← Chapters

အခန်း ၁၂၅၆

Vol. 105 Ch. 1256

အခန်း ၁၂၅၆

Vol. 105 Ch. 1256

အခန်း ၁၂၅၆ -

သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်ရအောင်။

ရှဲ့ကွီယွမ်နှင့် လီပေ့ချွယ်မှာ တန်ကျင်းဟုန်ထံမှ လိုက်လျောမှုကိုမြင်သဖြင့် သိသိသာသာပျော့ပြောင်းလာသည်။ သို့သော် စုရီမှခေါင်းရမ်းကာ၊

“ မလိုဘူး။ ”

-ဟု တုန့်ပြန်သည်။ ထို့နောက် လူတိုင်းထံဝေ့ကြည့်ကာ၊

“ ဒီကနေ့ ဒီမှာရှိနေတဲ့ အမည်ခံ အင်‌မော်တယ်ဘုရင်တွေကို ... ပြင်ပနတ်ဆိုး မျိုးနွယ်ရဲ့သူလျှိုတွေလို့ ... ငါ သံသယရှိတယ် မင်းတို့ဘယ်လိုထင်လဲ။ ”

-ဟု လှောင်ပြောင် မေးမြန်းလိုက်၏။

ဤစကားကြောင့် လူတိုင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ ချက်ချင်းပင် ကန့်ကွက်သံများနှင့် ဝေဖန်သံများစွာ ဆူညံသွားတော့၏။

“ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ ငါတို့လို ဂိုဏ်းကြီးတွေရဲ့ အင်မော်တယ်ဘုရင်တွေက အခြားသူအတွက် သူလျှိုဖြစ်နိုင်မလား။ ”

“ကောင်လေး ... မင်း အဓိပ္ပါယ်မရှိတာ မပြောနဲ့။ ”

“ ဟားဟားဟား ... ဒါဆို မင်းတို့ အပြစ်ကင်းကြောင်းကို ငါစစ်ဆေးကြည့်မယ် ဘယ်လိုလဲ။ ”

“ ဟမ့် ... ။ ”

“ မင်း ... ။ ”

ထိုအခါမှသာ ရှန့်မူသည် သူတို့ကို လှောင်ပြောင်နေကြောင်း နားလည်ကုန်၏။ ထိုက်ယီဂိုဏ်း၊ ထိုက်ချင်ဂိုဏ်းနှင့် မိုးပြာ နန်းတော်တို့၏ အင်မော်တယ်ဘုရင်များမှာ မျက်နှာများ နီရဲလာကြသည်။

“ ရှန့်မူ ... မင်းသာ တစ်လှမ်းဆုတ်ဖို့ ဆန္ဒရှိရင် ငါ့တန်မိသားစုက ဒီကိစ္စကို ဖြေရှင်း ပေးမယ် မဟုတ်ရင် တန်မိသားစုအနေနဲ့ လုံးဝဝင်ပါတော့မှာ မဟုတ်ဘူး။ ”

တန်ကျင်းဟုန်မှ အေးစက်စွာ ပြောကြားလိုက်သည်။ စုရီကသူ့ထံပြန်ကြည့်ပြီး ခေါင်းရမ်းလျက်၊

“ မှားတယ် ... ငါရှန့်မူ ဘယ်တုန်းကမှ တန်မိသားစုအပေါ် မျှော်လင့်ချက်မထားခဲ့ဘူး ဒီနေ့ ငါကိုယ်တိုင်ကိုင်တွယ်မယ်။”

-ဟု တုန့်ပြန်တော့၏။

ထိုမြင်ကွင်းကြောင့် ရှဲ့ကွီယွမ်နှင့် လီပေ့ချွယ်သည် အချင်းချင်း ပြန်ကြည့်လျက် ဝမ်းမြောက်မှုကို ဖုံးကွယ်လိုက်ရသည်။

