အခန်း ၃
Vol. 1 Ch. 3
အခန်း ၃:ဘဝက သက်တောင့်သက်သာ ရှိလာပြီ
လုရန် စက္ကန့်အနည်းငယ်ကြာမျှ စဉ်းစားလိုက်သည်။
ကြယ်နာမည်ကို သူ မသိသော်လည်း ကုန်းမြေ၏ နာမည်မှာ ရွှမ်ထျန်းကုန်းမြေပင်။
ထို့ကြောင့် သူက ပြောလိုက်သည်။
"ငါ က ရွှမ်ထျန်းကုန်းမြေကပါ..."
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်လိုက်၏။
"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်... ပြည်နယ်ကိုးခုက ကျယ်ဝန်းတယ်... ဆရာ ရှာနေတဲ့သူကို တွေ့ဖို့ဆိုတာ ဘယ်လိုလုပ် ဒီလောက်ထိ တိုက်ဆိုင်နိုင်မှာလဲ..."
ထိုသို့ပြောဆိုပြီးနောက်...
သူက လုရန်ကို ကြည့်ကာ ဆက်ပြောသည်။
"ငါ့ရဲ့နာမည်က မုယွန်ကျုံးပါ... မင်း စိတ်ဝင်စားရင် ငါတို့ မဟာလော့ ဓားဂိုဏ်းကို ဝင်လို့ရတယ်..."
"တပည့်အနေနဲ့လား..."
လုရန်က မြန်းသည်။
"မဟုတ်ဘူး... အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို တက်လှမ်းလာတဲ့သူတစ်ယောက်က တာဝန်ခံတစ်ယောက် ဒါမှမဟုတ် ဧည့်အကြီးအကဲ ဖြစ်လာနိုင်တယ်..."
မုယွန်ကျုံးက ပြောဆိုလေ၏။
"ဒါဆိုရင်လည်း ရပါတယ်..."
လုရန်က ခေါင်းညိတ်လိုက်သည်။
လောလောဆယ် သူ သွားစရာနေရာ မရှိသေးသောကြောင့် ဆုံးဖြတ်ချက်မချမီ စိတ်ဝိညာဉ်နယ်မြေအကြောင်း လေ့လာရန် တရားဝင် အဆင့်အတန်းတစ်ခုအနေဖြင့် ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ခြင်းက အကောင်းဆုံးဟု ထင်ရသည်။ ထိုအချိန်အတွင်း၌ သူ၏ တပည့်များကိုလည်း ရှာဖွေနိုင်ပေမည်။
မုယွန်ကျုံးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ငါတို့ မဟာလော့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် စုယွဲ့လင်က ဓားတာအိုမှာ ပြိုင်ဘက်ကင်းတယ်... သူ့ရဲ့ မဟာမူလဘူတ ခရမ်းဓားသိုင်းနဲ့ဆိုရင် မိုင်တစ်ထောင်အတွင်းမှာ သူမကို ယှဉ်နိုင်တဲ့သူ မရှိဘူး... ငါတို့က တကယ့်ကို ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းပါ..."
ထိုစကားကို ကြားသောအခါ လုရန်၏နှလုံးခုန်သံ တစ်ချက်မှားသွားသည်။
စုယွဲ့လင်လား... မဟာမူလဘူတ ခရမ်းဓားသိုင်းလား...
ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းသုံးထောင်လောက်က ဓားပါရမီ အတော်အသင့်ရှိတဲ့ ဖက်တီးမလေး မဟုတ်လား...
ထိုဓားသိုင်းကိုပင် လုရန်ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ 'ဟွန်ယွမ် တုတ်ချောင်း'ဆိုသည်မှာ 'ဟွန်ယွမ် ဖက်တီးမလေး'ဟူသော စကားလုံးကို တုပထားခြင်းဖြစ်ပြီး ဖက်တီးမလေးကို လှောင်ပြောင်ရန် အသုံးပြုခဲ့ခြင်းပင်။ ဤသည်က ထိုကောင်မလေးကို အမြဲတစေ ဒေါသထွက်ပြီး ခုန်ပေါက်စေခဲ့သည်။
သေချာသည်မှာ နောက်ပိုင်းတွင် သူမ၏ ဓားကျင့်စဉ်များ တိုးတက်လာသည်နှင့်အမျှ စုယွဲ့လင်သည် ကျော့ရှင်းပြီး သပ်ရပ်သော အမျိုးသမီးတစ်ဦးအဖြစ် ကြီးထွားလာကာ ဝတုတ်မနေတော့ချေ။
ဒီကောင်မလေးက တကယ်ကြီး သူ့ရဲ့ကိုယ်ပိုင် ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့တာပဲ...
