အခန်း ၁၂၅၈
Vol. 105 Ch. 1258
အခန်း ၁၂၅၈ -
အံ့အားသင့်ဖွယ်ကောင်းသော ကြားဝင်ဖျန်ဖြေမှု။
ဤသည်မှာ ကြယ်ကြွေပုဆိန်ပေပင်။ ဆန်းကြယ်သော နိယာမများ ကိန်းအောင်းပြီး ရှားပါးလှသော နတ်သတ္တုမျိုးစုံဖြင့် သွန်းလုပ် ထားချေ၏။
ဘုရင်အဆင့် ရတနာဖြစ်ကာ ကြယ်တာရာများကိုပင် ကြွေကျစေနိုင်သည်ဟု ကောလဟာလများ ပေးထားကြသည်။
ဤရတနာသည် ချီမင်အတွက် အသက်သွေးကြောပေပင်။ နှစ်ပေါင်းများစွာ သူ့ခန္ဓာကိုယ်ထဲ၌ မွေးမြူထားခဲ့၏။
စွမ်းပကားအရ ထိုအင်မော်တယ် ဘုရင်အဆင့် ရတနာများထဲတွင် အုပ်စိုးရှင် အဆင့် ပေပင်။
“ ခရစ် ... ။ ”
လောကကြီးတစ်ခုလုံး ဖျက်ဆီးခြင်း အရှိန်အဝါများ မုန်တိုင်းအလား သောင်းကျန်း လာချေပြီ။ ပုဆိန်အလင်းအောက်တွင် ကောင်းကင်ကြီး ကွဲအက်လာ၏။
“ ဟမ့် ... ။”
စုရီမှာမူ ရှောင်တိမ်းခြင်း မပြုဘဲ ဆက်လက်တိုးဝင်လာပြီး လက်ချောင်းများကို စောင်းကြိုးတီးခတ်သည့်အလား ကိုးကြိမ် ဆက်တိုက် တောက်ထုတ်လိုက်သည်။
“ ထန် ... ထန် ... ထန် ... ။ ”
အကြိမ်တိုင်းသည် မျက်နှာချင်းဆိုင် ခုတ်ပိုင်းလာသော ကြယ်ကြွေပုဆိန်အပေါ်သို့ တိကျစွာထိမှန် ပေါက်ကွဲသွားတော့၏။
ချီမင်တစ်ယောက် မိုးကြိုးကိုးစင်း ထိမှန်လာသကဲ့သို့ အကြိမ်တိုင်း ပြင်းစွာသော ရိုက်ခတ်မှုလှိုင်းများ ခံစားလိုက်ရသည်။
“ ထန် ... ထန် ... ထန် ... ။ ”
ပုဆိန်ပေါ် ဖုံးလွှမ်းထားသော မိုးကြိုးဥပဒေနိယာမများသည် တဖြည်းဖြည်း ပြိုကျပျက်စီးလာနေ၏။
“ ..... ။ ”
ကိုးကြိမ်မြောက် ဓားအလင်းဖြင့် ထိမှန်ပြီးနောက်တွင် ကြယ်ကြွေပုဆိန်သည် ဝုန်းခနဲ လက်မှလွတ်ထွက်သွားတော့သည်။
“ ဝေါ့ ... ။ ”
ချီမင်ခမျာ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး မျက်နှာဖြူလျော်သွားကာ ရောင်ဝါပြိုကွဲလုနီးပါး ဖြစ်သွားခဲ့လေသည်။
ဤရလာဒ်သည် သူ့ကို လုံးဝ တုန်လှုပ်သွားစေသည်။ တစ်ဖက်လူသည် သူ့ကို တချိန်လုံး ကစားနေခြင်းဖြစ်၏။ မဟုတ်သော် အင်မော်တယ်ဘုရင်အဆင့် အုပ်စိုးရှင်လက်နက် ထုတ်ယူပြီးသည့်တိုင် ရှုံးနိမ့်စရာအကြောင်း မရှိချေ။
ထိုအတွေးသည် တိုက်ပွဲဝင်ဆန္ဒများကို လုံးဝပြိုကျသွားစေသည်။ တိုက်ပွဲဝင်ဆန္ဒများ မရှိသည့်နောက် အင်မော်တယ်ဘုရင်ပင် အဆိပ် ကင်းမဲ့သော မြွေတစ်ကောင်နှင့် မခြားချေ။
