← Chapters

အခန်း ၁၂၅၉

Vol. 105 Ch. 1259

အခန်း ၁၂၅၉

Vol. 105 Ch. 1259

အခန်း ၁၂၅၉ -

တိုက်ပွဲဝင် ရုပ်သေး။

လက်ရှိအခြေအနေသည် စုရီအတွက် မည်မျှအထိ အန္တရာယ်များနေသည်ကို လူတိုင်း မြင်နိုင်ချေပြီ။

သို့တိုင် စုရီသည် တည်ငြိမ်လွန်းသော အမူအရာဖြင့် အမည်ခံအင်မော်တယ် ဘုရင် များထံ မော့ကြည့်ကာ၊

“ မင်းတို့ ခုနစ်ယောက်ပဲလား။ ”

-ဟု မေးမြန်းလိုက်သည်။ လူတိုင်း အံ့အားသင့်သွား၏။ ဤသည်မှာ အမည်ခံ အင်မော်တယ် ဘုရင်များပေပင်။

‘ခုနစ်ယောက်ပဲလား’ ဟူသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။ ဤအရေအတွက်ဖြင့် မလုံလောက်သည်လော။

တစ်ဖက်တွင် စုရီမှ သူ့တိုက်ပွဲဝင် စွမ်းအားကိုသုံးသပ်နေခဲ့သည်။ လက်ရှိကျင့်ကြံမှု ခွန်အားအရ အမည်ခံအင်မော်တယ်ဘုရင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း အုပ်စုဖွဲ့ခြင်းမျိုးမဟုတ်ချေ။

တစ်ဖက်လူများမှ အုပ်စုလိုက်ကြီး ဝိုင်းရံတိုက်ခိုက်လာသော် အစွမ်းကုန်ထုတ်ဖော် ခြင်းဖြင့် အနိုင်ရရန် အခွင့်အလမ်း နည်းပါးမည်။ သို့သော် ထိုသူများ ထွက်မပြေးသရွေ့ သတ်ပစ်ရန်မူ ပြဿနာမရှိချေ။

ရှဲ့ခွေယွမ်၊ လီပေ့ချွယ်နှင့် အခြားသော အမည်ခံအင်မော်တယ်များစွာတို့သည် စုရီကို သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ကြည့်လာ၏။

“ အားလုံးပဲ ... အပိုစကားတွေ ပြောမနေနဲ့တော့ မြန်မြန်ဇာတ်သိမ်းရအောင်။ ”

လီပေ့ချွယ်မှ ပြောကြားလိုက်သည်။ ချက်ချင်းလေထုမှာ သိသိသာသာပြောင်းသွားပြီး ကောင်းကင်နှင့် မြေကြီး အရောင်များ စွန်းထင်းလာ၏။

သတ်ဖြတ်လိုခြင်းဆန္ဒမျာသည် အရည်ပျော်နေသော ချော်ရည်များအလားပင် အကန့်အသတ်မဲ့ ထွက်ပေါ်လာသည်။

လုံးဝိုင်းသော ကြေးဝါဘီးတစ်ခုကို ရှဲ့ခွေယွမ်ကထုတ်ယူကာ တာအိုဥပဒေများနှင့် သွန်းလောင်းလိုက်၏။

လီပေ့ချွယ်မှ ဓားပျံကိုဆင့်ခေါ်ကာ ကျန်ရှိသော အမည်ခံအင်မော်တယ်ဘုရင်များ သည်လည်း သူတို့၏လက်နက်များကို ဆင့်ခေါ်ကုန်သည်။

လှံများ၊ တာအိုခေါင်းလောင်းများနှင့် ခရုပတ်လှေများကို စသည်တို့ဖြစ်လေသည်။ တစ်ခုချင်းစီသည် တောက်ပဆန်းပြားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ဝေးရာသို့ဆုတ်ခွာကုန်သည်။ ဤအဆင့် တိုက်ပွဲ ဟူသည် သူတို့စွက်ဖက်ရန် အရည်အချင်း မပြည့်မီချေ။