ထိုအချိန်တွင် မုယွန်ကျုံးသည် ချပ်ပြားဝိုင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။
ထိုချပ်ပြားဝိုင်းသည် လေတိုက်ခံရသောအခါ ကြီးထွားလာပြီး မကြာမီ အစိမ်းရောင်အလင်းတန်းများ ထုတ်လွှတ်ကာ လေဟာနယ်တွင် လွင့်မျောနေသည့် ကြီးမားသော ကျောက်ကြီးတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
"သွားကြစို့... ငါ့ရဲ့သခင်မလေးက သတိလစ်နေတုန်းပဲ... ကပ်ဘေးမိုးကြိုးက သူ့ရဲ့ သွေးကြောတွေကို ထိခိုက်သွားစေနိုင်ပေမဲ့ ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး..."
မုယွန်ကျုံးက ကောက်ချက်ချလိုက်သည်။
သူ၏နောက်မှ တပည့်များသည် ချပ်ပြားဝိုင်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်သွားကြပြီး လုရန်လည်း လိုက်ပါသွားလေ၏။
ထို့နောက် ချပ်ပြားဝိုင်းသည် ကောင်းကင်သို့ ပျံသန်းသွားတော့သည်။
လုရန်သည် သူ၏ခြေထောက်အောက်ရှိ ချပ်ပြားဝိုင်းကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။ ဤအရာသည် ပစ္စည်းကောင်းပင်။
ထိုအရာ၏ အဆင့်အတိအကျကို သူ မခန့်မှန်းနိုင်သော်လည်း အောက်ဘုံတွင် တက်ရောက်စာရင်းသွင်းစဉ်အတွင်း စနစ်က သူ့ကို ပေးခဲ့သည့် မည်သည့်မှော်ရတနာထက်မဆို ပိုကောင်းပေ၏။
"ဒါက ဘယ်အဆင့်ရှိတဲ့ မှော်ရတနာလဲ..."
လုရန်က မေးလိုက်သည်။
"စိတ်ဝိညာဉ်ရတနာလေ... အဲ့ဒါကို အသက်သွင်းဖို့ စိတ်ဝိညာဉ်နယ်မြေရဲ့ စိတ်ဝိညာဉ်စွမ်းအင် လိုအပ်တယ်... အဲ့ဒီလိုမျိုး အရာတွေက အောက်ဘုံမှာ မရှိဘူး... ဒီစိတ်ဝိညာဉ်နယ်မြေမှာတောင် အရမ်းတန်ဖိုးကြီးပြီး ရဖို့ အရမ်းခက်ခဲတယ်..."
မုယွန်ကျုံး၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေကာ ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
အံ့သြစရာတော့ မဟုတ်ဘူး...
ထိုသို့တွေးတောပြီးသည်နှင့် လုရန်သည် သူ၏ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။
သူ၏စွမ်းရည်များအားလုံးသည် အမြင့်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ယနေ့အတွက် သူ တက်ရောက်စာရင်းသွင်းခြင်း မလုပ်ရသေးချေ။
လုရန်က တက်ရောက်စာရင်းသွင်းရန် ရွေးချယ်လိုက်သည်။
"ဒင်..."
【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်.. ကျင့်ကြံခြင်း ဆုလာဘ်ကို ရရှိသည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်】
【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... စိတ်ဝိညာဉ်ရတနာဖြစ်တဲ့ ချီလုံသံချပ်ကာကို ရရှိသည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်...】
မျှော်လင့်ထားတဲ့အတိုင်းပဲ...
စိတ်ဝိညာဉ်နယ်မြေမှာ တက်ရောက်စာရင်းသွင်းတာက တကယ်ကို မတူဘူးပဲ...
ကျင့်ကြံခြင်း ဆုလာဘ်သည် အောက်ဘုံမှ 'ချီ' အစား စိတ်ဝိညာဉ်စွမ်းအား ဖြစ်လာသည်။
ထို့အပြင် စနစ်က စိတ်ဝိညာဉ်ရတနာတစ်ခုကိုပင် သူ့အား တိုက်ရိုက်ပေးခဲ့သည်။
စနစ်ကတော့ စနစ်ပါပဲ... အစွမ်းပြနေပြီ မဟုတ်လား...
