အခန်း ၇
Vol. 1 Ch. 7
အခန်း ၇: ခေါင်းကြီးကြီး လည်ပင်းတုတ်တုတ်
သူ၏နံဘေးမှ မုယောင်ကလည်း ဆူညံပွက်လောရိုက်နေမှုကို စောင့်ကြည့်နေသည်။
ထိုစကားကို ကြားသောအခါ သူမက လုရန်ကို ချက်ချင်းဆိုသလိုပင် တစ်ချက်ကြည့်လိုက်၏။
သူမက သူ့ကို တံတောင်ဆစ်ဖြင့် တွတ်လိုက်ပြီး ပြောလိုက်သည်။
"ဒီစိတ်ဝိညာဉ်နယ်မြေမှာ အင်မော်တယ်အဆင့်အောက်က လူတွေကို မပြောနဲ့... အင်မော်တယ်နယ်ပယ်မှာတောင် ငါတို့က အတွေ့အကြုံမရှိသေးတဲ့ လူသစ်လေးတွေပဲလေ... နင်က အပေါ်တက်ပြီး သူတို့နဲ့ ဓားစိတ်ဆန္ဒကို ယှဉ်ပြိုင်ချင်တာလား... နင် အသက်ရှင်ရတာ ငြီးငွေ့နေပြီလား..."
လုရန်က နှုတ်ခမ်းမဲ့လိုက်သည်။
အောက်ဘုံတွင် နှစ်ပေါင်းတစ်သိန်းကြာ တက်ရောက်စာရင်းသွင်းခဲ့သဖြင့် အသက်ရှင်ရသည်ကို ငြီးငွေ့သည့် ခံစားချက်မှာ သူ့ထံ၌ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
ဤတစ်ကြိမ် အထက်ဘုံသို့ ကူးပြောင်းပြီးနောက်တွင်သာ သူ သေချင်စိတ် မရှိတော့ခြင်းပင်။
ယခုအချိန်၌ စိတ်ဝိညာဉ်နယ်မြေ၏ ခမ်းနားလှသော တောင်တန်းများနှင့် မြစ်များသည် သူ လေ့လာစူးစမ်းရန် စောင့်ဆိုင်းနေပြီး မရေမတွက်နိုင်သော တပည့်များသည် သူနှင့် ပြန်လည်ဆုံတွေ့ရန် စောင့်မျှော်နေကြသဖြင့် သူ သေချာပေါက် မသေချင်သေးချေ။
ဤသည်မှာ သူ၏ယုံကြည်မှု ဖြစ်ကောင်းဖြစ်နိုင်ပြီး စနစ်မှလာသော ယုံကြည်မှုလည်း ဖြစ်နိုင်သည်။
"တာအိုဆွေးနွေးပွဲဆိုတာ ယှဉ်ပြိုင်တိုက်ခိုက်တာနဲ့ မတူဘူး... ဒီအရာက အများကြီးပိုပြီး ဆိုးရွားတယ်..."
