အခန်း ၈
Vol. 1 Ch. 8
အခန်း ၈....တကယ်လို့ မင်းတို့ ရှုံးရင်ကော
စိတ်ဆန္ဒဆိုသည်မှာ ဉာဏ်အလင်းပွင့်မှုအပေါ် လုံးလုံးလျားလျား မူတည်သောအရာတစ်ခုဖြစ်သည်ဟု လူတချို့က အစဥ်အမြဲ ပြောတတ်ကြသည်။
ဤသည်မှာ ရှင်းလင်းစွာ ရှင်းပြရန် သို့မဟုတ် ဖော်ပြရန် မဖြစ်နိုင်သောအရာတစ်ခုပင်။
သို့သော် လုရန်အတွက်တော့ အလွန်ရိုးရှင်းပြီး အလွန်ရှင်းလင်းလှသည်။
ဤလူများသည် အထွတ်အထိပ်သို့ မရောက်ဖူးသောကြောင့် သူတို့အတွက် ရှေ့ဆက်ရမည့်လမ်းမှာ ဝေဝါးနေခြင်း ဖြစ်နိုင်သည်။
ဥပမာအနေဖြင့် သူ၏ရှေ့ရှိ လုရှောင်ယန်နှင့် ဖန်ယုံးတို့ပင်။
သူတို့၏ဓားစိတ်ဆန္ဒများ ရောယှက်သွားချိန်တွင် ပတ်ဝန်းကျင်ရှိ တပည့်များသည် စိတ်ဆန္ဒကြောင့် ထိခိုက်မည်ကို စိုးရိမ်သဖြင့် အတော်ဝေးဝေးသို့ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြ၏။
သို့သော် သူတို့ စောင့်ကြည့်နေသော်လည်း ထိုအရာကို နားလည်နိုင်ခြင်း မရှိကြပေ။
ဤသည်က လုရန်၏ယခင်ဘဝ၌ ကမ္ဘာပေါ်တွင် ရှိနေစဉ်က အခြေအနေနှင့် အနည်းငယ် ဆင်တူသည်။ နိုင်ငံခြားသားနှစ်ဦး တရုတ်ဘာသာစကားဖြင့် ယှဉ်ပြိုင်ကြသောအခါ ဘာသာစကားအကြောင်း ဘာမှမသိသော တခြားနိုင်ငံခြားသားများသည် သဘာဝကျစွာပင် သူတို့မြင်ရကြားရသမျှကြောင့် ရှုပ်ထွေးပြီး ဇဝေဇဝါ ဖြစ်သွားကြပေမည်။
သို့သော် မည်သူက ကောင်းကောင်းပြောနေပြီး မည်သူက ညံ့ဖျင်းစွာ ပြောနေသည်ကို လုရန်က တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
အမှန်အားဖြင့် သူ၏ အမြင့်ဆုံးအဆင့် ဓားတာအိုဖြင့် လုရန်သည် အမျိုးမျိုးသော ဓားနည်းစနစ်များနှင့် လက်စွဲစာအုပ်များကို တရုတ်ဖတ်စာအုပ်များကို ကြည့်နေသကဲ့သို့ ကြည့်နေခြင်းဖြစ်သည်။ ထိုအရာများ၏ဖွဲ့စည်းပုံမှာ သူ့အတွက် ရှင်းလင်းပြီး တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
အခုချိန်၌...
