အခန်း ၁၂၅၃
Vol. 105 Ch. 1253
အခန်း ၁၂၅၃ -
ဗလာနယ်ပယ်သို့ တက်လှမ်းခြင်း။
တျန်ရွှမ်ကျိတစ်ယောက် ဉာဏ်အလင်း စင်မြင့်ထက်တွင် မြင်တွေ့ခဲ့ရသည့် ကမ္ဘာပျက် မြင်ကွင်းကိုကြားလိုက်ရသောအခါ စုရီသည် တုန်လှုပ်ချောက်ချားသွား၏။
“ ဒါက နတ်ဘုရားတွေအားလုံး ... အင်မော်တယ်မြေမှာ စစ်ပွဲတွေဆင်နွှဲတော့မယ့် ဖြစ်စဉ်မျိုးလား ... ။ ”
နတ်ဘုရားများသည် ရှေးဦးခေတ်မှ စတင်ကာ ယနေ့အထိ ခေတ်၏ချည်နှောင်မှု စွမ်းအားကြောင့် ဤလောကကြီးထံသို့ မဆင်းသက်နိုင်ချေ။
ယင်းသည် မည်သည့် နတ်ဘုရားမျှ မချိုးဖောက်နိုင်သော စည်းမျဉ်းတစ်ခုပေပင်။ ထို့ကြောင့် နတ်ဘုရားများသည် လောကီကို ဝင်ရောက်စွက်ဖက်လိုသည့်အခါ နတ်ဘုရား တမန်တော်များကို စေလွှတ်ရ၏။
ထိုတမန်တော်များဖြင့် ဂိုဏ်းတစ်ခု ဖြစ်လာအောင် အင်အားစုများကို စုဆောင်း၍ သူတို့အတွက် အလုပ်အကျွေးပြုစေသည်။
လက်ရှိ အင်မော်တယ်မြေတွင် ထိပ်တန်းအင်အားစုကြီးနှစ်ခုဖြစ်သော ယွင်ကျိ အင်မော်တယ်နန်းတော်နှင့် ဝမ်လင်နတ်ဘုရား ဂိုဏ်းတို့သည် ထိုသို့သောနတ်ဘုရား နောက်လိုက်များဖြစ်၏။
ယခုမူ တျန်ရွှမ်ကျိ အမြင်အရ အနာဂါတ်ကာလတွင် ထိုနတ်ဘုရားများသည် ဤလောကအတွင်းသို့ ဆင်းသက်လာကြပြီး စစ်ပွဲကြီးကို ဆင်နွှဲကြပေလိမ့်မည်။
“ ဒါပေမယ့်လည်း ... အရာအားလုံး တကယ်ဖြစ်ပျက်လာမယ်လို့ ပြောလို့မရပါဘူး ငါ တွက်ချက်မှုတွေက ... တစ်ခါတရံမှာ လွဲချော် တတ်ပါတယ်။ ”
စုရီမှ ခဏမျှစဉ်းစားပြီးနောက်၊
“ လက်ရှိ အင်မော်တယ်မြေမှာ ရွှေခေတ်ရောက်လာရင် အဲဒီနတ်ဘုရားတွေ ဆင်းသက်လာနိုင်မယ် မဟုတ်လား အဲဒီလိုပဲ အထွတ်အထိပ်တည်ရှိနေတဲ့ တွင်းအောင်း ဖားအိုကြီးတွေလည်း ...
... နတ်ဘုရား နယ်မြေကို တက်ရောက်နိုင်လိမ့်မယ့်လို့ ကောလဟာလ ထွက်နေတာ ငါကြားတယ် ...
... ဒါကြောင့် မင်းမြင်လိုက်တဲ့ မြင်ကွင်းမျိုးက သေချာပေါက် မဖြစ်နိုင်ဘူးလို့ ငြင်းလို့တော့ မရပါဘူး။ ”
စုရီမှ လေးလံစွာ စကားဆိုလိုက်သည်။
“ အဲဒီလိုမဟုတ်ဘူး ... တကယ်တော့ ငါပြောတဲ့ကမ္ဘာပျက်ကပ်ကြီးကို ခေတ်ကပ်ဘေး အဖြစ်ခေါ်ဆိုနိုင်တယ် အချိန်မြစ်ကြီးထက်မှာပဲ ဖြစ်တဲ့စစ်ပွဲတစ်ခုပဲ ...