ချီမင်ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းကြောင့် အမည်ခံအင်မော်တယ် ဘုရင် (၇)ပါးမှာ ပေါ့လျော့မှုမရှိဘဲ တစ်ပြိုင်နက်တည်း သတ်ပစ်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆိုတိုက်ပွဲအရှိန်အဝါအတွင်း ပိတ်မိပြီး သေဆုံးသွားရမည်ကို စိုးရိမ်ရချေ၏။

“ ဒီအဖိုးကြီးတွေ ... ။ ”

တန်ကျင်းဟုန်က မျက်ဝန်းများ မှေးစင်းသွားလေသည်။ ရှဲ့ခွေယွမ်၊ လီပေ့ချွယ် နှင့် ကျန်သူများ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

အမည်ခံ အင်မော်တယ် ဘုရင် (၇)ပါးအတူတကွ တိုက်ခိုက်ခြင်းသည် လုံးဝ အရှက်မဲ့လွန်းချေပြီ။

“ သတ် ... ။ ”

ရှဲ့ခွေယွမ်၏ ဟိန်းဟောက်သံနှင့်အတူ အမည်ခံ အင်မော်တယ်ဘုရင် ခုနစ်ပါးလုံးသည် တပြိုင်နက်တည်း ဝင်ရောက်လာ၏။

ခဏအတွင်းမှာပင် ရတနာများသည် လေထဲပျံတက်လာပြီး ပြင်းထန်သော အဖျက် စွမ်းအင်စီးကြောင်းကြီးအဖြစ် တိုးဝင် လာတော့သည်။

အဝေးမှ ကြည့်နေသူများပင် ကြောက်ရွံ့တုန်လှုပ်ကုန်ကြပြီး ကောင်းကင် ပြိုကျသည့်အလား ခံစားလာရ၏။

အင်မော်တယ်တစ်ပါးသည် လေနှင့်မိုးကိုပြောင်းလဲကာ ရာသီဥတုကို ဖန်တီးနိုင်၏။

အင်မော်တယ်ဘုရင် (၇)ပါးမှ ဆင့်ခေါ်ထားသော ဖြစ်စဉ်များမှာမူ ဆိုဖွယ် မရှိတော့ချေ။ ဤသည်မှာ အင်မော်တယ်များ၏ စစ်မှန်သော စွမ်းပကားပေပင်။

ထိုစဉ် စုရီသည် ကြေးဝါတံဆိပ်တစ်ခုကို ထုတ်ယူလိုက်၏။ တံဆိပ်သည် အလင်းများစွာ တောက်ပလာပြီး ဆယ်ပေကျော်မြင့်မားသော ပုံရိပ်တစ်ရိပ်အဖြစ် ပြောင်းလဲသွားသည်။

ထိုပုံရိပ်သည် ဟောင်းနွမ်းစုတ်ပြဲနေသော သံချပ်ကာကို ဝတ်ဆင်လျက် မျက်ဝန်းများသည် အေးစက်နေချေ၏။

ဤသည်မှာ လဲ့ကျိဖြစ်သည်။ သူက ကောင်းကင်မှ ဆင်းသက်လာသော အမည်ခံ အင်မော်တယ်ဘုရင်ခုနစ်ပါးထံ မော့ကြည့်ကာ ခရမ်းရောင်စွမ်းအင်အလွှာတစ်ခုကို ချက်ချင်း ဖန်တီးပစ်လိုက်သည်။

ဤသည်မှာ မိုးကြိုးဥပဒေဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားထားသော မိုးကြိုး ကုလားကာတစ်ခုအလားပင်။

“ ဝုန်း ... ။ ”

“ ဘန်း ... ။ ”