ဖန်ယုံးနှင့်လုရှောင်ယန်တို့သည် သူတို့၏ ဓားစိတ်ဆန္ဒများနှင့် ထိပ်တိုက်ရင်ဆိုင်နေကြ၏။
ဖန်ယုံး၏ ထျန်းကန်း ဓားစိတ်ဆန္ဒသည် ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း ဉာဏ်အလင်းပွင့်မှုနှင့် အရည်အသွေးအရ သူနှင့်လုရှောင်ယန်ကြားတွင် ကွာဟချက်တစ်ခု ရှိနေသည်။
ထို့ကြောင့် ဖန်ယုံး၏ ရှုံးနိမ့်မှုမှာ မလွဲမသွေ ဖြစ်လာပေမည်။
ဓားစိတ်ဆန္ဒကို ပို၍နားလည်သဘောပေါက်ထားသော ဓားဧကရာဇ် လုချင်ရှန်းသည် ထိုလက္ခဏာများကို မြင်နိုင်သဖြင့် သူ့ထံ၌ ယုံကြည်မှု အပြည့်ရှိနေသည်။
စင်မြင့်ပေါ်တွင်ရှိနေသော စုယွဲ့လင်၏ မျက်နှာသည် အနည်းငယ် ဖြူရော်သွားပေ၏။ သူမသည်လည်း ထိုအချက်ကို တွေ့မြင်နိုင်သည်။
ကံမကောင်းစွာဖြင့် ထိုတိုက်ပွဲကို ရပ်တန့်၍ မရသလို သူမ ဝင်စွက်ဖက်၍လည်း မရပေ။
ဤသည်က လုချင်ရှန်း၏ အလောင်းအစားကြောင့် မဟုတ်ဘဲ လူတစ်ယောက်သည် တခြားလူတစ်ဦးနှင့် စိတ်ဆန္ဒချင်းထိပ်တိုက်တွေ့ဆုံမှု စတင်သွားသည်နှင့် အပြင်လူများက သူတို့ကို ဆွဲခွာ၍ မရနိုင်သောကြောင့်ပင်။
အတင်းအကြပ် ရပ်တန့်ခြင်းသည် ယခုလောလောဆယ် တာအိုဆွေးနွေးပွဲ လုပ်နေသော နှစ်ဦးလုံးအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
လုရန်၏နံဘေးတွင်ရှိနေသော မုယောင်သည် သူ၏စကားကို ကြားပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကို ကြည့်လိုက်သည်။
သူမသည် လုရန်နှင့် ရင်းနှီးသကဲ့သို့ ပြုမူရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ မုယောင်၏ ပင်ကိုစိတ်နေသဘောထားကြောင့်ပင်။
တစ်ဖက်တွင်မူ သူတို့နှစ်ဦးစလုံးသည် မတူညီသော ကြယ်နယ်မြေများမှ လာကြသော်လည်း အင်မော်တယ်ဆေးကြောရေး ရေကန်တစ်ခုတည်းတွင် တစ်ချိန်တည်း ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။
မုယောင်သည် ကံကြမ္မာကို ယုံကြည်သူတစ်ယောက်ပင်။
လုရန်သည် သူမနှင့် သက်တူရွယ်တူဖြစ်သည်ဟု သူမ ခံစားရသော်လည်း ဤလူထံမှ မည်သည်ကြောင့် လူအိုပညာရှင်တစ်ဦး၏ အငွေ့အသက်မျိုး ရနေသနည်း...
သူမသည် ဖန်ယုံးနှင့် လုရှောင်ယန်တို့၏ တိုက်ပွဲကိုလည်း တစ်ချက်ကြည့်လိုက်၏။
ရလဒ်ကမူ သူမ လုံးဝနားမလည်နိုင်ချေ။
ထိုအချိန်မှာပင်...
ကွင်းပြင်ထဲတွင် ဖန်ယုံး၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ယင်လာသည်။
သူ၏နံဘေးပတ်လည်ရှိ ဓားစိတ်ဆန္ဒ လေပြင်းများသည်လည်း ရှုပ်ထွေးပြီး လှိုင်းထလာကာ ဖန်ယုံး၏မျက်နှာတပြင်လုံး သွေးလွှမ်းနေသကဲ့သို့ နီရဲလာတော့သည်။
ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒ၏ အပူလှိုင်းများသည် သူ၏ခန္ဓာကိုယ်ကို မီးကင်နေသကဲ့သို့သူ ခံစားနေရပေ၏။
ဆန့်ကျင်ဘက်အနေဖြင့် လုရှောင်ယန်သည် သက်တောင့်သက်သာနှင့် အေးဆေးတည်ငြိမ်ပုံရပြီး သူ၏ မျက်နှာအမူအရာတွင် ရက်စက်ကြမ်းတမ်းမှု အရိပ်အယောင်တစ်ခုပင် ရှိနေသည်။
ကောင်းကင်ဘုံကိုးထပ်၏ အမြင့်တွင်ရှိနေသော လုချင်ရှန်း၏ နှုတ်ခမ်းထောင့်မှအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
ထိုအချိန်တွင် စုယွဲ့လင်သည် သူမ၏ထိုင်ခုံလက်ရန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် သူမ၏ လက်ဆစ်များ ဖြူရော်သွားသည်။
သူမက ဖြည်းညှင်းစွာ သက်ပြင်းချပြီး ပြောလိုက်၏။
"ဖန်ယုံး... ရှုံးသွားပြီ..."