... မင်းသိထားရမှာက အဲဒီ နတ်ဘုရားတွေက ကန့်သတ်ချက်အောက်ကနေ ဒီလောကထဲကို ဝင်ရောက်လာနိုင်ဖို့အတွက် တာအိုဥပဒေတွေကို ပြောင်းလဲလာအောင် လုံလောက်တဲ့ ဖျက်ဆီးခြင်းလိုအပ်တယ် ...
... ဒီလိုဖျက်ဆီးခြင်း ကပ်ဘေးမျိုးကို ခေတ်ကပ်ဘေးလို့ခေါ်တယ် ဒဏ္ဍာရီတွေထဲမှာပဲ တည်ရှိနိုင်တဲ့ ကပ်ဘေးတစ်ခုပါ ...
... ငါတို့နဲ့ အလွန်အမင်းဝေးကွာလွန်းတဲ့ အချိန်မြစ်ကြီးထက်မှာပဲ၊ မင်း လောလောဆယ် ဂရုစိုက်နေဖို့ မလိုသေးဘူး ...
... အရေးကြီးတာက ... ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ ကပ်ဘေးကြီးတွေ ဖြစ်ပွားလာတဲ့အခါမှသာ အဲဒီနတ်ဘုရားတွေဟာ စည်းမျဉ်းဥပဒေတွေရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး ဆင်းသက်လာလိမ့်မယ်။ ”
ဤတစ်ကြိမ်တွင် စုရီမှနားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားများကြား ခေတ်ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားမှသာလျှင် သူတို့သည် ဤကမ္ဘာကြီးသို့ဆင်းသက်ရန် အခွင့်အရေး ရရှိနိုင်ပေမည်။
သို့သော် ထိုခေတ်ကပ်ဘေးကြီး ဖြစ်ပွားလာနိုင်ခြင်းရှိ၊မရှိသည် ရွှေခေတ်နှင့် လုံးဝ မသက်ဆိုင်ချေ။
ထိုအချိန်တွင် မီးတောက်လင်းယုန်သည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှ ပြန်လည် နိုးထလာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံး လုံးဝပျောက်ကွယ်သွားခဲ့ပြီး ဆန်းကြယ်လှသော တာအိုအလင်းတန်းများ ထွက်ပေါ်လာ၏။
ထို့နောက်တွင် မယုံနိုင်စရာကောင်းသည့် အသွင်ပြောင်းလဲမှုကို မျက်ဝါးထင်ထင်မြင်လိုက် ရချေပြီ။
အမွေးအတောင်များအားလုံး ကျွတ်ကျသွားပြီး သတ္ထုကဲ့သို့တောက်ပနေသော အမွှေးများအစားထိုးလာကာ မျက်လုံးအစုံသည် ပိုမိုနက်ရှိုင်းသွား၏။
ခြေသည်းများသည်လည်း ကျောက်စိမ်းနှင့် သွေးထားသည့်အလား ကြည်လင်တောက်ပပြီး တာအိုအလင်းများ ကိန်းအောင်းလာသည်။
ပိုးတုံးလုံးမှသည် လိပ်ပြာအဖြစ်သို့ ကူးပြောင်းသွားသည့်အလား လုံးဝအသစ်တဖန် ပြန်လည်မွေးဖွားခြင်းဖြစ်ချေ၏။
တျန်ရွှမ်ကျိသည်ပင် မှင်သက်အံ့ဩစွာ ငေးကြည့်နေမိတော့သည်။ ဤရမ္မက်ကြီးသော ငှက်သည် အမှန်ပင် အရည်အချင်းရှိလှ၏။
“ ဟားဟားဟား ... ။ ”
ထိုစဉ် မီးတောက်လင်းယုန်မှ သူ့အမွှေးအတောင်များကို တဖျပ်ဖျပ်ခတ်ကာ အော်ဟစ်ရယ်မောလိုက်လေသည်။
“ ဒါက ဉာဏ်အလင်းပွင့်ရုံသာမကဘူး ... ငါ့ခန္ဓာကိုယ်ရဲ့အရိုးတွေကို လဲလှယ်ပစ်နိုင်ပြီ မကြာခင်မှာ မြင့်မြတ်သူအဖြစ် တက်လှမ်း နိုင်တော့မယ် ...