အမည်ခံ အင်‌မော်တယ်ဘုရင် (၇)ပါး၏ တိုက်ခိုက်မှုများသည် ထိုမိုးကြိုးဥပဒေအလွှာကို ထိမှန်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါ ပြိုကျကုန်တော့၏။

ပြင်းထန်လှသော အလင်းတန်းများနှင့် မီးလျှံများသည် ဟိန်းဟောက်လျက် ပျံ့နှံ့သွားပြီး လူတိုင်းကို မျက်စိကွယ်သွားစေသည်။

ကျင့်ကြံမှု နိမ့်ကျသော သူတော်စင် အင်မော်တယ်များမှာ သွေးနှင့်ချီတုန်ခါလျက် ဒူးများညွှတ်ကျကုန်၏။

အသန်မာဆုံးသော သူတော်စင် အင်မော်တယ်များသည်ပင် နောက်ဆက်တွဲ အဖျက်စွမ်းအားကိုခုခံရန် ကျင့်ကြံမှုများ အသက်သွင်း လိုက်ရတော့သည်။

သို့တိုင် သူတို့အားလုံး၏ မျက်နှာများ ဖြူဖျော့လျက် နှလုံးခုန်နှုန်းများ မြန်ဆန်ကုန်၏။ သူတို့သည် ဝေးကွာသောအရပ်သို့ ဆုတ်ခွာခဲ့ကြ သော်လည်း အကြွင်းအကျန်လှိုင်းများမှာ အန္တရာယ်ပေးနိုင်ဆဲပေပင်။

တစ်ဖက်တွင် ခရမ်းရောင်မိုးကြိုးဥပဒေ အတားအဆီးသည် ကျော်လွှား၍မရနိုင်သော ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ အရာအားလုံး တားဆီးပေးနိုင်ခဲ့၏။

“ ဒါ ... ။ ”

လူတိုင်း စကားမပြောနိုင်အောင် မှင်သပ်သွားကြလေသည်။ ထိုအချိန်ကျမှသာ စုရီ‌ရှေ့ရှိ လဲ့ကျိ၏ပုံရိပ်ကြီးကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရတော့၏။

ဤသည်မှာ တိုက်ပွဲဝင် ရုပ်သေး တစ်ရုပ်ဖြစ်နေချေပြီ။ ဟောင်းနွမ်းစုတ်ပြဲသော သံချပ်ကာနှင့် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား အလားထင်မှားစေ၏။

တန်ကျင်းဟုန်မှ မျက်ခုံးပင့်လျက်၊

“ ဟမ့် ... အမည်ခံ အင်မော်တယ်ဘုရင် ခုနစ်ပါးရဲ့ ပေါင်းစပ်တိုက်ခိုက်မှုကို ခံယူနိုင်တဲ့ တိုက်ပွဲဝင်ရုပ်သေးမျိုး ဒီလောကမှာ ဘယ်လိုလုပ် ရှိနေရတာလဲ။ ”

-ဟု ရေရွတ်လိုက်သည်။

“ ဒါ ဒီကောင်လေးရဲ့ဝှက်ဖဲလား။ ”

ဘုန်းကြီးကျန်းယန်မှ မျက်မှောင်ကြုတ် သွားတော့သည်။ တစ်ဆက်တည်းမှာပင် လဲ့ကျိ ထံမှ ထူးခြားမှုကို သတိထားမိသွားကာ၊

“ ဒါပေမဲ့ ဒါက အလွန်ရှေးကျတဲ့ တိုက်ပွဲဝင်ဝိညာဉ်ရုပ်သေးတစ်ရုပ်နဲ့ ဘာလို့ တူနေရတာလဲ ... ။ ”

- ဟု အံ့အားသင့်သွား၏။

လူတိုင်း၏ အကြည့်များတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ရောယှက် နေကြတော့သည်။