မုယွန်ကျုံးက ရှင်းပြလိုက်သည်။
ဤသည်ကို စိတ်ဝိညာဉ်နယ်မြေရှိ အကျင့်ဆိုးတစ်ခုဟု ယူဆနိုင်ပေ၏။
အကယ်၍ ထိုအရာသည် သာမန် ယှဉ်ပြိုင်မှုတစ်ခုသာ ဖြစ်ခဲ့လျှင် နှစ်ဖက်လုံးသည် သင့်တော်သော အချိန်တွင် ရပ်တန့်ကြမည်ဖြစ်ပြီး အဆိုးဆုံးအခြေအနေတွင် တစ်စုံတစ်ယောက် အနည်းငယ် ဒဏ်ရာရရှိသွားနိုင်သည်။
အခြေအနေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလျှင်ပင် ထိုကိစ္စကို ဝင်ရောက်တားဆီးပေးနိုင်မည့် အစွမ်းထက်သော ပုဂ္ဂိုလ်များ ရှိနေသည်။
သို့သော် ဓားစိတ်ဆန္ဒ ယှဉ်ပြိုင်မှုပါဝင်သည့် တာအိုဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးသည် ခွဲထုတ်၍မရအောင် ရောထွေးသွားကြသည်။
ခြေတစ်လှမ်း မှားသွားသည်နှင့် သူတို့၏စိတ်ဆန္ဒများ ပြိုကွဲသွားပေလိမ့်မည်။
ပြိုကွဲသွားသော ဓားစိတ်ဆန္ဒ၏အကျိုးဆက်များကို တွေးတောကြည့်နိုင်သည်။ သူတို့ ဒဏ်ရာရပြီး သူတို့၏ ကျင့်ကြံနယ်ပယ် ထိခိုက်ရုံသာမကဘဲ ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် သူတို့၏အနာဂတ်အပေါ်တွင်လည်း သက်ရောက်မှုရှိသွားကာ ပြီးဆုံးသွားပေမည်။
ထိုအရာသည် ဓားကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ်ပင်။
ထို့ကြောင့် သာမန်အခြေအနေများအောက်တွင် မည်သူမျှ ဤကဲ့သို့ တာအိုဆွေးနွေးပွဲလုပ်ရန် ဆန္ဒမရှိကြပေ။
ထိတ်လန့်ဖွယ်ကောင်းသော ပါရမီရှိသည့် ပါရမီရှင်များပင်လျှင် မတော်တဆမှုတစ်ခုခု ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့ကြ၏။
စုယွဲ့လင်သည် ဤအကျိုးဆက်များကို သဘာဝကျစွာ သိရှိထားပြီးဖြစ်သည်။
သို့သော် လုချင်ရှန်း ဘာလုပ်ရန် ကြိုးစားနေသည်ကို သူမ စဉ်းစား၍ မရပေ။
ဒါက သက်သက်ရန်စတာလား...
ထိုအချိန်တွင်...
လုချင်ရှန်းက ထပ်ပြောလိုက်သည်။
"ငါတို့ဓားအမိန့်နန်းဆောင်က မဟာလော့ ဓားဂိုဏ်းလောက် သက်တမ်းမကြာသေးပေမဲ့ ဓားအမိန့်နန်းဆောင်ရဲ့ သင်ကြားရေးစွမ်းရည်တွေကို ငါ ယုံကြည်မှုရှိတယ်... ဒီနေ့ ယှဉ်ပြိုင်မှုမှာ ငါတို့ အလောင်းအစားလုပ်ကြရင် ဘယ်လိုလဲ..."
ထင်တဲ့အတိုင်းပဲ... သူ့မှာ နောက်ကွယ်က ရည်ရွယ်ချက်တစ်ခု ရှိနေတာကိုး...
"ဘာကို ဆိုလိုတာလဲ... ငါတို့က ဘယ်လို အလောင်းအစားမျိုး လုပ်ကြမလဲ..."
စုယွဲ့လင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ငါတို့နှစ်ယောက်လုံး ဒါမှမဟုတ် အကြီးအကဲမျိုးဆက်တွေ ဘယ်သူမှ မပါဝင်ရသလို ဝင်မစွက်ဖက်ရဘူး... တပည့်တွေ....မြေးတပည့်တွေနဲ့ ဧည့်အကြီးအကဲတွေတောင် စင်ပေါ်တက်ပြီး လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်တယ်... တကယ်လို့ ငါ့လူတွေ နိုင်ရင် မင်းက ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာရမယ်... ပြီးတော့ မဟာလော့ဓားဂိုဏ်းက ငါ့ရဲ့ ဓားအမိန့်နန်းဆောင်နဲ့ ပေါင်းစည်းရမယ်... ငါ့ရဲ့ ဓားအမိန့်နန်းဆောင်ကလည်း တပည့်တွေ ပိုပြီးလက်ခံဖို့ ဆန္ဒရှိသလို တစ်ချိန်တည်းမှာပဲ မင်းတို့ မဟာလော့ ဓားဂိုဏ်းက တပည့်တွေရဲ့ လက်ရှိ လစဉ်ထောက်ပံ့ကြေးကို နှစ်ဆပေးမယ်..."