ဤလူငယ်သည် သူ့မောက်မာမှုကြောင့် ပျက်စီးမှုကိုကြုံရပေတော့မည်။ ဤမတိုင်မီ၌ သူတို့အားလုံးသည် တန်မိသားစု ပါဝင်လာ မည်ကို စိုးရိမ်နေခဲ့ရ၏။

ယခုမူ တန်မိသားစုသည် သူတို့ ဖိအားကြောင့် နောက်ဆုတ်လိုက်ပြီဖြစ်လေရာ ထိုစိုးရိမ်မှုများ လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ။

“ တကယ်ပဲ ဒီကောင်က သေချင်နေတာလား။ ”

ဝမ်ချန်ဖန်က ကျေနပ်အားရစွာဖြင့် ပြုံးလိုက်သည်။ ဤရှန့်မူသည် တန်မိသားစု၏ ကာကွယ်မှုကိုပင် ငြင်းပယ်နေချေ၏။

ယင်းသည် သေမင်းကို ကိုယ်တိုင် ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ ကျန်ရှိနေသော သူတော်စင် အင်မော်တယ်များ သည်လည်း သက်ပြင်းချလိုက်မိကြ၏။

တစ်ဖက်လူသည် ဤနေရာတွင် တန်မိသားစု၏ ကာကွယ်မှုမရှိဘဲ မည်သို့ အသက်ရှင်နိုင်မည်နည်း။

တစ်ဖက်တွင် ဘုန်းကြီးကျိုးယွင်သည် မျက်ဝန်းများမှေးစင်းလျက် ရှန်မူတစ်ယောက် အဘယ့်ကြောင့် နုံအသွားရသည်ကို နားမလည်နိုင်ခဲ့ချေ။

“ ကောင်းပြီ ... တာအိုတန်က သူ့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီဆိုတော့ ... နောက်ထပ် စကားတွေ အရှည်ကြီး ပြောနေစရာ မလိုတော့ပါဘူး။ ”

အရှေ့ပင်လယ် မိုးပြာနန်းတော်မှ အကြီးအကဲချီမင်သည် မတ်တပ်ရပ်လိုက်ကာ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် စုရီထံ စိုက်ကြည့်ကာ၊

“ အခု အခွင့်အရေးတစ်ခုပေးမယ် မင်းရဲ့အပြစ်ကင်းစင်မှုကို သက်သေပြမလား ... ဒါမှမဟုတ် ငါကိုယ်တိုင် မင်းရဲ့အိတ်ကိုလာပြီး ရှာဖွေရမလား တစ်ခုခု ရွေးချယ်ပါ။ ”

-ဟု ပြောကြားလိုက်သည်။

လေထုအတွင်း အင်မော်တယ် တာအိုများ ချက်ချင်း ပျံ့လွင့်လာ၏။ လူတိုင်း ပြင်းစွာသော ဖိအားများကို ခံစားလိုက်ရလေသည်။

စုရီက ဝိုင်အိုးကိုမြှောက်ကာ နောက်ဆုံးတစ်ငုံ မော့သောက်လိုက်ပြီးနောက် ပြန်လည်သိမ်းဆည်းလျက် ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် တက်လှမ်းသွားခဲ့သည်။

သည့်နောက် ချီမင်ထံ လက်ယပ်ခေါ်လိုက်ကာ ပေါ့ပေါ့ပါးပါးအပြုံးဖြင့်၊

“ လာခဲ့ ... မင်းမှာ ငါ့ကို ရှာဖွေဖို့ ဘယ်လောက်အရည်အချင်းရှိလဲ ငါကြည့်မယ်။ ”

-ဟု အေးစက်စွာ စိန်ခေါ်လိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ သူတော်စင် အင်မော်တယ်သည် အမည်ခံအင်မော်တယ်ဘုရင်ကို ဤသို့သော လေသံနှင့် စိန်ခေါ်ဝံ့သည်လော။

