အခန်း ၆
Vol. 1 Ch. 6
အခန်း ၆: အရည်အချင်းပြည့်မီသော်လည်း အကြံမပြုဘူး
လုရန်က စင်မြင့်ပေါ်ရှိ စုယွဲ့လင်ကို တစ်ချက်ကြည့်လိုက်သည်။
သူမ၏မျက်လုံးများက အောက်သို့ စိုက်ကျနေပြီး စိတ်ဓာတ်ကျနေသည်မှာ ထင်ရှားကာ တစ်ခါတစ်ရံတွင် လေဟာပြင်သို့ ငေးမောကြည့်နေတတ်သည်။
အချိန်ကျပြီဟု မုယွန်ကျုံးက ခန့်မှန်းလိုက်ပြီး လုရန်၊ မုယောင်နှင့် တခြားသော အထက်ဘုံသို့ တက်လှမ်းလာသူများထဲမှ မဟာလော့ ဓားဂိုဏ်းတွင် ဧည့်အကြီးအကဲများအဖြစ် ဝင်ရောက်လိုသူများကို ခေါ်သွားရန် စီစဉ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်...
ကောင်းကင်ဘုံကိုးထပ်၏ အမြင့်မှနေ၍ ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။
ထိုအသံသည် မိုးကြိုးတိမ်တိုက်များကဲ့သို့ လိမ့်ဆင်းလာကာ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားပေ၏။
စင်မြင့်ပေါ်တွင် ငေးမောနေသော စုယွဲ့လင် အံ့အားသင့်သွားသည်။ သူမက အထက်သို့ မော့ကြည့်လိုက်ရာ သူမ၏ကျော့ရှင်းသော မျက်ခုံးများ ချက်ချင်းကျုံ့သွားသည်။
"ဓားအမိန့်နန်းဆောင်..."
ကောင်းကင်ယံတွင် တန်ဖိုးကြီးသော ဓားရှည်တစ်လက်ရှိနေပြီး ထိုအရာကို နှစ်တစ်သောင်းသက်တမ်းရှိ ဖန်းငှက်နှင့် တူစေရန် သပ်ရပ်ခမ်းနားစွာ ပုံဖော်ထားကာ လေထဲတွင် ပျံဝဲနေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏နောက်တွင် လူခုနစ်ယောက် ရှစ်ယောက်ခန့်သည် ထောင့်ဖြတ်ပုံစံ မတ်တတ်ရပ်နေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။
မုယွန်ကျုံးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"ကျစ်... ဒီကောင် ဘာလို့ ထပ်ရောက်လာပြန်တာလဲ..."
လုရန်က မုယွန်ကျုံးကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျား သူ့ကို သိလို့လား..."
မုယွန်ကျုံးက သက်ပြင်းချလိုက်ပြီး ပြန်ဖြေသည်။
"ဓားအမိန့်နန်းဆောင်ရဲ့ နန်းဆောင်သခင်... ဓားဧကရာဇ် လုချင်ရှန်းလေ..."
မုယွန်ကျုံး၏ ရှင်းပြချက်အပြီးတွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို လုရန် နောက်ဆုံး၌ နားလည်သွားသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က မဟာလော့ ဓားဂိုဏ်းသည် ဤနေရာတွင် အခြေချခဲ့လ၏။ မိုင်တစ်ထောင်အတွင်းတွင် တခြားမည်သည့် ဂိုဏ်းကြီးမျှ မရှိပေ။
လွန်ခဲ့သော နှစ်ပေါင်း ရှစ်ထောင်ခန့်က သူ့ကိုယ်သူ ဓားဧကရာဇ်ဟု ခေါ်ဆိုသော လူတစ်ယောက်သည် မဟာလော့ဓားဂိုဏ်းနှင့် မိုင်တစ်ရာကွာဝေးသော လီတောင်တွင် ဓားအမိန့်နန်းဆောင်ကို တည်ထောင်ခဲ့သည်။
သဘောတရားအရတွေးကြည့်လျှင် မဟာလော့ ဓားဂိုဏ်းသည် ဤကဲ့သို့အရာမျိုး ဖြစ်ပေါ်လာစေရန် ခွင့်ပြုမည် မဟုတ်ပေ။
သို့သော် စုယွဲ့လင်နှင့် အကြီးအကဲများအားလုံးသည် အမျိုးသမီးများ ဖြစ်ကြသဖြင့် သူမတို့သည် ပဋိပက္ခများကို မနှစ်သက်သောကြောင့် ထိုကိစ္စကို လျစ်လျူရှုထားခဲ့ကြသည်။
ထို့နောက်...