“ ဘန်း ... ။ ”
ဤအခွင့်အရေးကို အသုံးချကာ လက်ဖဝါးတစ်ဖက်သည် ချီမင်ရင်ဘတ်ပေါ်သို့ အဟုန်ပြင်းစွာ ကျဆင်းလာသည်။
ယင်းက ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာဖြစ်နေပြီး ရင်ဘတ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ လက်ဝါးရာကြီးတစ်ခု ချိုင့်ဝင်သွားခဲ့လေသည်။
“ ဒါ ... ။ ”
လူတိုင်း ကြောက်ရွံ့သွား၏။ ဤမတိုင်မီ ကြယ်ကြွေပုဆိန်ကြောင့် ချီမင်သည် တွန်းလှန် နိုင်မည်ဟု ယူဆခဲ့ကြသည်။
သို့သော် ရှန့်မူသည် သူတို့ ထင်ထားသည်ထက် ပို၍သန်မာနေဆဲဖြစ်ကာ တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် ပြုလုပ်နိုင်နေဆဲပေပင်။
စုရီက စကားမဆိုတော့ဘဲ တည်နေရာရွေ့ပြောင်းလျက် ချီမင်အနားတွင် ပြန်ပေါ်လာကာ ဦးခေါင်းကို သပ်ယူလိုက်သည်။
“ ရပ်လိုက် ... ။ ”
ထိုစဉ် အသံထက် မြန်ဆန်သော ဓားပျံတစ်လက် သူ့လမ်းကို ဝင်ရောက်ဟန့်တား လာတော့သည်။
ဤတိုက်ခိုက်မှုသည် အမှန်ပင် စုရီကို သေစေနိုင်၏။ စုရီသည်သာ ဆုတ်ခွာခြင်းမျိုး မပြုသော် နဖူးပြင်ထံဖောက်ထွင်းသွားမည် ဖြစ်လေသည်။
သို့တိုင် စုရီသည် ဆုတ်ခွာခြင်းမပြုဘဲ ဘယ်လက်ဖြင့် ထိုဓားပျံထံပုတ်ထုတ်လိုက်ကာ ဆက်လက် လုပ်ဆောင်နေခဲ့သည်။
“ ကလန် ... ။ ”
လေဟာနယ် လှိုင်းများ အရပ်ရပ်သို့ ပျံကားကုန်ပြီး ဓားပျံသည် လေထုအလယ်ပြန်၍ ပျောက်ကွယ်သွားတော့၏။
လူတိုင်းအသံရှူရန် မေ့လျော့နေစဉ် စုရီသည်ညာလက်ဖြင့် ဦးခေါင်းထံတိုက်ရိုက် ဖြတ်တောက်ပစ်သည်။
ဤအရာအားလုံးသည် အသက်တရှိုက်စာအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်းအသက်ရှူထုတ် လိုက်ချိန်တွင် စုရီသည် ခေါင်းပြတ်ကြီးကို ချေမွှပစ်ခဲ့ပြီးဖြစ်ချေ၏။
ဤအရာအားလုံးသည် လူတိုင်းကို ချွေးစေးများထွက်လာပြီး ရေခဲဂူအတွင်းထဲသို့ ကျဆင်းသွားသည့်အလား ခံစားရစေသည်။
ကြောက်စရာကောင်းလွန်းလှ၏။ အသက်တရှိုက်စာအတွင်း အင်မော်တယ်ဘုရင် တစ်ပါးအတွက် အသက်နှင့် သေခြင်းတရားကို ပိုင်းခြားပြလိုက်ခြင်းပေပင်။
အမည်ခံအင်မော်တယ်ဘုရင် တစ်ပါး ဖြစ်လာနိုင်ရန် နှစ်ပေါင်းသိန်းနှင့်ချီကျင့်ကြံရ၏။ ထို့ကြောင့် သူတို့သည် ကောင်းကင်ကြီးကဲ့သို့ မြင့်မြတ်ကာ မြေပြင်အလား နက်ရှိုင်းသည်။
