← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂ ...ဒါက အထက်ဘုံတက်လှမ်းခြင်းလို့ သတ်မှတ်နိုင်လား

နောက်တစ်နေ့ နံနက်စောစော​၌...

ခွန်းလွန်တောင်ထိပ်တွင် တစ်ညလုံး စိတ်လှုပ်ရှားနေခဲ့သော လုရန်သည် ခွန်အားများ ပြည့်ဝနေဆဲပင်။

နံနက်ခင်း နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသော်လည်း တိမ်များဖုံးကွယ်သွားသဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ကောင်းကင်ယံအထက်၌ မရေမတွက်နိုင်သော တိမ်မည်းများ လိမ့်ဆင်းလာပြီး လှုပ်ရှားနေပေ၏။

လုရန်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ဖြည်းညှင်းစွာ ပြန်ထုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"အချိန်ကျရောက်လာပြီ..."

လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းအတွင်းတွင် သူသည် ဤမြင်ကွင်းကို အကြိမ်များစွာ မြင်ဖူးခဲ့သည်။

တပည့်တိုင်းကို လုရန်ကိုယ်တိုင်က အထက်သို့ ပို့ဆောင်ပေးခဲ့၏။

တက်ရောက်စာရင်းသွင်းခြင်းမှ လုရန် ရရှိခဲ့သော မရေမတွက်နိုင်သော မှော်ရတနာများနှင့် သူဖန်တီးထားသော ထက်ရှသည့် လက်နက်များကြောင့် တပည့်တစ်ယောက်မျှ မအောင်မမြင် ဖြစ်ခဲ့ခြင်း မရှိပေ။

ယနေ့တွင် နောက်ဆုံး၌ လုရန်၏အလှည့် ရောက်လာလေပြီ။

"ဝုန်း..."

လုရန် စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် မိုးကြိုးတိမ်တိုက်များ စုဝေးလာကြသည်။

မိုးကြိုးမုန်တိုင်းများကြားတွင် ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားနေသည့် လျှပ်စီးကြောင်းများကို မြင်တွေ့နိုင်ပေ၏။

လုရန်၏ခြေအောက်ရှိ မြေကြီးသည် ပေါက်ကွဲသွားပြီး ခွန်းလွန်တောင်တစ်ခုလုံးသည် ကြီးမားသော တိုက်ခိုက်မှုအင်အားကြောင့် ထိုးဖောက်ခံရကာ တိုက်ရိုက်ပြိုကျသွားတော့သည်။

သူက ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မိုးကြိုးတိမ်တိုက်များအောက်ရှိ လေဟာနယ်တွင် ရပ်နေသည်။

"ချွင်..."

အေးစက်ဓားကျန်းယွီကို ဆွဲထုတ်လိုက်ပြီး သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသည်။

လူတစ်ယောက် ဓားတစ်လက်ဖြင့် ကောင်းကင်တာအိုကို ထိပ်တိုက်ရင်ဆိုင်၍ လှုပ်ခါလိုက်၏။

မကြာမီ ကပ်ဘေးမိုးကြိုးက သတ်မှတ်ထားသည့်အတိုင်း ရောက်ရှိလာသည်။ လက်မောင်းတစ်ဖက်စာမျှ အလုံးအထည်ရှိသော ပထမဆုံး ကပ်ဘေးမိုးကြိုးကို လုရန် လျစ်လျူရှုလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်ခွင့် ပြုလိုက်သည်။

စပ်ဖျင်းဖျင်းခံစားမှုက အလွန်သက်တောင့်သက်သာ ရှိလှသည်။

သူက သက်တောင့်သက်သာဖြင့် မျက်လုံးများကို မှေးကာ ဒုတိယမြောက် ကပ်ဘေးမိုးကြိုးကို စောင့်နေသည်။

ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်...နဝမမြောက်အထိပင်။

မနေ့က ထန်ယင်းရော့ ကြုံတွေ့ခဲ့ရသော နဝမမြောက် ကပ်ဘေးမိုးကြိုးသည် သေမျိုးကမ္ဘာသို့ ပြင်းထန်စွာ ကျဆင်းလာပေ၏။

