အခန်း ၁၂၅၅
Vol. 105 Ch. 1255
အခန်း ၁၂၅၅ -
မုန်တိုင်းလာနေပြီ (၂) ... ။
ထိုရှန်မူဆိုသူသည် ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များကို အလွယ်တကူ သတ်နိုင်ကြောင်း လူတိုင်းသိပြီးဖြစ်သည်။
ယင်းကြောင့် ထိုမှန်းဆချက်ကို မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိချေ။ တန်ကျင်းဟုန်သာလျှင် မျက်နှာများ နီရဲလာပြီး၊
“ တာအိုရှဲ့ ... မင်းရဲ့စကားတွေက မင်းရဲ့ဂုဏ်သိက္ခာပါပဲ ... ရှန်မူနဲ့ ချူပိုင်တန်မှာ ဘာရန်ငြိုးမှမရှိဘဲ ... သူက ဘာလို့ သတ်ပစ်ရမှာလဲ။ ”
-ဟု အေးစက်စွာ ဝင်ရောက် ငြင်းဆန်လိုက်သည်။ ထို့နောက် အခြားသော လူများထံ ဝေ့ကြည့်လျက်၊
“ လူတိုင်း ... မင်းတို့အားလုံး ရှန်မူကို ဒေါသနဲ့မကျေမနပ် ဖြစ်နေကြတယ်ဆိုတာ ငါသိတယ် ... ဒါပေမဲ့ မမေ့ပါနဲ့ ... ဒီနေ့က ကောင်းကင်ဘုံ အမဲလိုက်ပြိုင်ပွဲဖြစ်ပြီး ...
... အရာအားလုံးကို စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လုပ်ဆောင်မယ် ဒီအတွက် ငါ့တန်မိသားစုကို နားလည်ပေးပါ။ ”
- ဟု သတိပေးလိုက်တော့သည်။
ကြာပန်းကျောင်းတိုက်မှ စည်းကမ်းထိန်းသိမ်းရေးခန်းမ အကြီးအကဲ ဖြစ်သူ ဘုန်းကြီးကျန်းယန်က ခေါင်းညိတ်လျက်၊
“ မှန်ပါတယ် ... အရင်ကလည်း ကောင်းကင်ဘုံအမဲလိုက်ပြိုင်ပွဲမှာ မမျှော်လင့် ထားတဲ့ မတော်တဆမှုတွေ ရှိခဲ့ဖူးတာပဲ ...
... အခုတော့ အဲဒီလူငယ်လေးရှန့်မူဟာ ဒီပြိုင်ပွဲရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်လို့ ... မင်းတို့ အနေနဲ့ စိတ်လိုက်မာန်ပါ မှန်းဆချက်တွေနဲ့ မလုပ်ဆောင်သင့်ပါဘူး။ ”
-ဟု ထောက်ခံ မိန့်ကြားလာသည်။
ထိုက်ယီဂိုဏ်းမှ လီပေ့ချွယ်က အေးစက်သောအသွင်ဖြင့်၊
“ ဝမ်ချန်ဖန်းဆီက သတင်းအရဆိုရင် ... မင်းတို့ကြာပန်းကျောင်းရဲ့ ဘုန်းကြီးကျိုးယွင်က ရှန့်မူနဲ့ ပူးပေါင်းခဲ့တယ်မဟုတ်လား ... ကျန်းယန် မင်း ... ရှန်မူဘက်ကနေ ထောက်ခံ ပြောဆိုနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ”
-ဟု လှောင်ပြောင်လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ လေထုမှာ ချက်ချင်း လေးလံသွားတော့၏။ ထိုအချိန်တွင် ကျိုးယွင်က လက်အုပ်ချီလျက်၊
“ စီနီယာလီ ... မင်းက အသက်ကြီးတဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပြီးတော့ ... ဂျူနီယာ တစ်ယောက်ကို မဟုတ်မမှန် စွပ်စွဲနေတာလား ...