... ဒီနေ့ကစပြီး ကမ္ဘာကြီးမှာ ငါသာလျှင် ပထမဆုံးသော လင်းယုန်ဧကရာဇ်ပဲ ဟား ဟား ဟား ... ။ ”
“ ဖြောင်း ... ။ ”
မီးတောက်လင်းယုန်မှ ဂုဏ်ယူဝံ့ကြွားစွာ အော်ဟစ်နေစဉ် တျန်ရွှမ်ကျိမှခေါင်းနောက်သို့ ဖြတ်ရိုက်ချလိုက်သည်။
“ ဟမ့် ... အဘိုးကြီး ... မင်းက ငါ့ကို ဒီထက်ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးလို့ မရဘူးလား ... ငါ ဧကရာဇ်ဖြစ်လာတဲ့ အချိန်မှာ မင်းဒီနေ့လုပ်ခဲ့သမျှကို တန်ဖိုးတစ်ခုလာယူမှာ မကြောက်ဘူးလား။ ”
“ ငှက်စုတ် ... မင်း ဧကရာဇ်ဖြစ်လာမယ့် အချိန်ကျမှပဲဆက်ပြောမယ် စင်မြင့်ပေါ်ကနေ မင်းအခုဆင်းလာတော့။ ”
“ မင်း ... ။ ”
မီးတောက်လင်းယုန်မှာ မကျေနပ်သော်လည်း စင်မြင့်ပေါ်မှ ပြန်လည် ဆင်းသက်လိုက်ရသည်။ သည့်နောက် စုရီက စင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။
ခဏအတွင်းမှာပင် သူ့အသွင်သည် အလွန်ဆန်းကြယ်လှသော တရားထိုင်ခြင်း အခြေအနေအတွင်းသို့ သက်ဆင်းသွားသည်။
ဝိညာဉ်နှင့် ခန္ဓာကိုယ်တစ်ခုလုံး အတိုင်းအဆမရှိ ကျယ်ပြောလှသော ကမ္ဘာဦး အစသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရ၏။
ထို့နောက် ဖရိုဖရဲမြူများအတွင်းမှ အဆုံးမဲ့တာအိုဆင့်ကဲ ပြောင်းလဲမှု လှိုင်းလုံးများ ပေါက်ကွဲထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။
သတ္တကမ္ဘာကြီး မွေးဖွားခြင်း၊ ကြယ်တာရာပျက်သုဉ်းခြင်း နွေဦးနှင့်ဆောင်းဦး ရာသီဥတုသံသရာလည်မှု အစရှိသည့် မြင်ကွင်းများပေါ်ထွက်လာသည်။
မရေမတွက်နိုင်သော မဟာတာအို၏ နက်နဲမှုသည် ဤပြောင်းလဲမှု လှိုင်းများအတွင်း ထင်ရှားပေါ်လွင်နေပြီး၊ နေ၊ လ၊ ကြယ်၊ ကမ္ဘာ၊ တောင်နှင့် မြစ်များ ပေါ်လာ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေသည်။ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီစသည်ဖြင့် တစ်ရက် ကုန်ဆုံးသွား၏။ စုရီတစ်ယောက် ပြန်လည် နိုးထလာခြင်း မရှိသေးချေ။
“ အဘိုးကြီး ... မင်းငါ့ကိုပြောပြသင့်ပြီလို့ မထင်ဘူးလား အဲဒီတာအိုစုက ... တကယ်တော့ ဘယ်သူများလဲ။ ”
မီးတောက် လင်းယုန်မှ စုရီကို ကြည့်ကာ မေးမြန်းလိုက်သည်။ အမည်ခံအင်မော်တယ် မျှသာ ရှိသော ထိုလူငယ်သည် အမှန်ပင် အစွမ်းထက်လွန်းချေပြီ။
နတ်ဘုရား ကပ်ဘေးစွမ်းအားကို အလွယ်တကူ ဖယ်ရှားပေးနိုင်ရုံတင်သာမက ကျောက်ခေါင်းတလားလေးသည်ပင် သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထား၏။
“ ဟမ့် ... ဒီလိုမျိုးကြီးမားလှတဲ့ လျှို့ဝှက်ချက်ကို ... မင်းလိုအမွေးအတောင်ပါတဲ့ သားရဲတစ်ကောင်က သိချင်နေတာလား ... ငါ စိတ်ကောင်းဝင်နေတာမို့ မင်းကိုနည်းနည်း လမ်းပြပေးလိုက်မယ် ...
... နောင်တစ်ချိန်ကျရင် ... တာအိုစုကို မင်းမြင်တဲ့အချိန်တိုင်း သူ့ကို မင်းရဲ့ကိုးကွယ်ရာ ဘိုးဘေးတစ်ယောက်လိုမျိုး ရိုရိုသေသေ ဆက်ဆံလိုက်စမ်းပါ ဒါဆိုရင် ...