ထိုလုပ်ရပ်သည် အလွန်အမင်း ရူးသွပ်လွန်းချေသည်။ သို့သော် တစ်ဖက်တွင် စုရီကိုမုန်းတီးနေသူများပင်လျှင် ရဲစွမ်းသတ္တိနှင့် နှလုံးသားအပေါ် အသိအမှတ်ပြုလိုက်ကြ၏။

ယင်းသည် သူတို့ထက်အဆပေါင်းများစွာ သာလွန်ချေသည်။ ချီမင်သည်ပင် အံ့အားသင့် သွားရ၏။

သူသည် အမည်ခံ အင်မော်တယ်ဘုရင် ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ရှစ်ထောင်ကျော် နေပြီဖြစ်သည်။

ထိုကာလအတွင်း အမည်ခံ အင်မော်တယ်ဘုရင်ရာထူးကို အင်မော်တယ် ဘုရင်တစ်ပါးအဖြစ်ပင် လူတိုင်းမှ အလေးအနက် ဆက်ဆံခဲ့သည်။

ဤကဲ့သို့ ဂျူနီယာတစ်ယောက်မှ မထီမဲ့မြင်စိန်ခေါ်မှုမျိုး တစ်ကြိမ်မျှ မကြုံဖူးချေ။ ယင်းကြောင့် ဒေါသထွက်လာကာ၊

“ ဟမ့် ... မင်းရဲ့စကားတွေကြောင့် ... ငါ့တပည့် ချူးပိုင်တန် ပျောက်ဆုံးသွားတာဟာ မင်းနဲ့ မသက်ဆိုင်ဘူးဆိုရင်တောင်မှ ... ဒီနေ့ မင်းရဲ့ခေါင်းကို ဖြတ်ပြီး တခြားသူတွေကို သတိပေးချက်အဖြစ် ငါ ယူရလိမ့်မယ်။ ”

-ဟု ကြေငြာလိုက်သည်။

တစ်ဆက်တည်းမှာပင် သူ့ပုံရိပ်သည် မူလနေရာမှပျောက်ကွယ်ပြီး လေထုအလယ် ပြန်လည်ထွက်ပေါ်လာတော့သည်။

ကောင်းကင်ပေါ်လှမ်းတက်လာသော ချီမင်၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် အေးစက်တင်းမာနေ၏။

“ အခုဒူးထောက်ရင် မင်းအတွက် အခွင့်အရေးရှိသေးတယ် ... ငါမင်းရဲ့ခေါင်းကိုပဲ ဖြတ်ယူပြီး ရှင်သန်ဖို့အတွက် ဝိညာဉ်အပိုင်းအစ ချန်ထားပေးခဲ့မယ် မဟုတ်ရင် ... ငါ့ကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။ ”

“ မဟုတ်ဘူး ... ဒီနေ့ဟာ သေခြင်းနဲ့ ရှင်ခြင်းကို ဆုံးဖြတ်ရမယ် ... ။ ”

“ ဟားဟားဟား ... ။ ”

စုရီမှ တိုက်ရိုက် ဖြတ်ပြောလိုက်သည်။ ချီမင်တစ်ယောက် မျက်ခုံးပင့်လျက် ရယ်မော လိုက်တော့၏။

“ ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ။ ”

ထို့နောက်တွင် စကားမဆိုတော့ဘဲ ရွှေရောင်မိုးကြိုးများ ဖြာထွက်နေသော ဓား တစ်လက်အဖြစ် တာအိုဥပဒေကို စုစည်းကာ ခုတ်ပိုင်းချလိုက်လေသည်။

ကောင်းကင်တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အရှိန်အဝါများ ပြန့်ကားလာချေ၏။

ဤသည်မှာ အရှေ့ပင်လယ် မိုးပြာနန်းတော်၏ အမြင့်မြတ်ဆုံးသောအမွေ ဖြစ်သည့် ‘ရွှေမိုးကြိုးဓား’ပေပင်။

