← Chapters

အခန်း ၁၂၅၁

Vol. 105 Ch. 1251

အခန်း ၁၂၅၁

Vol. 105 Ch. 1251

အခန်း ၁၂၅၁ -

ခြောက်လက်မအရွယ် ခေါင်းတလား။

“ ဒါပေမဲ့ ဒီဝိညာဉ်ရုပ်သေးမှာ ပြဿနာတွေရှိနေပုံရတယ် အဲဒီကျောက်စိမ်း စင်မြင့်ဆီမသွားရင် သူက သာမန်ရုပ်တုလိုပဲ ဘာအန္တရာယ်မှ မရှိဘူး။ ”

တျန်ရွှမ်ကျိမှ ပြောကြားလိုက်သည်။ စုရီတစ်ယောက် မျက်ခုံးပင့်သွားကာ၊

“ ဘယ်လိုရတနာမျိုးလဲဆိုတာ မင်း ခွဲခြားပြောပြနိုင်လား။ ”

-ဟု မေးမြန်းလိုက်၏။ တျန်ရွှမ်ကျိမှ မျက်လုံးများ ချက်ချင်းအရောင်တောက်သွားပြီး၊

“ ငါ့ရဲ့ခန့်မှန်းချက်အရဆိုရင် ... ဒါဟာ ဖရိုဖရဲမူလကျောက်တုံးကနေ ထုလုပ်ထားပြီး ဉာဏ်အလင်းပွင့်မဲ့ ကျောက်စားပွဲဖြစ်မယ် ...

... သူ့အထက်က ခြောက်လက်မသာရှိတဲ့ အနက်ရောင် ခေါင်းတလားကိုတော့ ငါလည်း အသေအချာမမြင်နိုင်ဘူး ငါတို့ဒါကိုဖွင့်ကြည့်လို့ မရသရွေ့ ... သူ့ရဲ့စစ်မှန်တဲ့ မူလကို မြင်နိုင်မှာ မဟုတ်ဘူး။ ”

-ရှင်းပြလာ၏။

စုရီတစ်ယောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ ဤဆန်းပြားသော တာအိုစင်မြင့်နှင့် ခေါင်းတလားမှာ ရှေ့မှောက်ရှိ ဝိဉာဉ်ရုပ်သေးကြီးကဲ့သို့ပင် ရှေးဟောင်း အမွေအနှစ်တစ်ခု ဖြစ်နိုင်ချေ၏။

“ ဒါနဲ့ ... မင်းတို့ ဒီလျှို့ဝှက်နန်းတော်တည်နေရာကို ဘယ်လို ရှာတွေ့ခဲ့တာလဲ။ ”

စုရီမှ စပ်စုလိုက်သည်။ ထိုအခါ ကြမ်းပြင်တွင်လဲလျောင်းနေသော မီးတောက် လင်းယုန်မှ ချက်ချင်းပင် ခုန်ဆွခုန်ဆွဖြင့် အော်ဟစ်လာတော့၏။

“ ဒီလူယုတ်မာအဖိုးကြီးက ... ခရမ်းရောင်မိုးကြိုးရွှေလင်းယုန် မလေးလည်း ကောင်းကင်ဘုံအမဲလိုက်ပွဲမှာ ပါဝင်နေတယ်လို့ ပြောတာနဲ့ ငါသူ့နောက်လိုက်လာတာ ...

... ဒီနေရာရောက်တော့ ခရမ်းရောင် မိုးကြိုးရွှေလင်းယုန်ရဲ့ ငှက်မွှေးတစ်ပင်တောင် မမြင်ရဘဲ လှည့်စားမှုကို လုံးဝခံလိုက်ရတယ် ဆိုတာကို ငါသိခဲ့ရတယ်။ ”

တစ်ဆက်တည်းမှာပင် တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ မကျေမနပ်ဖြင့် ညည်းညူ ကျိန်ဆဲနေခဲ့ပြန်သည်။

“ အဟွတ် အဟွတ် ... မင်းကိုယ်တိုင် တဏှာရမ္မက်တွေနဲ့ ဒီလိုမျက်စိကန်း မသွားခဲ့ရင် ငါ့နောက်ကို လိုက်လာပါ့မလား။ ”

တျန်ရွှမ်ကျိမှ ပြန်လည် အော်ငေါက်လိုက်တော့၏။ ထို့နောက် သူက စုရီ ဘက်သို့လှည့်ကာ၊

“ ရှေးဦးခေတ်က လျှို့ဝှက်နယ်မြေတစ်ခု ဒီကောင်းကင်နတ်ဆိုးတောင်မှာ ပေါ်လာတယ် ဆိုတဲ့သတင်းကို ငါကြားခဲ့ရလို့ စူးစမ်းချင်စိတ်နဲ့ လာခဲ့တာပါ ...