... ယဉ်ကျေးမှုရှိပါ ... တကယ်တော့ ငါဝန်ခံပါတယ် အဲဒီဝမ်ချန်ဖန်ကို ဆွမ်းသပိတ်နဲ့ အကြိမ်အနည်းငယ်ပဲ ရိုက်ခဲ့တာပါ ... သူ့ရဲ့ ခံနိုင်ရည်က တကယ်ပဲ စိတ်ပျက်စရာပါ ...
... ငါ ခေါင်းကွဲအောင်တောင် မရိုက်ရသေးဘူး ကြောက်ပြီးထွက်ပြေးသွားလို့ စောစောစီးစီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ ... အဲဒါ ဘယ်သူ့ကို အပြစ်တင်ချင်နေတာလဲ တကယ်ဆို ...
... သွေးမမြင်ခင် ကြောက်လန့်ပြီး ထွက်ပြေးတက်တဲ့ ဒကာလေးဝမ်ချန်ဖန်ကိုသာ မင်း အပြစ်တင်သင့်တယ် မဟုတ်လား။ ”
-ဟု တုန့်ပြန်ချေပလိုက်၏။
ဝမ်ချန်ဖန်တစ်ယောက် ချက်ချင်း မျက်နှာမည်းမှောင်သွားချေပြီ။ မိုးပြာနန်းတော်မှ ချီမင်က၊
“ လုံလောက်ပြီ ငြင်းခုံမနေကြနဲ့တော့ ငါ့အတွက် အရေးအကြီးဆုံးက ငါ့ဂိုဏ်းရဲ့တပည့် ချူပိုင်တန်ကို ဘယ်သူမြင်ခဲ့လဲဆိုတာပဲ။ ”
-ဟု စကားလမ်းကြောင်းကို ပြန်ပြောင်း တည့်မတ်လိုက်သည်။ ထို့နောက် တန်ကျင်းဟုန်ထံ မော့ကြည့်ကာ၊
“ ပြိုင်ပွဲအပြီးမှာ ငါ့ဂိုဏ်းရဲ့တပည့် ချူးပိုင်တန်သာ ပေါ်မလာခဲ့ရင် ... အဲဒီရှန့်မူကို ငါကိုယ်တိုင်စစ်ဆေးမယ်။ ”
-ဟု ပြောကြားလိုက်သည်။ တန်ကျင်းဟုန်မှ ဒေါသထွက်လာပြီး၊
“ မင်း ဘာကို ဆိုလိုတာလဲ။ ”
-ဟု ပြန်လည်မေးမြန်လိုက်သည်။
“ ဟမ့် ... ချူးပိုင်တန်ရဲ့ ရတနာတွေထဲကတစ်ခုခုသာ ဒီကောင်လေးရဲ့ အိတ်ထဲမှာရှိနေရင် ... ငါ့ကိုအပြစ်မတင်နဲ့။ ”
စကားဆုံးသည်နှင့် ချီမင်ထံမှ သတ်ဖြတ်လိုသောဆန္ဒများ လေထုအလယ်တွင် ပြည့်လျှံလာချေပြီ။
ဘေးမှစောင့်ကြည့်နေသော တန်ယုယန် တစ်ယောက် စိုးရိမ်စိတ်များဖြင့် ထိတ်လန့်သွား ရတော့သည်။ အကြောင်းမှာ ချုးပိုင်တန်ကို ဖမ်းဆီးထားသူမှာ စုရီဖြစ်ကြောင်း သူမ တစ်ယောက်တည်း သိထားချေပြီ။
“ ချီမင် ... မင်းက ငါ့တန်မိသားစုကို လုံးဝမလေးစားတာပဲ။ ”
တန်ကျင်းဟုန်မှ ဒေါသတကြီးဖြင့် အော်ငေါက်လိုက်၏။
“ မင်းမှာ သက်သေအထောက်အထား မရှိဘဲနဲ့ ခန့်မှန်းချက်တစ်ခုတည်းက ပြိုင်ပွဲဝင် တစ်ယောက်ရဲ့ပစ္စည်းတွေကို ရှာဖွေမယ်ဆိုတာ လွန်ကဲလွန်းတယ်မဟုတ်လား ... ။ ”
“ ဟမ့် ... အဲဒီရှန့်မူကိုရှာဖွေတာက ... သူ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့ပဲလေ တကယ်လို့သာ ချူးပိုင်ထျန်းသာ တစ်ခုခုဖြစ်ရင် မင်းရဲ့တန်မိသားစုက အကျိုးဆက်ကို တကယ်ခံနိုင်ရည်ရှိလား ...
