အခန်း ၁၀
Vol. 1 Ch. 10
အခန်း ၁၀: ဆရာ့ကို ဂါရဝပြုခြင်း
သေချာသည်မှာ လုရန်ကို ထိုမျှထိ ယုံကြည်နေသူမှာ စုယွဲ့လင် တစ်ယောက်တည်း မဟုတ်ပေ။
လုရန်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ လုံးလုံးလျားလျား ယုံကြည်မှု ရှိနေသည်။
သူ၏ အမြင့်ဆုံးအဆင့် ဓားတာအို နားလည်သဘောပေါက်မှု၏ ကောင်းချီးဖြင့် သူ၏မျက်စိထဲတွင် လုရှောင်ယန်၏ ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒ ဆိုသောအရာမှာ...
ဘယ်လိုပြောရမလဲ...
အမှိုက်ဟု ခေါ်လျှင် တရားမျှတမည် မဟုတ်သော်လည်း အခြေအနေက အတူတူလောက်ပင် ဖြစ်နေပြီး ကလေးကစားစရာတစ်ခုထက် မပိုပေ။
စုယွဲ့လင်၏ စကားများကြောင့် လက်ရှိနေရာရှိ အခြေအနေသည် နောက်တစ်ကြိမ် ထူးဆန်းသွားပေ၏။
မဟာလော့ဓားဂိုဏ်းသည် သူတို့၏ ဆန္ဒမပါဘဲ ဤအခြေအနေသို့ အတင်းအကြပ် တွန်းပို့ခံရကြောင်းကို ပိုင်းခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့် မည်သူမဆို သိမြင်နိုင်သည်။
ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး အလောင်းအစားကို ရှောင်ရှားခြင်းကသာ အဓိပ္ပာယ်ရှိသည့် တစ်ခုတည်းသော နည်းလမ်းပင်။
မည်သို့ပင်ဆိုစေကာမူ စုယွဲ့လင်သည် ထိုအလောင်းအစားကို သဘောမတူခဲ့ပေ။ ဖန်ယုံးက သူ၏ဆန္ဒအလျောက် ရှေ့ထွက်ခဲ့ခြင်းဖြစ်သောကြောင့် နောက်ပိုင်းတွင် အမှားပြင်ဆင်ရန် အခွင့်အရေး ရှိနေသည်။
သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ စုယွဲ့လင်သည် အလောင်းအစားကို အမှန်တကယ် လက်ခံလိုက်ခြင်းပင်။
ထို့ကြောင့် ဤအလောင်းအစားကို တရားဝင် သတ်မှတ်လိုက်လေပြီ။
လုချင်ရှန်း ကိုယ်တိုင်ကလည်း သဘောတူသည်ဟု ပြောခဲ့ပြီး ဖြစ်ပေ၏။
ထိုသို့ဖြစ်နေမှတော့...
လုချင်ရှန်း အနည်းငယ် တွန့်ဆုတ်သွားပြီး လုရန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ... ဒီအလောင်းအစားရဲ့ စည်းမျဉ်းတွေကို မမေ့နဲ့နော်... တကယ်လို့ မင်းက အပြင်လူဆိုရင် ဝင်စွက်ဖက်ခွင့် မရှိဘူး..."
လုရန်က လက်ဝှေ့ယမ်းပြပြီး လုချင်ရှန်း၏စကားကို ကြားဖြတ်ပြောလိုက်သည်။
သူက ပြောလိုက်၏။
"ငါ့နာမည်က ယဲ့နန်... မဟာလော့ ဓားဂိုဏ်းရဲ့ ဧည့်အကြီးအကဲ တစ်ယောက်ဖြစ်ပြီးတော့ တာအိုဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဒီကို ရောက်နေတာ..."
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
လုရန်ကို တစ်ချိန်လုံး လျစ်လျူရှုထားခဲ့သော လုရှောင်ယန်သည် ဆက်၍သည်းမခံနိုင်တော့ပေ။
"ဟားဟားဟား... ကောင်လေး မင်းက တော်တော် ယုံကြည်မှု ရှိနေတာပဲ... ငါ့ကို ဘယ်လောက်တောင် အထင်သေးနေတာလဲ... ကောင်းပြီလေ... ဒါက ငါ့တို့ဓားအမိန့်နန်းဆောင်ရဲ့ ရင်ခွင်ထဲကို ကြီးမားတဲ့ ကံကောင်းမှုကြီး ကျလာသလိုပဲလို့ ငါ မှတ်ယူလိုက်မယ်... လာ... ငါတို့ တာအိုဆွေးနွေးပွဲ လုပ်ကြတာပေါ့..."
