အခန်း ၁၂၅၂
Vol. 105 Ch. 1252
အခန်း ၁၂၅၂ -
ကောင်းကင်ဘုံ လျှို့ဝှက်ချက်ကို ခိုးကြည့်ခြင်း ... ။
ခြောက်လက်မအရွယ် ကျောက်ခေါင်းတလားသည် နက်မှောင်သော အရောင်အဆင်းနှင့် ရိုးရှင်းလွန်းချေပြီ။
စုရီမှ ၎င်းခေါင်းတလားလေးကို ဖွင့်လှစ်ရန်ကြိုးစားသော်လည်း မအောင်မြင် သဖြင့် ငရဲဘုံကိုးပါး ဓားရောင်ဝါကို ထုတ်ဖော်ကာ စမ်းကြည့်မိ၏။
သို့တိုင် ကျောက်ခေါင်းတလားမှာ ပွင့်လာခြင်းမရှိသောကြောင့် တျန်ရွှမ်ကျိမှ ရှေ့တိုးလာပြီး၊
“ ငါ ကြည့်ပါရစေ။ ”
-ဟု တောင်းဆိုလိုက်သည်။
များမကြာခင် သူသည်လည်း ကူကယ်ရာမဲ့သော အသွင်ဖြင့် ခေါင်းရမ်း ပြလာ၏။ စုရီက သံချပ်ဝတ်ရုပ်သေးထံ ပြန်ကြည့်ကာ၊
“ ဒါဘာပစ္စည်းလဲဆိုတာ မင်းသိလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဒါဟာ ... သခင်ကိုယ်တိုင် တံဆိပ်ခတ်ထားတဲ့ ‘ဓားခေါင်းတလား’ပါ။ ”
“ ဟမ့် ... ဓားခေါင်းတလားလား ... ဓားတစ်လက်အတွက် သီးသန့်ထုလုပ်ထားတဲ့ ခေါင်းတလားလား ... ။ ”
စုရီမှ အံ့အားသင့်သွားရသည်။ မည်သည့်အကြောင်းကြောင့် ဓားတစ်လက်ကို ဤကဲ့သို့သော ခေါင်းတလားမျိုး ထုလုပ်ကာ သိမ်းဆည်းထားရသနည်း။
“ ဘာတွေ ထပ်သိသေးလဲ ဒီဓားခေါင်းတလားကို ဖွင့်လို့ရနိုင်မယ့် နည်းလမ်း တစ်ခုခုရှိလား။ ”
“ မသိတော့ပါဘူး ... ။ ”
အဆုံးတွင် စုရီသည် နဖူးထံကုပ်ခြစ်လျက် လက်လျှော့လိုက်ကာ ကျောက်ခေါင်းတလားကို သိမ်းဆည်းလိုက်တော့သည်။
ပဉ္စမမြောက်ဘဝ၏ မှတ်ဉာဏ်များ နိုးထလာပါက ဤအရာကို ဖွင့်လှစ်နိုင်ပေမည်။ ထိုစဉ် စုရီက ရုပ်သေးထံ ပြန်ကြည့်ကာ မျက်မှောင်ကြုတ်မိ၏။
ရုပ်သေးခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်သံကြိုးများသည် ဓမ္မအဆုံးခေတ် အငွေ့အသက်များ ပါရှိနေခဲ့သည်။
အနီးကပ် ကြည့်ရှုသော် ထိုသွေးနီရောင်သံကြိုးများတွင် တာအိုပုံစံများ ထင်ဟပ်ပါရှိနေ၏။
ယင်းတာအိုသည် ကြောက်မက်ဖွယ် ကောင်းသော တားမြစ်ရောင်ဝါများကို ဖုံးကွယ် မရအောင် ထုတ်ဖော်ပြသနေချေပြီ။
“ ဒီသွေးနီရောင်သံကြိုးတွေရဲ့ မူလကိုမင်းသိလား။ ”
စုရီမှ မေးမြန်းလိုက်သည်။ ထိုအခါ ရုပ်သေး၏ မျက်လုံးများသည် သွေးဆာသော အလင်းရောင်များ တောက်ပလာပြီး ပြင်းထန်စွာ တုန်ခါသွားလေသည်။
“ နတ်ဘုရား ကပ်ဘေးပါ သခင် ... အား။ ”
ရုပ်သေးပါးစပ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့်တပြိုင်နက် နာကျင်စွာ ညည်းညူသွားတော့သည်။
စုရီ မေးခွန်းကို ဖြေကြားလိုက်ရုံနှင့် သူ့စိတ်ဝိညာဉ်ကို ပြင်းစွာ ထိခိုက်စေပုံရသည်။ စုရီတစ်ယောက် ရွှေရောင်အရေခွံမှပြသသော မြင်ကွင်းကို ပြန်သတိရလာ၏။
နတ်ဘုရားများသည် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့၏။ ယင်းသည် အထွတ်အထိပ်နယ်ပယ်ရှိ သတ္တဝါ အမြောက်အမြားထံ ပစ်မှတ်ထားခဲ့သည်။
လောင်ချန်နင်၏ နောက်လိုက် အနက်ရောင်ဝတ်ရုံဝတ် အစေခံအိုကြီးသည်ပင် သတ်ဖြတ်ခံခဲ့ရ၏။
လက်ရှိကာလတွင်လည်း အင်မော်တယ်မြေရှိ ဘီလူးအိုကြီးများသည် အလားတူပင် ကြောက်မက်ဖွယ်ရာ နတ်ဘုရား ကပ်ဘေးကို ရှောင်ရှားရန်အတွက် ပုန်းအောင်းနေရလေသည်။
“ ဟမ့် ... နတ်ဘုရားကပ်ဘေးလား ... ဒါဓမ္မအဆုံးခေတ်မှာ ကျရောက်တဲ့ကပ်ဘေးမျိုး မဟုတ်လား ...