... မင်းအတွက် နောင်အနာဂတ်မှာ မကုန်နိုင်တဲ့ အကျိုးကျေးဇူးတွေ သေချာပေါက် ရရှိလာလိမ့်မယ်။ ”
“ အဖိုးကြီး ... အဓိပ္ပာယ်မရှိတာ မပြောနဲ့ ငါ့ဘိုးဘေးတွေထဲမှာ ဒီလိုလူသားတစ်ယောက်မှ မပါဘူး ငါ့ဘိုးဘေးတွေကို မစော်ကားနဲ့။ ”
“ ဟားဟားဟား ... အမှန်ပဲ မင်းက တာအိုစုကိုဘိုးဘေးအဖြစ် သတ်မှတ်ရင်တောင် တာအိုစုမှာ မင်းလိုမြေးမရှိတာ ငါမေ့သွားတယ်။ ”
“ မင်း ... ။ ”
အဆုံး၌ မီးတောက်လင်းယုန်ခမျာ တျန်ရွှမ်ကျိနှင့်ငြင်းခုံရန် စိတ်မဝင်စားတော့ဘဲ တိတ်ဆိတ်သွားတော့သည်။
ဤအဖိုးကြီး၏ စကားများသည် နားထောင်ရဆိုးရွားလှ၏။ သို့သော် တစ်ဖက်၌ ဤမျှပါးနပ်သော အဖိုးကြီးသည် လူငယ်ကို လုံးဝယုံကြည်နေသည်မှာ အမှန်ပေပင်။
“ ဘာဖြစ်တာလဲ ... ။ ”
ရုတ်တရက် လေထုအလယ် လေးလံသောဖိအားများ ကျဆင်းလာခဲ့သဖြင့် မီးတောက်လင်းယုန်နှင့် အဖိုးကြီးမှာ အံ့အားသင့်လာ၏။
ထိုနောက်တွင် နှစ်ယောက်သား နန်းတော်အပြင်ဘက်သို့ အပြေးအလွှား ထွက်ကြည့်လိုက်တော့သည်။
ကြေးဝါနန်းတော်အထက်၌ လွန်စွာ ထူထဲပိန်းပိတ်လှသော ကပ်ဘေးတိမ်တိုက်ကြီး တစ်ခု တိတ်စွာ စုစည်းလာနေခြင်းပေပင်။
၎င်းတိမ်တိုက်ကြီးသည် မှင်အိုးကို မှောက်ချထားသည့်အလား မှိုင်းညို့နေခဲ့ပြီး တိတ်ဆိတ် လေးလံလွန်းလှ၏။
“ ဒါ ... ဒါက နတ်ဘုရား ... နတ်ဘုရား ကပ်ဘေးကြီးလား ... ။ ”
“ ဖြောင်း ... ။ ”
မီးတောက်လင်းယုန်မှ ထိတ်လန့်လာသည်။ သို့သော် တျန်ရွှမ်ကျိမှ သူ့ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး၊
“ မင်းရူးနေလား ဒါနတ်ဘုရားကပ်ဘေး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တာအိုစုအတွက် ကောင်းကင်ကပ်ဘေးပဲ ... ။ ”
-ဟု ပြောကြားလိုက်၏။ ထို့နောက် တျန်ရွှမ်ကျိမှ မျက်မှောင်ကြုတ်လျက်၊
“ ဒါပေမယ့် ... ဒါက တကယ့်ကို ထူးဆန်းလွန်းပြီး ကောင်းကင်ဘုံကနေတောင် တားမြစ်တဲ့ကပ်ဘေးမျိုး ဖြစ်နေတယ်။ ”
-ဟု ရေရွတ်လိုက်လေသည်။
“ အဆင့်တက်မယ့် ကပ်ဘေးလား ... အတိတ်တုန်းက ငါအင်မော်တယ်ဘုရင်ဖြစ်ဖို့ အတွက် ရင်ဆိုင်ခဲ့ရတဲ့ ကပ်ဘေးထက်တောင် ဘာလို့ပိုပြီး ပြင်းထန်နေရတာလဲ။ ”
မီးတောက်လင်းယုန်မှ အံ့အားသင့်သွား၏။
“ မင်း နားမလည်ဘူးလား ... ဒါက ဘီးလူးတစ်ကောင်အတွက် သီးသန့်ရည်ရွယ်တဲ့ ကပ်ဘေးပဲ မင်းလို ရမ္မက်ကြီးတဲ့ ငှက်စုတ်က ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ ”
သူတို့နှစ်ဦး စကားပြောဆိုနေစဉ် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးသည် ရုတ်တရက် ကျဆင်းလာခဲ့သည်။