... ချူးပိုင်တန်ဆိုတာ လေဟာနယ်ဧကရာဇ်ရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ဖြစ်ပြီး အနာဂါတ် မိုးပြာ နန်းတော်ရဲ့ သခင်ငယ်ပဲ။ ”
“ ပြိုင်ပွဲတွင်းမှာ ဘယ်သူမဆို မတော်တဆမှုတွေ ဖြစ်တတ်တာပဲ မင်းတို့ရဲ့ တပည့်တစ်ယောက် ဒုက္ခရောက်တာနဲ့ပဲ ငါ့တန်မိသားစုကို အပြစ်တင်ချင်တာလား ...
... ဒါဆို ဘာလို့ မင်းရဲ့တပည့်ကို အိမ်ထဲမှာထည့်ပြီး မွေးမြူမထားရတာလဲ ငါတို့ တန်မိသားစုကို အနိုင်ကျင့်လို့ရတဲ့သူလို့ ... မင်း တကယ် ထင်နေတာလား။ ”
ထိုစကားကြောင့် ချီမင်မှာ မျက်နှာ မည်းမှောင်သွားလေသည်။ တန်ကျင်းဟုန်၏ စကားများမှာ ချူးပိုင်တန်ကို ပန်းအိုအဖြစ် ရည်ရွယ်လိုက်ခြင်းပေပင်။
တစ်ဖက်တွင် ရှဲ့ကွီယွမ်နှင့် လီပေ့ချွယ်သည်လည်း အချင်းချင်း ပြန်ကြည့် လိုက်ပြီး အဆုံး၌၊
“ မှန်တယ် ... ရှန့်မူပေါ်လာရင် သူ့ရဲ့ အပြစ်ကင်းစင်မှုကိုသက်သေပြဖို့ သူ့ရဲ့ရတနာ အားလုံးကို ထုတ်ပြခိုင်းပါ ... ဒါမှသာ လူတိုင်းရဲ့ သံသယတွေ ပြေပျောက်သွားလိမ့်မယ်။ ”
-ဟု ချီမင်၏အကြံကို ထောက်ခံလာကြတော့သည်။ တန်ကျင်းဟုန် တစ်ယောက် လုံးဝ ပေါက်ကွဲလာ၏။
ဤအဖိုးကြီးများ မည်သည့်အရာကို ရည်ရွယ်နေကြောင်း ခန့်မှန်းနိုင်သည်။ အမှန်ပင် မြေခွေးအိုကြီးများဖြစ်ချေ၏။
အကြောင်းပြချက်မည်သို့ပင် ဖြစ်စေကာမူ ရှန့်မူ၏ထိုက်ကျင်းအဆင့်ရတနာကိုသာ ပစ်မှတ် ထားနေချေပြီ။
“ မင်းတို့ ... ။ ”
ထို့ကြောင့်ပင် အတွေ့အကြုံရင့်သော သူသည်ပင် စိတ်မသက်မသာ ဖြစ်သွားရသည်။ ဤအချိန်တွင် လေဟာနယ် လှိုင်းတွန့်များ ပေါ်လာပြီး ပုံရိပ်တစ်ရိပ် လှမ်းထွက်လာ၏။
အနက်ရောင် ဝာအိုဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် လက်နှစ်ဖက်နောက်ပို့ကာ တည်ငြိမ်းလွန်းသော ရှန့်မူဖြစ်လေသည်။
စုရီပုံရိပ် ထွက်ပေါ်လာသည်နှင့် ယခင် တင်းမာလှုပ်ရှားနေခဲ့သော လေထုကြီးသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏ အကြည့်များသည် သူ့ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာနေတော့၏။ ပြိုင်ပွဲအတွင်း စုရီလက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော သူတော်စင် အင်မော်တယ်များမှာ လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပေါ်လာကြသည်။