ထိုနောက်ဆုံးစကားတစ်ခွန်းမှာ မဟာလော့ ဓားဂိုဏ်း၏ တပည့်များကို နှစ်သိမ့်ပေးရန် သို့မဟုတ် ပို၍တိကျစွာပြောရလျှင် ဆွဲဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်ချေရှိသည်။
သို့သော် ပြောရလျှင် ဤသည်က အမှန်တကယ်ပင် ထိရောက်မှု ရှိပေ၏။
မဟာလော့ဓားဂိုဏ်းတွင် တပည့်များစွာ ရှိပြီး လူတိုင်းသည် အဖွဲ့အစည်းအပေါ် ခိုင်မာသော သံယောဇဉ် မရှိကြပေ။
အထူးသဖြင့် အပြင်စည်းတပည့်များ ဖြစ်ကြသည်။ အလယ်အလတ် ပါရမီများဖြင့် သူတို့သည် လစဉ်ရရှိသော ထိုနည်းပါးသည့် ကျင့်ကြံခြင်း အရင်းအမြစ်လေးများအတွက် နေ့တိုင်း ကြိုးစားအားထုတ်နေကြရသည်။
အကယ်၍ ဓားအမိန့်နန်းဆောင်က နှစ်ဆပေးရန် ဆန္ဒရှိပါက...
ယနေ့ အလောင်းအစား၏ ရလဒ်မည်သို့ပင် ဖြစ်စေကာမူ လုချင်ရှန်း ထွက်သွားသည်နှင့် တပည့်များစွာသည် မဟာလော့ဓားဂိုဏ်းမှ ထွက်ခွာပြီး ဓားအမိန့်နန်းဆောင်သို့ သွားရောက်ကြပေမည်။
ဤနည်းအားဖြင့် ဓားအမိန့်နန်းဆောင်၏ အလုံးစုံ ခွန်အားသည် မဟာလော့ဓားဂိုဏ်းထက် ပို၍သာလွန်သွားပေမည်။
စုယွဲ့လင်က သဘောမတူလျှင်ပင် သူတို့သည် ဂိုဏ်းကို အတွင်းပိုင်းမှနေ၍ တဖြည်းဖြည်း ဖျက်ဆီးပစ်နိုင်သည်။
"ယုတ်မာလိုက်တာ..."
လုရန်သည် ထိုစကားကို ကြားပြီးနောက် တိုက်ရိုက်ကျိန်ဆဲလိုက်၏။
နှစ်ပေါင်း တစ်သိန်းကြာ အသက်ရှင်နေထိုင်ခဲ့သူဖြစ်ရာ လုချင်ရှန်း လှုပ်ရှားလိုက်သည်နှင့် သူ ဘာလုပ်နေသည်ကို လုရန် အတိအကျ သိလိုက်သည်။
စုယွဲ့လင်သည်လည်း လုချင်ရှန်း၏ ရည်ရွယ်ချက်များကို သိမြင်ပြီး ဖြစ်လောက်သည််။
လုချင်ရှန်းသည် စုယွဲ့လင်က လွယ်လင့်တကူ အလောင်းအစားလုပ်မည် မဟုတ်ကြောင်း သိထားပြီး ယနေ့တွင် သူမကို အနိုင်ယူနိုင်မည်ဟု သူ လုံးလုံးလျားလျား သေချာမှု မရှိပေ။
သို့သော် အကြံအစည်လေးတစ်ခုဖြင့် သူသည် မဟာလော့ ဓားဂိုဏ်းမှ တပည့်များစွာကို မြှူဆွယ်နိုင်မည်ဖြစ်ရာ ကြီးမားသော အမြတ်အစွန်းပင်။
စုယွဲ့လင်က အံ့ကြိတ်လိုက်သည်။ လုချင်ရှန်း၏ ရည်ရွယ်ချက်ကို သူမ နားလည်သော်လည်း ဖြေရှင်းရန် နည်းလမ်းမရှိပေ။
လက်ရှိ တပည့်တွေအတွက် လစဉ်ထောက်ပံ့ကြေးကို တိုးပေးမလား...
မဖြစ်နိုင်ဘူး...