ဓားအမိန့်နန်းဆောင်သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပေ၏။
ထိုဂိုဏ်းသည် သူတို့ဘာသာ သူတို့ နေသင့်သော်လည်း လုချင်ရှန်းသည် စုယွဲ့လင်၏ မဟာမူလဘူတ ခရမ်းဓားသိုင်းအပေါ် တဖြည်းဖြည်း မျက်စိကျလာခဲ့သည်။
သူသည် စုယွဲ့လင်၏ အလှအပကိုပင် လိုချင်တပ်မက်လာသည်။
သူသည် စုယွဲ့လင်နှင့် တာအိုလက်တွဲဖော်များ ဖြစ်လာရန် စီစဉ်ခဲ့ပြီး ဓားအမိန့်နန်းဆောင်ကို မဟာလော့ ဓားဂိုဏ်းနှင့် ပေါင်းစည်းရန် ရည်ရွယ်ထားသည်။
"ဒီလောက်တောင် အရှက်မရှိတာလား..."
လုရန်က မျက်မှောင်ကြုတ်လိုက်သည်။
သူ့တပည့်လေး၏ အိမ်ထောင်ရေးသည် သူမ၏ ကိုယ်ပိုင်အရေးကိစ္စ ဖြစ်သော်လည်း မုယွန်ကျုံးထံမှ ကြားသိရသည်မှာ စုယွဲ့လင်သည် လုံးဝကို ဆန္ဒမရှိကြောင်း ထင်ရှားနေသည်။
သို့သော် လုချင်ရှန်းသည် ဇွဲမလျှော့ဘဲ အရှက်မရှိစွာ ဆက်လုပ်နေပေ၏။
ဓားဧကရာဇ်ဆိုသော ဘွဲ့အမည်မှာပင် သူ့ဘာသာသူ နာမည်တပ်ထားခြင်းပင်။
ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်နယ်မြေသို့ ရောက်ရှိသွားသည်နှင့် ရုပ်ရည်သွင်ပြင်နှင့် အသက်အရွယ်မှာ ဒုတိယအရေးပါသောအရာ ဖြစ်သွားသည်။
ဆံဖြူနေသော အဘိုးအိုတစ်ဦးသည် လူငယ်တစ်ဦးလောက်ပင် အသက်မကြီးသည်လည်း ဖြစ်နိုင်သည်။
ဥပမာအားဖြင့် လုရန်ကိုကြည့်လျှင် သူသည် နှစ်ပေါင်း တစ်သိန်းကြာအောင် တက်ရောက်စာရင်းသွင်းခဲ့လေ၏။
သူသည် ပြိုင်ဘက်ကင်း ရှေးဟောင်းပစ္စည်းကြီးပင်။
သို့သော် အသက်အရွယ်သည် ပြဿနာမဟုတ်သော်လည်း ရုပ်ရည်သွင်ပြင်ကိုမူ ထည့်သွင်းစဉ်းစားရပေမည်။
စုယွဲ့လင်သည် အထက်ဘုံသို့ မတက်လှမ်းမီကကဲ့သို့ နုပျိုနေပုံမပေါ်သော်လည်း သူမသည် ရင့်ကျက်သော အလှတရားအဆင့်တွင် ရှိနေဆဲပင်။
သို့သော် ဤလုချင်ရှန်းသည် လူလတ်ပိုင်းအရွယ် ဖောင်းကားနေသော ရုပ်သွင်ရှိနေသဖြင့် သူသည် စုယွဲ့လင်နှင့် ထိုက်တန်သလော။
"သူက တကယ်ကို အရှက်မရှိဘူး... ဒါပေမဲ့ ငါတို့ ဘာမှ မလုပ်နိုင်ပါဘူး... လုချင်ရှန်းရဲ့စွမ်းအားက အထင်ကြီးလောက်စရာဖြစ်ပြီးတော့ ဓားအမိန့်နန်းဆောင်ရဲ့ တပည့်တွေက တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒ ပြင်းထန်ကြတယ်... မဟာလော့ဓားဂိုဏ်းက သူတို့နဲ့ ပဋိပက္ခဖြစ်အောင် မဆင်မခြင် လုပ်လို့မရဘူး..."