... အဲဒီတုန်းက ကြာပန်းကျောင်းတိုက်ရဲ့ ဘုန်းကြီးချင်ချူဟာ အဲဒီကပ်ဘေးအောက်မှာပဲ ပျံလွန်တော်မူခဲ့ရတယ် ဒါပေမယ့် မင်းကတော့ ဘာလို့ အခုချိန်ထိ မပျက်စီးဘဲ ရှိနေရတာလဲ။ ”
တျန်ရွှမ်ကျိမှ ထိတ်လန့်တကြား ဝင်ရောက်မေးမြန်းလာသည်။ ဘုန်းကြီး ချင်ချူ ဟူသည် ‘ကောင်းကင်ဗုဒ္ဓ’အဖြစ် လောကကြီး၏ အထွတ်အထိပ်၌ ရပ်တည်နေသူဖြစ်၏။
ထိုကဲ့သို့သော တည်ရှိမှုသည်ပင် နတ်ဘုရားကပ်ဘေးအောက်တွင် အသက်ဆုံးရှုံး ခဲ့ရသည်။
ထို့ကြောင့် အဆိုပါကပ်ဘေး၏ ကြောက်မက်ဖွယ် စွမ်းအားကို အလွယ်တကူ မှန်းဆနိုင်ပေမည်။ ယခုမူ ဝိညာဉ်ရုပ်သေး တစ်ရုပ်သည် အသက်ရှင်နေသေး၏။
ဝိညာဉ်ရုပ်သေးမှ ပြန်မဖြေချေ။ မီးတောက်လင်းယုန်မှ မယုံနိုင်ဟန်တောင်ပံများ တဖျပ်ဖျပ်ခတ်ကာ၊
“ ဒီရုပ်သေးရဲ့ သခင်က ဘယ်လောက်တောင် အစွမ်းထက်ခဲ့လဲ။ ”
-ဟု အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် စုရီသည် စကားမဆိုဘဲ သွေးနီရောင်သံကြိုးကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးမှုများထံ စစ်ဆေးလိုက်၏။ သည့်နောက် လက်တစ်ဖက်ကို မြှောက်လျက်၊
“ ငြိမ်ငြိမ်လေးရပ် ... ငါ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ဒီနတ်ဘုရားကပ်ဘေးတွေကို ဖယ်ရှားပေးမယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
လေထုအတွင်း ဆန်းကြယ်လှသည့် ပုံရိပ်များထွက်ပေါ်လာကာ ဝင်စားခြင်းဥပဒေ အသက်ဝင်လာ၏။
လက်ချောင်းထိပ်၌ အလင်းချည်မျှင်များ အဆက်မပြတ် ရစ်ပတ်တောက်ပလာပြီးနောက် ရုပ်သေးထံ လှမ်းဆွဲလိုက်တော့သည်။
“ ခရစ် ... ခရစ် ... ။ ”
“ ဘန်း ... ။ ”
အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ များမကြာခင် ရုပ်သေးခန္ဓာကို ထိုးဖောက်နေသော သံကြိုးကြီးများသည် လုံးဝ ကွဲအက်ကြေမွသွားလေသည်။
“ ဟမ့် ... တကယ်ပဲ ဝင်စားခြင်းတာအိုပဲ။ ”
ဤအခိုက်တွင် ဝင်စားခြင်းတာအိုသည် ကြောက်မက်ဖွယ်ကောင်းကြောင်း တျန်ရွှမ်ကျိ တစ်ယောက် လက်ခံလိုက်ရသည်။
နတ်ဘုရားများအနေဖြင့် ဤဝင်စားခြင်း တာအိုကို အလွန်ကြောက်ရွံ့ထိတ်လန့်ရခြင်းမှာ အဓိပ္ပါယ်ရှိချေ၏။
ဤအမှန်တရားသည် တျန်ရွှမ်ကျိကို နတ်ဘုရားများအပေါ် ကြောက်ရွံ့မှုများအစား အထင်သေးမှုများပင် ဖြစ်ပေါ်လာသည်။
