အခန်း ၉၆၀
Vol. 64 Ch. 960
အခန်း (၉၆၀) ဘိုးဘေးတို့၏ ဂုဏ်ရောင်ကို တုန်လှုပ်စေသော နတ်ပိုးချည်ကျင့်စဉ်။ ရှေးဟောင်းသူတော်စင် မှတ်တမ်း။ (၃)
သို့သော် ဤသည်မှာ စူးချန်ခုန်း၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။
အဟောင်းကို မဖျက်ဆီးဘဲ အသစ်ကို မတည်ဆောက်နိုင်ပေ။
"နတ်ပိုးချည်ကျင့်စဉ်ကို အစကနေ ပြန်ကျင့်မယ်။"
စူးချန်ခုန်းသည် မူးဝေထိုင်းမှိုင်းမှုများကို အောင့်အည်းသည်းခံကာ နတ်ပိုးချည်ကျင့်စဉ်ကို အခြေခံမှစ၍ ပြန်လည်ကျင့်ကြံလေတော့သည်။
"နတ်ပိုးချည်ကျင့်စဉ်ကို ပြန်ကျင့်ရတာက... ဒီအတတ်က တကယ့်ကို ထူးခြားပေမဲ့ ပြင်ဆင်မွမ်းမံလို့ရတဲ့ အားနည်းချက်တွေတော့ ရှိနေသေးတာပဲ။"
သူ၏ လက်ရှိ သိုင်းပညာ အခြေခံအုတ်မြစ်နှင့် ထူးကဲသော ဉာဏ်အလင်းပွင့်မှု စွမ်းရည်တို့ဖြင့် စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်၏ အားနည်းချက်များကို လွယ်ကူစွာပင် ရှာဖွေတွေ့ရှိခဲ့ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ခဲ့သည်။
"ဟူး"
စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်း၌ နတ်ပိုးချည်စွမ်းအင်သစ် တစ်မျှင် စတင်မွေးဖွားလာသည်။ အလွန်အားနည်းသေးသော်လည်း အလွန်ပင် သန့်စင်လှသည်။ ဤစွမ်းအင်မျှင်လေးသည် လျင်မြန်စွာ လှည့်ပတ်စီးဆင်းနေပြီး ပျိုးပင်ငယ်လေးတစ်ပင်ကဲ့သို့ ကြီးထွားသန်မာလာလေသည်။
စူးချန်ခုန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ပိုးမျှင်များ ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် ဧရာမ ပိုးအိမ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သဘာဝ၏ ဝိညာဉ်စွမ်းအင်များကို သန့်စင်စုပ်ယူလျက် သူ၏ ခန္ဓာကိုယ်ကို ငုံ့လျှိုးအုပ်မိုးထားလေသည်။ ထိုပိုးအိမ်အတွင်း၌ စူးချန်ခုန်းသည် အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်ကာ သဘာဝစွမ်းအင်များကို ဆွဲယူပြီး သန့်စင်သော အနှစ်သာရစွမ်းအင်များအဖြစ် ပြောင်းလဲကာ မိမိ၏ ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းနေသည်။
အချိန်များ ကုန်ဆုံးသွားရာ ခြောက်လခန့်မှာ မျက်တောင်တစ်ခတ်အတွင်း ကျော်လွန်သွားခဲ့ပြီ... ဤကာလအတွင်း မိစ္ဆာဝိညာဉ်ချိပ်စည်းသည် စူးချန်ခုန်း၏ အသက်ဓာတ်ကို အဆက်မပြတ် စုပ်ယူနေခဲ့သဖြင့် သူ၏ ရုပ်သွင်မှာ အလွန်အိုမင်းရင့်ရော်နေပြီး အရေခွံနှင့် အရိုးသာ ကျန်တော့ကာ လေတိုက်လျှင်ပင် လဲကျတော့မည့် အသက်ရာကျော် အဘိုးအိုတစ်ဦးနှင့် တူနေသည်။ သို့သော် သူ၏ စွမ်းအားသိုလှောင်ရာအတွင်း အသစ်ပြန်လည်ကျင့်ကြံထားသော နတ်ပိုးချည်စွမ်းအင်မှာမူ လျင်မြန်စွာ သန်မာလာနေခဲ့သည်။
ခြောက်လအတွင်းမှာပင် သူသည် အောင်မြင်စွာ ပြန်လည်ကျင့်ကြံနိုင်ခဲ့ပြီး နတ်ပိုးချည်စွမ်းအင်၏ သန့်စင်မှုမှာ သူ၏ အထွတ်အထိပ်ကာလကထက်ပင် သိသိသာသာ သာလွန်နေခဲ့သည်။
"ဂျောက်... ဂျောက်...ဂျောက်"
