အခန်း ၁၂၄၉
Vol. 105 Ch. 1249
အခန်း ၁၂၄၉ -
ဗုဒ္ဓအဖြစ်သို့ လမ်းပြခြင်း ... ။
လူတိုင်းသည် တိုက်ပွဲဝင်ဆန္ဒများ ယိမ်းယိုင်လျက် တိတ်ဆိတ်နေကြတော့သည်။ ထိုစဉ် ဝမ်ချန်ဖန်သည် ဒေါသတကြီးဖြင့်၊
“ မင်းတို့ ဘာလုပ်နေတာလဲ ... ဒါကတိုက်ပွဲလေးတစ်ခုပဲ မင်းတို့ရဲ့ တံဆိပ်ကို ချိုးပြီး ထွက်ပြေးချင်နေတာလား။ ”
-ဟု အော်ဟစ်လိုက်၏။ သူ့စကားကြောင့် တုံ့ဆိုင်းနေသော သူတော်စင်အင်မော်တယ်များ အားလုံးမှာ ချက်ချင်းသတိဝင်လာသည်။
“ လူတိုင်း ... အခုချိန်မလုပ်ရင် ဘယ်တော့လုပ်မှာလဲ သူ့ကို သတ်ပစ်ရအောင်။ ”
ဝမ်ချန်ဖန်းက မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူက ကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်တော့၏။
တစ်ဆက်တည်းမှာပင် တာအိုတံဆိပ်တစ်ခုကို ချက်ချင်း ဆင့်ခေါ်ကာ စုရီထံသို့ ရိုက်ချလိုက်လေသည်။
“ သူ့ကို သတ် ... ။ ”
“ မင်းတို့ရဲ့ ဝှက်ဖဲတွေကို ထုတ် ... ။ ”
တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များ သည်လည်း လှုပ်ရှားလာတော့၏။
များမကြာခင် ဆာလောင်နေသော ဝံပုလွေများအလား ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော် လိုက်ကြတော့သည်။
ဤအခြေအနေအရ စုရီသည် လောကကြီးကိုဖျက်ဆီးမည့် မိစ္ဆာတစ်ကောင် အလား ထင်မှားစေပေမည်။
ထိုတိုက်ခိုက်မှု စက်ဝန်းအတွင်း၌ တန်ယုယန်ပင် ညိတွယ်ပါရှိသွားတော့သည်။ ဘုန်းကြီးကျိုးယွင်က ပါးနပ်စွာဖြင့် ဝေးရာသို့ ချက်ချင်းဆုတ်ခွာနိုင်ခဲ့သည်။
စုရီသည်လည်း စိတ်ရှည်သည်းခံနိုင်မှု ကုန်ဆုံးနေပြီဖြစ်ရာ လျှပ်စီးလက်နေသကဲ့သို့ ပြိုင်ဘက်များကြား ပြေးလွှားတိုက်ခိုက်၏။
နေရာအနှံ့အပြား၌ အဖျက်စွမ်းအင်များ ပျံ့ကားလျက် အဖိုးတန်ရတနာများ တစ်ခုပြီး တစ်ခု ပေါက်ကွဲနေတော့သည်။
လျှို့ဝှက်နည်းစနစ်များနှင့် အံ့ဖွယ်ရတနာများ စသည်တို့ အားလုံးသည် ရေပူဖောင်းများကဲ့သို့ပြိုကွဲနေ၏။
စုရီဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဓားမုန်တိုင်းကြီးတစ်စင်းနှင့်အတူ အရာခပ်သိမ်း ကြေမွကုန်ကြသည်။
အချို့သည် ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်တောက်သွားပြီး အချို့သည်အမှုန့်အဖြစ် ပြောင်းလဲကုန်၏။
နာကျင်စွာ အော်ဟစ်သံများသည်ပင် ကောင်းကင်၌မိုးလုံးညံနေသည်။ မည်သူမဆို စုရီရှေ့တွင် ရွှံ့ခွေးနှင့် ရွှံ့ကြက်များပေပင်။
“ သေစမ်း ငါ့တင်ပါး ... အား။ ”