သို့သော် ယနေ့တွင်အမူ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို တပြိုင်နက်တည်း ဖယ်ရှားခြင်း ခံလိုက်ရချေပြီ။ စက္ကူနှင့် မခြားခဲ့ချေ။
လူတိုင်းတိတ်ဆိတ်သွားပြီး လေထုသည်လည်း ငြိမ်သက်သွားခဲ့လေသည်။ ပြင်းထန်လှသော သွေးညှီရနံ့များသည်သာ ထုံမွှန်းနေတော့၏။
ဤမြင်ကွင်းသည် လူတိုင်းရင်ထဲ နှစ်ပေါင်းများစွာ စွဲထင်ကျန်ရစ်နေတော့မည် ဖြစ်လေသည်။
လူတိုင်း အင်မော်တယ်များဖြစ်သည့်တိုင် တစ်သက်လုံး မေ့ဖျောက်နိုင်လိမ့်မည်မဟုတ်ဟု ပြောနိုင်ချေပြီ။
လက်ရှိခေတ်တွင် မြင့်မြတ်သူများ ထွက်ပေါ်မလာနိုင်သည့်နောက် အင်မော်တယ် ဘုရင်များသည် အင်အားစုတစ်ခု၏ ပြယုဧ်များ ဖြစ်လေသည်။ ထိုထဲတွင် အမည်ခံ အင်မော်တယ် ဘုရင်များမှာ အပါအဝင်ပေပင်။
ဤအခြေအနေတွင် အမည်ခံ အင်မော်တယ်ဘုရင်တစ်ပါးကို သတ်ခဲ့သော ထိုရှန့်မူသည် ပြိုင်ဘက်ကင်းဘီလူးတစ်ကောင် ဖြစ်ကြောင်း ပြသနေသည်။
ထိုအချင်းအရာအားလုံးသည် ကြီးမားလှသောရိုက်ခတ်မှု ဖြစ်သောကြောင့် မည်သူမဆို ယုံကြည်ရန် ခက်ခဲနေ၏။
စုရီက လေထုအလယ် ရပ်တန့်ကာ ဝတ်ရုံများလွင့်ပျံလျက် မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ချေ။ ဤတိုက်ပွဲ စတင်ချိန်မှ အဆုံးအထိ ရှင်းသန့်နေခဲ့သည်။
ထိုစဉ် သူ့အကြည့်များသည် အဝေးရှိ ထိုက်ချင်ဂိုဏ်းမှ လီပေ့ချွယ်ထံ သက်ဆင်းသွား တော့သည်။
ဤမတိုင်မီအချိန်က သူ့ကိုသတ်ဖြတ်ရန် ရုတ်ချည်းထွက်ပေါ်လာခဲ့သော ဓားပျံလေးသည် တစ်ဖက်လူထံမှဖြစ်ချေပြီ။
စုရီထံမှ အေးစက်သောအကြည့် ကျဆင်းလာသောအခါ လီပေ့ချွယ်ကဲ့သို့သော အမည်ခံအင်မော်တယ်ဘုရင် တစ်ပါးသည်ပင် ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်လာ၏။
“ ရှန့်မူ ... မင်း ဘယ်လိုတောင် သတ္တိရှိနေရတာလဲ ... ချီမင်ကိုသတ်ဖြတ်ပြီး ဒီနေ့ငါတို့အားလုံးလက်ကနေ လွတ်မြောက်မယ် ထင်နေတာလား။ ”
“ ဟုတ်လား ... ဒါဆို မင်းကို အရင်ဆုံး ငါလိုက်ပို့ပေးမယ်။ ”
စုရီမှ တည်ငြိမ်စွာ တုန့်ပြန်လိုက်၏။ သူ့အမူအရာသည် လီပေ့ချွယ်ထံ လုံးဝပင် အလေးအနက်မထားခဲ့ချေ။