နောက်ဆုံးစက္ကန့်တွင် လုရန်၏ လက်ထဲရှိ ဓားရှည်သည် လွှဲယမ်းသွားပြီး ကောင်းကင်ကို ညွှန်ပြလိုက်သည်။ ဓားချီသည် ရှည်လျားသော သက်တံတစ်ခုကဲ့သို့ ပျံ့လွင့်သွားပြီး တားဆီး၍မရနိုင်ပေ။

ထိုအရာသည် ကပ်ဘေးမိုးကြိုးကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ပိုင်းလိုက်ပြီး ကောင်းကင်ပြင်ကို ထက်ပိုင်းခွဲလိုက်သည်။

အရောင်ခုနစ်မျိုးရှိသော အလင်းတန်းများ ဖြာကျလာသည်ကို မြင်လိုက်ရသောအခါ လုရန်၏ မျက်လုံးများ နီရဲသွားသည်။

ထို့နောက် လုရန်၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ အသိစိတ်များ တဖြည်းဖြည်း ဝေဝါးလာသည်။

သူ သတိပြန်ရလာသောအခါ သူ၏အောက်တွင် ဒူးဆစ်ခန့် နက်သော အေးစက်သည့် ရေများ ရှိနေလေ၏။

လုရန်က ခေါင်းလှည့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဤနေရာသည် ထူထပ်သော သစ်တောတစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည့် ရေကန်တစ်ခုနှင့် ပို၍တူညီနေသည်။

ရေကန်ထဲရှိ ရေသည် မနက်လှဘဲ ဧရိယာမှာလည်း သိပ်မကျယ်ပေ။ ဤသည်မှာ အချင်းဆယ်မီတာခန့်ရှိသော စက်ဝိုင်းပုံ ရေကန်တစ်ခုပင်။

ရေကန်၏ ပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းပြီး ထူးဆန်းသော သင်္ကေတများ ထွင်းထုထားသည်။

"ဒါက..."

လုရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဤနေရာသည် သူ စိတ်ကူးထားသည့် အင်မော်တယ်နယ်မြေနှင့် မတူညီချေ။

ထို့ပြင်...

ရေကန်၏ အစွန်းတွင် လူခုနစ်ယောက် ရှစ်ယောက်ခန့်သည် လည်ပင်းကိုဆန့်ကာ လုရန်၏ ဦးတည်ရာဆီသို့ ကြည့်နေကြသည်။

သူတို့ကို ဦးဆောင်လာသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။

"တစ်ဆိတ်လောက် မေးပါရစေ... ဒါက အင်မော်တယ်နယ်မြေလား..."

လုရန်က ယဉ်ကျေးစွာ မေးလိုက်သည်။

"သောက်ကျိုးနည်း အင်မော်တယ်နယ်မြေလား... ဒါက စိတ်ဝိညာဉ်နယ်မြေ... ညီလေး... ကျေးဇူးပြုပြီး ငါတို့ သခင်မလေးကို အပြင်ထုတ်ပေးပါဦး..."

ထိုလူစုကို ဦးဆောင်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားက အပြုံးနှင့် ပြောလိုက်သည်။

စိတ်ဝိညာဉ်နယ်မြေလား...

လုရန် အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ အထက်ဘုံကို တက်လှမ်းတာ အောင်မြင်ခဲ့သလား မအောင်မြင်ဘူးလားဆိုတာကို သူ မသေချာသေးပေ။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် သူ၏နောက်ဘက်၌ မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။

သူမသည် ရေထဲတွင် ပက်လက်လှန်နေပြီး အပေါ်အောက် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

သူမ၏ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ နေရာများစွာတွင် စုတ်ပြဲနေပြီး တချို့နေရာများသည် မီးလောင်ထားသည့်ပုံပေါက်ကာ ဒဏ်ရာများစွာ ရှိနေပေ၏။

သို့သော် ဤရေကန်ထဲတွင် မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။

ဤသည်မှာ သူတို့၏ သခင်မလေး ဖြစ်ပုံရသည်။

လုရန်က မိန်းကလေးကို ပေါ့ပေါ့ပါးပါး ပွေ့ချီလိုက်၏။

ထိုမိန်းကလေးသည် မူလက ပိုးဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် အပိုင်းပိုင်းအစစ စုတ်ပြဲသွားပြီး ရေစိုနေသည်။