မုယွန်ကျုံးက ပြောလိုက်သည်။
လုရန် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်တကယ်ကို စုယွဲ့လင်၏ စိတ်နေသဘောထားပင်။
သူမသည် သူမကိုယ်သူမအတွက် တွေးနေခြင်း မဟုတ်ဘဲ မဟာလော့ ဓားဂိုဏ်း၏ မရေမတွက်နိုင်သော တပည့်များအတွက် တွေးနေခြင်းသာ ဖြစ်သည်။
အကယ်၍ ဂိုဏ်းနှစ်ဂိုဏ်း တိုက်ခိုက်ကြလျှင် သေကြေဒဏ်ရာရမှုများ ရှိလာမည်မှာ သေချာပေါက်ပင်။
"ဒီလုချင်ရှန်းက တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်တာလား..."
လုရန်က စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
"ပြောမနေနဲ့တော့... သူ့ရဲ့ နယ်ပယ်က အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်ကိုတောင် ရောက်နေပြီလို့ ကောလာဟလတွေ ရှိတယ်..."
မုယွန်ကျုံးက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်၏။
"အဆင့်မြင့် အင်မော်တယ်... အဲ့ဒါက ဘယ်လို နယ်ပယ်မျိုးလဲ... ကြားရတာ တော်တော်ကောင်းတယ်..."
လုရန်က အံ့အားသင့်စွာ ပြောလိုက်သည်။
"အစစ်အမှန် အင်မော်တယ် ပြီးရင် အဆင့်မြင့် အင်မော်တယ် လာတယ်လေ..."
မုယွန်ကျုံးက ရှင်းပြသည်။
အို...
လုရန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူသည် အံ့အားသင့်စရာကောင်းသည့် အရာတစ်ခုဟု ထင်ခဲ့သော်လည်း အဆင့်မြင့် အင်မော်တယ်ဆိုသည်မှာ အစစ်အမှန် အင်မော်တယ်ပြီးနောက် အဆင့်တစ်ခုသာ ဖြစ်နေသည်။
လုရန်က သူ၏ကိုယ်ပိုင်နယ်ပယ်ကို စစ်ဆေးကြည့်လိုက်၏။ တစ်ညအိပ်ပြီးနောက် သူ၏စိတ်ဝိညာဉ်စွမ်းအားများသည် အလိုအလျောက် ပြောင်းလဲသွားကာ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အစစ်အမှန် အင်မော်တယ်၏ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
အစစ်အမှန် အင်မော်တယ်ပြီးရင် အဆင့်မြင့် အင်မော်တယ်လား...
ဒီလုချင်ရှန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ထောင်က သူ့ရဲ့ဂိုဏ်းကို တည်ထောင်ခဲ့တာဆိုတော့ သူ့ရဲ့ ကျင့်ကြံချိန်က အနည်းဆုံး နှစ်ပေါင်း တစ်သောင်းလောက် ရှိရမယ်... ဒါတောင် သူက အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်မှာပဲ ရှိသေးတာလား...