အကယ်၍သာ ဤမတိုင်မီဆိုက စုရီ၏လုပ်ရပ်သည် လှောင်ပြောင်ရယ်မောစရာ ဖြစ်ပေမည်။
သို့သော် ချီမင်ကို မျက်စိတမှိတ်အတွင်း သတ်ဖြတ်လိုက်သည်ကို မြင်တွေ့ပြီးနောက် မည်သူမျှ အသံမထွက်ဝံ့တော့ချေ။
ရှန့်မူ၏ တည်ရှိမှုတစ်ခုတည်းဖြင့်ပင် အမည်ခံအင်မော်တယ်ဘုရင်များ၏ နှလုံးသား အပေါ် တင်းကျပ်နေစေသည်။
“ ဒီနတ်ဆိုးမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေတယ် တာအိုမိတ်ဆွေတို့ လူယုတ်မာလေးကို အသက်ရှင်ခွင့်မပေးနဲ့။ ”
လီပေ့ချွယ်က လူအုပ်ကြီးထံ လှုံ့ဆော်လိုက်၏။ သူ့စကားကြောင့် အမည်ခံ အင်မော်တယ် ဘုရင်များမှာ သတိဝင်လာ ကြတော့သည်။
“ မှန်တယ် ... ဒီရှန့်မူက ငါ့ဂိုဏ်းရဲ့ တပည့်တွေကိုသတ်ခဲ့တယ် အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ဘူး။ ”
“ နတ်ဆိုးတစ်ကောင်ကို သတ်ဖို့အတွက် တရားမျှတမှုအကြောင်း ပြောနေစရာ မလိုဘူး သူ့ကို အတူတူသတ်ရအောင်။ ”
“ ဒီရှန့်မူက လောကကြီးအတွက် ရန်သူတစ်ယောက် သူ့ကို သတ်ပြီး ကောင်းမှု တစ်ခု ပြုကြပါ။ ”
ချက်ချင်းပင် အမည်ခံ အင်မော်တယ် ဘုရင်များထံမှ လှုံ့ဆော်မှုများ ဆူညံလာကုန်၏။ ဤမြင်ကွင်းသည် ကျိုးယွင်ကို နှာခေါင်းရှုံ့မိ လာစေသည်။
ထိုအဖိုးကြီးများသည် အမှန်ပင် အရှက်မဲ့လွန်းချေ၏။ သူတို့၏ ကြွေးကြော်သံ များသည် တရားမျှတမှုအတွက် မဟုတ်ဘဲ သူတို့နှလုံးသားကို သူတို့ကိုယ်တိုင် ပြန်လည် နှစ်သိမ့်ပေးနေခြင်းပေပင်။
မဟုတ်သော် သူတို့ကဲ့သို့သော တည်ရှိမှုများသည် ဂျူနီယာတစ်ယောက်ကို ဝိုင်းဝန်းအနိုင်ကျင့် သတ်ဖြတ်ခြင်းကြောင့် တာအိုနှလုံးသား ပျက်စီးရပေမည်။
တစ်ဖက်တွင် စုရီသည် လှောင်ပြောင်သော အမူအရာဖြင့်၊
“ မင်းတို့ဘာလို့ ... မိုးဦးကျဖားတွေလို အော်ဟစ်ဆူညံနေကြတာလဲ လူတိုင်းအတူတူ လာလို့ရတယ်။ ”
-ဟု ဖိတ်ခေါ်လိုက်သည်။
ထိုစဉ် ကျိုးယွင်သည် ရုတ်တရက် အကြီးအကဲကျန်းယန်ထံ လှည့်ကြည့်လိုက်၏။ အကြီးအကဲကျန်းယန်မှ သူ့အကြည့်ကြောင့် လက်အုပ်ချီကာ ရှေ့တိုးသွားသည်။
“ အော်မိတောဖော ... သနားစရာ ကောင်းလွန်းတဲ့ဒီဘုန်းကြီးစကားကို လူတိုင်း နားထောင်ပေးနိုင်မလား။ ”