... ဒီနေရာမှာ ကြီးမားတဲ့ အခွင့်အရေး တစ်ခုရှိနေပေမယ့် ငါ့စွမ်းအားနဲ့ လက်လှမ်းမမီ နိုင်ခဲ့တာကတော့ ဝမ်းနည်းစရာပါပဲ။ ”

-ဟု ရှင်းပြလာသည်။

စုရီတစ်ယောက် အခြေအနေကို နားလည်သဘောပေါက်သွား၏။ ဤအဖိုးကြီး၏ အရည်အချင်းအရ ကောင်းကင်နှင့်မြေကြီးကို လှည့်စားကာ ဝင်ရောက်ရန် မခက်ခဲလှချေ။

အဘိုးကြီးတွင် အလွန်အမင်း အစွမ်းထက်သော တားမြစ်ရတနာများစွာကို ပိုင်ဆိုင်ထားကြောင်း သူ သတိရလာ၏။

ယင်းကြောင့်သာ ဓမ္မအဆုံးခေတ်မှ အသက်ရှင်လျက် လွတ်မြောက်ကျန်ရစ်ခဲ့ခြင်း ပေပင်။ ထိုကဲ့သို့သော တားမြစ်လက်နက်များ မရှိခဲ့လျှင် ဤအရပ်သို့ လာမည်မဟုတ်ချေ။

စုရီက ခဏမျှ စဉ်းစားပြီးနောက်၊

“ ကောင်းပြီ ... ငါစမ်းကြည့်လိုက်မယ်။ ”

-ဟု ပြောကြားလိုက်သည်။ အဖိုးကြီးက ရွှင်မြူးသော အသွင်ဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် စုရီမှ ဓားကိုထုတ်ယူကာ ရှေ့သို့ လှမ်းတက်လိုက်တော့သည်။

သံချပ်ကာဝတ်လူက စုရီထံမှ ရောင်ဝါကို ခံစားမိသောကြောင့် ရုတ်ချည်းအသက်ဝင်ကာ မော့ကြည့်လာ၏။ သွေးဆာနေသော အနီရောင် အလင်းများသည် သူ့မျက်ဝန်းများမှ တိုးထွက်လာလေသည်။

အဖိုးကြီးနှင့် မီးတောက်လင်းယုန်မှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကြတော့၏။ ဤဝိညာဉ်ရုပ်သေး၏ ကြောက်မက်ဖွယ် စွမ်းရည်ကို သူတို့အသိဆုံးပေပင်။

၎င်း၏ ခွန်အားသည် အင်မော်တယ်ဘုရင်တစ်ပါးကိုပင် အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိနေရာ စုရီ၏လက်ရှိခွန်အားနှင့် အနိုင်ရရန် မသေချာလှ၏။

တစ်ဖက်တွင် စုရီသည် အကြည့်တစ်ချက်ဖြင့်ပင် အရေပြားများအက်ကွဲ လာသောကြောင့် တွန့်ဆုတ်မနေတော့ဘဲ ငရဲဘုံ ကိုးပါးဓားရောင်ဝါကို ထုတ်ဖော်လိုက်ရသည်။

“ ဖရူး ဖရူး ... ။ ”

ဓားရောင်ဝါ ပြောင်းလဲသွားသည်နှင့် ကျောက်စိမ်းစင်မြင့်ထက်၌ လွင့်မျောနေသော ကျောက်ခေါင်းတလားမှာ ပြင်းစွာတုန်ခါလာ၏။

“ ကလန် ... ။ ”

များမကြာခင် ခြောက်လက်မအရွယ် ခေါင်းတလားသည် ပျံလွှားငှက်တစ်ကောင် အသိုက်သို့ ပျော်ရွှင်စွာပြန်နေသည့်အလား စုရီထံ ချက်ချင်းရောက်ရှိလာခဲ့သည်။

“ ချွင် ချွင် ... ။ ”

၎င်းသည် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်နေပုံရပြီး စုရီတဝိုက်တွင် ပျံဝဲလျက် အဆက်မပြတ်မြည်သံပေးနေ၏။