ထို့အပြင် မုယွန်ကျုံး၏အဆိုအရ လုချင်ရှန်း၏ နယ်ပယ်သည် စုယွဲ့လင်ထက်ပင် ပို၍မြင့်မားနေနိုင်သည်။
လုရန်က စင်မြင့်ပေါ်ရှိ စုယွဲ့လင်ကို တစ်ချက်ကြည့်လိုက်သည်။
ဒါက မဖြစ်သင့်ဘူး... စုယွဲ့လင်ရဲ့ ပါရမီက ကောင်းတယ်လေ... သူက နှစ်ပေါင်း တစ်သောင်းသုံးထောင်ကြာပြီးတဲ့နောက်မှာ အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်ကို ဘယ်လိုလုပ်ပြီး မရောက်နိုင်ရမှာလဲ...
လုရန်၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သောအခါ မုယွန်ကျုံး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲ့ဒါ ဘယ်လို အကြည့်မျိုးလဲ... အင်မော်တယ် ကျင့်ကြံတာကို လွယ်တယ်လို့ မင်း ထင်နေတာလား...အထက်ဘုံကို မတက်လှမ်းခင် ကျင့်ကြံတာနဲ့ အထက်ဘုံကို တက်လှမ်းပြီးတဲ့နောက် အင်မော်တယ်နယ်မြေမှာ ကျင့်ကြံတာက မတူဘူး..."
"ပါရမီကောင်းရင် နှစ်အနည်းငယ်အတွင်းမှာ ကပ်ဘေးဒုက္ခဖြတ်ကျော်ပြီး အထက်ဘုံကို တက်လှမ်းနိုင်တယ်..."
"ဒါပေမဲ့ အထက်ဘုံကို တက်လှမ်းပြီးသွားရင် ရှေ့တစ်လှမ်းတိုးဖို့က ကောင်းကင်ကို တက်လှမ်းရတာထက် ပိုခက်ခဲတယ်..."
"ငါ အထက်ဘုံကို တက်လှမ်းလာတာ နှစ်ပေါင်း တစ်ထောင်နဲ့လေးရာ ရှိနေပြီ... ဒါတောင် ငါက အစစ်အမှန် အင်မော်တယ်နယ်ပယ် စတုတ္ထအဆင့်မှာပဲ ရှိသေးတယ်... ရှေ့ဆက်သွားလေလေ ပိုခက်ခဲလေလေဖြစ်ပြီး မင်းရဲ့ တိုးတက်မှုက ပိုနှေးကွေးလာလေလေပဲ..."
"ကျင့်ကြံတာ လွယ်တယ်လို့ မင်း ထင်နေတုန်းပဲလား..."
...
လုရန် အံ့အားသင့်စွာ နားထောင်နေလိုက်သည်။
မုယွန်ကျုံး ဆိုလိုသည်မှာ မည်သို့ဖြစ်သည်ကို သူ အကြမ်းဖျင်း နားလည်လိုက်သည်။
အထက်ဘုံသို့ တက်လှမ်းပြီးနောက် အင်မော်တယ်နယ်မြေတွင် တိုးတက်မှုသည် အလွန်နှေးကွေးသွားပေ၏။
မုယွန်ကျုံးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း တစ်ထောင်နှင့်လေးရာ အချိန်ယူခဲ့ရသည်။
သို့သော် လုရန်သည် မနေ့က နေ့လယ်ပိုင်းတွင် ပျင်းရိစွာ လဲလျောင်းနေရုံဖြင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ညအိပ်ပြီးနောက် ယနေ့နံနက် နိုးလာသောအခါ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေလေပြီ။
လုရန်အတွက်ကမူ အမှန်တကယ်ကို မခက်ခဲချေ။
နောက်ထပ်နှစ်ရက်လောက်နေလျှင် သူသည် အဆင့်မြင့် အင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်တက်လှမ်းသွားနိုင်ပေမည်။
"စုယွဲ့လင်ကကော... သူ့ရဲ့ နယ်ပယ်က ဘယ်လောက်လဲ..."
လုရန်က မေးလိုက်သည်။
"အဆင့်မြင့် အင်မော်တယ်နယ်ပယ် တတိယအဆင့်..."