စူးချန်ခုန်း၏ ပတ်လည်ရှိ ပိုးအိမ်ကြီးမှာ အက်ကွဲပျက်စီးသွားပြီး ခန္ဓာကိုယ်အတွင်း နတ်ပိုးချည်စွမ်းအင်များ လှည့်ပတ်စီးဆင်းလာသည်နှင့်အမျှ သူသည် ပိုးတုံးလုံးဘဝမှ လိပ်ပြာအဖြစ်သို့ ကူးပြောင်းသကဲ့သို့ အိုမင်းသော ရုပ်သွင်မှ တက်ကြွနုပျိုသော လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားလေသည်။
နတ်ပိုးချည်ကျင့်စဉ် (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း ၂၁ ရာခိုင်နှုန်း)
သူ၏ အရည်အချင်းပြဘောင်ကွက်ကို ကြည့်လိုက်သောအခါ လွန်ခဲ့သော ခြောက်လကထက် နတ်ပိုးချည်ကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရသည်။
"နောက်တစ်ခေါက်"
စူးချန်ခုန်း၏ မျက်လုံးများမှာ တောက်ပနေပြီး တွန့်ဆုတ်မှုမရှိဘဲ အသစ်ပြန်လည်ရရှိထားသော နတ်ပိုးချည်စွမ်းအင်များကို မိစ္ဆာဝိညာဉ်ချိပ်စည်းအတွင်းသို့ ထပ်မံထည့်သွင်းပေးလိုက်ပြန်သည်။
တစ်ဖန် သူ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းသွားပြန်သည်။ စူးချန်ခုန်းသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲယူလျက် နတ်ပိုးချည်ကျင့်စဉ်ကို နောက်ထပ်တစ်ကြိမ် အစမှ ပြန်ကျင့်ကြံလေသည်။
ဤတစ်ကြိမ်တွင် စူးချန်ခုန်းသည် ပထမအကြိမ်ကထက် ပိုမိုမြန်ဆန်စွာဖြင့် သုံးလအတွင်းမှာပင် အောင်မြင်စွာ ပြန်လည်ကျင့်ကြံနိုင်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ အဆင့်ဆင့် ပြောင်းလဲတိုးတက်နေပြီး ကြီးမားသော အသက်စွမ်းအားများဖြင့် ပိုမိုတက်ကြွလာကာ အသက်ဓာတ်၏ အနှစ်သာရပိုင်းတွင် တိုးတက်မှုများ ရရှိနေသည်ကို စူးချန်းခုန်း အထင်အရှား ခံစားနေရသည်။
အကြိမ်ကြိမ် ပြန်လည်ကျင့်ကြံခြင်းဖြင့် သူသည် ယခင်က မိမိကိုယ်ကို အစဉ်အမြဲ ကျော်ဖြတ်နေခဲ့သည်။
မိစ္ဆာဝိညာဉ်ချိပ်စည်းသည် လျင်မြန်စွာ ကြီးထွားနေသော်လည်း စူးချန်ခုန်း၏ နတ်ပိုးချည်ကျင့်စဉ် တိုးတက်မှုနှုန်းမှာ ပို၍ပင် မြန်ဆန်နေခဲ့သည်။
မိစ္ဆာဝိညာဉ်ချိပ်စည်းသည် စူးချန်ခုန်းအတွက် ဖိအားတစ်ခုဖြစ်သလို မိမိကိုယ်မိမိ သန့်စင်ရန်နှင့် အသွင်ကူးပြောင်းမှု ပြီးမြောက်စေရန်အတွက် တွန်းအားပေးသည့် အရာတစ်ခုလည်း ဖြစ်နေပေသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်ကို လူငယ်ဘဝမှ လူအိုဘဝ၊ ထိုမှတစ်ဖန် လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိအောင် အဆက်မပြတ် ကျင့်ကြံနေခဲ့သည်။ တစ်နှစ်အတွင်းမှာပင် စူးချန်းခုန်းသည် ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားခဲ့ရသည်။
စူးချန်ခုန်း တစ်ဦးတည်း အပတ်တကုတ် ကျင့်ကြံနေစဉ်အတွင်း အခြားသော ကိစ္စရပ်များလည်း ဖြစ်ပေါ်ခဲ့သည်။ စူးချန်ခုန်း ကျင့်ကြံမှု စတင်ပြီး ခြောက်လအကြာတွင် ရှယန်ယီသည် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်သွားပြီဖြစ်ရာ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော်သို့ သွားရန် ရွေးချယ်ခဲ့သည်။ သူသည် စူးချန်ခုန်းအား တုံကင်တံဆိပ်ပြားမှတစ်ဆင့် ဆက်သွယ်ကာ မြင့်မြတ်သော ရှေးဟောင်း နိုင်ငံတော်သို့ အတူတူသွားရန် ဖိတ်ခေါ်ခဲ့သော်လည်း စူးချန်ခုန်းက မိမိ၏ ဆရာဖြစ်သူ 'ဓားသွားနတ်ဘုရား' ထံတွင် ဆက်လက်ကျင့်ကြံလိုသည်ဟု ဆိုကာ ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။