သူ၏ သိုလှောင်အိတ်ထဲသို့ ချောင်းကြည့်လိုက်ရာ နဂါးအကြေးခွံများ ဖုံးလွှမ်းထားသော အနက်ရောင် သံချပ်ကာတစ်ခုသည် ထိုနေရာတွင် ရှိနေလေပြီ။
အမှန်အားဖြင့် ဤစုယွဲ့လင်သည် ယခင်က ဖက်တီးမလေးနှင့် တစ်ယောက်တည်း ဟုတ်မဟုတ် ဆိုသည်ကို လုရန် လုံးလုံးလျားလျား မသေချာခဲ့ပေ။
ဓားနည်းစနစ်သည် လုံးဝကိုက်ညီနေသော်လည်း လောကကြီးက ကျယ်ဝန်းပြီး အံ့သြစရာများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နေလျှင် မည်သို့ ဖြစ်လာမည်နည်း....
သို့သော် မုယွန်ကျုံးက လုရန်ကို မဟာလော့ဓားဂိုဏ်းသို့ ခေါ်ဆောင်လာချိန်တွင် သူ သေချာသိသွားသည်။
အမှားအယွင်း မရှိနိုင်ဘူး... ဒါက အဲ့ဒီ ဖက်တီးမလေးပဲ...
လုရန်သည် စုယွဲ့လင်ကို မြင်ခဲ့ရခြင်း မဟုတ်ဘဲ သိုင်းပညာလေ့ကျင့်ရေးကွင်းရှေ့ရှိ မြေကြီးထဲတွင် စိုက်ထားသော အနက်ရောင် ကျောက်စာတိုင်တစ်ခုကို မြင်ခဲ့ရခြင်းပင်။
အမှန်အားဖြင့် ဤသည်က ကျောက်စာတိုင် မဟုတ်ချေ။
ထိုအရာသည် လုရန်ကိုယ်တိုင် ဖန်တီးခဲ့ပြီး စုယွဲ့လင် အထက်ဘုံသို့ မတက်လှမ်းမီညတွင် သူမကို ပေးခဲ့သော နတ်ဘုရားလက်နက်ဖြစ်သည့် ကောင်းကင်တိုင်းတာခြင်းပေတံပင်။
အတိတ်က မြင်ကွင်းများသည် သူ၏စိတ်ထဲတွင် ပြည့်နှက်နေပေ၏။
ဖရဲသီးစားရသည်ကို နှစ်သက်သော ဖက်တီးမလေးသည် တစ်နေ့လုံး သူ၏အနားတွင် လှည့်ပတ်နေခဲ့သည့် နေ့ရက်များကို လုရန် ပြန်လည်အမှတ်ရလာသည်။
သူသည် ရှေ့သို့ မတက်လှမ်းဘဲ မနေနိုင်ဘဲ ကောင်းကင်တိုင်းတာခြင်းပေတံကို ထိတွေ့ချင်လာသည်။
"ကောင်လေး... မင်း ဘာလုပ်နေတာလဲ..."
မုယွန်ကျုံး အံ့သြသွားပြီး လုရန်ကို အလျင်အမြန် တားဆီးလိုက်၏။
"ဘာဖြစ်လို့လဲ..."
လုရန် အံ့အားသင့်သွားသည်။
"ငါ မင်းကို ပြောပြမယ်... ဒီအရာက ဂိုဏ်းချုပ်ရဲ့ အကြိုက်ဆုံး ပိုင်ဆိုင်မှုပဲ... သူက နေ့တိုင်း ဒီနေရာကို လာပြီး ဒီဘေးမှာ ရပ်နေတတ်တယ်... သာမန်တပည့်တွေကို ဒီအရာကို ထိခွင့်မပြုဘူး..."
မုယွန်ကျုံးက သတိပေးလိုက်သည်။
အို...
လုရန်က ကောင်းကင်တိုင်းတာခြင်းပေတံကို တစ်ချက်ကြည့်လိုက်ပြီး သူနားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"သွားကြစို့... မင်း နေဖို့ထိုင်ဖို့ ငါ အရင်စီစဉ်ပေးမယ်... ငါ့ရဲ့သခင်မလေး နိုးလာတဲ့အချိန်ကျရင် မင်းတို့နှစ်ယောက်စလုံးကို နေရာတွေ စီစဉ်ပေးဖို့ မဟာအကြီးအကဲဆီ ငါ ခေါ်သွားမယ်..."
မုယွန်ကျုံးက မည်သည့်အရာကိုမျှ သံသယမဝင်ဘဲ ပြောဆိုသည်။
လုရန်က သဘောတူကြောင်း ခေါင်းညိတ်ပြလေသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဂိုဏ်းထဲမှာ တပည့်သိပ်မရှိဘူးထင်တယ်..."