ထို့ကြောင့် ချီမင်ကဲ့သို့သော အင်မော်တယ်ဘုရင်တစ်ပါး၏ လက်ထဲတွင် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော မိုးကြိုးကပ်ဘေး ကဲ့သို့ ပြင်းထန်နေခဲ့ချေပြီ။

ခြင်္သေ့သည် ယုန်တစ်ကောင်အပေါ် အမဲလိုက်လျှင်ပင် သူ့ခွန်အားကို အကုန်အစင် အသုံးပြုတတ်၏။ ထိုကဲ့သို့ပင် ချီမင်သည် ပေါ့ဆမှုလုံးဝမရှိခဲ့ချေ။

စုရီတစ်ယောက် မျက်ဝန်းများကို ကျဉ်းမြောင်းသွားကာ နှုတ်ခမ်းပေါ်တွင် အပြုံး တစ်ပွင့် ပေါ်လာသည်။

ဤမတိုင်မီဆိုသော် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် ဘုရင်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရသော် ဝှက်ဖဲ အချို့ထုတ်ဖော်ရမည်ဖြစ်သည်။

“ ဝှစ် ... ။ ”

လက်ချောင်းများကို ဓားရည်ရွယ်ချက်များ သွန်းလောင်းလျက် လေထဲသို့ပေါ့ပေါ့ပါးပါးပင် ထိုးစိုက်ပစ်လိုက်သည်။ ယင်းသည် သာမန် တိုက်ခိုက်မှုသာဖြစ်သော်လည်း မိုးကြိုးဓားကို တိကျစွာပိတ်ဆို့နိုင်ခဲ့၏။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ထိမှန်သံကြီးတစ်ခု ပဲ့တင်ထပ်သွားသည်။ ဆယ်ပေရှည်လျားသည့် မိုးကြိုးဓားသည် ဖြည်းဖြည်းချင်း ကွဲအက် ပျက်စီးသွားတော့၏။

“ ပိတ်ဆို့နိုင်လိုက်တာလား။ ”

ထိုမြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားကြလေသည်။ ထိပ်တိုက်တွေ့ဆုံမှု၌ သူတော်စင်အင်မော်တယ်တစ်ပါးသည် အမည်ခံ အင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှုအပေါ် လုံးဝပိတ်ဆို့ပြလိုက်ချေပြီ။

လက်ချောင်းတစ်ချောင်းတည်းဖြင့် အမည်ခံအင်မော်တယ်ဘုရင်၏ ပြင်းထန်သော တိုက်ခိုက်မှုမှာ အလွယ်တကူပျက်ပြယ်သွား၏။

ရှဲ့ကွီယွမ်၊ လီပေ့ချွယ်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။ ဤသည်မှာ မည်သို့အံ့ဖွယ်တစ်ခုပေနည်း။

ကုန်းနန်ဖန်၊ ဝမ်ချန်ဖန်နှင့် ကျိုးယွင်တို့ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင် လူငယ်များမှာ မှင်သပ်သွားသည်။ သူတို့သည် ဤရှန့်မူ၏ ခွန်အားကို နားလည်ထားသည်ဟု ထင်ခဲ့သော်လည်း မှားယွင်းနေသေး၏။

တစ်ဖက်လူသည် အမည်ခံ အင်မော်တယ်ဘုရင်တစ်ပါးကို ကောင်းစွာ ရင်ဆိုင်နိုင်နေသည်။

အမည်ခံအင်မော်တယ် ဘုရင်ဟူသည် လက်ရှိခေတ်တွင် အထွတ်အထိပ်တည်ရှိမှုပင် ဖြစ်၏။ ကောင်းကင်တာအိုစည်းမျဉ်းအချို့ ယုတ်လျော့လာခြင်းကြောင့်သာ သူတို့သည် လမ်းပေါ်ထွက်လာဝံ့ခြင်းဖြစ်သည်။