“ ဘာတွေဖြစ်နေတာလဲ။”

လူတိုင်း မှင်သပ်သွားသည်။ စုရီပင်လျှင် အံ့အားသင့်လျက် ‌ကျောက်ခေါင်းတလားထံ ငေးကြည့်နေမိလေသည်။

ထို့နောက်တွင် အကြောင်းရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့၏။ အသိစိတ်ပင်လယ်အတွင်းရှိ ‘ငရဲဘုံကိုးပါးဓားရှိ’ ပဉ္စမမြောက်နတ်သံကြိုးသည် နိုးထလာပြီး အဆက်မပြတ် ယိမ်းထိုးနေချေပြီ။

ဤသည်မှာ တစ်စုံတစ်ရာကို အာရုံခံစားမိသွားသဖြင့် နတ်သံကြိုးမှနိုးထရန် ကြိုးစားလာခြင်းမျိုးဖြစ်၏။

ဆိုလိုသည်မှာ ပျံဝဲနေသော ဤခြောက်လက်မအရွယ် ခေါင်းတလားသည် ပဉ္စမမြောက် နတ်သံကြိုးနှင့် အနည်းငယ်မျှ ပတ်သတ်နေပုံပေပင်။

သူသည် ဝမ်ယဲ့နှင့် ပေါင်းစည်းခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ သို့တိုင် ပဉ္စမမြောက် နတ်ဘုရားသံကြိုးသည် မည်သူဖြစ်ကြောင်းကို လုံးဝမသိရှိသေးချေ။

ယင်းကြောင့် ဤနိုးထမှုအရ ပဉ္စမမြောက်ဘဝဟူသည် အင်မော်တယ်မြေ၏ ‘ရှေးဦးဆိတ်ငြိမ်ခြင်း ခေတ်’၌ မွေးဖွားခဲ့ကြောင်း ထပ်မံသိရှိလိုက်သည်။

ထိုသို့ဆိုသော် ဤကြေးနီနန်းတော်နှင့် တိုက်ပွဲဝင်ဝိညာဉ်ရုပ်သေးသည်လည်း သူနှင့်ပင် ဆက်စပ်နေရပေမည်။

“ လာခဲ့ ... ။ ”

အတွေးများကို ရှင်းထုတ်လျက် လက်ဖဝါးဖြန့်ကာ ကျောက်ခေါင်းတလားကို ခေါ်ယူ၏။ ခေါင်းတလားမှာ လက်ဖဝါးပေါ်သို့ ပျော်ရွှင်စွာ ဆင်းသက်လာချေပြီ။

အရွယ်အစားသည် ခြောက်လက်မ မျှသာရှိသော်လည်း အလေးချိန်မှာ နတ်တောင် တစ်လုံးနီးပါးပေပင်။

“ ဒီအစေခံလဲ့ကျိက ... သခင် ပြန်လာတာကို စောင့်ကြိုနေပါတယ်။ ”

တစ်ချိန်တည်းမှာပင် ရှေ့မှောက်တွင် ရက်စက်ကြမ်းကြုတ်စွာရပ်နေသော သံချပ်ဝတ် ရုပ်သေးသည်လည်း ရုတ်တရက် စုရီထံသို့ ဒူးတစ်ဖက် ထောက်ချလာ၏။

“ ဒါ ... ။ ”

နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားပြီး တျန်ရွှမ်ကျိနှင့် မီးတောက်လင်းယုန်မှာ ထခုန် လုနီးပါးဖြစ်ကုန်၏။

“ ငါ့က မင်းရဲ့သခင်လား ... ငါပြန်လာတာကို စောင့်နေတာလား။ ”

စုရီသည်ပင် ရုပ်သေးထံ ငုံ့ကြည့်ကာ ရှုပ်ထွေးသွားလေသည်။ ဤသည်မှာ သူ၏ပဉ္စမ ဘဝတွင် သန့်စင်ထားသော ရုပ်သေးတစ်ရုပ် ပင်လော။

“ ငါက မင်းရဲ့သခင်သေချာလား။ ”

စုရီက မေးမြန်းလိုက်သည်။ ထိုအခါ သံချပ်ဝတ်လူက ခေါင်းကိုဖြည်းညှင်းစွာ ပြန်၍ မော့လာခဲ့၏။