ထိုနတ်ဘုရားဆိုသူများသည် သူတို့၏ ဥပဒေကိုဖျက်ဆီးနိုင်သော ဝင်စားခြင်းတာအို အပေါ် ပစ်မှတ်ထားကာ ကပ်ဘေးကြီးကို ဖန်တီးနေခြင်းဖြစ်၏။
သွေးနီရောင်သံကြိုးကြီးများ ပျောက်ကွယ်သွားပြီးနောက် ဝိညာဉ်ရုပ်သေး၌ တောက်ပသော ရွှေရောင်နတ်မီးတောက်များ ဝုန်းခနဲလောင်ကျွမ်းလာခဲ့သည်။
ဤသည်မှာ ကာလကြာရှည်စွာ ချည်နှောင်ခံထားရသည့် အသက်စွမ်းအားများ ပေပင်။
ယခင် မှိုင်းညို့ပြီး သစ်သားကဲ့သို့ အသက်မဲ့နေသော မျက်လုံးများအတွင်း၌လည်း ဆန်းကြယ်သော မီးတောက်များပေါ်လာ၏။
“ ကျေးဇူးတင်ပါတယ် သခင် ... ဒါပေမယ့် ဒီအစေခံကို ခွင့်လွှတ်ပေးပါ တိတ်ကပ်ဘေးက ဒီအစေခံရဲ့ ဝိညာဉ်ကိုအပြင်းအထန် ဒဏ်ရာ ရရှိစေပါတယ် ... အခုအချိန်မှာ အသိစိတ် အနည်းငယ်သာကျန်တာမို့ ...
... ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပေမယ့် သခင်အမိန့်ပေးသမျှကို လုံးဝ မငြင်းဆန်ဘူးဆိုတာ ကတိပေးပါရစေ။ ”
ထို့နောက်တွင် သူ့ခန္ဓာကိုယ်၌ လောင်ကျွမ်းနေသော အသက်စွမ်းအားများမှာ တိတ်တဆိတ် ပြန်လည်ပျောက်ကွယ် သွားခဲ့တော့သည်။
“ ကောင်းပြီ ... မင်းရဲ့ အတိတ်က အကြောင်းအရာတွေကို အတင်းအကြပ်မေးမြန်း နေတော့မှာ မဟုတ်ဘူး ငါမင်းရဲ့ စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်ပေးပြီး ...
... ခန္ဓာကိုယ်ကိုပုံဖော်ဖို့ ကူညီပေးမယ် အဲဒီအချိန်ကျမှ ... ငါတို့စကားဆက်ပြောလည်း နောက်မကျသေးပါဘူး။ ”
ထို့နောက် စုရီက ကျောက်စိမ်းစင်မြင့်ထံသို့ ဆက်လျှောက်သွား၏။ ဤတစ်ကြိမ်တွင်ဝိညာဉ် ရုပ်သေးမှ တားဆီးခြင်း မပြုခဲ့ချေ။
တျန်ရွှမ်ကျိနှင့် မီးတောက် လင်းယုန်သည်လည်း ခုန်ဆွခုန်ဆွဖြင့် နောက်မှ လိုက်ပါလာခဲ့ကြသည်။
ကျောက်စိမ်းစင်မြင့်သည် ရှေးကျသော ဖရိုဖရဲစွမ်းအင်များဖြင့် ဖန်တီးထားသည့် တာအို ဉာဏ်အလင်းစင်မြင့်ဖြစ်ချေပြီ။
“ ဟားဟားဟား ... ဒီရတနာ တစ်ခုတည်းနဲ့တင် ... ပြင်ပလောက၏ကြီးရဲ့ အစွမ်းထက်လှတဲ့ အင်အားစုကြီးအားလုံးကို သွေးချောင်းစီးအောင် ဖန်တီးနိုင်တယ်။ ”
တျန်ရွှမ်ကျိမှ အော်ဟစ်လိုက်သည်။
“ ဒါပေမဲ့ ... ဒီရတနာရဲ့အောက်ခြေမှာ ဘာဖြစ်လို့ ဒီလောက်အထိ ကြီးမားလွန်းတဲ့ အက်ကွဲကြောင်းကြီးတွေ ရှိနေရတာလဲ။ ”