ငါတို့က တော်တော်များများ ပေးနေပြီးပြီလေ... အဲ့ဒါကို နှစ်ဆတိုးလိုက်ရင် မဟာလော့ ဓားဂိုဏ်းရဲ့ ဘဏ္ဍာတိုက်က ချက်ချင်းကို ပြောင်သလင်းခါသွားမှာပေါ့...
စုယွဲ့လင်သည် သူမ၏ ဆရာကို ရှာမတွေ့သောကြောင့် စိတ်ပျက်နေပြီးဖြစ်သည်။
ယခု လုချင်ရှန်းက စိတ်ပိုင်းဆိုင်ရာ ကစားကွက်များ ကစားနေသဖြင့် စုယွဲ့လင်သည် သူတို့ကို ငြင်းပယ်ပြီး မောင်းထုတ်ရန် ချက်ချင်းစီစဉ်လိုက်သည်။
နှစ်ဖက်ခွနေသည့် တပည့်များကမူ သူတို့သဘောသာဖြစ်ပြီး နေချင်နေ သွားချင်သွား၍ ရနိုင်သည်။
သို့သော် စုယွဲ့လင် စကားမပြောနိုင်မီမှာပင်...
"ရဲတင်းလိုက်တာ... ငါတို့ မဟာလော့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ဆရာ့ကို ဒီလောက်တောင် ပေါ့ပေါ့တန်တန် စကားပြောရဲတာလား..."
ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
ကြံ့ခိုင်သော လူငယ်တစ်ဦးသည် လူအုပ်ထဲမှ ထွက်လာပြီး သူ၏ဓားရှည်ကို ဆွဲထုတ်ပြီး ဖြစ်ပေ၏။
"ဖန်ယုံး... စိတ်လိုက်မာန်ပါ မလုပ်နဲ့..."
စုမေ အံ့အားသင့်သွားသည်။
ဤဖန်ယုံးသည် သူမ၏လက်အောက်ရှိ တပည့်တစ်ဦးပင်။
သူ၏ပါရမီသည် အမှန်တကယ် ကောင်းမွန်ကာ သူသည် ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ထားပြီး လွန်ခဲ့သော သုံးနှစ်ကမှ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ နောက်ဆုံးတော့ သူက လူသစ်လေးပဲ ရှိသေးတာလေ...
ပြီးတော့...
ဒီလို ထွက်လာတာက သူက စိန်ခေါ်မှုကို လက်ခံလိုက်တာ မဟုတ်လား...
သူက စုယွဲ့လင်ကိုယ်စား အလောင်းအစားကို သဘောတူလိုက်တာ မဟုတ်လား...
"လူမိုက်..."
လုရန်က သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။
"သူက တကယ်ပဲ နည်းနည်းစိတ်လိုက်မာန်ပါ လုပ်တတ်တယ်... ခေါင်းကြီးကြီး လည်ပင်းတုတ်တုတ်နဲ့ ဉာဏ်နည်းတဲ့သူပဲ..."
မုယောင်က မှတ်ချက်မပေးဘဲ မနေနိုင်တော့ပေ။
ထိုသို့ဆိုသည့်တိုင် ဖန်ယုံးထံတွင် ပူပြင်းသော သွေးဆူမှုများဖြင့် ပြည့်နှက်နေသည်။
သူက နောက်ကိုလှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ဆရာ... စိတ်ချပါ... ငါတို့ရဲ့ မဟာလော့ ဓားဂိုဏ်းက သူ့ရဲ့ ဓားအမိန့်နန်းဆောင်ထက် အားမနည်းပါဘူး..."
ထိုသို့ပြောပြီးနောက် သူက ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။
"ဘုန်း..."
