အခန်း ၁၂၅၇
Vol. 105 Ch. 1257
အခန်း ၁၂၅၇ -
တန်လုံသားရဲကို ဆင့်ခေါ်ခြင်း ... ။
အင်မော်တယ်ဘုရင်များ အစွမ်းထက်ရသည့်အကြောင်းမှာ သူတို့၏ အင်မော်တယ်ဥပဒေများအပေါ် ကျွမ်းကျင် ပိုင်နိုင်နေခြင်းကြောင့်ဖြစ်သည်။
သာမန် လျှို့ဝှက်နည်းစနစ်များပင် သူတို့အသုံးပြုလိုက်ခြင်းဖြင့် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေနိုင်မည်။
သို့သော် ကံမကောင်းစွာဖြင့် သူ ရင်ဆိုင်ရသူမှာစုရီဖြစ်နေသည်။ ဗလာနယ်ပယ် အင်မော်တယ်အဆင့်သို့ တက်ရောက်ပြီးနောက် စုရီအတွက် ခက်ခဲခြင်း မရှိတော့ချေ။
“ သွား ... ။ ”
အင်္ကျီလက်ကို ဝှေ့ယမ်းလျက် တောက်ပပြီးခန့်မှန်းရခက်သော ဓားအလင်းများ ထုတ်လွှတ်လိုက်သည်။ ကောင်းကင်မှ ပြိုကျ လာသည့် မိုးကြိုးလက်ဝါးကြီးသည် ခါးလည်မှ ထက်ပိုင်းဖြတ်သွားတော့၏။
အကျိုးဆက်အနေဖြင့် လွှမ်းမိုးချုပ်ကိုင်လိုသော ဓားစွမ်းအင်များသည် ချီမင်ထံ တိုးဝင်ရိုက်ခတ်သွားသဖြင့် သွေးများ ပွက်ပွက်ဆူသွားစေတော့သည်။
စုရီက ရပ်တန့်ရန်ဆန္ဒမရှိသောကြောင့် ရှေ့သို့တစ်လှမ်းတိုးကာ လေထဲရိုက်ချပစ်လိုက် လေသည်။ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး တုန်ခါသွားပြီး လေဟာနယ်ပြိုကျသွား၏။
ထိုအစွမ်းထက်သော ရိုက်ချက်မှာ နတ်တောင်ကြီးတစ်ခု နိမ့်ဆင်းလာသကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေချေပြီ။
“ ဟမ့် ... ။ ”
ချီမင်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီးနောက် သူ့ခွန်အားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ရလေသည်။
“ ဘန်း ... ။ ”
နောက်ဆုံးတွင် ထိုတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း ချီမင်တစ်ယောက် ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ရ၏။
သူ့ခြေထောက်အောက်မှ ဟင်းလင်းပြင်သည်ပင် တဖျစ်ဖျစ်မြည်လျက် ကွဲအက်သွားခဲ့ချေပြီ။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
မယုံနိုင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူတိုင်းဆွံ့အကုန်ကြသည်။ ထိုင်ကြည့်နေကြသော အင်မော်တယ်ဘုရင် များပင် ထရပ်မိကုန်၏။
ချီမင်မှ မျက်မှောင်ကြုတ်မိ၏။ တစ်ဖက်လူသည် အမည်ခံအင်မော်တယ်ဘုရင် တစ်ပါးကို ရင်ဆိုင်ရန် မည်သည့်အရပ်မှ ခွန်အားများ ရရှိနေသည်ကို နားမလည်ခဲ့ချေ။
“ လာဦးမယ် ... ။ ”
ထို့ထက်ပို၍ မတွေးနိုင်မီ စုရီထံမှ ထပ်မံတိုက်ခိုက်လာ၏။ အနက်ရောင်ဝတ်ရုံမှာ လှိုင်းထလာပြီး ရိုးရှင်းသောလက်သီးများသာ တဖျပ်ဖျပ်ကျဆင်းလာခဲ့သည်။