မဟုတ်သော် ထိုသို့သော တည်ရှိမှုများကို မြင်တွေ့ရန် မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုကာမူ အမည်ခံအင်မော်တယ်ဘုရင်သည် အမည်ခံ အင်မော်တယ် ဘုရင်များသာဖြစ်၏။

သူတို့အားလုံးကို ကမ္ဘာကြီးမှ အင်မော်တယ်ဘုရင်များအဖြစ်သာ သတ်မှတ်ပြီး လေးစားကြလေသည်။

သူတော်စင် အင်မော်တယ်နှင့် ထိုသူများကြား ကွာဟချက်သည် အဆင့်လေး တစ်ခုမျှသာ မကချေ။ ဘုရင်တစ်ပါးနှင့် သာမန် လူကြား ကွာဟချက်မျိုးပေပင်။

ထို့ကြောင့် ရှန့်မူသည် အနိုင်ရရန် အခွင့်အလမ်းမရှိဟု လူတိုင်းထင်ထားခဲ့ကြခြင်း ဖြစ်လေသည်။

တန်ယုယန်၊ တန်လင်းချီနှင့် တန်ကျင်းဟုန်တို့မှာ တိတ်ဆိတ်သွားကြ၏။ အကြောင်းရင်းမှာ ရိုးရှင်းလှလေသည်။

လက်ရှိစုရီသည် အများမြင်နေသကဲ့သို့ သူတော်စင်အင်မော်တယ် မဟုတ်ကြောင်းကို သိရှိထားသောကြောင့် ဖြစ်သည်။

သူတို့ပေးအပ်ထားခဲ့သော သူတော်စင်အဆင့်ချပ်ဝတ်ကြောင့် သာလျှင် သူတော်စင် အင်မော်တယ်အဖြစ် အများမှ ထင်မှားနေခြင်းဖြစ်၏။

အစစ်အမှန်ကို သိရှိသွားသော် ပို၍ပင် တုန်လှုပ်သွားကြပေမည်။ မိုးကြိုးလျှပ်စီးများ ခြုံလျက် ချီမင်တစ်ယောက် မျက်နှာပေါ်တွင် အလင်းရောင်များ ဖြတ်ပြေးသွားသည်။

သူ့ရင်ထဲ အံ့သြမှုကို ထိန်းမနိုင်သိမ်းမရ ဖြစ်လာ၏။ စုရီမှ ပြုံးလျက် ဂရုမစိုက်ဟန်နှင့်၊

“ ရွှေမိုးကြိုး သတ်ဖြတ်ခြင်းဓားဟာ အလွန်အစွမ်းထက်ပြီး နက်နဲတဲ့မိုးကြိုးတာအို ပါဝင်ပါတယ် ဒါပေမယ့် ...

... ကံမကောင်းစွာပဲ ... မင်းရဲ့ လက်ထဲမှာတော့ အားနည်းပြီးစွမ်းအား ကင်းမဲ့လွန်းနေတယ် လုံးဝမထိုက်တန်ဘူး။ ”

- ဟု မှတ်ချက်ပေးလိုက်သည်။

“ မင်း ... ။ ”

ချီမင်တစ်ယောက် ဒေါသကြောင့် အမှောင်ဖုံးသွားပြီး လက်ဖဝါးတစ်ချက်ချက်ချင်း ရိုက်ချပစ်တော့၏။ ထိုလက်ဖဝါးရိုက်ချက်သည် ဓားတစ်လက်ကဲ့သို့ တောက်ပသော ရွှေရောင် လျှပ်စီးများသယ်ဆောင်ထားသည်။

ယင်းသည် သေမျိုးကမ္ဘာသို့ မိုးကြိုးအစင်းပေါင်းများစွာ ပစ်ချလိုက်သည့် အလား ကြီးစိုးလွန်းပြီး လေဟာနယ်ကိုပင် ကြေမွသွားစေတော့၏။

***

All Chapters