← Chapters

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း (၉၅၆) ဝိညာဉ် ဓားသွားအဖြစ် အသွင်ပြောင်းခြင်း။ ဓားသွားနတ်ဘုရား၏ ဒဏ္ဍာရီ။ (၂)

ချင်ကျန့်သည် မိမိရှေ့မှ ပုဂ္ဂိုလ်မှာ လိမ်ညာနေသည်ဟု မသံသယဖြစ်မိပေ။ မူလဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးသော ဤကဲ့သို့သော ရှေးဟောင်းပုဂ္ဂိုလ်ကြီးများသည် သာမန်သတ္တဝါများမဟုတ်ကြချေ။ ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တို့သည် သူတစ်ပါး၏ အမည်နာမကို အယောင်ဆောင်ရန်အတွက် အလွန်ပင် မာန်မာနကြီးကြသူများ ဖြစ်ကြသည်။

"ဒီလူက ရှေးဟောင်းခေတ်က ဓားသွားနတ်ဘုရားရဲ့ လူဝင်စားတစ်ယောက်လား။ ဒီလို သေးငယ်တဲ့ အရပ်ဒေသမှာ ဘာကြောင့် ပေါ်လာရသလဲဆိုတာ အံ့သြစရာမရှိတော့ဘူး..."

ချင်ကျန့်၏ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်သွားသည်။ လူဝင်စားခြင်းဆိုသည်မှာ များသောအားဖြင့် မြင့်မြတ်သော ရှေးဟောင်း နိုင်ငံတော်အတွင်း၌သာ ကန့်သတ်မထားတတ်ပေ။ အခြားသော လူသားနိုင်ငံငယ်များတွင် ပြန်လည်မွေးဖွားခြင်းမှာ အလွန်ပင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်လည်း မြင့်မြတ်သော ရှေးဟောင်း နိုင်ငံတော်တွင် နိုင်ငံငယ်များ၏ ကိစ္စရပ်များ၌ ဝင်ရောက်မစွက်ဖက်ရန် မရေးမသားထားသော စည်းမျဉ်းတစ်ခု ရှိနေခြင်းဖြစ်သည်။ ထိုစည်းမျဉ်းကို ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်ကြီးအချို့က မိမိတို့ကိုယ်တိုင် နိုင်ငံငယ်များတွင် လူပြန်ဝင်စားသည့်အခါ အစွမ်းများ ပြန်မနိုးထမီ ဘေးအန္တရာယ်များနှင့် မတွေ့ကြုံစေရန် သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

ယခု မိမိရှေ့မှ ဓားသွားနတ်ဘုရားမှာ ထိုသူများထဲမှ တစ်ယောက်ပင် ဖြစ်၏။

စူးချန်းခုန်းအနေဖြင့် မိမိဘာသာ အမှတ်မထင် ပြောလိုက်သော အမည်သည် ချင်ကျန့်အား ဤမျှအထိ အတွေးများစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချင်ကျန့်ကမူ စူးချန်ခုန်းအား ရှေးဟောင်း မဟာသူတော်စင်ကြီး ၉ ဦးနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာနတ်ဘုရားအစွမ်းရှိသည့် သိုင်းဝိဇ္ဇာသူတော်စင်များကို သတ်ဖြတ်ကာ ရှေးဟောင်းသူတော်စင်များကိုပင် စိန်ခေါ်ခဲ့သူ တစ်ဦးဟု ယုံကြည်သွားလေသည်။

"တိုက်"

စူးချန်ခုန်း၏ စကားအဆုံးတွင် သူသည် ထပ်မံ၍ တိုက်ခိုက်လေတော့သည်။ သူ၏ မူလဝိညာဉ်သည် ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ လမ်းပိတ်ရပ်နေသော ချင်ကျန့်ထံသို့ ဦးတည်သွားသည်။

မူလဝိညာဉ်၏ ရိုးရှင်းသော ရိုက်ခတ်မှုသည်ပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်းကို ထွက်ပေါ်စေရာ ဝမ်ကျန့်ချိုးကဲ့သို့သော နတ်ဘုရားမျိုးစေ့ရရှိထားသည့် ထိပ်သီး သိုင်းဝိဇ္ဇာ သူတော်စင်များပင်လျှင် ခုခံတိုက်ခိုက်ရန် ရုန်းကန်ရမည် ဖြစ်သည်။