တစ်ဖက်တွင် မီးတောက်လင်းယုန်သည် ကျောက်စိမ်းစင်မြင့်အောက်ခြေကို သတိထားမိ သွားလေသည်။
သူ့စကားကြောင့် လူနှစ်ယောက်မှာ ထိုအရပ်ထံကြည့်လိုက်မိ၏။ အမှန်ပင် စင်မြင့် အောက်ခြေ၌ ပင့်ကူအိမ်သဖွယ်အက်ကွဲရာများ ရှိနေချေပြီ။ အချိန်မရွေး ပျက်စီးတော့မည့် အလားပေပင်။
“ နောက်ဆုံးတော့ ဒီရတနာက ဘယ်လောက်ပဲအံ့ဖွယ်ကောင်းပါစေ အချိန်ရဲ့ တိုက်စားမှုအောက်မှာ ယိုယွင်းပျက်စီးနေပြီ။ ”
တျန်ရွှမ်ကျိမှ နှမြောတသစွာ ညည်းတွားလိုက်သည်။ တစ်ဆက်တည်းမှာပင် စင်မြင့်ပေါ်သို့ အပြေးအလွှား ခုန်တက်ကာ ကောက်ကျစ်သောအသွင်ဖြင့်၊
“ ငါ ဒါကို အရင်ဆုံး နားလည်အောင် ကြိုးစားကြည့်လိုက်မယ် ... ။ ”
-ဟု ပြောကြားလိုက်သည်။
သို့သော် သူ့စကားမဆုံးမီမှာပင် မျက်ဝန်းအစုံသည် တဖြည်းဖြည်းမှေးမှိန်လျက် နစ်မျောသွားခဲ့ချေပြီ။
ကျောက်စိမ်းစင်မြင့်ထံမှ အဖြးရောင်တာအိုဥပဒေတစ်ခု လွင့်မျောလာပြီး သူ့ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်ကို မြင်နိုင်၏။
ဤသည်မှာ တကယ်ပင် မယုံနိုင်စရာ မြင်ကွင်းပေပင်။ စင်မြင့်ထက်တွင် ထိုင်လိုက်ရုံ မျှဖြင့် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ချေသည်။
ဤဉာဏ်အလင်းပွင့်စင်မြင့်၏ ဆန်းပြားထူးခြားလှသော သဘောသဘာဝမှာ စုရီကိုပင် စိတ်လှုပ်ရှားလာစေသည်။
ဝမ်ယဲ့ဘဝ၏ အထွတ်အထိပ် ခေတ်ကာလအချိန်တွင် ထိုက်ဝူတောင်တန်း၌ ဉာဏ်အလင်းစင်မြင့်တစ်ခုကို ကိုယ်တိုင်ပင် ဖန်တီးထားဖူးသည်။
အဆိုပါစင်မြင့်ကို သူ့မိတ်ဆွေ အဖိုးကြီးများမှပင် အလွန်အမင်း ချီးကျူးခဲ့၏။ ထိုစဉ်ကအရာနှင့် နှိုင်းယှဉ်ကြည့်သော ယခု စင်မြင့်သည် ပိုမိုထူးခြားဆန်းပြားလှချေပြီ။
ကမ္ဘာဦးအစ ဖရိုဖရဲကျောက်တုံးမှ ထုလုပ်ထားခြင်းတစ်ခုတည်းဖြင့်ပင် ဝမ်ယဲ့ စင်မြင့်ကို ကျော်လွန်နိုင်ချေ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေသည်။ နာရီဝက်ကုန်လွန်ပြီးနောက် တျန်ရွှမ်ကျိခမျာ နစ်မျောနေရာမှ ပြန်လည်နိုးထလာ၏။
တစ်ဆက်တည်းမှာပင် သူ့မျက်နှာ၌ ကျေနပ်ဝမ်းသာနေသော အပြုံးများ ပြည့်နှက် နေခဲ့ပြီး၊
“ အံ့သြစရာပဲ ... တကယ့်ကို မယုံနိုင်လောက်အောင် အံ့သြစရာကောင်းတယ် ဒီစင်မြင့်ပေါ်မှာ တရားထိုင်ရတာဟာ ကိုယ်တိုင် ကြုံတွေ့လိုက်ရသလိုပါပဲ ...