သူ့မျက်လုံးများရှိ အေးစက်ပြီး ခံစားချက်မဲ့နေသော အရိပ်အယောင်များသည် အနည်းငယ် လွင့်ပါးကုန်လျက်၊

“ ဒါ ... ဒါက မသေချာတော့ပါဘူး ... ။ ”

-ဟု ပြန်လည်ဖြေကြားချေသည်။

မျက်ဆန်များမှာ အဆက်မပြတ် လည်နေခဲ့ပြီး တစ်ချိန်က ပျောက်ဆုံးသွားသော မှတ်ဉာဏ်အပိုင်းအစများကို အသည်းအသန် ပြန်လည်ရယူရန် ကြိုးစားနေ၏။

“ ခရစ် ... ။ ”

သို့သော် နောက်ဆုံးတွင် နာကျင်မှု ခံစားလိုက်ရဟန်ဖြင့် ညည်းတွားသံများပြုပြီး ပြင်းစွာတုန်ခါလာတော့၏။

“ အဖိုးကြီးဝမ် ... ဒီရုပ်သေးရဲ့ စိတ်ဝိညာဉ်ပျက်စီးမှုက အရမ်းပြင်းတယ် သူ့ကို ဆက်ပြီး အတင်းအကြပ်မလုပ်နဲ့ မဟုတ်ရင် သူ ဒီထက်ပိုပြီး ပျက်စီးကုန်လိမ့်မယ်။ ”

တျန်ရွှမ်ကျိမှ စိုးရိမ်တကြီး အော်ဟစ် သတိပေးလာ၏။ စုရီတစ်ယောက် ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ချက်ချင်းပင်၊

“ ကောင်းပြီး မလိုတော့ဘူး မင်းဆက်ပြီး မစဉ်းစားနဲ့တော့ ... ထပါ။ ”

-ဟု အမိန့်ပေးလိုက်ရသည်။

“ သခင်ရဲ့အမိန့်အတိုင်းပါ ... ။ ”

သို့မှသာ လဲ့ကျိသည် ပုံမှန် အသက်မဲ့နေသောမျက်ဝန်းများဖြင့် ကြမ်းပြင်မှ ထရပ်လာချေပြီ။

တျန်ရွှမ်ကျိမှ ရှေ့သို့ တစ်လှမ်းတိုးကာ စုရီလက်ထဲရှိ ကျောက်ခေါင်းတလားထံ လက်ညှိုးထိုးပြလျက်၊

“ ငါ့အထင်တော့ မင်းရဲ့လက်ထဲက အဲဒီခေါင်းတလားက ဒီရုပ်သေးရဲ့ သခင်ပိုင်တဲ့ ရတနာဖြစ်မယ် ... ဒါကြောင့် မင်းကို သူ့ သခင်အဖြစ်သတ်မှတ်နေတာ။ ”

-ဟု ခန့်မှန်းလိုက်သည်။

စုရီမှ မျက်ခုံးပင့်လျက် တျန်ရွှမ်ကျိထံ ပြန်လှည့်ကြည့်ကာ တိတ်ဆိတ်သွားလေသည်။ ဤအဖိုးကြီး မှန်းဆချက်သည် သေချာပေါက် သူဖြစ်နေကြောင့် ရှင်းပြမနေတော့ချေ။

တစ်ဖက်လူသည် သူဟူသည် ‘ဝမ်ယဲ့’ ဝင်စားသူဖြစ်ကြောင်းကိုသာ မှန်းဆနိုင်ပုံရ၏။ နောက်ထပ် ဘဝများ ရှိနေသေးသည်ကိုမူ သိရှိပုံမရချေ။

“ နှမြောစရာ ကောင်းလိုက်တာ... ဒီဝိညာဉ်ရုပ်သေးရဲ့ စိတ်ဝိညာဉ်ဟာ အချိန် တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ရပြီ ...

... မဟုတ်ရင် ... ငါတို့ဟာ ရှေးဦးခေတ်ရဲ့ မယုံနိုင်စရာလျှို့ဝှက်ချက်တွေကို သေချာပေါက် သိခွင့်ရလိမ့်မယ်။ ”

တျန်ရွှမ်ကျိမှ နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။ ရှေးဦးခေတ်မှသည် ယနေ့တိုင်အောင် ရှင်သန်နိုင်သေးသည့် ရုပ်သေးတစ်ရုပ်၏ မူလမှာ မယုံနိုင်အောင်ကို ကြီးကျယ်ခမ်းနားနေရပေမည်။

***

All Chapters