သူ၏ခြေထောက်အောက်ရှိ ကျောက်သားကြမ်းပြင်သည် အက်ကွဲသွားပြီး ငါးမီတာပတ်လည်အတွင်းရှိ ဧရိယာသည် သုံးလက်မခန့် နစ်ဝင်သွားပေ၏။
မရေမတွက်နိုင်သော စိမ်းဝါရောင် ဓားချီများသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး လေပြင်းများ တဖြည်းဖြည်း တိုက်ခတ်လာသည်။
ဤသည်မှာ သူ၏ဓားစိတ်ဆန္ဒ ထွက်ပေါ်လာခြင်းမျှသာ ဖြစ်ပြီး သူသည် မည်သည့် တိုက်ခိုက်မှုစွမ်းရည်ကိုမျှ အသုံးမပြုရသေးကြောင်း သတိပြုရပေမည်။
သူ ရှေ့သို့ထွက်လာရဲသဖြင့် ဤဖန်ယုံးတွင် စွမ်းရည်တချို့ ရှိနေမည်မှာ သေချာပေါက်ပင်။
"မဟာလော့ဓားဂိုဏ်းက မဟာအကြီးအကဲစုမေရဲ့ လက်အောက်မှာ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနယ်ပယ်မှာ ရှိနေတုန်းက ထျန်းကန်းဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ငါ ကြားဖူးတာ ကြာပြီ... အခု သူ့ကို ကြည့်ရတာ သူ့မှာ တကယ်ပဲ စွမ်းရည်တချို့ ရှိနေတာပဲ..."
ပေါ့ပါးသော ရယ်မောသံတစ်ခုနှင့်အတူ...
လုချင်ရှန်း၏နောက်မှ အဖြူရောင် ပိုးဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ကျော့ရှင်းစွာ ခုန်ဆင်းလာသည်။
သူ၏လှုပ်ရှားမှုသည် ငှက်တစ်ကောင်ကဲ့သို့ ပေါ့ပါးနေပြီး သူ၏ခြေလှမ်းများမှာ ညင်သာလှသည်။
သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ဓားရှည်တစ်လက်သည် သူ၏လက်ထဲတွင် ပေါ်လာပြီး ကန့်လန့်ဖြတ် ကိုင်ထားလေ၏။
သူက အေးစက်တင်းမာစွာ ပြောလိုက်သည်။
"ဓားအမိန့်နန်းဆောင်က လုရှောင်ယန်ပါ... လမ်းညွှန်မှုကို လာတောင်းခံတာပါ..."
ထိုသို့ပြောပြီးနောက်...
သူသည် မဟာလော့ဓားဂိုဏ်းကို နောက်ဆုတ်ရန် အခွင့်အရေး မပေးတော့ပေ။
သူ အသက်ပြင်းပြင်းရှူလိုက်ရာ အပူလှိုင်းတစ်ခု လိမ့်ထွက်လာပြီး သူ၏ကိုယ်ပိုင်ဓားစိတ်ဆန္ဒကို သယ်ဆောင်လာကာ ဖန်ယုံး၏ ထျန်းကန်း ဓားစိတ်ဆန္ဒနှင့် ရောယှက်သွားတော့သည်။
"သူက လုရှောင်ယန်လား..."
မုယွန်ကျုံးက အံ့အားတသင့် အော်ဟစ်လိုက်သည်။
ဤတစ်ကြိမ်တွင် လုရန်နှင့် မုယောင်တို့ မေးစရာမလိုဘဲ မုယွန်ကျုံးက ရှင်းပြလိုက်သည်။
"ဒီလုရှောင်ယန်က လုချင်ရှန်းရဲ့ သားပဲ... သူက နှစ်သုံးရာအတွင်းမှာ ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ခဲ့တယ်လို့ ကောလာဟလတွေ ရှိတယ်... ပြီးတော့ နှစ်လေးရာအတွင်းမှာ ကပ်ဘေးဒုက္ခဖြတ်ကျော်ပြီး အထက်ဘုံကို တက်လှမ်းခဲ့တယ်... နှစ်ရှစ်ရာအတွင်းမှာ အစစ်အမှန် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်ကို ရောက်ခဲ့ပြီး အခု နှစ်တစ်ထောင်အတွင်းမှာ အဋ္ဌမအဆင့်ကို ရောက်နေပြီ... သူက ဖန်ယုံးရဲ့ ထျန်းကန်း ဓားစိတ်ဆန္ဒထက် မလျော့တဲ့ ကြမ်းတမ်းပြီး အရမ်းရန်လိုတတ်တဲ့ ဓားစိတ်ဆန္ဒရှိတဲ့ ရှားပါးပါရမီရှင်တစ်ယောက်ပဲ..."