သူက အားရပါးရ ရယ်မောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ဒေါသထွက်နေသည်။
သူသည် ကလေးဘဝကတည်းက ဓားတာအိုအတွက် ထူးခြားပြောင်မြောက်သော ပါရမီကို ပိုင်ဆိုင်ထားပြီး ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ထားသူ ဖြစ်ရာ တူညီသော နယ်ပယ်အတွင်းတွင် ပြိုင်ဘက်နှင့် ကြုံတွေ့ရခဲသည်။
ထိုသို့သည့်တိုင် သူသည် အလောင်းအစားကို ရှောင်ရှားရန် မကြိုးစားဘဲ အနိုင်ရပြီးသားကဲ့သို့ ပြုမူနေသော လူတစ်ယောက်၏ လျစ်လျူရှုခြင်းကို ခံနေရပေ၏။
'သူက ငါ့ကို အိတ်ထဲထည့်ထားသလို ထင်ရလောက်အောင် ဘယ်လောက်တောင် ယုံကြည်မှု ရှိနေရတာလဲ...'
ဤမမြင်ရသော အထင်အမြင်သေးမှုက လုရှောင်ယန်ကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်။
ထိုသို့ပြောဆိုပြီးနောက်...
လုချင်ရှန်း တုံ့ပြန်ရန် မစောင့်တော့ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည်။
ဤတစ်ကြိမ်တွင်မူ ယခင်ကနှင့် မတူတော့ပေ။
လုရှောင်ယန်၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တွန့်လိမ်ကောက်သွားပြီး သူ၏ ဓားစိတ်ဆန္ဒ ဖုံးလွှမ်းမှုကြောင့် မီးတောက်ကြာပန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
သေချာကြည့်လျှင် ထိုမီးတောက်ကြာပန်းများ၏ ပွင့်ဖတ်တိုင်းသည် ဓားချီများမှ စုစည်းထားပုံရသည်။
ဤသည်မှာ သဘာဝလွန်ဖြစ်စဉ်တစ်ခုပင်။
စင်မြင့်ပေါ်ရှိ စုမေနှင့်တခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
လုရှောင်ယန်သည် ဖန်ယုံးနှင့် တာအိုဆွေးနွေးပွဲ လုပ်စဉ်က သူ၏ဓားတာအို နားလည်သဘောပေါက်မှုကို ထိန်ချန်ထားပြီး အပြည့်အဝ ထုတ်လွှတ်မထားခဲ့ကြောင်း သိသာထင်ရှားသည်။
ထိုကဲ့သို့ သဘာဝလွန်ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေနိုင်စွမ်းရှိသော ဓားစိတ်ဆန္ဒသည် အတိုင်းအတာတစ်ခုအထိ စုမေ၏ ဓားစိတ်ဆန္ဒထက်ပင် သာလွန်နေသည်။
'ပြီးသွားပြီ... မဟာလော့ ဓားဂိုဏ်းကတော့ ဒီတစ်ကြိမ် လုံးလုံးလျားလျား ပြီးဆုံးသွားတော့မှာပဲ...'
ဤသည်မှာ မဟာလော့ ဓားဂိုဏ်း၏ အကြီးအကဲ အသီးသီးနှင့် မရေမတွက်နိုင်သော တပည့်များ၏ စိတ်ထဲရှိ တစ်ခုတည်းသော အတွေးပင်။
စုမေက စုယွဲ့လင်ကို လှည့်ကြည့်လိုက်သည်။
သို့သော် ထူးဆန်းစွာပင်....