ကုန်းနန်ဖန်းနှင့် ဝမ်ချန်နင်ကဲ့သို့သော ပထမတန်းသာ ပြိုင်ဘက်ကင်း ပါရမီရှင်များ သည်ပင် စိတ်ဝင်တစား စိုက်ကြည့်နေ၏။
“ တာအိုစု ... မင်း ခဏလောက် သည်းခံပေးပါ ငါတို့ ဒီကိစ္စကို ... ။ ”
တန်လင်းချီက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အသံလွှင့်ကာ စုရီကိုသတိပေးရန်ကြိုးစားလိုက် တော့သည်။ သို့သော် စုရီမှ ပေါ့ပေါ့ပါးပါးပင် လက်ကာပြပြီး၊
“ ဒါက အမည်ခံ အင်မော်တယ်ဘုရင် အနည်းငယ်လောက်ပဲ ငါသည်းခံပေးဖို့အတွက် မထိုက်တန်သေးပါဘူး။ ”
-ဟု ပြန်လည်ပြောကြားလိုက်၏။
တန်လင်းချီတစ်ယောက် အံ့အားသင့်သွားရသည်။ စုရီ၏ မောက်မာသော ကိုယ်ရည်ကိုယ်သွေးအရ ဤသို့သည်းခံမည် မဟုတ်ကြောင်း သူ နားလည်သည်။
သို့သော် တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ရိုက်ငြင်းဆန်ခြင်း ခံလိုက်သောအခါတွင် အကူအညီမဲ့မှုနှင့်အတူ နက်ရှိုင်းသည့် ပူပန်မှု သည်သာ ကျန်ရစ်ခဲ့တော့၏။
ဤနေရာသည် သတ္တမမြောက် ကောင်းကင်တံခါးမဟုတ်သဖြင့် ကောင်းကင် တာအိုကျောက်တိုင်၏ စွမ်းအားကို ငှားယူ၍ မရနိုင်ချေ။
ထိုသို့သော အခြေအနေတွင် စုရီသည် အမည်ခံ အင်မော်တယ်ဘုရင်များကို မည်သို့ ရင်ဆိုင်မည်မှန်း နားမလည်သည်မှာ သဘာဝပေပင်။
“ ကောင်းပြီ ... မင်းတို့ တန်မိသားစုရဲ့ စေတနာကိုတော့ ငါ နားလည်ပါတယ် ဒါပေမဲ့ ဒီနေ့ပြဿနာကိုတော့ ငါကိုယ်တိုင် ဖြေရှင်းမယ် မင်းတို့မိသားစု ဘေးကနေပဲ ကြည့်နေပါ။ ”
စုရီမှ ထပ်မံပြောကြားလိုက်သည်။ တန်လင်းချီခမျာ ဖျောင်းဖျရန်အတွေးများကို ခါးသီးစွာ စွန့်လွှတ်လိုက်ရ၏။
“ ရှန့်မူ ... မင်းကျူးလွန်ထားတဲ့ အပြစ်တွေကို ဝန်ခံပါ။ ”
ရုတ်တရက် မိုးကြိုးပစ်ချသကဲ့သို့ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး တုန်ခါသော အသံတစ်သံ ပဲ့တင်ထပ်လာ၏။
ဤသည်မှာ ထိုက်ချင်းဂိုဏ်းမှ အမည်ခံ အင်မော်တယ်ဘုရင် ရှဲ့ကွီယွမ် ဖြစ်လေသည်။ သူက မတ်တပ်ရပ်လျက် စုရီကို အေးစက်စွာ စိုက်ကြည့်နေတော့၏။ သို့သော် စုရီသည် ဂရုမစိုက်ဘဲ၊