နောက်တစ်စက္ကန့်မှာပင်...
"ဖူး..."
ဖန်ယုံးသည် ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး သူ၏နံဘေးပတ်လည်ရှိ ထျန်းကန်း ဓားစိတ်ဆန္ဒသည် ပြိုလဲပျက်စီးသွားသည်။ ဖန်ယုံးသည် အရုပ်ကြိုးပြတ် လဲကျသွားပြီး အသက်ကို အမောတကော ရှူရှိုက်နေရလေ၏။
သူ၏ရှေ့ရှိ လုရှောင်ယန်က ရယ်မောပြီး သူ၏ ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို ပြန်ရုပ်သိမ်းလိုက်သည်။
သူက မျက်ခုံးပင့်ပြီး ပြောဆိုသည်။
"မင်း အရှုံးပေးတာကို ငါ လက်ခံတယ်..."
ဤသည်မှာ ရိုးရှင်းသော စကားလုံးအနည်းငယ်မျှသာ ဖြစ်သော်လည်း ဖန်ယုံး၏နှလုံးသားထဲသို့ ကြီးမားသော အရှက်ရမှုကို ယူဆောင်လာခဲ့သည်။
သို့သော် ထိုအရာထက်ပို၍ သူ့ထံတွင် မျှော်လင့်ချက်မဲ့မှုများလည်း ရှိနေသည်။
သူ၏ ဓားတာအို အခြေခံအုတ်မြစ်သည် ဖျက်ဆီးခြင်း ခံလိုက်ရလေပြီ။
တောက်ပသော အနာဂတ်တစ်ခု ဖြစ်ခဲ့ဖူးသည့် အရာသည် ဤနေရာတွင်ပင် ရုတ်တရက် အဆုံးသတ်သွားခဲ့လေပြီ။
"စိတ်ပျက်စရာပဲ... တကယ့်ကို စိတ်ပျက်စရာပဲ... ဒီဖန်ယုံးအကြောင်း ငါ ကြားဖူးပြီးတော့ သူက ငါ့ကို အထင်ကြီးအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ သူက ဒီလောက် လွယ်လွယ်ကူကူ ရှုံးနိမ့်သွားမယ်လို့ ငါ ထင်မထားခဲ့ဘူူး..."
လုချင်ရှန်းက လှောင်ပြောင်လိုက်သည်။
သူ၏ စိတ်လှုပ်ရှားမှုကို သူ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
စုမေက ဖန်ယုံး၏နံဘေးတွင် ချက်ချင်းထွက်ပေါ်လာသည်။ သူ့ကို စစ်ဆေးပြီးနောက် သူမ၏ မျက်နှာအမူအရာသည် ပို၍သုန်မှုန်သွားပေ၏။
ယခုအချိန်တွင် ဖန်ယုံး၏မရီဒါန်းများသည် အပိုင်းပိုင်းပြတ်တောက်သွားပြီး သူ၏ဒန်တျန် ပရမ်းပတာ ဖြစ်နေသည်။
"ဆရာ..."
ဖန်ယုံးက အပြစ်ရှိသကဲ့သို့ ခံစားချက်ဖြင့် စုမေကို ကြည့်လိုက်သည်။
"ဘာမှ ဆက်မပြောနဲ့တော့... နင့်ရဲ့ စိတ်ကို အာရုံစူးစိုက်ပြီး ချီကို စုစည်းထားလိုက်..."