ဤအချိန်တွင် စုယွဲ့လင်သည် သူမ၏ ယခင်က စိတ်ဓာတ်ကျပြီး မှိုင်းညို့နေသော အမူအရာကို ဖယ်ရှားလိုက်ပြီးဖြစ်သည်။ ထို့အစား သူမသည် တက်ကြွနေပြီး ဂဏာမငြိမ်ဖြစ်ကာ သူမ၏ တင်ပါးတွင် မီးလောင်နေသကဲ့သို့ ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်မထိုင်နိုင် ဖြစ်နေပေ၏။
သူမ၏မျက်လုံးများ တောက်ပပြီး စူးရှနေသည်။ ယဲ့နန် ထွက်ပေါ်လာသည့် အချိန်မှစ၍ ယခုတိုင်အောင် သူမ၏ အကြည့်သည် အနည်းငယ်မျှပင် ရွေ့လျားမသွားခဲ့ပေ။
သူမသည် မျက်တောင်ခတ်ရန်ပင် ဆန္ဒမရှိပုံရသည်။
"ယွဲ့လင်... ဒါက ဘာသဘောလဲ..."
စုမေက တိုးညှင်းသော အသံဖြင့် မမေးဘဲ မနေနိုင်ခဲ့ပေ။
"ပွဲသာ ကြည့်နေလိုက်ပါ..."
စုယွဲ့လင်က ညင်သာစွာပြုံး၍ ပြောလိုက်သည်။
"ပွဲကြည့်ရမယ်... ဒီအလောင်းအစားက ဘာကို ဆိုလိုတာလဲဆိုတာ နင် သိရဲ့လား... ဒီယဲ့နန်က မနေ့ကမှ အထက်ဘုံကို တက်လှမ်းလာတာလေ... နင်က ဘယ်လိုလုပ် ရဲရဲတင်းတင်းနဲ့..."
သူမ၏စကားမဆုံးခင်မှာပင် စုမေ ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။
'ဒါက မဟုတ်သေးဘူး...'
သူမသည် လုရန်ကို ချက်ချင်းလှည့်ကြည့်လိုက်၏။ သေချာသည်မှာ လုရန်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင် ရှိနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားလှသည်။
သို့သော် ထိုသိပ်သည်းပြီး နက်ရှိုင်းသော အရှိန်အဝါသည် ယခုမှ အထက်ဘုံသို့ တက်လှမ်းလာသော လူသစ်လေးတစ်ယောက်တွင် တွေ့ရလေ့ရှိသည့် ဂဏာမငြိမ်ဖြစ်မှုမျိုး ကင်းမဲ့နေသည်။
စုမေ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် မနေ့ညက သူမ ဤလူနှင့် ပထမဆုံး တွေ့ဆုံချိန်တွင် သူ၏အရှိန်မဝါသည် ဤမျှထိ နက်ရှိုင်းမှု မရှိခဲ့သောကြောင့်ပင်။
သူမ မည်မျှပင် ပြင်းပြင်းထန်ထန် တွေးတောစေကာမူ စဉ်းစား၍ မရသော်လည်း ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒသည် လုရန်ကို လုံးဝဖုံးလွှမ်းသွားသည်ကို မြင်သောအခါ စုမေ၏နှလုံးသား အောက်ခြေအထိ လေးလံသွားပေ၏။
မည်မျှပင် ဟန်ဆောင်နေစေကာမူ ဓားစိတ်ဆန္ဒ ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရချိန်တွင် အရာအားလုံး အဓိပ္ပာယ်မဲ့သွားသည်။
လုရှောင်ယန်၏ ဓားစိတ်ဆန္ဒသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
လုရန်၏ ဘက်တွင်မူ သူ လုံးဝကို သက်တောင့်သက်သာ ရှိနေသည်။
ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒသည် သူ့ဆီသို့ ပြေးဝင်လာသည်ကို ကြည့်ရင်း သူသည် ရှောင်တိမ်းခြင်း မရှိဘဲ နွေဦးလေညှင်းကို ခံစားနေရသကဲ့သို့ သက်တောင့်သက်သာ ရှိနေပုံရသည်။
ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒ၏ ဖုံးလွှမ်းမှုအောက်တွင် သူ၏ဝတ်ရုံသည် တဖျပ်ဖျပ် လူးလွန့်နေပြီး သူသည် ပြင်းထန်သော မုန်တိုင်းထဲရှိ အထီးကျန် လှေငယ်တစ်စင်းကဲ့သို့ ယိမ်းယိုင်နေပုံရသည်။