“ ဟုတ်လား ... ငါ့ဘာပြစ်များ ကျူးလွန်မိလို့လဲ။ ”
-ဟု ပြန်လည်မေးလိုက်သည်။
ထိုသို့သော အမူအရာကြောင့် ရှဲ့ကွီယွမ်၊ လီပေ့ချွယ်နှင့် အခြားအမည်ခံအင်မော်တယ် ဘုရင်များမှာ မျက်မှောင်ကြုတ်သွား၏။
“ ဟမ့် ... မင်းရဲ့အထောက်အထား၊ ကျင့်ကြံမှုနဲ့ မူလ ... အားလုံးက မရှင်းလင်းဘူး ဒါ့ပြင် မိုးပြာနန်းတော်ရဲ့သခင်ငယ် ချူးပိုင်တန် ပျောက်ဆုံးမှုအတွက် ငါတို့သံသယရှိတယ်။ ”
“ ဟုတ်တယ် ... ဒါပေမယ့် ငါတို့က တာအိုတန်ကျင်းဟုန်ကို ထောက်ထားလွန်းတဲ့ အနေနဲ့ ... မင်းရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့ အခွင့်အရေးတစ်ခုတော့ ပေးနိုင်ပါတယ်။ ”
“ ဟုတ်လား ... ငါ့ရဲ့အပြစ်ကင်းမှုကို သက်သေပြရမှာလား ... ။ ”
စုရီက လှောင်ပြုံးဖြင့်၊
“ မင်းတို့ရဲ့ ... သံသယတွေက ဘယ်လိုအချက်အလက်တွေပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတာလဲ အင်မော်တယ်ဘုရင်တွေက ဂျူနီယာတစ်ယောက်ကိုဝိုင်းပြီး ကြံစည်ဖို့အထိ တကယ်ပဲ နိမ့်ကျကုန်ကြတာလား။ ”
-ဟု ညည်းတွားရေရွတ်လိုက်၏။
လူတိုင်း မျက်နှာများ ပျက်ယွင်းကုန်၏။ အထူးသဖြင့် ရှဲ့ကွီယွမ်၊ လီပေ့ချွယ်နှင့် ချီမင်တို့ ပေပင်။
ယနေ့တွင် နှစ်ပေါင်းသိန်းနှင့်ချီ ရှင်သန်နေထိုင်ခဲ့သော သူတို့ကဲ့သို့တည်ရှိမှုများ သည် အသက်(၂၀)ကျော်လူငယ်တစ်ယောက်ထံ အခွင့်အရေးယူနေသည့် သတင်းသည်သာ ပျံ့လွင့်သွားသော် ရှက်ရချေမည်။
“ တာအိုတန် ... မင်းရဲ့တန်မိသားစု သဘောထား ဘယ်လိုပဲရှိနေပါစေ ... ဒီနေ့တော့ ဒီကောင်လေးရဲ့ နောက်ခံကို ငါတို့သေချာပေါက် စုံစမ်းရလိမ့်မယ်။ ”
အဆုံး၌ ရှဲ့ကွီယွမ်မှ ရှေ့ဆက်တိုးရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ထိုက်ကျင်း အဆင့် ကံကြမ္မာရတနာပေပင်။ အင်မော်တယ် နယ်မြေတစ်ခုလုံး၌ ရှာမတွေ့နိုင်ချေ။
တန်ကျင်းဟုန်မှ စိတ်ရှုပ်ထွေးသော အမူအရာဖြင့်၊
“ ရှန့်မူ ... ငါတန်ကျင်းဟုန်အနေနဲ့ မင်းဘက်ကသာ အပြစ်ကင်းစင်မှုကိုပြနိုင်ရင် ငါ့ တန်မိသားစုက ရဲရဲဝံ့ဝံ့ ရပ်တည်ပေးမယ်။”
-ဟု ပြောကြားလိုက်သည်။
တန်ကျင်းဟုန်သည် အင်အားစု အသီးသီး၏ဖိအားအပေါ် မခံနိုင်တော့ဟန်ဖြင့် အလျှော့ပေးပုံပြသလာချေပြီ။
***