စုမေက သူ့ကို ဆေးလုံးတစ်လုံး ပေးပြီး ညွှန်ကြားလိုက်သည်။
ထို့နောက် ဖန်ယုံးကို အနားယူရန် လူတစ်ယောက်ကို ခေါ်သွားခိုင်းလိုက်၏။
စုမေက လုရှောင်ယန်ကို မော့ကြည့်လိုက်သည်။
လုရှောင်ယန် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း သူက ရန်စစကားဖြင့် မေးလိုက်သည်။
"မဟာအကြီးအကဲက တာအိုဆွေးနွေးပွဲ လုပ်ချင်လို့လား..."
စုမေက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါက ဆန္ဒရှိတယ်... ဒါပေမဲ့ နင် လုပ်ရဲလို့လား..."
လုရှောင်ယန်၏မျက်နှာအမူအရာ ချက်ချင်းတောင့်တင်းအေးခဲသွားသည်။ စုမေ၏ ဓားစိတ်ဆန္ဒ ကျင့်ကြံမှုအဆင့်ကို သူ မသိသော်လည်း သူမ၏ အရှိန်အဝါကပင် သူ့အား တိတ်ဆိတ်သွားစေရန် အကြောက်တရားကို ရရှိစေနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် အရေးကြီးသောအချိန်တွင် လုချင်ရှန်းက ဝင်ပြောလိုက်၏။
"အကြီးအကဲတွေ ဝင်စွက်ဖက်ခွင့် မရှိဘူး... အလောင်းအစား စည်းမျဉ်းတွေကို မမေ့ပါနဲ့... တပည့်တွေအားလုံး စောင့်ကြည့်နေကြတယ်..."
လုချင်ရှန်းသည်လည်း စုမေ၏ စွမ်းရည်များကို သိရှိထားသောကြောင့် လွယ်လင့်တကူ မစွန့်စားရဲပေ။
"ဟွန့်..."
စုမေက အေးစက်စက် နှာခေါင်းရှုံ့ပြီး သူမ၏ ထိုင်ခုံသို့ ပြန်သွားသည်။
စုယွဲ့လင်နှင့် စုမေတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး အခြားသော အကြီးအကဲများနှင့်အတူ သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
ဤဖန်ယုံးသည် အလွန်အမင်း စိတ်လိုက်မာန်ပါ လုပ်လွန်းသဖြင့် အခြေအနေကို ဤအဆင့်ထိ ရောက်သွားစေခဲ့သည်။ ယခု သူတို့ ဘာလုပ်သင့်သနည်း။
လုရှောင်ယန်သည် မာနကြီးသော်လည်း သူ ဤသို့ဖြစ်ရန် အမှန်တကယ်ကို အရည်အချင်းရှိသည်။ သူ၏ ဓားစိတ်ဆန္ဒအပေါ် နားလည်သဘောပေါက်မှုမျိုးသည် သူ၏ လက်ရှိနယ်ပယ်နှင့် အသက်အရွယ်အတွက် အမှန်တကယ်ကို ရှားပါးလှသည်။
လုချင်ရှန်းက သူတို့ကို လာရောက်ရန်စရန် လူများကို ခေါ်လာရဲသည်မှာ အံ့သြစရာ မဟုတ်ပေ။
ကွင်းပြင်အပြင်ဘက်တွင်...
မုယွန်ကျုံးက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"အဲ့ဒီဖန်ယုံးက အရမ်းမိုက်မဲလွန်းတယ်... အခုတော့ ဒီကိစ္စကို သပ်သပ်ရပ်ရပ် အဆုံးသတ်ဖို့ နည်းလမ်းမရှိတော့ဘူး... မဟာလော့ဓားဂိုဏ်းက ဒီတစ်ကြိမ်မှာ အကြီးအကျယ် ဆုံးရှုံးဖို့ ကံကြမ္မာဖန်လာတာပဲ..."
မုယောင်က အနည်းငယ် ဒေါသထွက်နေပြီး သူမက မေးမြန်းလေသည်။
"ဒီဓားစိတ်ဆန္ဒက တကယ်ပဲ အဲ့ဒီလောက်ထိ ကြောက်စရာကောင်းတာလား... မဟာလော့ ဓားဂိုဏ်းရဲ့ တပည့်တွေ အများကြီးထဲမှာ အဲ့ဒီလုရှောင်ယန်ကို ဖြေရှင်းနိုင်မယ့်သူ တစ်ယောက်မှ မရှိဘူးလား..."