"စစ်မိစ္ဆာလက်ဝါး" တွန့်ဆုတ်ခြင်းမရှိဘဲ ချင်ကျန့်သည် ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏ ယပ်တောင်ကဲ့သို့သော လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကြီးမားသော နတ်ဘုရားအရှိန်အဝါနှင့် နက်နဲသော လျှို့ဝှက်ချက်များ ပါဝင်နေသည်။

"ချွင်"

မူလဝိညာဉ်နှင့် ဧရာမလက်ဝါးကြီးတို့ ရိုက်ခတ်မိသောအခါ နားကွဲလုမတတ် ဟည်းဟိန်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရိုက်ခတ်မှုလှိုင်းများသည် မျက်မြင်တွေ့နိုင်လောက်အောင် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

သို့သော် မူလဝိညာဉ်သည် နောက်သို့ ပြန်လည်ဝဲပျံလာပြီး ချင်းကျန့်အား မနားတမ်း ပြန်လည်တိုက်ခိုက်ပြန်သည်။

"ချွင်၊ ချွင်၊ ချွင်"

ချင်ကျန့်သည် ရှေးဟောင်းမိစ္ဆာဂိုဏ်း၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတိုင်း မျက်စိဖြင့် မလိုက်နိုင်သော ဓားသွားဝိညာဉ်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။ သူသည် မိမိ၏ သံမဏိကဲ့သို့ မာကျောသော လက်ဝါးများကိုသာ အားပြု၍ မူလဝိညာဉ်၏ တိုက်ခိုက်မှုများကို ဆက်တိုက် တွန်းလှန်နေလေသည်။

သို့သော် ချင်ကျန့်၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်လာသည် "ဒါမျိုးက ကြာရှည်ခံမှာမဟုတ်ဘူး... ငါ့ရဲ့ ဒီခန္ဓာကိုယ်က ကိုယ်ပွားတစ်ခုသာ ဖြစ်နေတာကြောင့် မူလဝိညာဉ်ရဲ့ တိုက်ခိုက်မှုတွေကို ကြာကြာ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

ရိုက်ခတ်မှုတိုင်းတွင် ချင်ကျန့်၏ ခန္ဓာကိုယ်မှာ ပိုမိုဝေဝါးလာပြီး အပြင်ပန်းတွင်သာ သန်မာဟန်ရှိသော်လည်း အတွင်း၌ မခိုင်မာတော့သည်ကို မည်သူမဆို မြင်နိုင်ပေသည်။

"ချင်ကျန့်က တကယ့်ကို သန်မာတာပဲ... သူက နတ်ဘုရားခန္ဓာကိုယ်ကို တည်ဆောက်ထားနိုင်တဲ့ သိုင်းဝိဇ္ဇာသူတော်စင် တစ်ယောက်ပဲ။ တကယ်လို့ သူကိုယ်တိုင်သာ ဒီမှာရှိနေရင် ငါ့ရဲ့ မူလဝိညာဉ်က သူ့ကို အသက်အန္တရာယ်ဖြစ်စေဖို့ ခက်ခဲလိမ့်မယ်"

စူးချန်ခုန်းသည်လည်း စိတ်ထဲမှ ချီးကျူးမိသည်။ ချင်ကျန့်ကိုယ်တိုင်သည် အလွန်အစွမ်းထက်သူဖြစ်ပြီး နတ်ဘုရားမျိုးစေ့ရရှိထားသော သာမန်သိုင်းဝိဇ္ဇာသူတော်စင်များထက် များစွာ သာလွန်ပေသည်။

သို့သော် ကိုယ်ပွားမျှဖြင့် သူ့အား တားဆီးရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။

"ခုတ်"