မုယွန်ကျုံးက တိတိကျကျ ဖြေကြားလိုက်၏။
လုရန် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
စုယွဲ့လင်သည် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ နှစ်ပေါင်း တစ်သောင်းသုံးထောင် ရှိပြီဖြစ်သော်လည်း အဆင့်မြင့် အင်မော်တယ်နယ်ပယ် တတိယအဆင့်တွင်သာ ရှိနေသည်။
လုရန်သည် မနေ့ကမှ အထက်ဘုံကို တက်လှမ်းလာပြီး ယနေ့မှာတင် အစစ်အမှန် အင်မော်တယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
ထို့ပြင်...
နောက်မှ အထက်ဘုံသို့ တက်လှမ်းလာကြသော စုယွဲ့လင်၏ ဂျူနီယာညီအစ်ကိုမောင်နှမများမှာ ပို၍နိမ့်သော နယ်ပယ်များတွင် ရှိနေနိုင်လောက်သည်။
ဟုတ်သားပဲ... မနေ့က အထက်ဘုံကို တက်လှမ်းသွားတဲ့ ထန်ယင်းရော့လည်း ရှိသေးတယ်... အဲ့ဒီကောင်မလေး အခု ဘယ်ရောက်နေလဲဆိုတာ ငါ မသိဘူး...
ထိုအချိန်တွင်...
မိုးကောင်းကင်ယံရှိ လုချင်ရှန်းသည် သူ၏ဓားပျံပေါ်တွင် မတ်တတ်ရပ်နေရင်း အောက်သို့ဆင်းသက်လာခဲ့သည်။
သို့သော် သူသည် မြေပြင်သို့ မဆင်းသက်လိုဘဲ အပေါ်မှနေ၍ စုယွဲ့လင်ကို ငုံ့ကြည့်နေလေ၏။
"ယွဲ့လင်... မတွေ့ရတာ ကြာပြီနော်... နေကောင်းရဲ့လား..."
လုချင်ရှန်းက အပြုံးနှင့် မေးမြန်းသည်။
"ငါတို့က အဲ့ဒီလောက် ရင်းနှီးလို့လား..."
စုယွဲ့လင်က မတ်တတ်ထရပ်ခြင်းပင် မပြုဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
သူမ၏ဆရာကို မတွေ့ရသဖြင့် စုယွဲ့လင်သည် ဒေါသထွက်လွယ်နေသည်။
ဤအခြေအနေတွင် လုချင်ရှန်းက သူမကို လာရောက်ရန်စခြင်းသည် မီးတောက်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာခြင်းနှင့် တူညီနေသည်။
လူအများရှေ့တွင် အရှက်ခွဲခံရသဖြင့် လုချင်ရှန်း၏ မျက်နှာအမူအရာ အနည်းငယ် တောင့်တင်းသွားပြီး သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော ရန်လိုမှုတစ်ခု ဖြတ်ပြေးသွားသည်။
သို့သော် ထိုအရာသည် ချက်ချင်းပျောက်ကွယ်သွားပေ၏။
သူက အပြုံးနှင့် ဆက်ပြောသည်။
"ရပါတယ်... ဒီနေ့ ငါက တခြားကိစ္စအတွက် လာတာ မဟုတ်ပါဘူး... မင်းရဲ့ မဟာလော့ ဓားဂိုဏ်းနဲ့ ငါ့ရဲ့ ဓားအမိန့်နန်းဆောင်က မိတ်ဖက်ဂိုဏ်းတွေလေ... ဒီနေ့ ငါ လာတာ ယှဉ်ပြိုင်ပြီးတော့ တာအိုဆွေးနွေးပွဲ လုပ်ဖို့ပဲ..."
အင်း...
စုယွဲ့လင်က မျက်ခုံးပင့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"နင်က ငါနဲ့ တိုက်ခိုက်ချင်တာလား... ငါက နင့်ကို ကြောက်နေတယ်လို့ တကယ်ကြီး ထင်နေတာလား..."
သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် လုချင်ရှန်းထက် နိမ့်ကျနေသည်မှာ မှန်သော်လည်း...
