောက်ဝတ်တွင် ပြန်ကပ်လိုက်သည်။ ထို့နောက် သူ၏ 'ရှေးဟောင်းမိစ္ဆာ စစ်နတ်ဘုရား ခန္ဓာကိုယ်' နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ လက်ကို ပြန်လည် ဆက်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း မအောင်မြင်ခဲ့ပေ။

ဝမ်ကျန့်ချိုးသည် သူ၏ နတ်ဘုရားစွမ်းရည်များကို မည်မျှပင် အစွမ်းကုန် အသုံးပြုစေကာမူ ထိုလက်မှာ ပြန်လည် ဆက်မသွားတော့ပေ။ ပြတ်သွားသော နေရာမှ သွေးများမှာ အရှိန်အဟုန်ဖြင့် ပန်းထွက်နေသည်။ သူ့လက်ကိုသာ ဖြတ်ခံလိုက်ရတာ မဟုတ်ဘဲ သူ၏ ဝိညာဉ်ပါ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ လက်ကို ပြန်ကပ်ထားသော်လည်း ဘာမှ အသုံးမဝင်ဘဲ လှုပ်ရှား၍ မရတော့ဘဲ ထာဝရ ဆုံးရှုံးသွားရခြင်း ဖြစ်သည်။

"ဘယ်... ဘယ်သူလဲ"

ဝမ်ကျန့်ချိုးမှာ ထိတ်လန့်တုန်လှုပ်ကာ ဒေါသထွက်နေပြီး ကျောထဲတွင် စိမ့်တက်သွားသည်။ သူသည် ရှေးဟောင်းမိစ္ဆာ စစ်နတ်ဘုရား ခန္ဓာကိုယ်ကို အသုံးပြုထားသဖြင့် ရှယန်လုံတို့အဖွဲ့၏ စုပေါင်းတိုက်ခိုက်မှုကိုပင် တစ်ချက်မျှ မထိခိုက်ဘဲ ခံနိုင်ခဲ့သော်လည်း ယခု ရွှေရောင် အလင်းတန်းတစ်ခုက သူ၏ လက်ကို ဖြတ်တောက်ပစ်နိုင်ခဲ့သည်တဲ့လား။

ဝမ်ကျန့်ချိုး၊ ဟုန်မန်ထျန်း၊ ရှယန်လုံ၊ ရှယန်ယီနှင့် အခြားသူများ အားလုံးသည် တစ်ပြိုင်နက်တည်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

ထိုနေရာတွင် မစူးရှသော်လည်း အရာအားလုံးထက် ပို၍ တောက်ပနေသော ရွှေရောင် လေစီးကြောင်းများအကြားတွင် လောကတစ်ခုလုံး၌ ၎င်းတစ်ခုတည်းသာ ရှိနေသကဲ့သို့ ရွှေရောင် လူရုပ်သေးသေးလေးတစ်ရုပ် တင်ပလ္လင်ခွေ ထိုင်နေသည်။ ထိုရုပ်ပုံလွှာမှာ ဝေဝါးနေပြီး လက်ဖဝါးအရွယ်အစားသာ ရှိသော်လည်း နတ်ဘုရားတစ်ပါးကဲ့သို့သော တည်ရှိမှုကို ထုတ်ဖော်နေသည်။

အရာအားလုံးကို အမိန့်ပေးစေခိုင်းနေသကဲ့သို့ အရာအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့သော နတ်ဘုရား အရှိန်အဝါကြောင့် ကောင်းကင်နှင့် မြေပြင်မှာ မှိန်ဖျော့သွားကာ ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ကြောက်ရွံ့တုန်လှုပ်မှုကို ဖြစ်ပေါ်စေသည်။

ထိုရွှေရောင် လူရုပ်သေးသေးလေးထံမှ ဖြာထွက်နေသော ဂုဏ်ကျက်သရေမှာ မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ အရာအားလုံးကို စောင့်ကြည့်နေပြီး လောကကြီးတစ်ခုလုံးကို အရောင်မဲ့သွားစေကာ လူတိုင်း၏ ဝိညာဉ်အတွင်း၌ မူလအစ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားရစေတော့သည်။

All Chapters