... မဟာတာအိုရဲ့ ဆင့်ကဲဖြစ်စဉ် လျှို့ဝှက်ချက်တွေကို သဘောပေါက်လာပြီး ငါ့ရဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းပေးနိုင်တယ်။ ”
-ဟု စိတ်လှုပ်ရှားစွာ အော်ဟစ်တော့၏။
“ ဟမ့် အဖိုးကြီး မင်းရဲ့ကြွားဝါမှုတွေကို ရပ်လိုက်စမ်း ... အခုချက်ချင်း စင်မြင့်ပေါ်ကနေ ဖယ်ပေးပါ ငါစမ်းကြည့်မယ်။ ”
မီးတောက်လင်းယုန်ခမျာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ခြေသည်းဖြင့် အဖိုးကြီးကို ဆွဲဖယ်ကာ စင်မြင့်ပေါ် ခုန်တက်လိုက်၏။
များမကြာခင် သူသည်လည်း ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ အတွင်းသို့ သက်ဆင်းကျရောက်သွားခဲ့သည်။
မျက်လုံးများ မှုန်ဝါးဝေဝါးလျက် စိတ်အာရုံများပျံ့လွင့်ကာ လုံးဝဥဿုံနစ်မျော ငြိမ်သက်သွားခဲ့လေသည်။
စုရီမှ တျန်ရွှမ်ကျိထံ လှည့်ကြည့်ကာ၊
“ မင်း ဘာရခဲ့လဲ ... ။ ”
-ဟု မေးမြန်းလိုက်၏။
သို့သော် တျန်ရွှမ်ကျိမှ ခေါင်းကို အသာအယာခါယမ်းလျက်၊
“ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို အလွယ်တကူ ထုတ်ဖော်ပြောပြလို့မရဘူး။ ”
-ဟု ငြင်းဆန်၏။
“ ဟမ့် ... မင်းက ဘယ်တုန်းက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ် ပေးတတ်သွားတာလဲ။ ”
“ ဒါက ... ။ ”
စုရီစကားကြောင့် တျန်ရွှမ်ကျိခမျာ မျက်နှာမည်းမှောင်သွားပြီးနောက် အဆုံးတွင် သက်ပြင်းချလျက်၊
“ ဒါတော့ မှန်တယ် ငါမင်းဆီကနေ ... ဘာတစ်ခုမှ ဖုံးကွယ်ထားလို့မရဘူးဆိုတာ ငါ သိတယ် ... ။ ”
-ဟု ရေရွတ်လျက် သူမြင်ခဲ့သမျှကို ပြန်ပြောင်းပြောပြလာခဲ့သည်။
အစောပိုင်းက ဉာဏ်အလင်းပွင့်ခြင်း စင်မြင့်ထက်သို့တက်ရောက်ကာ ကောင်းကင်ဘုံ တွက်ချက်ခြင်း ပညာရပ်ကို သူ အသုံးပြုခဲ့၏။
ယင်းသည် နောင်အနာဂတ်ရှိ လျှို့ဝှက်ချက်တစ်ခုကို ကောက်ချက်ချရန် ကြိုးစားကြည့်ခြင်းပေပင်။
ရလဒ်အနေဖြင့် အလွန်တရာ ထူးခြားဆန်းပြားသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုမြင်ကွင်းကြီးမှာ ကောင်းကင်ရှိ ကြယ်တာရာကြီးများ ကြွေကျနေခြင်းပေပင်။ နတ်ဘုရားများဟု ယူဆရသော လူအချို့မှာ တိုက်ပွဲကြီးတစ်ခုဆင်နွှဲနေသည်။
၎င်းတို့ထံမှ သွေးတစ်စက်သည် ကမ္ဘာတစ်ခုကို လောင်မြိုက်နိုင်၏။ တုန်လှုပ် ထိတ်လန့်ဖွယ် ပျက်ကပ်ကြီးပေပင်။
ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျပျက်စီးနေကာ လေဟာနယ်သည်ပင် အပိုင်းပိုင်းပြတ်တောက်နေ၏။
ဤသည်မှာ လုံးဝမှောင်မိုက် ဆိတ်သုဉ်းခြင်းခေတ်သို့ ကျရောက်သွားခဲ့သလို ပေပင်။ ကြောက်ရွံ့စေပြီး ကူကယ်ရာမဲ့နေ၏။ အရာအားလုံး အရေးမပါတော့ချေ။
***