ရုတ်တရက် ဓားချက်တစ်ချက်သည် စုန့်ပိုင်လီ၏ တင်ပါးကိုထိမှန်ကာ အသားစများ ဖွာလန်ကျဲကုန်သည်။ ဒေါသတကြီး နာကျင်စွာ ကျိန်ဆဲလိုက်တော့၏။
ထိုစဉ် နောက်ထက်ဓားချက်သည် သူ့ကိုထိမှန်လျက် ခန္ဓာကိုယ်ကြီးကို လုံးဝကြေမွ ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။
ဤအခြေအနေတွင် သူသည်လည်း တောင့်မခံနိုင်တော့ဘဲ တံဆိပ်ကိုချိုးဖြတ်ကာ ချက်ချင်း ထွက်ပြေးတော့၏။
ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး ဓားစွမ်းအင်များသည် ရေတံခွန်ကြီးတစ်ခုကဲ့သို့ ဆက်လက်ရွာချနေသည်။
တန်ယုယန်ကို ဝိုင်းရံတိုက်ခိုက်နေသော သူတော်စင် အင်မော်တယ် လေးပါးစလုံးသည် ထိုပြင်းထန်သော ဓားမိုးရေစက်များအောက်၌ အပိုင်းပိုင်း ကွဲအက်ကုန်၏။
ဤဖြစ်စဉ်သည် သေခြင်းကိုပင် မသိလိုက်သော ပုရွက်ဆိတ်များကဲ့သို့ ရက်စက် လွန်းချေပြီ။ မည်သို့ပင် ဆိုစေကာမူ သူတို့သည် သူတော်စင်အင်မော်တယ်များဖြစ်၏။
ထိုစဉ် လူတိုင်းကို လှုံ့ဆော်ခဲ့သော ဝမ်ချန်ဖန်သည် အဝေးသို့ထွက်ပြေးလေသည်။ ထိုမြင်ကွင်းကြောင့် ကျိုးယွင်သည် ရွံရှာလာပြီး ထွက်ပြေးမည့် လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လျက် ဆွမ်းသပိတ်ဖြင့် ထုချပစ်၏။
“ ခွပ် ... ။ ”
“ အား ... ကတုံးကောင် ... မင်း။
“ ခွပ် ... ။ ”
“ အား ... ။ ”
“ ခွပ် ... ။ ”
အဆုံးတွင် ဝမ်ချန်ဖန်သည် စကားများ မပြောနိုင်တော့ဘဲ မျက်ရည်များစီးကျလျက်ဖြင့် နာကျင်မှုကြောင့် ထွက်ပြေးရန် ကြိုးစားပြန်၏။
“ ငါ ဝန်ခံပါတယ် ... ငါဝန်ခံပါတယ် မင်းဘာလို့ ဒီလောက်အထိလုပ်နေရတာလဲ ငါတို့ကိုသတ်ဖို့ တကယ်လိုအပ်လို့လား။ ”
ထိုစဉ် အဝေး၌ ဖေကျန်း၏ ကြောက်လန့်တကြားအော်ဟစ်သံသည် ပဲ့တင် ထပ်လာတော့၏။ သို့သော် အဆုံးသတ်မှာ နာကျင်ဖွယ်သေဆုံးမှုကြီးပေပင်။
“ အား ... ။ ”
ထိုအဖြစ်အပျက် မြင်လိုက်ရသော ဝမ်ချန်ဖန်သည်လည်းအံကြိတ်လျက် တံဆိပ်ကို ထုတ်ယူကာ ချက်ချင်းထွက်ခွာတော့၏။
“ ကတုံးကောင် ငါတို့ မပြီးသေးဘူး။ ”
သူ့အသံသည်သာ ပဲ့တင်ကျန်ရစ်ခဲ့၏။ ယခုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသွေးများ ပြန့်ကျဲလျက် မည်သူမျှ ရှိမနေတော့ချေ။
“ မြန်မြန် ... ။ ”
ခေါင်းဆောင်များဖြစ်သည့် ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်များသည် ချက်ချင်း တံဆိပ်များကို ချိုးဖြတ်လိုက်ကြ၏။
သူတို့၏ ဗီဇအသိတွင် သေစေသော အန္တရာယ်ကိုခံစားရကာ စုရီကိုရင်ဆိုင်ရန်သတ္တိ မရှိတော့ချေ။
ဤသို့အဓိပ္ပါယ်မဲ့သော တိုက်ပွဲများ၌ အသက်ပေးဆပ်ရသည်အထိ မိုက်မဲခြင်းမျိုးကို မည်သူမျှ မပြုမူသည်မှာ သဘာဝပေပင်။