ကျိုးယွင်၊ တန်ယုယန်နှင့် တန်လင်းချီတို့ သုံးယောက်မှာမူ စိတ်လှုပ်ရှားစွာ သက်ပြင်းချ လိုက်ကြ၏။

ရှဲ့ခွေယွမ်၊ လီပေ့ချွယ်နှင့် အမည်ခံ အင်မော်တယ်ဘုရင်(၇)ပါးသည် မျက်ဝန်းများ မှေးစင်းကုန်၏။ တစ်ဖက်လူတွင် ဝှက်ဖဲများ ရှိနေမည်ကို ခန့်မှန်းထားပြီးဖြစ်သည်။

ထို့ကြောင့်ပင် တွန့်ဆုတ်ခြင်းမရှိဘဲ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြခြင်းလည်း ဖြစ်ချေ၏။ သို့သော် ထိုဝှက်ဖဲသည် ဤမျှသော ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းပကား ရှိနေသည့် ရုပ်သေးဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

အင်မော်တယ်မြေ တစ်ခုလုံးတွင် အမည်ခံအင်‌မော်တယ်ဘုရင် (၇)ပါးထံမှသည် တိုက်ခိုက်မှုကိုခံယူနိုင်သော ရုပ်သေးမျိုး တစ်ကောင်မျှ မရှိသည်မှာ သဘာဝပေပင်။

အသက်ကို ပြင်းပြင်းရှူလျက် ရှဲ့ခွေယွမ်က အလျင်အမြန်ပင် သတိပြန်ဝင်လာ၏။

“ တာအိုလီ ... အဲဒီရုပ်သေးကို ထိန်းချုပ်ဖို့အတွက် မိတ်ဆွေသုံးယောက်ကို ဦးဆောင်ပါ ... ငါတို့လေးယောက်ကတော့ ဒီလူယုတ်မာလေးကို အဆုံးသတ်မယ်။ ”

“ ကောင်းပြီ ... ။ ”

လီပေ့ချွယ်မှ သဘောတူလိုက်သည်။ တစ်ဖက်တွင် စုရီသည်လည်း ရုပ်သေးထံ အမိန့်ပေးနေခဲ့၏။

“ လဲ့ကျိ ... အဲဒီလူအိုကြီး ခုနစ်ယောက်လုံးကို သတ်ပစ်လိုက်ပါ။ ”

“ နားလည်ပါပြီ ... ။ ”

လဲ့ကျိမှ ပြန်ဖြေ၏။ ထို့နောက်တွင် တောက်ပသော ခရမ်းရောင်လျှပ်စီးကြောင်းများ ရစ်သိုင်းလျက် မျက်ဝန်းအစုံတွင် သွေးဆာသော အလင်းရောင်တစ်ခု တောက်လောင်လာသည်။

တစ်ချိန်တည်းမှာပင် လီပေ့ချွဲသည် အခြားသောလူသုံးဦးနှင့်အတူ တဟုန်ထိုး ပြေးဝင်လာပြီဖြစ်၏။

“ ချလွင် ... ။ ”

လီပေ့ချွယ်မှ ဓားပျံကိုထုတ်လွှတ်လိုက်ရာ ကောင်းကင်၌ တောက်ပလှသော ဓားမိုးရေများ ပြန့်ကျဲသွားသည်။

ကျန်ရှိသော အမည်ခံ အင်‌မော်တယ်ဘုရင်သုံးပါးသည်လည်း လှံရှည်၊ စုတ်တံနှင့် လက်နက်များကို အသီးသီး ကိုင်ဆောင်လာကြသည်။

ဤတစ်ကြိမ်တွင် ပြိုင်ဘက်၏ စွမ်းအားကိုသိရှိပြီးဖြစ်သောကြောင့် သူတို့၏ တိုက်ခိုက်မှုများသည် အပြင်းထန်ဆုံးပေပင်။