မုယွန်ကျုံးက ခေါင်းယမ်းပြပြီးနောက် သူက ပြောလိုက်သည်။
"အဲ့ဒီလိုတော့ မဟုတ်ပါဘူး... ဂိုဏ်းရဲ့ တပည့်အများစုက အင်မော်တယ်နယ်ပယ်ကို မရောက်သေးလို့ပဲ... အင်မော်တယ်နယ်ပယ်ထဲက တပည့်တွေကြားမှာ ဖန်ယုံးရဲ့ ထျန်းကန်း ဓားစိတ်ဆန္ဒက ထိပ်ဆုံးသုံးယောက်စာရင်းမှာ ပါတယ်... ဒါတောင် သူက ဒီလောက် လွယ်လွယ်ကူကူ ရှုံးနိမ့်သွားခဲ့တာ..."
ဧည့်အကြီးအကဲတွေနဲ့ ပတ်သက်လို့တော့...
မေ့လိုက်ပါတော့....သူတို့က ဧည့်သည်တွေ ပြင်ပ အကူအညီတွေလေ.. ပွဲကြည့်နေတာက အဆင်ပြေပေမဲ့ သူတို့ရဲ့အသက်ကို စတေးဖို့ဆိုတာကတော့... မေ့လိုက်ပါတော့....
ထို့ပြင် ဧည့်အကြီးအကဲတစ်ဦးအနေဖြင့် ဝင်စွက်ဖက်ခြင်းသည် အန္တရာယ်များရုံသာမက လုချင်ရှန်းကဲ့သို့ လူမျိုးကို စော်ကားရာရောက်သဖြင့် အမှန်တကယ်ကို မထိုက်တန်ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ အမှန်တကယ်ကို ရှေ့မထွက်ရဲကြချေ။
ဤလုရှောင်ယန်၏ ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒသည် အမှန်တကယ်ကို အထင်ကြီးလောက်စရာပင်။
"ခုဏက စီနီယာအစ်ကိုကို တောင်းပန်ပါတယ်... ဒါပေမဲ့ တာအိုဆွေးနွေးပွဲဆိုတာ ဒီလိုမျိုးပဲ မဟုတ်ဘူးလား... ခင်ဗျားတို့ ကျွန်တော့်ကို အပြစ်တင်လို့ မရဘူး..."
လုရှောင်ယန်က ပြောလိုက်သည်။
သူ တောင်းပန်သည်ဟု ဆိုသော်လည်း သူ၏မျက်နှာတွင် ရန်စမှုနှင့် အောင်ပွဲခံမှုများ အပြည့်ရှိနေသည်။
မဟာလော့ဓားဂိုဏ်း၏ တပည့်များအားလုံးထံတွင် ဒေါသများဖြင့် ပြည့်နှက်နေကြ၏။
သိုင်းပညာလေ့ကျင့်ရေးကွင်း တစ်ခုလုံးသည်လည်း ဆူညံပွက်လောရိုက်လာတော့သည်။
"သောက်ကျိုးနည်း... သူက အရမ်းမာနကြီးလွန်းတယ်..."
"သူက ငါတို့ မဟာလော့ ဓားဂိုဏ်းကို လုံးဝဂရုမစိုက်တာပဲ..."
"သူ့မှာ အရည်အချင်းရှိနေတာပဲ... သူ မာနကြီးနိုင်တာပေါ့..."
"စောစောက ဓားဧကရာဇ် ပြောခဲ့တဲ့ နှစ်ဆ လစဉ်ထောက်ပံ့ကြေး ဆိုတာက ဖြစ်နိုင်တယ် မဟုတ်လား..."
"ဓားဧကရာဇ်က လိမ်မှာမဟုတ်ဘူး... ဓားအမိန့်နန်းဆောင်ကို ငါတို့သွားဖို့ စဉ်းစားသင့်တယ်..."
...