ထို့အပြင် ကြားကာလအတွင်း နတ်ဘုရားလက်နက်အိမ်တော်မှာ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိပ်သီးပန်းသုံးပွင့် သိုင်းပညာရှင် တစ်ဦးနှင့် နတ်ဘုရားလက်နက်အိမ်တော်တို့ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဂေဟာမှ လူလွှတ်၍ ကျုံးလင်တောင်သို့ အကူအညီတောင်းခံခဲ့သည်။
စူးချန်ခုန်းသည် ဤကဲ့သို့သော ကိစ္စအသေးအမွှားများကို ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းခြင်းမပြုဘဲ သူ့လက်အောက်ရှိ လူများကိုသာ လွှတ်၍ ကိုင်တွယ်စေခဲ့သည်။ ကျော်ကြားလှသော 'တာ့ဝူဖုန်း' နှင့် နတ်ဘုရားလက်နက်အိမ်တော်တို့ ပတ်သက်မှုရှိနေသည်ကို သိရပြီးနောက် ဆန့်ကျင်ဘက်အဖွဲ့မှာ ပျက်စီးခြင်းသို့ ဦးတည်သွားခဲ့ရသည်။ ထိုမူလနယ်ပယ် သိုင်းပညာရှင်၏ ဂိုဏ်းချုပ်ကိုယ်တိုင်ပင်လျှင် မိမိတို့ဂိုဏ်း ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် လူကိုယ်တိုင်လာရောက် တောင်းပန်ကာ လျော်ကြေးပစ္စည်းများ ပေးအပ်ခဲ့ရသည်။
စူးချန်ခုန်းအတွက်မူ ဤအရာများမှာ အရေးမပါသော ကိစ္စများသာ ဖြစ်သည်။ သူ၏ လက်ရှိအဆင့်တွင် သူ၏ တစ်ခုတည်းသော အာရုံစိုက်မှုမှာ မိမိကိုယ်ကိုယ် ကျော်ဖြတ်နိုင်ရန်သာ ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားရာ နှစ်နှစ်ခွဲမှာ မျက်တောင်တစ်ခတ်အတွင်း ကျော်လွန်သွားပြီး စူးချန်ခုန်းသည် ယခုနှစ်တွင် အသက် ၃၈ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် ဆောင်းရာသီတစ်ခုလည်း ရောက်ရှိလာခဲ့ပြန်သည်။
ကောင်းကင်နှင့် မြေကြီးအကြားတွင် နှင်းများ ဝဲပျံနေပြီး အလွန်အေးစက်နေသော်လည်း နတ်ပိုးချည်ဂူအတွင်း၌မူ နွေဦးကဲ့သို့ နွေးထွေးနေသည်။ ပုံမှန်အားဖြင့် ကျောက်သားဂူအတွင်း မြက်တစ်ပင်ပင် မပေါက်နိုင်သော်လည်း ယခုမူ စူးချန်ခုန်း၏ ကျေးဇူးကြောင့် တက်ကြွလန်းဆန်းသော ပန်းများနှင့် အပင်များဖြင့် ပြည့်နှက်နေသည်။
စူးချန်ခုန်းသည် သာမန်လူများ စိတ်ကူး၍မရနိုင်သော ကြီးမားလှသည့် အသက်စွမ်းအားများကို ထုတ်လွှင့်နေသည်။ ဤတက်ကြွသော စွမ်းအင်များသည် အနည်းငယ်မျှ ပျံ့လွင့်ရုံဖြင့်ပင် နတ်ပိုးချည်ဂူအား အမြဲစိမ်းလန်းစိုပြည်ကာ ထာဝရနွေဦးကဲ့သို့ ဖြစ်စေခဲ့သည်။
"နောက်ဆုံးတော့... ငါ အဆင့်တက်ပြီ" စူးချန်ခုန်းသည် အသက်ရှူထုတ်လိုက်ရာ ပတ်ပတ်လည်တွင် ပိုးအိမ်အကျိုးအပဲ့များ ပြန့်ကျဲသွားပြီး သူ၏ နှုတ်ခမ်းများတွင် ကျေနပ်အားရသော ပြုံးရိပ်တစ်ခု ပေါ်လာသည်။
နှစ်နှစ်ခွဲတိုင်အောင် ခက်ခဲပင်ပန်းစွာ ကျင့်ကြံခဲ့ပြီး ကိုးကြိမ်ထက်မနည်း အစမှ ပြန်လည်ကျင့်ကြံကာ ပိုးအိမ်အတွင်းမှ လိပ်ပြာအဖြစ် အကြိမ်ကြိမ် အသွင်ကူးပြောင်းပြီးနောက်တွင် သူသည် အလွန်ခက်ခဲလှသော နတ်ပိုးချည်ကျင့်စဉ်ကို အဆင့် ၁၁ သို့ ရောက်ရှိအောင် တွန်းတင်နိုင်ခဲ့ပြီ ဖြစ်လေတော့သည်။