လုရန် ကိုင်လိုက်သောအခါ မိန်းကလေးသည် ဘာမှမဝတ်ထားသည့်အလား ခံစားရသည်။

သူမသည် နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့ နွေးထွေးနေသည်ဟု သူ ခံစားမိလေ၏။

မိန်းကလေးသည် သေးသွယ်ပြီး ကျော့ရှင်းသော ခန္ဓာကိုယ်ရှိသောကြောင့် လုရန်သည် သူမ၏ ကျောဘက်မှနေ၍ လက်တစ်ဖက်ဖြင့် ပွေ့ချီလိုက်ရာ သူ၏လက်က သူမ၏ရင်သားတစ်ဖက်ကို ဖုံးအုပ်သွားသည်။

မသိစိတ်အရ သူက ညှစ်လိုက်သည်။

ခံစားမှုကတော့... မဆိုးပါဘူး။

"ငါယိုးမသား.. အတင့်ရဲလှချည်လား..."

လူလတ်ပိုင်းအရွယ် အမျိုးသား၏နောက်မှ လူငယ်ချို့က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ကျိန်ဆဲလိုက်၏။

"ဟေ့ကောင်... သူ့ကို လွှတ်လိုက်စမ်း... မဟုတ်လို့ကတော့ ခဏနေကျရင် မင်းကို ငါ အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်..."

ဒီစကားကို ကြားတော့...

"အို..."

လုရန်က တိုက်ရိုက်လွှတ်ချလိုက်သည်။

"ဗွမ်း..."

မိန်းကလေးသည် ရေထဲသို့ မှောက်ခုံ ပြန်ကျသွားလေ၏။

ထိုလူစု၏မျက်နှာများ ရှုံမဲ့သွားပြီး သူတို့၏ မျက်လုံးများက လုရန်ကို စားမတတ် ဝါးမတတ် ကြည့်နေကြသည်။

ဦးဆောင်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားထံတွင် အသိစိတ်ရှိနေသေးပြီး အပြုံးနှင့် ပြောလိုက်သည်။

"ညီလေး... စိတ်မဆိုးပါနဲ့... ကျေးဇူးပြုပြီး ငါတို့ သခင်မလေးကို အပြင်ထုတ်ပေးပါဦး..."

လုရန်က မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။

"ငါ့ကို သူ့ကို အပြင်ထုတ်ပေးစေချင်တာလား... မထုတ်ပေးစေချင်တာလား..."

ဤလူများသည် ရေကန်အတွင်းသို့ ဝင်၍မရသည်ကို လုရန် သတိထားမိလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောပြီး ပြောလိုက်သည်။

"ထုတ်ပေးစေချင်တာပေါ့... ထုတ်ပေးစေချင်တာပေါ့... ဒုက္ခပေးသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်..."

ထိုအချိန်မှသာ လုရန်က မိန်းကလေးကို ပြန်လည်၍ ပွေ့ချီလိုက်သည်။

သူက ရေကန်ထဲမှ တည့်တည့်လျှောက်လှမ်းထွက်လာပြီး ဤလူစုက တစ်ခုခုလုပ်ရဲပါက ချက်ချင်း နောက်ဆုတ်ရန် ရည်ရွယ်ထားသည်။

ရေကန်မှ ထွက်လာပြီးနောက်...

လူလတ်ပိုင်းအရွယ် အမျိုးသားက မိန်းကလေးကို ချက်ချင်းလှမ်းယူလိုက်သည်။

ထို့နောက် သူ၏နောက်မှ လူငယ်တစ်ဦးက အော်ဟစ်လိုက်ပြီး လုရန်နှင့် အသေအကြေ တိုက်ခိုက်ရန် ရှေ့သို့ တက်လာသည်။

"ရွှီချန်..."

လူလတ်ပိုင်းအရွယ် အမျိုးသားက အော်ငေါက်လိုက်၏။

သူက လုရန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အထက်ဘုံကို တက်လှမ်းဖို့ဆိုတာ မလွယ်ဘူး... ပြီးတော့ သူကလည်း တမင်လုပ်တာ မဟုတ်ဘူး... ထားလိုက်တော့..."