ခုနစ်ယောက် ပူးပေါင်းသည်ကထက် များစွာပြင်းထန်၏။ တစ်ဖက်တွင် ရှဲ့ခွေယွမ်မှာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် စုရီထံ ဝင်ရောက်လာတော့သည်။

သူနှင့်အတူ အခြားသော အမည်ခံအင်မော်တယ်နှစ်ပါး လိုက်ပါလာသည်။ သူတို့တိုက်ခိုက်တော့မည့် ထိုခဏ၌ လဲ့ကျိ သည်လည်း လှုပ်ရှားလာပြီဖြစ်သည်။

ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင် မိုးကြိုးစွမ်းအင်များလွှမ်းခြုံလျက် စုရီအပေါ် အုပ်မိုးလိုက်ကာ လှံရှည်ကို ဖမ်းဆွဲလိုက်၏။

ဝင်လာသော ရန်သူများအားလုံး အမူအရာပြောင်းလဲကုန်၏။ အဘယ့်ကြောင့် ဆိုသော် လဲ့ကျိလက်တွင် ငွေလှံရှည်ကြီးသည် တို့ဖူးကဲ့သို့ ကွဲအက်သွားသောကြောင့်ပေပင်။

ထိုငွေလှံကို ကိုင်ဆောင်ထားသူမှာ အနက်ရောင်ဝတ်ရုံဝတ် ဆံပင်ဖြူအဘိုးကြီး ဖြစ်သည်။ သူ၏ အင်မော်တယ်ဘုရင်အဆင့် ရတနာသည် စက္ကူတစ်စကဲ့သို့ လွယ်ကူစွာ ကြေမွသွားလိမ့်မည်ဟု မထင်ထားချေ။

ထို့ကြောင့် အကြီးအကျယ် ထိတ်လန့်သွားစေပြီး ထွက်ပြေးရန် နောက်သို့ ချက်ချင်းလှည့်လိုက်တော့သည်။

“ ဟမ့် ... ။ ”

တစ်ဖက်တွင် လဲ့ကျိမှအေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ အနက်ရောင်ဝတ်ရုံဝတ် ဆံပင်ဖြူအဘိုးကြီး၏ စိတ်ဝိညာဉ်ထံသို့ တိုက်ခိုက်လိုက်၏။

“ အား ... ။ ”

အဖိုးကြီးခမျာ မိုးကြိုးအစင်းလိုက် ပစ်ခံလိုက်ရသည့်အလား ခန္ဓာကိုယ်တုန်ခါပြီး အမြင်အာရုံများမှောင်မိုက်လျက် ရောင်ဝါ ပြိုကွဲလုနီးပါး ဖြစ်သွားရလေသည်။

သတိပြန်မဝင်နိုင်ခင်မှာပင် ဧရာမ ယပ်တောင်ကြီးတစ်ခုကဲ့သို့ ကြီးမားလှသော လက်ဝါးကြီးတစ်ဖက်က သူ့မျက်နှာဆီသို့ ဝင်တိုက်လာတော့၏။

“ ဘန်း ... ။ ”

အနက်ဝတ် ဆံပင်ဖြူအဘိုးကြီး၏ ဦးခေါင်းသည် အပိုင်းပိုင်းကွဲကြေသွားပြီး ပုပ်နေသော ဖရဲသီးတစ်လုံးပမာ ပေါက်ကွဲ ထွက်သွားခဲ့သည်။

ခန္ဓာကိုယ်ကြီးသည်လည်း ဤပြင်းထန်လှသော လက်ဝါးရိုက်ချက်ကြောင့် ပျက်စီးသွားရ၏။ မူလဝိညာဉ်သည်ပင် မလွတ်မြောက်ခဲ့ချေ။

အဝေးမှကြည့်သော် မီးရှူးမီးပန်းအလား လက်ဝါးရိုက်ချက်အောက်တွင် ပေါက်ကွဲသွားပြီး သွေးမြူအဖြစ် ပြန့်ကျဲနေချေ၏။

***

All Chapters