ဆူညံသံများကို နားထောင်ရုံဖြင့် လုချင်ရှန်း၏ အကြံအစည် အလုပ်ဖြစ်နေသည်ကို အကြမ်းဖျင်း တွေ့မြင်နိုင်သည်။
"ဘာလဲ... ဘယ်သူမှ မကျန်တော့ဘူးလား... ဖန်ယုံးရဲ့ ထျန်းကန်း ဓားစိတ်ဆန္ဒကို ငါ ခံစားဖူးသွားပြီ... အဲ့ဒါက အတော်လေး သာမန်ပါပဲ...သူက မင်းတို့ မဟာလော့ ဓားဂိုဏ်းရဲ့ တပည့်တွေအတွက် ကိုယ်စားလှယ် မဟုတ်လောက်ပါဘူး..."
လုရှောင်ယန်က ဆက်လက်၍ ရန်စနေလေ၏။
စုယွဲ့လင်နှင့် တခြားသူများအားလုံး အနေရခက်သွားကြသည်။
မဟာလော့ ဓားဂိုဏ်းအတွင်း၌ စုယွဲ့လင်နှင့် အကြီးအကဲများမှလွဲ၍ ဖန်ယုံးထက် ဓားစိတ်ဆန္ဒကို ပို၍နားလည်သဘောပေါက်ထားသော တပည့်များ အမှန်တကယ် ရှိနေသည်။
သို့သော် သူတို့သည် လုရှောင်ယန်ကို ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာသလောက်နီးပါးပင်။
သူမက သူတို့ကို ဒုက္ခိတဖြစ်အောင် တစ်ယောက်ပြီးတစ်ယောက် လွှတ်ပေးရမည်လော...
ထိုအချိန်တွင် လုချင်ရှန်းကလည်း အော်ဟစ်ပြောဆိုလိုက်၏။
"ဘယ်သူမှ တာအိုဆွေးနွေးပွဲ ဆက်မလုပ်ချင်တော့ဘူးဆိုတော့ ငါတို့ရဲ့ အလောင်းအစားက..."
သူ စကားမဆုံးခင်မှာပင်...
လူအုပ်ထဲမှ အသံတစ်ခုက သူ့ကို ကြားဖြတ်ပြောလိုက်သည်။
"အလောင်းအစားတစ်ခုဆိုမှတော့ နိုင်ရင် ဘာဖြစ်မလဲဆိုတာကိုပဲ ပြောတာက ဟာသတစ်ခု မဟုတ်ဘူးလား... တကယ်လို့ မင်းတို့ ရှုံးရင်ကော... အဲ့ဒီအချိန်ကျရင် ဘာလုပ်သင့်လဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူများအားလုံး၏အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားသည်။
ကွင်းပြင်အပြင်ဘက်တွင် လုရန်သည် တပည့်အုပ်ကြီးထဲမှ ခြေတစ်လှမ်းချင်း ထွက်လာပြီး ပျင်းရိစွာ ပြောလိုက်သည်။
မုယွန်ကျုံးနှင့် မုယောင်တို့ အလွန်အံ့အားသင့်သွားပြီး သူ့ကို ပြန်ဆွဲရန် အချိန်မရလိုက်ပေ။
"ပြီးသွားပြီ... ပြီးသွားပြီ... ဒီကောင်လေးက တကယ်ကို ရူးနေတာပဲ... ယောင်ယောင်... နောင်ကျရင် သူနဲ့ ဝေးဝေးနေရမယ်..."
မုယွန်ကျုံးက ပြောလိုက်၏။
ကောင်းကင်ဘုံကိုးထပ်၏ အမြင့်တွင်ရှိနေသော လုချင်ရှန်းက လုရန်ကို ကြည့်လိုက်သည်။
ကွင်းပြင်ထဲတွင်ရှိနေသော လုရှောင်ယန်၏ အကြည့်သည်လည်း ရွေ့လျားသွားသည်။
စင်မြင့်ပေါ်တွင်...
စုယွဲ့လင်သည် ထိုအသံကို ရင်းနှီးသည်ဟု ခံစားရပြီး မသိစိတ်အရ သူမလည်း လှည့်ကြည့်လိုက်၏။