စူးချန်ခုန်းသည် သူ၏ မူလဝိညာဉ်စွမ်းအားကို စုစည်းလိုက်ရာ မူလဝိညာဉ်၏ မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အရှိန်အဝါများသည် ကျုံ့ဝင်သွားပြီး လူသားပုံစံမှ ရွှေရောင်ဓားရှည်ကြီး တစ်လက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ရွှေရောင်ဓားရှည်ကြီးသည် အေးစက်စွာ တောက်ပနေပြီး အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်းရှိသည့် ထက်မြက်မှုများကို ထုတ်လွှင့်နေ၏။ ရွှေရောင်အလင်းတန်းများကြောင့် ကောင်းကင် တစ်ခုလုံးသည်လည်း ရွှေရောင်ဖျော့ဖျော့ လွှမ်းသွားလေသည်။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

ထွမ်မုထောင် ရင်တုန်သွားလေ၏။ သူ၏ လက်ထဲရှိ ခရမ်းရောင်ဝိညာဉ်ဓားနှင့် သူ၏ ရင်ဘတ်အတွင်းရှိ နတ်ဘုရားမျိုးစေ့တို့သည် ထိုရွှေရောင်ဓားရှည်ကြီးရှေ့တွင် ကြောက်ရွံ့တုန်လှုပ်သော ခံစားချက်များကို ပြသနေကြသည်။ ထိုဓားမှာ မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး သာမန်လူရော ဘုရင်များပါ ဦးညွှတ်ရမည့်အလား ဖြစ်နေသည်။

လူသားပုံစံမှ ဓားအဖြစ်သို့ ပြောင်းလဲခြင်းမှာ စူးချန်ခုန်းက သူ၏ မူလဝိညာဉ်ကို အစွမ်းကုန် အသုံးချလိုက်ခြင်း ဖြစ်သည်။ ဤပုံစံတွင် မူလဝိညာဉ်မှာ မည်သည့်အရာကမျှ ဖောက်ထွင်း၍မရနိုင်သော်လည်း စွမ်းအင်အသုံးစရိတ်မှာ အလွန်ပင် ကြီးမားလှပေသည်။

"ရှူး"

မူလဝိညာဉ်သည် ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံကို ရွှေရောင်အလင်းတန်းဖြင့် ပိုင်းဖြတ်ကာ ချင်ကျန့်ထံသို့ ပြင်းထန်စွာ ဆင်းသက်လာသည်။

ချင်ကျန့်သည် သူ၏ လက်ဝါးဖြင့် ခုခံရန် ကြိုးစားသော်လည်း အချည်းနှီးသာ။

"ဖျတ်"

စုတ်ပြဲသံနှင့်အတူ ချင်ကျန့်၏ လက်ဝါးမှာ ပိုင်းဖြတ်ခံလိုက်ရသည်။ ရွှေရောင်ဓားရှည်ကြီးသည် ချင်းကျန့်၏ ဦးခေါင်းပေါ်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပိုင်းဖြတ်သွားလေတော့သည်။

ချင်ကျန့်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး အတွင်းမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ "ဓားသွားနတ်ဘုရား... ဒီနေ့ကိစ္စကို ငါမှတ်ထားမယ်။ မင်းက လူဝင်စားတစ်ယောက် ဖြစ်နေရင်တောင် ငါတို့ ရှေးဟောင်းမိစ္ဆာဂိုဏ်းက မင်းကို ကြောက်မှာမဟုတ်ဘူး။"

မကျေမနပ် အော်ဟစ်သံများနှင့်အတူ ချင်ကျန့်၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး ဘာမျှမကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။

ကိုယ်ပွားတစ်ခုကိုသာ အားပြုခဲ့ရသဖြင့် သူသည် စူးချန်ခုန်း၏ မူလဝိညာဉ်ကို မတားဆီးနိုင်ဘဲ နေရာတင်ပင် အဆုံးသတ်သွားခဲ့ရသည်။

"ဆရာ... ဆရာတောင် သူ့ကို မတားနိုင်ဘူး။ ပြေး... ပြေး"