အဆုံး၌ ကျိုးယွင်သည် အသက်ပြင်းပြင်း ရှူလိုက်ကာ အေးခဲနေသောအသွင်ဖြင့် စုရီထံ မော့ကြည့်ကာ၊
“ အော်မိတောဖော တာအိုရှန့်မူရဲ့ တောက်ပမှုက ကောင်းကင်မှာရှိတဲ့ နေမင်းကြီး တစ်စင်းလိုပါပဲ ကမ္ဘာတစ်ဝှမ်းလုံးကို ထွန်းလင်းတောက်ပနေတော့မယ်။ ”
-ဟု ချီးကျူးစကားဆိုလိုက်သည်။
“ ဘုန်းကြီးကျိုးယွင် ... မင်းက ကြာပန်းကျောင်းတိုက်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ပါးအနေနဲ့ နည်းနည်းလောက် သမာဓိလေး ပြပါဦးလား။ ”
တုန်ယုယန်မှ ရွဲ့စောင်းလျက် ပြောကြားလိုက်၏။ ဤဘုန်းကြီးသည် စုရီနှင့် တွေ့ဆုံချိန်တိုင်း အရှက်မဲ့သော မြှောက်ပင့် စကားများစွာကို တရစပ်ပြောတတ်ချေပြီ။ စုရီမှပြုံးလိုက်၏။
“ မင်း ဒီလျှို့ဝှက်နယ်မြေထဲကို ငါနဲ့အတူလိုက်ချင်လား။ ”
“ အဟွတ် အဟွတ် ... ဒါဟာ တကယ်ဆိုရင်တော့ ... တာအိုရှန့်မူ ငါ့ကို ခေါ်သွားပေးနိုင်မလား။ ”
“ မဟုတ်ဘူး ... ။ ”
သို့သော် စုရီမှ တိုက်ရိုက် ငြင်းဆန်လိုက်သည်။ ကျိုးယွင်တစ်ယောက် မျက်နှာပျက်ယွင်းသွား၏။ ဤလူငယ်နှင့် ဆုံတွေ့ချိန်တိုင်း သူ့နှလုံးသားကိုများစွာ နာကျင်ရစေသည်။
“ ဒါဆို ငါနှုတ်ဆက်ပါတယ်။ ”
အဆုံး၌ သက်ပြင်းချလျက် ဦးညွှတ်ကာ လှည့်ထွက်လိုက်တော့၏။ ဤအခွင့်အရေးကို အသုံးချပြီး စုရီနှင့်ကောင်းမွန်သော ဆက်ဆံရေး တစ်ခု တည်ဆောက်ရန် သူ တကယ် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် တစ်ဖက်လူသည် ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့ခြင်းကြောင့် ရွေးချယ်စရာ မရှိတော့ချေ။ ထိုစဉ် ရုတ်တရက် တိုးညှင်းသောဆက်သွယ်မှုတစ်ခုကို ရရှိလာ၏။
“ ဒီမှာ မင်းရဲ့ ဗောဓိတစ်ထောင် အသွင်ပြောင်းကျမ်းအတွက် ငါ့ရဲ့လမ်းညွှန်မှု တချို့ပေးလိုက်မယ် ...
... ရုပ်မဲ့ဗောဓိဆိုတဲ့ သဘောတရားကို မင်းနားလည် သဘောပေါက်လာနိုင်တဲ့ အခါမှာ သေချာပေါက် မင်းဗုဒ္ဓဖြစ်လာလိမ့်မယ်။ ”
ကျိုးယွင်တစ်ယောက် မိုးကြိုးပစ်ခြင်းခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ နေရာမှာတင် မှင်သပ်ရပ်တန့်သွား၏။
“ ရုပ်မဲ့ဗောဓိလား ... ။ ”
“ ဒါက ဘာလဲ ... ရုပ်ခန္ဓာ လွတ်မြောက်ခွင့်လား ငါနားလည်ပြီ ဗောဓိမှာ အရွက်တစ်သောင်းနဲ့ အံ့ဖွယ်နည်းလမ်းတွေ မရေမတွက်နိုင်အောင် ရှိပေမယ့် ...
... စိတ်ဝိညာဉ်အတွက်တော့ ဗောဓိရွက်တစ်ရွက်တည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြသနိုင်ဖို့လုံလောက်တယ် ...