သို့သော် လုရန်ကမူ ကွဲပြားသောအချက်ကို အာရုံစိုက်မိသွားသည်။
"ဒီလုချင်ရှန်းမှာ ကလေးရှိတယ်ပေါ့..."
လုရန်က မျက်ခုံးပင့်လိုက်သည်။
သောက်ကျိုးနည်း...ဒါဆိုရင် ဘယ်လိုလုပ်ပြီး သူက ငါ့ရဲ့ ဖက်တီးမလေးကို မျက်စိကျရဲတာလဲ...
သူ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်...
"အရင်မိန်းမနဲ့ ရတာ ဖြစ်နိုင်တယ်... သေချာတော့ မသိဘူး... ဒါမှမဟုတ် သူ သေသွားတာလည်း ဖြစ်နိုင်တယ်..."
မုယွန်ကျုံးက ပခုံးတွန့်ကာ ပြောဆိုသည်။
ထို့နောက် လုရန်သည် တိုက်ပွဲဆီသို့ အာရုံပြန်စိုက်လိုက်၏။
နှစ်ဖက်လုံး၏ ဓားစိတ်ဆန္ဒများ ရောယှက်သွားသည်။ သူတို့နှစ်ဦးလုံးသည် နေရာတွင် ငြိမ်သက်စွာ ရပ်နေကြပြီး သူတို့၏စိတ်ဝိညာဉ်စွမ်းအားများကို ချိတ်ပိတ်ထားကာ စိတ်ဆန္ဒသက်သက် ယှဉ်ပြိုင်နေကြခြင်းပင်။
"ဒါက တာအိုဆွေးနွေးပွဲနဲ့ ဘာများ ဆိုင်လို့လဲ... ဒါက ယှဉ်ပြိုင်ချင်တဲ့ အကျင့်ဆိုးရဲ့ ရလဒ်သက်သက်ပဲ..."
လုရန်က တီးတိုးရေရွတ်လိုက်သည်။
ဤသည်က တခြားသူများကို ဖိနှိပ်ခြင်းနှင့် ပါရမီကို ပြသခြင်းမှလွဲ၍ တခြားမည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။
ကောင်းကင်ဘုံကိုးထပ်၏ အမြင့်တွင် လုချင်ရှန်းသည် အောင်ပွဲခံနေပြီး သူ၏မျက်နှာပေါ်တွင် ယုံကြည်မှုနှင့် သေချာမှုများ အပြည့်ရှိနေသည်။
စင်မြင့်ပေါ်တွင် စုယွဲ့လင်က မျက်မှောင်ကြုတ်လိုက်၏။ ယခုချိန်၌ သူမ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
အလောင်းအစားကို ဖယ်ထားလိုက်လျှင် သူမ၏ တပည့်သည် ဤဓားစိတ်ဆန္ဒ ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်သွားပါက ဤသည်က လုချင်ရှန်း၏ အကြံအစည်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားဖွယ်ရှိသည်။
မုယွန်ကျုံးသည် ဧည့်အကြီးအကဲတစ်ဦးဖြစ်သည့်တိုင် အလွန်စိုးရိမ်နေသည်။
သူက တီးတိုးရေရွတ်လိုက်၏။
"ဖန်ယုံးရဲ့ နယ်ပယ်က နိမ့်ပေမဲ့ ငါတောင် နားလည်သဘောမပေါက်သေးတဲ့ ဓားစိတ်ဆန္ဒတစ်ခုကို သူ ပိုင်ဆိုင်ထားတယ်... သူ မရှုံးလောက်ပါဘူး..."
သူ၏၏နံဘေးတွင် မုယောင်က သဘောတူညီသည့်အနေဖြင့် ကြက်တစ်ကောင် အစာကောက်နေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
သို့သော် လုရန်က နှုတ်ခမ်းမဲ့ပြီး ပြောဆိုသည်။
"အဲ့ဒီ ဖန်ယုံးက သွားပြီ..."