သေချာသည်မှာ ဤသည်မှာ ကြည့်ရှုနေသူများ၏ အမြင်မျှသာ ဖြစ်သည်။
ဤအချိန်တွင် လုရှောင်ယန်၏စိတ်ထဲ၌ သူ၏ ဓားစိတ်ဆန္ဒသည် မိုးထိအောင် မြင့်မားနေသော်လည်း သူ၏ဆန့်ကျင်ဘက်ရှိ ယဲ့နန်သည် ခိုင်မြဲစွာ ရပ်တည်နေပြီး တုန်လှုပ်မှု မရှိသော ပင်လယ်ထောက်အပ်တစ်ချောင်းနှင့် တူညီနေသည်။
ကောင်းကင်ယံအမြင့်တွင် လုချင်ရှန်းသည် လုရှောင်ယန်က သူ၏ ဓားစိတ်ဆန္ဒကို အထွတ်အထိပ်သို့ တွန်းပို့လိုက်သည်ကို စောင့်ကြည့်နေပြီး ထိုအချိန်ကျမှသာ သူ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
သူက တီးတိုးရေရွတ်လိုက်၏။
"ငါ မျှော်လင့်ထားတာထက် နည်းနည်းစောပြီး ဖြစ်လာပေမဲ့ ကိစ္စမရှိပါဘူး... စုယွဲ့လင်က အလောင်းအစားကို သဘောတူထားပြီးပြီဆိုတော့ ဒီအခွင့်အရေးကို ယူပြီး မဟာလော့ဓားဂိုဏ်းကို တစ်ချက်တည်းနဲ့ သိမ်းပိုက်လိုက်တာပေါ့..."
သို့သော် နောက်တစ်စက္ကန့်မှာပင်...
"ငါ့ကို ကောင်လေးလို့ ခေါ်တယ်ပေါ့... သိပ်ရိုင်းတာပဲ..."
လုရန်က အော်ဟစ်လိုက်ပြီး ရုတ်တရက် သူ၏ခြေထောက်ကိုမြှောက်ကာ ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒအတွင်း၌ အေးအေးလူလူ လမ်းလျှောက်နေလိုက်သည်။
သူသည် လုရှောင်ယန်ဆီသို့ ဦးတည်မသွားဘဲ သူ၏ အရှေ့ဘက် ခပ်စောင်းစောင်းနေရာတွင် မြေကြီးထဲ စိုက်ထားသော ကောင်းကင်တိုင်းတာခြင်းပေတံဆီသို့ ဦးတည်သွားသည်။
သူ၏နံဘေးပတ်လည်ရှိ ဒေါသတကြီး လောင်ကျွမ်းနေသော ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒသည် သူ့အပေါ်သို့ လုံးလုံးလျားလျား သက်ရောက်မှု မရှိသည့်အလားပင်။
ဤထူးဆန်းသော အပြုအမူက လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေသည်။
ဆန့်ကျင်ဘက်အနေဖြင့် စင်မြင့်ပေါ်ရှိ စုယွဲ့လင်သည် အလွန်စိတ်လှုပ်ရှားနေပေ၏။ ထိုကောင်းကင်တိုင်းတာခြင်းပေတံသည် လုရန်ကိုယ်တိုင် ဖန်တီးထားခဲ့သောအရာပင်။
ထူးဆန်းနေသည်မှာ စိတ်ဝိညာဉ်နယ်မြေတွင် ကောင်းကင်တိုင်းတာခြင်းပေတံကို အသုံးမပြုနိုင်ပေ။ ထိုသို့ဆိုလျှင် သူ မည်သည့်အရာအား ပြုလုပ်မည်နည်း။
သူမ တွေးတောနေစဉ်မှာပင်...
ဝှစ်...
လုရန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းပြင်တွင် စိုက်ထားသော အနက်ရောင် ကျောက်စာတိုင်သည် မြေကြီးထဲမှ မြင့်တက်လာပေ၏။
ထို့နောက် ထိုအရာသည် အနက်ရောင် သစ်သားချောင်းလေးတစ်ခုအဖြစ် လျှင်မြန်စွာ ကျုံ့ဝင်သွားပြီး လုရန်က သူ၏ လက်ထဲတွင် ကိုင်ထားလိုက်သည်။
သူက ထိုအရာကို ပေါ့ပေါ့ပါးပါး လှည့်လိုက်ပြီး ဓားကွက်တစ်ခုကို ဖော်ဆောင်လေသည်။
လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"မဆိုးဘူး... အရင်တုန်းကအတိုင်း သုံးရတာ အဆင်ပြေနေတုန်းပဲ..."