... ဒီတွယ်တာမှုကနေ လွတ်မြောက်ရင် အရာခပ်သိမ်းကို မေ့ပျောက်ပြီး နောက်တစ်ဆင့် ဖြတ်ကျော်နိုင်မယ် ဒါဉာဏ်အလင်းပဲ။ ”
ရုတ်တရက် ပါးလွှာသော အတားအဆီးထံထိမိ လိုက်သကဲ့သို့ ကျိုးယွင် တစ်ယောက် ခံစားလာရလေသည်။
တစ်ဆက်တည်းမှာပင် မြောက်များစွာသော ဉာဏ်အလင်းများ အဆက်မပြတ် ပေါ်လာကာ ထင်ရှားသောအလွှာကို ခံစားလိုက်ရ၏။
“ ဟားဟားဟား ... ။ ”
တစ်နှစ်အတွင်း ထိုအလွှာကို သေချာပေါက်ဖြတ်ကျော်နိုင်မည်။ အတွေးနှင့် ရုတ်တရက်ပြုံးကာ တဟားဟား ရယ်မော လိုက်တော့၏။
“ ကျေးဇူးတင်ပါတယ် ... တာအိုရှန့် ... ဟမ့် ဘယ်ရောက်သွားတာလဲ။ ”
လက်အုပ်ချီလျက် ပြန်လှည့်ပြီး စုရီကို ဦးညွှတ်လိုက်သောအခါ ဗလာဖြစ်နေကြောင်း သတိထားမိလာသည်။
တန်ယုယန်သာလျှင် မနာလိုသော အသွင်ဖြင့် သူ့ထံ မတ်တတ်ရပ်ကြည့်နေခဲ့၏။ ကျိုးယွင်က ရှက်ရွံ့သွားပြီး၊
“ တာအိုစု ဝင်သွားပြီလား ... ငါဘယ်လောက်ကြာသွားလဲ မိန်းကလေးတန်။ ”
-ဟု မေးမြန်းလိုက်လေသည်။
“ တစ်ရက်ကုန်သွားပြီ ... ပြီးတော့ ဒီတံခါးပေါက်က တာအိုရှန့်မူဝင်ပြီးချိန်မှာ လုံးဝ ပိတ်သွားတယ် ငါလည်း မဝင်နိုင်ခဲ့ဘူး။ ”
“ ဟမ့် ... တစ်ရက်ကြာသွားတာလား။ ”
ကျိုးယွင်တစ်ယောက် မျက်ခုံးပင့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရလာဒ်သည် ကျေနပ်စရာပေပင်။ ထို့ကြောင့် ပြုံးလျက်၊
“ မိန်းကေလးတန် ... တာအိုရှန့်မူဆိုတာ အမှန်တကယ် ဘယ်သူလဲဆိုတာ မင်း သိလား။ ”
-ဟု မေးမြန်းလိုက်သည်။
ကျင့်ကြံမှုအတွက် အကြီးမားဆုံး အတားအဆီးကို ထိုသူသည်စကားတစ်ခွန်းဖြင့် ဖြေရှင်းပေးခဲ့၏။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလှလေသည်။
ကြာပန်းကျောင်းတိုက်၌ပင် ဤဗောဓိအသွင်ပြောင်းကျမ်းကို နားလည်ပြီး လမ်းညွှန်နိုင်သူ မရှိသလောက် ရှားပါး၏။
အမှန်တရားကို ဝန်ခံရပါမူ ကြာပန်းကျောင်းတိုက်မှ အကြီးအကဲများပင် သူ့ကို အကူအညီမပေးနိုင်ချေ။
ယခုမူ ဗုဒ္ဓကို မြင်လိုက်ရသကဲ့သို့ အပြင်လူတစ်ယောက်မှ စကားတစ်ခွန်းတည်း နှင့် လမ်းညွှန်နိုင်နေ၏။
ဆိုလိုသည်မှာ ရှန့်မူသည် ကြာပန်းကျောင်းတိုက်နှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှုတစ်ခု ရှိရပေမည်။ ဘိုးဘေး၏ လူသိမခံနိုင်သော မျိုးဆက်ပင်လော။
ထိုအတွေးသည် ကျိုးယွင်ကို မသက်မသာဖြစ်စေသည်။ ဘိုးဘေးဟူသည် လမ်းစဉ်ခြောက်ပါးကို ဖြတ်တောက်ထားသည့် ဗုဒ္ဓပေပင်။ မည်သို့ မယားငယ်တစ်ယောက်နှင့် သားတစ်ယောက်မွေးနိုင်မည်နည်း။
တစ်ဖက်တွင် ထိုမေးခွန်းကြောင့် တန်ယုယန်မှသက်ပြင်းချပြီး ခေါင်းရမ်းပြကာ၊
“ တာအိုရှန့်မူရဲ့ နောက်ခံကို မင်းသိပြီးသားလို့ငါထင်နေခဲ့တာ ဒါကြောင့်သာ ဒီမေးခွန်းကိုမေးဖို့ မင်းနိုးထလာတဲ့အထိ ငါစောင့်နေတာ မဟုတ်ရင် ဘာလို့ ဒီမှာ ရပ်စောင့်နေရမှာလဲ။ ”
-ဟု ဖြေကြားလိုက်တော့၏။
***