လုရန်က မေးလိုက်သည်။

"ဒါက တကယ်ကြီး အင်မော်တယ်နယ်မြေလား..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းခါယမ်းလိုက်ပြီး ပြောဆိုသည်။

"မင်းမှာ မေးစရာတွေ အများကြီး ရှိနေမယ်ဆိုတာ ငါ သိပါတယ်... အခုမှ အထက်ဘုံကို ရောက်လာတဲ့သူတိုင်း ဒီလိုပါပဲ... မင်း အထက်ဘုံကို တက်လှမ်းတာ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ သံသယဖြစ်စရာ မလိုဘူး... ဒါက အင်မော်တယ်နယ်မြေ မဟုတ်ဘဲ စိတ်ဝိညာဉ်နယ်မြေ ဖြစ်နေတာကလွဲရင်ပေါ့..."

အတိုချုပ်ပြောရလျှင် အောက်ဘုံမှ အထက်ဘုံသို့ တက်လှမ်းသောအခါ အင်မော်တယ်နယ်မြေသို့ တက်လှမ်းရခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိလာခြင်းပင်။

"အဲ့ဒီရေကန်က အင်မော်တယ်ဆေးကြောရေး ရေကန်လေ... ကောင်းကင်တာအိုကနေ ဖန်တီးထားတာဖြစ်ပြီးတော့ ပြည်နယ်ကိုးခုလုံးမှာ ပြန့်ကျဲနေတယ်... အထက်ဘုံကို တက်လှမ်းလာတဲ့သူတွေက အပေါ်ကို ရောက်လာပြီးတာနဲ့ မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ကျပန်းအင်မော်တယ်ဆေးကြောရေးရေကန်တစ်ခုမှာ ထွက်ပေါ်လာလိမ့်မယ်... တစ်ချိန်တည်းမှာပဲ မင်းရဲ့ခန္ဓာကိုယ်ထဲက ချီတွေက စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားတာကို မင်း မခံစားမိဘူးလား..."

ထိုစကားကို ကြားသောအခါ လုရန်က သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် ပြန်လည်၍ စစ်ဆေးကြည့်လိုက်၏။

တကယ်ပဲ...

သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အထက်ဘုံသို့ မတက်လှမ်းမီကထက် အဆများစွာ ပိုမိုအားကောင်းနေသည်။

သူ၏ ဒန်တျန်နှင့် အသိစိတ်ပင်လယ်အတွင်းရှိ 'ချီ' ဟုခေါ်သော အရာများသည် ပြောင်းလဲနေသော်လည်း ထိုအရာများက အလွန်များပြားလွန်းသောကြောင့် ပြောင်းလဲမှုနှုန်းမှာ နှေးကွေးနေသည်။

ဤသည်မှာ အမည်တစ်ခုမျှသာ ဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် လုရန် အထက်ဘုံသို့ မတက်လှမ်းမီက သူ၏ခန္ဓာကိုယ်အတွင်းရှိ 'ချီ' ကို စိတ်ဝိညာဉ်စွမ်းအားဟု ခေါ်ဆိုခဲ့သောကြောင့်ပင်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ဤသို့ရှင်းပြပြီးနောက် လုရန် နားလည်သွားသည်။

"ဆိုလိုတာက စိတ်ဝိညာဉ်နယ်မြေကို တက်လှမ်းတာက အစကနေ ပြန်စရတယ်ပေါ့..."

လုရန် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

ဤသည်မှာ သူ စိတ်ကူးထားသည့် အထက်ဘုံသို့ တက်လှမ်းခြင်းနှင့် လုံးဝမတူပေ။

ဒါက ကမ္ဘာသစ်တစ်ခုကို ပြောင်းလဲပြီး ကျင့်ကြံခြင်းကို ပြန်စတာနဲ့ အတူတူပဲ မဟုတ်လား...