မည်သို့ပင်ဆိုစေကာမူ ထိုအရာသည် သူကိုယ်တိုင် ဖန်တီးထားခဲ့သောအရာပင်။
လုရန်သည် သူ့ဘာသာသူ ကစားနေသဖြင့် လုရှောင်ယန်သည် ထပ်မံ၍ သည်းမခံနိုင်တော့ပေ။
သူက အော်ငေါက်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ... ဒါက တာအိုဆွေးနွေးပွဲဆိုမှတော့ မင်းရဲ့ ဓားစိတ်ဆန္ဒက ဘယ်မှာလဲ... အဲ့ဒါက ဘာဂုဏ်သတ္တိလဲ... ပြစမ်း... တကယ်လို့ မင်းက ဓားစိတ်ဆန္ဒကိုတောင် နားလည်သဘောမပေါက်သေးဘူးဆိုရင် မင်းတို့ရဲ့ မဟာလော့ ဓားဂိုဏ်းက ရှုံးတော့မှာပဲ..."
"ဂုဏ်သတ္တိလား... အဲ့ဒီ အလကား အပေါ်ယံ ဟန်ပြအရာတွေက အသုံးမကျဘူး... ဓားတာအိုဆိုတာက မင်းတို့ ကစားနေသလိုမျိုး မဟုတ်ဘူး..."
လုရန်က ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
သူသည် သူ၏လက်ထဲရှိ ကောင်းကင်တိုင်းတာခြင်းပေတံကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဓားတစ်လက်အလား လုရှောင်ယန်ဆီသို့ ညွှန်ပြလိုက်၏။
သူက ရှေ့သို့ ညင်သာစွာ ခြေတစ်လှမ်း တက်လိုက်သည်။
ဤခြေတစ်လှမ်းတည်းဖြင့်...
ဘုန်း...
လုရှောင်ယန်၏ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒတွင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းပေါ်လာသည်နှင့် တပြိုင်နက် ပင့်ကူအိမ်အလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ရုတ်ချည်းဆိုသလိုပင်...
ဘုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒတစ်ခုလုံးသည် အပိုင်းပိုင်းအစစ ပြိုကွဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
လုရှောင်ယန်သည် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်ပြီး သူ၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူရော်သွားကာ ဒူးထောက်ရက်သား အရုပ်ကြိုးပြတ် ကျဆင်းသွားသည်။ သွေးများသည် ရေပန်းကဲ့သို့ သူ၏ပါးစပ်မှ ပန်းထွက်လာပြီး သူ၏အခြေအနေမှာ အစောပိုင်းက ဖန်ယုံးထက် ဆယ်ဆမက ပို၍ဆိုးရွားနေပေ၏။
ဆန့်ကျင်ဘက်အနေဖြင့် လုရန်သည် တည်ငြိမ်အေးဆေးနေပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ ကောင်းကင်တိုင်းတာခြင်းပေတံကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။
ဤအချိန်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။
ယနေ့တွင် လုရှောင်ယန်က လူတိုင်းကို လွှမ်းမိုးသွားလိမ့်မည်ဟု သူတို့ ထင်ခဲ့သော်လည်း နောက်ဆုံးတွင် ရုတ်တရက် ပေါ်လာသော ဤယဲ့နန်၏ ကြားဖြတ်နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။
ခြေတစ်လှမ်းတည်းဖြင့် သူသည် တစ်ဖက်လူ၏ဓားစိတ်ဆန္ဒကို ခြေမွှဖျက်ဆီးလိုက်၏။
စုမေက သူမ၏နှလုံးသားသည် သူမ၏ လည်ချောင်းထဲ ရောက်နေသကဲ့သို့ ခံစားရပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏အသက်ရှူနှုန်း ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
သူမသည် ဝမ်းသာအားရ ဖြစ်နေကာ စုယွဲ့လင်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ စုယွဲ့လင်သည် ထိုအရာကို ကြိုတင်မျှော်လင့်ထားခဲ့သည့်အလား အံ့အားသင့်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြပေ။
"ရှောင်ယန်..."