“ ဟမ့် ... ကျန်းယန် ... မင်းငါတို့ကို တားဖို့ကြိုးစားနေတာဆိုရင် ... ဒီမှာတင်ရပ်ပါ မဟုတ်ရင် ငါတို့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိခိုက်သွားမှာ ငါကြောက်တယ်။ ”
လီပေ့ချွယ်မှ ဒေါသတကြီး အော်ငေါက်လိုက်သည်။ ကျန်းယန်တစ်ယောက် ခေါင်းခါပြလိုက်ပြီး၊
“ ဒီဘုန်းကြီးက သတိပေးချင်တာပါ၊ တာအိုချီမင်က သူရဲ့မာနထောင်လွှားမှုကြောင့် ခါးသီးသောသေခြင်းကို ရင်ဆိုင်ခဲ့ရတယ် ... အခု တာအိုမိတ်ဆွေတို့အားလုံးလည်း ထပ်တူ အမှားမျိုး ကျူးလွန်နေမိကြပြီ။ ”
-ဟု ပြောကြားလိုက်၏။
ထိုစကားကြောင့် ကျိုးယွင်ခမျာ မျက်လုံးပြူးသွားသည်။ သူသည် ရှန့်မူအတွက် အကူအညီတောင်းခြင်းဖြစ်ချေ၏။
ယခုမူ အကြီးအကဲကျန်း၏ စကားသည် သူ့ထက်ပင် ပို၍ လောင်မြိုက်စရာဖြစ်နေသည်။ ယင်းသည် တိုက်ပွဲမဖြစ်ပွားမည်ကို စိုးရိမ်နေ သည်နှင့် တူနေချေ၏။
တစ်ဖက်ရှိ အမည်ခံအင်မော်တယ် ဘုရင်များမှာ လုံးဝမျက်နှာပျက်ယွင်းသွားသည်။ ဤဘုန်းကြီးသည် ယဉ်ကျေးမှုမရှိချေ။ သူတို့ကို ကျိန်ဆဲနေချေပြီ။
“ ကျန်းယန် ... မင်းက ငါတို့အားလုံး ပူးပေါင်းရင်တောင် ဒီသူတော်စင်အင်မော်တယ် တစ်ပါးကို အနိုင်မယူနိုင်ဘူးလို့ ပြောချင်နေတာလား။ ”
လီပေ့ချွယ်မှ သတ်ဖြတ်ချင်သည့် ရည်ရွယ်ချက်များ ထုတ်ဖော်ကာဟစ်လိုက်၏။ သို့သော် ဘုန်းကြီးကျန်းယန်သည် ဂရုမစိုက်ဘဲ၊
“ လောကမှာ သေးငယ်တဲ့ အမှားဖြစ်ပါစေ ... ပြုပြင်မရတဲ့ ဘေးဒုက္ခကို ဆောင်ကြဉ်းနိုင်တယ် ဒုက္ခဆိုတာ အကန့်အသတ်မရှိပါဘူး။ ”
-ဟု ဖြေကြားလေသည်။
“ မင်း ... ကတုံးကောင်။ ”
“ ကောင်းပြီ ... လူတိုင်းက ဒုက္ခကို တောင်းဆိုနေမှတော့ ဒီသနားစရာဘုန်းကြီးမှာ ပြောစရာမရှိတော့ပါဘူး ဆက်လုပ်ကြပါ။ ”
ထို့နောက် ကျန်းယန်၏ မျက်လုံးများကိုမှိတ်လျက် တိတ်ဆိတ်စွာဖြင့် ပြန်လည်ဆုတ်ခွာသွားတော့သည်။
( အကြီးအကဲကျန်း ... ငါမင်းကို အကူအညီတောင်းတာမဟုတ်လား ဒါဆိုဘာလို့ ဒီလိုမီးမွှေးလိုက်ရတာလဲ။ )
တစ်ဖက်တွင် ကျိုးယွင်သည် အကြီးအကဲကျန်းယန်၏ လုပ်ရပ်များကြောင့် ကူကယ်ရာမဲ့စွာဖြင့် စိတ်ထဲမှညည်းတွားလိုက် တော့သည်။
ယနေ့တွင် တိုက်ပွဲမဖြစ်ပွားသော်မှ အကြီးအကဲကျန်းယန်ကြောင့် ဤအဖိုးကြီးများ အားလုံးသည် ရှန့်မူကို သေချာပေါက် ရိုက်နှက် ကြပေတော့မည်။
***