မုယွန်ကျုံးက ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
"မင်းက ငါတို့ မဟာလော့ ဓားဂိုဏ်းကို အထင်သေးနေတာ မဟုတ်လား... အခုအချိန်မှာ တပည့်တွေက လူတစ်ယောက်ကို အပြင်မှာ ရှာနေကြတယ်လေ... ဒါကြောင့် ကျန်ရစ်ခဲ့တဲ့သူ သိပ်မရှိတာပေါ့... ဂိုဏ်းချုပ်တောင် အပြင်ထွက်သွားတယ်..."
အစောပိုင်းက မုယွန်ကျုံး ပြောခဲ့သည်ကို လုရန် မှတ်မိသွားသည်။
"သူတို့က ဘယ်သူ့ကို ရှာနေတာလဲ..."
လုရန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"မင်းကို ပြောပြရတာ အကျိုးမယုတ်ပါဘူး... အပြာရောင်ကြယ်ကနေ အထက်ဘုံကို တက်လှမ်းလာတဲ့ လုရန်လေ..."
မုယွန်ကျုံးက ထိန်ချန်ထားခြင်းမရှိဘဲ ပြောပြလိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ...
လုရန်က မိုးကုပ်စက်ဝိုင်းရှိ အထက်ဘုံတက်လှမ်းသူများစာရင်းကို ကြည့်လိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ဤအရာ၏ လုပ်ဆောင်ချက်ကို အစောပိုင်းက ရှင်းပြခဲ့ပြီး ဖြစ်သည်။
စုယွဲ့လင်သည် အထက်ဘုံတက်လှမ်းသူများစာရင်းကို မြင်ပြီး သူ့ကို ရှာဖွေရန် သူမ၏ တပည့်များကို စေလွှတ်လိုက်ခြင်း ဖြစ်နိုင်ချေရှိသည်။
ဒါပေမဲ့ ဒီ 'အပြာရောင်ကြယ်' ဆိုတာက ရွှမ်ထျန်းကုန်းမြေကို ရည်ညွှန်းတာလား...
"သူ့ကို တွေ့ဖို့ မျှော်လင့်ချက် သိပ်မရှိပါဘူး... ပြည်နယ်ကိုးခုက အရမ်းကျယ်ဝန်းတယ်... သူက ဘယ်လိုလုပ်ပြီးတော့ ဝေးလံခေါင်ဖျားတဲ့ ငါတို့ရဲ့ ရှပြည်နယ်မှာ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာနိုင်မှာလဲ... အဲ့ဒီအပြာရောင်ကြယ်မှာ ငါတို့ရဲ့ ကိုယ်ပိုင် သွေးမျိုးဆက်လမ်းညွှန်မှု နည်းစနစ်လည်း မရှိဘူးလေ... ဒါကြောင့် အဲ့ဒီလုရန်က ဘယ်ကို တက်လှမ်းလာလဲဆိုတာ သရဲတောင် မသိနိုင်ဘူး..."
မုယွန်ကျုံးက ရေရွတ်လိုက်သည်။
ထို့နောက် သူက လုရန်၏ နေထိုင်စရာနေရာကို စီစဉ်ပေးရန် ခေါ်ဆောင်သွားသည်။
မည်သို့ပင်ဆိုစေကာမူ အစစ်အမှန် အင်မော်တယ်တစ်ဦး ဖြစ်သောကြောင့် နေထိုင်မှုအခြေအနေမှာ အတော်လေး ကောင်းမွန်သည်။
ဝါးတောထဲတွင် တိတ်ဆိတ်ငြိမ်သက်သော တဲအိမ်လေးတချို့ ရှိပြီး ရှေ့တွင် ကျယ်ဝန်းသော မြေကွက်လပ်တစ်ခုရှိကာ နံဘေးတွင် တိမ်ပင်လယ်ကို လှမ်းမြင်ရသည့် တောင်စောင်းတစ်ခုရှိနေပေ၏။
ဤသည်မှာ အမှန်တကယ့်ကို အင်မော်တယ်တောင်တန်း သုခဘုံပင်။
လုရန် ဤနေရာကို အလွန်သဘောကျသွားသည်။
"အနားယူလိုက်ပါအုံး... ငါ့ရဲ့သခင်မလေး နိုးလာတဲ့အချိန်ကျရင် မင်းကို အကြောင်းကြားဖို့ လူလွှတ်လိုက်မယ်..."