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

"အဲ့ဒီလိုတော့ မဟုတ်ဘူး... စိတ်ဝိညာဉ်နယ်မြေမှာ အခြေခံ ချီသန့်စင်ခြင်းကနေ ကျင့်ကြံဖို့ လိုအပ်တဲ့ ဒေသခံတွေ ရှိတယ်... ပြီးတော့ ကျင့်ကြံခြင်းလမ်းကြောင်းထဲကို မဝင်နိုင်ဘဲ သာမန်သေမျိုးတွေ ဖြစ်လာတဲ့ ပါရမီညံ့တဲ့သူတွေလည်း အများကြီး ရှိတယ်..."

"ဒီနေရာက စိတ်ဝိညာဉ်နယ်မြေ ဖြစ်နေလို့သာ စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်ဝပြီး သူတို့ရဲ့ ကျင့်ကြံမှုနှုန်းက အများကြီး ပိုမြန်တာ..."

"ဒါ့ပြင် ကပ်ဘေးဒုက္ခဖြတ်ကျော်ဖို့လည်း မလိုအပ်ဘူး... ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနယ်ပယ် မဟာပြည့်စုံခြင်းအဆင့်ကို ကျင့်ကြံပြီးတာနဲ့ မင်းရဲ့ နယ်ပယ်က အစစ်အမှန် အင်မော်တယ်အဖြစ် တိုက်ရိုက် မြင့်တက်သွားလိမ့်မယ်..."

...

လုရန် နားထောင်ရင်းနှင့် ပို၍ စိတ်ဓာတ်ကျလာသည်။

တောက်... စိတ်ဝိညာဉ်နယ်မြေမှာ မွေးဖွားလာတဲ့သူတွေက ကပ်ဘေးဒုက္ခဖြတ်ကျော်ဖို့ လုံးဝ မလိုအပ်ဘူးပဲ... ငါကတော့ အောက်ဘုံမှာရှိတဲ့ ကောင်းကင်တာအို အခွင့်အရေးရဲ့ အပိုင်းအစလေးကို ရဖို့အတွက် နှစ်တစ်သိန်းတောင် ခါးခါးသီးသီး စောင့်ဆိုင်းခဲ့ရတာ...

ပြီးတော့ အစစ်အမှန် အင်မော်တယ်လား...

အထက်ဘုံသို့ တက်လှမ်းလာသူများအတွက် ဤသည်မှာ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနယ်ပယ် မဟာပြည့်စုံခြင်းအဆင့်ပြီးနောက် နယ်ပယ်တစ်ခုဖြစ်သည်ကို လုရန် အကြမ်းဖျင်း နားလည်လိုက်သည်။

"စကားမစပ်... အထက်ဘုံကို တက်လှမ်းလာတဲ့သူတွေက ကျပန်း အင်မော်တယ်ဆေးကြောရေး ရေကန်တွေမှာ ပေါ်လာတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား... မင်းတို့ သခင်မလေးက ဒီအင်မော်တယ်ဆေးကြောရေး ရေကန်မှာ ပေါ်လာမယ်ဆိုတာကို မင်းတို့ ဘယ်လိုသိတာလဲ..."

လုရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဤသည်မှာ အလွန်အရေးကြီးပေ၏။

အဘယ်ကြောင့်ဆိုသော် တည်နေရာကို အတိအကျ သတ်မှတ်နိုင်ပါက သူ၏ တပည့်များထဲမှ တစ်ယောက်မျှ မည်သည်ကြောင့် မလာကြသနည်း။

"ငါတို့ ယွမ်ယန်ကြယ်မှာ တခြားကြယ်တွေက လူတွေ သင်ယူလို့မရတဲ့ ကိုယ်ပိုင် သွေးမျိုးဆက်လမ်းညွှန်မှု နည်းစနစ် ရှိတယ်လေ..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့်...

သူက တစ်ခုခုကို ရုတ်တရက် သတိရသွားပုံဖြင့် မေးလိုက်သည်။

"ဒါနဲ့ မင်းက ဘယ်ကြယ်နယ်မြေကလဲ... ငါတို့ဆရာကလည်း လူတွေကို လာကြိုဖို့ အင်မော်တယ်ဆေးကြောရေး ရေကန်တွေနားမှာ စောင့်နေဖို့ ငါတို့ကို ညွှန်ကြားထားတယ်..."

All Chapters