လုချင်ရှန်းသည် ဆက်လက်၍ မာနမကြီးရဲတော့ပေ။
သူသည် သူ၏ စိတ်ဝိညာဉ်ရတနာပေါ်မှ ခုန်ဆင်းလာပြီး လုရှောင်ယန်ကို ပွေ့ဖက်ထားလိုက်၏။
လုရှောင်ယန်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာသည် ချက်ချင်းတင်းမာခက်ထန်သွားသည်။
ဤသည်မှာ သူ လုချင်ရှန်း၏ သားအရင်းဖြစ်ကာ ဓားအမိန့်နန်းဆောင်တွင် နှစ်တစ်သောင်းအတွင်း တစ်ကြိမ်သာ တွေ့ဖူးသည့် ဓားပါရမီရှင်တစ်ဦးပင်။
ယခုအချိန်၌ သူ၏အခြေခံအုတ်မြစ်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်ရှိ လူတစ်ယောက်၏ လုံးလုံးလျားလျား ဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။
"မင်း... က... သေလမ်းကို ရှာနေတာပဲ..."
လုချင်ရှန်းထံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
ဝီ...
ဖျော့တော့သော ခရမ်းရောင် အလင်းစက်ဝန်းတစ်ခုသည် သူ၏ခေါင်းနောက်တွင် တောက်ပလာပေ၏။ ထိုအလင်းစက်ဝန်းက လုရန်ကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။ ဤသည်က ဗုဒ္ဓ၏ ရောင်ခြည်စက်ဝန်းနှင့် တူညီနေသည်။
သို့သော် ချက်ချင်းဆိုသလိုပင်...
လုရန်၏ရှေ့တွင် ကျော့ရှင်းသော ပုံရိပ်တစ်ခု ပေါ်လာပြီး လုချင်ရှန်းကို အေးစက်စက် ကြည့်လိုက်သည်။
ဤသည်မှာ စုယွဲ့လင်ပင်။
သူမ၏ ခေါင်းနောက်တွင်လည်း ထပ်တူညီသော အလင်းစက်ဝန်းတစ်ခု ရှိနေသည်။
သူမက ဓားရှည်ကို ဆွဲထုတ်ထားပြီး လုချင်ရှန်းကိုကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
"နင်ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို မမေ့နဲ့နော်... တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင် ငါ အဖော်ပြုပေးမယ်... တကယ်လို့ ဆက်လုပ်ချင်တယ်ဆိုရင် လူလွှတ်လိုက်... တကယ်လို့ အရှုံးပေးမယ်ဆိုရင် ဒီနေ့ကစပြီး ဓားအမိန့်နန်းဆောင်ကို ဖျက်သိမ်းလိုက်တော့..."
လူလွှတ်ရမယ်... ဘယ်သူ့ကိုလဲ...
လုချင်ရှန်းနှင့်အတူ ပါလာသော တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သူမျှ စကားမပြောရဲကြပေ။
စုယွဲ့လင်ကို ရင်ဆိုင်ရချိန်တွင် လုချင်ရှန်း၏ မျက်နှာအမူအရာသည် မသေချာမရေရာစွာ ပြောင်းလဲသွားသည်။ သူ စကားတစ်ခွန်းမျှ မပြောဘဲ လုရှောင်ယန်ကို ပွေ့ချီကာ ကောင်းကင်သို့ ပျံသန်းသွားသည်။
ထို့နောက် တောက်ပနေသော စိတ်ဝိညာဉ်ရတနာဖြစ်သည့် ဓားပျံပေါ်တွင် မတ်တတ်ရပ်ပြီး သူသည် သူ၏လူများကို ခေါ်ကာ မိုးကုပ်စက်ဝိုင်းအတွင်းသို့ အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားတော့သည်။
စုမေနှင့် တခြားအကြီးအကဲများသည်လည်း စုယွဲ့လင်၏နံဘေးသို့ ရောက်ရှိလာကြ၏။
အခြေအနေကို နားမလည်သေးသော စုမေက စုယွဲ့လင်ကို မေးရန် ဟန်ပြင်လိုက်သည်။
သို့သော် စုယွဲ့လင်ကမူ လုရန်ဘက်သို့ လှည့်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ရိုသေစွာ ဂါရဝပြုလိုက်သည်။
ထို့နောက် သူမက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"တပည့် စုယွဲ့လင်က ဆရာ့ကို ဂါရဝပြုပါတယ်... စိတ်ဝိညာဉ်နယ်မြေကို ရောက်လာတဲ့ ဆရာ့ကို ကြိုဆိုပါတယ်..."
Book 1 end.