“ ဝှစ် ... ။ ”
ထိုအလင်းသည် လေဟာနယ်ကို ဖြတ်သန်းကာ ကြေးဝါနန်းတော်ကြီးအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။
ဤအခိုက်အတန့်တွင် ဉာဏ်အလင်းစင်မြင့်ထက်၌ တရားထိုင်နေသော စုရီ၏အသိစိတ်ပင်လယ်အတွင်း စူးရှသည့် အလင်းတစ်စ ထွက်ပေါ်လာခဲ့သည်။
သို့သော် ထိုကပ်ဘေးအလင်း၏ ဖျက်ဆီးခြင်းစွမ်းအားများသည် ပင်လယ်ထဲ ကျဆင်းလာသည့် ကျောက်ခဲတစ်လုံးအလား လုံးဝပျောက်ကွယ်သွား၏။
ယင်းသည် စိတ်ဝိညာဉ်ကို ဒဏ်ရာရစေအောင်မဆိုနှင့် တရားထိုင်နေသော စုရီကိုပင် မနိုးထစေခဲ့ချေ။
အကြောင်းမှာ ငရဲဘုံကိုးပါးဓားသည် ထိုအဖျက်စွမ်းအားအပေါ် တိုက်ရိုက်စုပ်ယူခဲ့ သောကြောင့် ဖြစ်လေသည်။
ဤအခြေအနေအားလုံးကို ကြေးဝါနန်းတော်အပြင်ဘက်မှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော လူတစ်ယောက်နှင့် ငှက်တစ်ကောင်မှာ မျက်ခုံးပြူးလျက် ကြည့်နေမိတော့၏။
“ ဘာ ... ဘာမှတုံ့ပြန်မှုမရှိဘူးလား။ ”
နှစ်ယောက်သာ ဝေခွဲမရဖြစ်နေစဉ် ဒုတိယမြောက် ကပ်ဘေးအလင်းတန်းသည် ကောင်းကင်မှထပ်မံ သက်ဆင်းလာခဲ့ပြန်၏။
ဤတစ်ကြိမ်တွင်လည်း ရလဒ်မှာ အတူတူပေပင်။ စုရီခန္ဓာကိုယ်သို့ ကျရောက်ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
“ ဒါက ... ။ ”
မီးတောက်လင်းယုန်မှာ လုံးဝ ဉာဏ်မမီတော့ချေ။ မျက်လုံးများ ပြူးကျယ် နေခဲ့၏။
ထိုထူးဆန်းလှသော ကောင်းကင် ကပ်ဘေးစွမ်းအားသည် သူ့ကဲ့သို့ အင်မော်တယ် ဘုရင်တစ်ပါးကိုပင် လန့်ဖျန့်သွားစေနိုင်သည်။
ယခုမူ စုရီအပေါ် လုံးဝ သက်ရောက်မှု မရှိချေ။ ထိုစဉ် ကောင်းကင်မှ ကပ်ဘေးကြီးမှာ တရစပ်သက်ဆင်းကျလာတော့၏။
“ ဂျိန်း ... ။ ”
ဤဖြစ်စဉ်သည် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့ပြီး အဆုံးတွင် ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်တိုက်ကြီးမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ချေပြီ။
သို့တိုင်အောင် စုရီသည် မလှုပ်မယှက် ထိုင်နေဆဲဖြစ်ပြီး တားမြစ်ကပ်ဘေးကြီးအပေါ် ကျော်ဖြတ်ခဲ့ပြီး ဖြစ်ကြောင်းကိုပင် သိရှိနိုင်ပုံမရခဲ့ချေ။
ခန္ဓာကိုယ်ရှိ အရိုးများကို အသစ်တစ်ဖန် လဲလှယ်ပစ်လိုက်သည့်အလား ကြီးမားလှသော အသွင်ကူးပြောင်းခြင်းအပေါ် လုံးဝအာရုံစိုက် နေခဲ့လေသည်။
သူ့တစ်ကိုယ်လုံး တာအိုအလင်းနှင့် ရေချိုးနေသည့်အလား တောက်ပလျက် ဗလာ နယ်ပယ်သို့ တက်လှမ်းနိုင်လိုက်ပြီဖြစ်၏။
***