သို့သော် ထိုတိုက်ခိုက်မှုအောက်တွင် အကြိမ်ကြိမ်တုန်လှုပ်သွားကာ ခြေလှမ်းများစွာ ဆုတ်ခွာပေးနေရ၏။
“ မင်း သေချင်နေတာပဲ။ ”
ရလာဒ်သည် ချီမင်မျက်နှာအိုကြီးကို ရဲရဲနီလျက် မုတ်ဆိတ်မွေးများပင် ဒေါသတကြီး ထောင်မတ်လာစေတော့သည်။ သို့တိုင် သူသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခြင်းမရှိဘဲ အစွမ်းကုန် ခုခံနေရဆဲဖြစ်၏။
ဤသည်မှာ လုံးဝ ရှက်စရာပေပင်။ အမည်ခံအင်မော်တယ်ဘုရင်သည် လူအများ ရှေ့တွင် သူတော်စင်အင်မော်တယ်တစ်ပါး၏ ရိုက်နှက်ခြင်းကို ခံနေရခြင်းဖြစ်၏။
တစ်ဖက်တွင် စုရီသည် ကျေနပ်စွာဖြင့် ချီမင်ကိုရိုက်နှက်နေချေပြီ။ တစ်ချိန်က ဝမ်ယဲ့ သည်ပင် ဗလာနယ်ပယ်အဆင့်ဖြင့် အမည်ခံ အင်မော်တယ်ဘုရင်တစ်ပါးကို အနိုင်မယူနိုင်ချေ။
အင်မော်တယ်နယ်ပယ်တွင် အင်မော်တယ်ဘုရင်များသည် အရှက်ခွဲ၍မရ ဟူသည့် ဆိုရိုးစကားရှိသည်။
ထိုသူများအရှက်ခွဲခြင်းသည် သေခြင်းပင်ဖြစ်၏။ ဤသည်မှာ သတ်မှတ်ခြင်း မရှိသော စည်းမျဉ်းတစ်ခုပေပင်။ ယခုမူ ထိုစည်းမျဉ်းကို စုရီမှ ဖျက်ဆီးပြနေ၏။
စုရီ၏ တိုက်ခိုက်မှုများမှာ ပို၍ ပြင်းထန်လာခဲ့သည်။ လက်သီးချက်တိုင်းတွင် တာအိုအသံများ ပဲ့တင်ထပ်နေ၏။
လုံးဝဥဿုံ လွှမ်းမိုးချုပ်ချယ်နိုင်သော ရောင်ဝါကို ထုတ်ဖော်ပြသထားသည်။ မကြာမီ ချီမင်ဒဏ်ရာရရှိသွားတော့၏။
သူ့အဝတ်အစားများ စုတ်ပြဲသွားပြီး ပြင်းထန်သော လက်သီးလှိုင်းများကြောင့် ပခုံးမှ သွေးများ ပန်းထွက်လာခဲ့သည်။
ယင်းသည် ပြောပခြင်းမရှိသော ဒဏ်ရာဖြစ်သော်လည်း အမည်ခံအင်မော်တယ် ဘုရင်တစ်ပါး၏ အကာအကွယ်အလွှာကို ချိုးဖောက်ခဲ့ခြင်း ဖြစ်လေသည်။
“ သတ် ... ။”
ရုတ်တရက် ချီမင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ့ရောင်ဝါကိုမြှင့်တင် လိုက်တော့၏။
မျက်လုံးများတွင် သွေးများနီရဲလာကာ ပေတစ်ထောင်ခန့်ရှိသော ခြေလေးချောင်းနှင့် သတ္တဝါတစ်ကောင်ပေါ်လာ၏။
ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော တန်လုံသားရဲတစ်ကောင်ပင်။ မိုးပြာနန်းတော် တိုက်ရိုက်မျိုးဆက်များအတွက် သီးသန့် မျိုးဆက်သွေးဖြစ်၏။
နဂါးသားတော် ကိုးပါးအနက် တစ်ပါးဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ပြီး ကာကွယ်တတ်သော သဘောသဘာဝကို ပိုင်ဆိုင်ထားချေပြီ။ ခြေလေးချောင်းပါ ကျားနဂါးဖြစ်ချေ၏။
ချီမင်အတွက် ဤတိုက်ပွဲသည် မလွယ်ကူကြောင်း မြင်သာသည်။ လီပေ့ချွယ် တစ်ယောက် သက်ပြင်းချလိုက်၏။