တူညီသော အဓိကနယ်ပယ်တစ်ခုအတွင်းတွင် ကွာခြားချက်မှာ သိပ်မကြီးမားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ဆရာ သင်ကြားပေးခဲ့သော မဟာမူလဘူတ ခရမ်းဓားသိုင်းသည် နယ်ပယ်ကွာဟချက်ကို ဖြည့်ဆည်းပေးရန် လုံလောက်ပေ၏။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါတို့နှစ်ယောက်ကြားမှာ ယှဉ်ပြိုင်စရာ ဘာမှမရှိဘူး... ငါနဲ့အတူ ပါလာတဲ့သူတွေက ငါတို့ ဓားအမိန့်နန်းဆောင်က တပည့်တချို့နဲ့ ဧည့်အကြီးအကဲတွေပါ... သူတို့က တာအိုဆွေးနွေးပွဲလုပ်ဖို့ သီးသန့်လာခဲ့ကြတာ..."
လုချင်ရှန်းက လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။
စုယွဲ့လင်က မျက်မှောင်ကြုတ်လိုက်သည်။
တာအိုဆွေးနွေးပွဲလား...
'တာအိုဆွေးနွေးပွဲ' ဟုခေါ်သောအရာသည် ခွန်အားကို ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ ဓားစိတ်ဆန္ဒနှင့် ဓားတာအို ပါရမီအပေါ် နားလည်သဘောပေါက်မှုများကို ယှဉ်ပြိုင်ခြင်းပင်။
မည်သည်ကြောင့် လုချင်ရှန်းသည် သူ့တပည့်များကို ဤနေရာသို့ ခေါ်လာပြီး ယှဉ်ပြိုင်ခိုင်းရသနည်း...
ဓားစိတ်ဆန္ဒအကြောင်း ပြောရလျှင် စုယွဲ့လင်သည် မည်သည့်အခါမျှ ကောင်းမွန်စွာ မပြုမူတတ်သော သူမ၏ဆရာကို ပြန်သတိရသွားသည်။
လောကကြီးတခွင်လုံး၌ ဓားစိတ်ဆန္ဒအကြောင်း ပြောမည်ဆိုလျှင်...
ဆရာနှင့်ယှဉ်နိုင်မယ့်သူဟူ၍ မည်သူ ရှိမည်နည်း...
ထိုအချိန်တွင်...
လူအုပ်အကြားရှိ လုရန်လည်း စိတ်ဝင်စားသွားပြီး သူက မုယွန်ကျုံးကို မေးလိုက်သည်။
"ဟေ့... တကယ်လို့ ဓားစိတ်ဆန္ဒကို ယှဉ်ပြိုင်ရမယ်ဆိုရင် ငါ ပါဝင်ဖို့ အရည်အချင်းပြည့်မီလား..."
မုယွန်ကျုံးက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"မင်းက ဧည့်အကြီးအကဲဆိုတော့ အရည်အချင်းပြည့်မီပါတယ်... ဒါပေမဲ့ ငါကတော့ အကြံမပြုချင်ဘူး... မင်း သနားစရာကောင်းလောက်အောင် သေသွားလိမ့်မယ်... တကယ်လို့ မင်းရဲ့စိတ်ဆန္ဒသာ ချိုးဖျက်ခံလိုက်ရရင် ဓားတာအိုမှာ မင်းရဲ့ ကျင့်ကြံမှုက အဆုံးသတ်သွားလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ...
လုရန် ပြုံးစိစိဖြစ်သွားသည်။
နောက်နေတာပဲ ဖြစ်ရမယ်... ခွန်အားနဲ့ ပတ်သက်လာရင် ငါက အနည်းငယ် အားနည်းကောင်း အားနည်းနိုင်ပေမဲ့ တာအိုဆွေးနွေးပွဲဆိုရင်တော့...
ငါ့ရဲ့ ဓားတာအိုက အမြင့်ဆုံးအဆင့်မှာ ရှိနေတာလေ။