ထိုသို့ပြောပြီးနောက် မုယွန်ကျုံး ထွက်သွားသည်။
လုရန်သည် အခန်းထဲသို့ ပြန်ဝင်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကျော်က တက်ရောက်စာရင်းသွင်းခြင်းမှ သူရရှိခဲ့သော မရေမတွက်နိုင်သည့် 'ချီ' ပမာဏသည် စိတ်ဝိညာဥ်စွမ်းအားများအဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲနေဆဲပင်။
စိတ်ဝင်စားစရာကောင်းသည်မှာ...
ပြောင်းလဲခြင်းဖြစ်စဉ် တိုးတက်လာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများ တိုးပွားလာသည်နှင့်အမျှ လုရန်သည် သူ၏နယ်ပယ် လျင်မြန်စွာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
"ဟက်... ဒီနှစ်တစ်သိန်းကျော်အတွင်း ငါစုဆောင်းခဲ့တဲ့ ကျင့်ကြံမှုတွေက အလဟဿ မဖြစ်ဘူး... အနည်းဆုံးတော့ အချိန်တိုအတွင်းမှာ ငါ ကျင့်ကြံစရာ မလိုတော့ဘူး..."
လုရန်က ဝမ်းသာအားရ ရေရွတ်လိုက်သည်။
ထို့ပြင် ဤပြောင်းလဲမှုနှုန်းသည် သာမန်ကျင့်ကြံခြင်းထက် များစွာပို၍ မြန်နေသည်မှာ သေချာသည်။
နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်းများနှင့်အတူ သူသည် စိတ်ဝိညာဉ်စွမ်းအားများကို ဆက်လက်၍ ရရှိနေပေမည်။
အောက်ဘုံတွင်ကဲ့သို့ပင် သူ ကျင့်ကြံရန် လုံးဝမလိုအပ်ပေ။
နောက်တော့...
အတွေးတစ်ချက်ဖြင့် လုရန်သည် သိုလှောင်အိတ်ထဲမှ သူ အသစ်ရရှိထားသော ချီလုံသံချပ်ကာကို ထုတ်ယူလိုက်သည်။
သူက ထိုအရာကို သူ၏လက်ထဲတွင် အထပ်ထပ်အခါခါ လှန်လှောကြည့်လိုက်၏။
"မဆိုးဘူး... မဆိုးဘူး... ဒါက တကယ့်ကို ပစ္စည်းကောင်းပဲ..."
လုရန်က ဝမ်းသာအားရ ပြောလိုက်သည်။
ပိုင်ဆိုင်ကြောင်း အတည်ပြုပြီးနောက် ဤရတနာသံချပ်ကာ၏လုပ်ဆောင်ချက်ကို သူ သိရှိသွားသည်။
သာမန်အားဖြင့် ထိုအရာကို ကာကွယ်ရေး မှော်ရတနာအဖြစ် လုပ်ဆောင်ရန် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားနိုင်သည်။
လိုအပ်လာချိန်၌ သူသည် ချီလုံသံချပ်ကာကို အချိန်မရွေး အသက်သွင်းနိုင်ပေ၏။
သူ၏ လေ့လာစူးစမ်းမှု ပြီးဆုံးပြီးနောက် လုရန်သည် ရတနာသံချပ်ကာကို ဝတ်ဆင်ပြီး တဲအိမ်ထဲမှ ထွက်ကာ တောင်စောင်းဘေးရှိ ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေလိုက်သည်။
အထက်ရှိ ကြည်လင်နေသော ကောင်းကင်ပြင်ကြီးကို မျက်လုံးမှေးကြည့်ရင်း သူ၏စိတ်နှလုံးသား မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ရှိနေသည်။
အထက်ဘုံသို့ တက်လှမ်းခြင်းသည် လုရန် စိတ်ကူးထားသကဲ့သို့ မဟုတ်သော်လည်း ရလဒ်မှာ ကောင်းမွန်သည်။ သူ ကျင့်ကြံရန် မလိုတော့ပေ။ သူသည် ဆက်လက်၍ တက်ရောက်စာရင်းသွင်းနိုင်ပြီး သူ၏တပည့်များကိုပင် တွေ့မြင်နိုင်သည်။
ဘဝက သက်တောင့်သက်သာ ရှိလာပြီပဲ...
တစ်ချိန်တည်းမှာပင် ကျော့ရှင်းသော ပုံရိပ်တစ်ခုသည် မိုးကုပ်စက်ဝိုင်းမှနေ၍ ကောင်းကင်ယံကို ဖြတ်သန်းကာ ပျံသန်းလာသည်။
စုယွဲ့လင် ပြန်လာလေပြီ။