“ ဒီရှန့်မူရဲ့ခွန်အားက အရမ်းကြောက်စရာ ကောင်းလွန်းတယ် သူသာ အင်မော်တယ်ဘုရင် ဖြစ်လာရင် ... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။ ”
“ မှန်တယ် ဒါကြောင့် ... ဒီနေ့ သူ့ကို အသက်ရှင်လျက် ထွက်သွားဖို့ ငါတို့အခွင့်အရေး မပေးနိုင်ဘူး။ ”
လီပေ့ချွယ်နှင့် အခြားသော အမည်ခံ အင်မော်တယ်ဘုရင်များက တိတ်တဆိတ်ပင် သဘောတူလိုက်ကြသည်။
“ ဟမ့် ... စစ်မှန်တဲ့ တန်လုံသားရဲ ကောင်းကင်ဝါးမျိုခြင်းနည်းစနစ်က အစွမ်းထက် နိုင်ပေမယ့် ... ချိုးဖျက်လို့မရတဲ့ နည်းစနစ်တော့ မဟုတ်သေးပါဘူး။ ”
ထိုစဉ် စုရီထံမှ တည်ငြိမ်သော မှတ်ချက်ပေးသံနှင့်အတူ ဓားတစ်လက်ရောင်ဝါ ဖြာထွက်လာတော့သည်။
“ ဟမ့် ... ဒါဆို ချိုးဖြတ်ပြပါ။ ”
ချီမင်က ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် အရူးအမူး တိုက်စစ်ဆင်လိုက်၏။ တစ်ချိန်လုံး စုရီ၏ ဖိနှိမ်မှုအောက်တွင် ရောက်ရှိ နေသောကြောင့် လုံးဝပေါက်ကွဲနေပြီဖြစ်သည်။
“ သတ် ... ။ ”
ကြီးမားသော တန်လုံသားရဲပုံရိပ်သည် မြည်သံပြုလာပြီး သူနှင့်အတူထပ်ကြပ်မကွာ လိုက်ပါလာကာ လက်ဝါးဖြင့် ရိုက်ချလာ၏။
အရပ်ဆယ်မျက်နှာသို့ တာအိုဥပဒေများ ပြန့်ကားကုန်သည်။ လေဟာနယ်ကြီးသည်ပင် ပေါက်ကွဲလျက် ပျက်စီးသွားတော့၏။
“ ရွှပ် ... ။ ”
သို့သော် ထိုခဏတွင် စုရီလက်ဓားထံမှ ဓားလှိုင်းတစ်ခု မုန်တိုင်းတစ်စင်းလို ပြေးထွက် လာချေပြီ။
ယင်းသည် ကောင်းကင်မှ မြစ်ကြီးတစ်စင်းအလား တောက်ပစူးရှနေကာ ချီမင်ထံ ဦးတည်သွား၏။
ထိုဓားချက်အောက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲမြေပြင်မှာ လုံးဝဆိတ်သုဉ်းကုန်သည်။ အချိန်များပင် ရပ်တန့်သွားခဲ့ချေပြီ။
“ ဘန်း ... ။ ”
လေထုအလယ် တန်လုံပုံရိပ်ယောင်၏ လက်ဝါးကြီးသည် ရေပူဖောင်းများပမာ ဝုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။
ယင်းသည် အကုန်မဟုတ်သေးချေ။ ဓားအလင်းသည် လျော့ကျမသွားဘဲ ဆက်၍ ဝင်ရောက်သွားလေသည်။
“ ဝူး ... ။ ”
ကျယ်လောင်သော အော်မြည်သံကြီး ပဲ့တင်ထပ်လာသည်။ ပေတစ်ထောင်မြင့်သော တန်လုံပုံရိပ်ယောင်ကြီးသည် နှလုံးသားကို ဓားဖြင့်ထိုးသွင်းခံရသဖြင့် တုန်ရီနေတော့၏။
“ ဝုန်း ... ။ ”
များမကြာခင် ဓားချီများ ထိုပုံရိပ်ထံမှ ယိုစိမ့်ကျလာကာ ဝုန်းခနဲပေါက်ကွဲသွားကုန်ပြီး နိယာမများ ရေတံခွန်ပမာ ပြန့်ကျဲကုန်သည်။