ဝမ်ကျန့်ချိုးမှာ မူလက ချင်းကျန့်၏ အနားမှ ထွက်ခွာသွားပါက ဤမူလဝိညာဉ် ပိုင်ရှင်ကြီး၏ သတ်ဖြတ်ခြင်းကို ပိုမိုမြန်ဆန်စွာ ခံရမည်ကို စိုးရိမ်သဖြင့် မလှုပ်ဝံ့ခဲ့ပေ။ ယခု ချင်ကျန့်၏ ကိုယ်ပွားပင် အစိမ်းလိုက် ပိုင်းဖြတ်ခံရသည်ကို မြင်သောအခါ သူ၏ နောက်ဆုံးမျှော်လင့်ချက်မှာလည်း ပျောက်ကွယ်သွားပြီး ဝေးရာသို့ အတင်းထွက်ပြေးလေတော့သည်။

"သေစမ်း….ငါ ဒီ မီးလျှံအင်ပါယာကို မလာခဲ့သင့်ဘူး..."

ဝမ်ကျန့်ချိုးက အလွန်ပင် စိတ်ပျက်လက်ပျက် ဖြစ်နေပြီး နောင်တများဖြင့် ပြည့်နှက်နေသည်။ သူသည် မဟာနတ်ဘုရားမျိုးစေ့အတွက် လာခဲ့သော်လည်း စမ်းသပ်မှုကို ကျရှုံးခဲ့သည်။ လက်ချည်းဗလာ မပြန်လိုသဖြင့် မီးလျှံမြို့တော်သို့ အကျိုးအမြတ်တစ်ခုခု ရလိုရငြား လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့သော နေရာငယ်လေးတွင် မူလဝိညာဉ်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သို့သော် နောင်တရရန်မှာ အလွန်ပင် နောက်ကျသွားပြီ ဖြစ်သည်။

"ရှူး"

နောက်ကွယ်မှ သဲ့သဲ့မျှသော အသံတစ်ခု ထွက်ပေါ်လာပြီး ဝမ်ကျန့်ချိုးမှာ သူ၏ သန်မာလှသော ရှေးဟောင်းမိစ္ဆာစစ်ခန္ဓာကြီး ပိုင်းဖြတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ သူ၏ လည်ပင်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သူ၏ ဦးခေါင်းမှာ အထက်သို့ လွင့်စင်သွားသည်။ ထို့နောက် ရွှေရောင်ဓားရှည်မှာ ပြန်လည်ဝိုက်ဆင်းလာပြီး သူ၏ ဦးခေါင်းကို ဖရဲသီးတစ်လုံးကဲ့သို့ နှစ်ခြမ်းခွဲကာ သူ၏ ဝိညာဉ်ကိုပါ ချေမှုန်းလိုက်လေသည်။

ဝမ်ကျန့်ချိုး၏ ခန္ဓာကိုယ်မှာ ကောင်းကင်ယံမှ ပြုတ်ကျသွားပြီး သူ၏ အသက်ဝိညာဉ်မှာလည်း ထာဝရ ချုပ်ငြိမ်းသွားလေတော့သည်။

"ပြေး... ပြေးမှဖြစ်မယ်။ ဝမ်ကျန့်ချိုး၊ နင် ငါ့ကို သေတွင်းထဲ ပို့တာပဲ။ ငါတို့ လောဘတက်ပြီး မီးလျှံမြို့တော်ကို မလာခဲ့သင့်ဘူး။"

တစ်ဖက်တွင်လည်း အခြေအနေမဟန်သည်ကို မြင်သောအခါ ဟုန်မန်ထျန်းသည် မိုင်ပေါင်း ၃ ရာ၊ ၅ ရာခန့် ဝေးရာသို့ ကြိုတင်ထွက်ပြေးသွားနှင့်ပြီ ဖြစ်သည်။ သူ့နဖူးတွင် ချွေးစေးများ ထွက်နေပြီး ဝမ်ကျန့်ချိုးကို စိတ်ထဲမှ အပြင်းအထန် ကျိန်ဆဲနေမိသည်။ သူကိုယ်တိုင်က ဝမ်ကျန့်ချိုးအား လက်စားချေရန်အတွက် ဤနေရာသို့ လာရန် မြှောက်ပင့်ခဲ့သည်ကိုတော့ ဝန်မခံလိုခဲ့ပေ။

All Chapters