ဤပေါက်ကွဲမှုကြောင့် ချီမင်သည်လည်း သက်ရောက်မှု ခံလိုက်ရ၏။ ပါးစပ်အပြည့်သွေး တစ်လုတ်အန်ချလျက် ညည်းတွားလိုက်ကာ ခြေလှမ်းများစွာ ဆုတ်ခွာသွားမိသည်။
“ အဟွတ် အဟွတ် ... ဝေါ့။ ”
လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိအုပ်ထားကာ နှလုံးသားမှ စူးရှလွန်းသော ခံစားချက်ရရှိလာ၏။ အမြင်အာရုံများ ချက်ချင်း ပြာဝေသွားလေသည်။
ထိုမြင်ကွင်းသည် ကုန်နန်ဖန်ကို ချက်ချင်း စိတ်ပျက်အားငယ်သွားစေ၏။ သူသည် ရှန့်မူကို တူညီသောမျိုးဆက်အဖြစ် သတ်မှတ်ကာ အနာဂါတ်တွင် ဖြတ်ကျော်နိုင်ရန် ဆုံးဖြတ်ထားသည်။
သို့သော် ယခုမူ သူနှင့် ရှန့်မူကြား ကွာဟချက်သည် မည်မျှနက်ရှိုင်းကြီးမားမှန်း နားလည်လာခဲ့၏။
လက်ရှိမချိန်ထိ ရှန့်မူသည် လက်နက်နှင့်ဝှက်ဖဲကို မသုံးဘဲ စစ်မှန်သော ခွန်အားသာ ထုတ်ဖော်ပြသထားသည်။
ယင်းသည် သူ့ဘဝတလျှောက် လုံးဝ မမျှော်လင့်ထားသောရလာဒ်ပေပင်။ ရူးသွပ်စရာ ကောင်းလွန်း၏။
“ တာအိုရှန့်က ဒီလောက်တောင် သန်မာတာလား။ ”
ကျိုးယွင်တစ်ယောက် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူတော်စင်အင်မော်တယ် တစ်ပါးသည် လက်ဗလာဖြင့် အင်မော်တယ်ဘုရင်ကို အနိုင်ယူ နေခဲ့၏။ မည်သို့သော မြင်ကွင်းမျိုးပေနည်း။
“ ဟမ့် ... ကောင်းကင်တာအို ကျောက်တိုင်စွမ်းအားကို မသုံးနိုင်တာတောင် သူက အင်မော်တယ်ဘုရင် ဖိနှိမ်နိုင်တာလား ဘယ်လိုဘီလူးမျိုးလဲ။ ”
တန်ယုယန်နှင့် တန်လင်ချီသည် အသက်ရှူမှားကုန်ကာ သတ္တမမြောက်တံခါးမှ သတ်ဖြတ်မှုသတင်းထံ သတိရလာကြသည်။
ထိုစဉ်က စုရီသည် လူတိုင်းကိုသတ်ရန် ကောင်းကင်တာအို ကျောက်တိုင်စွမ်းအားများ ထုတ်ယူခဲ့သည်ဟု သတင်းကြီးခဲ့ဖူးသည်။
ယနေ့တိုက်ပွဲသည်သာ ပြင်ပသို့ ပျံ့နှံ့သွားသော် အင်မော်တယ်နယ်မြေတစ်ခုလုံး အုတ်သော်သောင်းနင်းဖြစ်ရပေမည်။
ထိုစဉ်စုရီသည် လေထဲလှမ်းတက်ကာ ချီမင်ထံဦးတည်နေပြီဖြစ်၏။ အမူအရာသည် ထုံးစံအတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး တာအို ဝတ်ရုံစသည် လွင့်ပျံနေတော့သည်။
“ အရိုင်းအစိုင်းလေး ငါ့ကို သတ်ချင်နေတာလား ... ငါမင်းကို တကယ်ပဲ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား။ ”
ချီမင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ ဆံပင်များ ဖရိုဖရဲနှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာသို့ ပြောင်းလဲသွားသည်။
တစ်ဆက်တည်းမှာပင် ပုဆိန်တစ်လက်ထုတ်ယူကာ စုရီထံသို့ စီးကြိုလျက် ခုတ်ပိုင်းချလိုက်တော့၏။
“ သွား သေ လိုက် ... ။ ”
***