အခန်း ၁၁
Vol. 2 Ch. 11
အခန်း ၁၁: အဆင့်မြင့် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းခြင်း
စုမေ အံ့အားသင့်သွားသည်။
ဆရာလား...
စုယွဲ့လင်ရဲ့ ဆရာလား...
"ယွဲ့လင်... နင့်ရဲ့ဆရာက... လုရန် မဟုတ်ဘူးလား... ဒီယဲ့နန်က..."
စုမေက ဇဝေဇဝါဖြင့် မေးလိုက်သည်။
ပတ်ဝန်းကျင်ရှိ တပည့်များသည်လည်း ဇဝေဇဝါ ဖြစ်သွားကြပြီး မုယွန်ကျုံးနှင့် မုယောင်တို့လည်း အံ့အားသင့်မှင်တက်သွားကြ၏။
"ငါက လုရန်ပါ... ယဲ့နန်ဆိုတဲ့ နာမည်ကို တစ်ခါတစ်လေ သုံးလေ့ရှိတယ်..."
လုရန်က ရယ်မောပြီး ပြောလိုက်သည်။
စုမေ ချက်ချင်းသဘောပေါက်သွားသည်။
ဤယဲ့နန်သည် လုရန်ပင်။
သူသည် စုယွဲ့လင်နှင့် ပြည်နယ်ကိုးခုတခွင်တွင် ပြန့်ကျဲနေသော အပြာရောင်ကြယ်မှ မရေမတွက်နိုင်သည့် အင်မော်တယ်များ နေ့ရောညပါ တောင့်တနေခဲ့သော ဆရာပင်။
ဂလု...
စုမေသည် တံတွေးမြိုချလိုက်ပြီး လုရန်ကို ကြည့်လိုက်၏။
ယခင်က စုယွဲ့လင် လုရန်အကြောင်း ကြွားဝါပြောဆိုသည်ကို သူမ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားခဲ့ဖူးသော်လည်း စုမေသည် မည်သည့်အခါမျှ အလေးအနက် မထားခဲ့ပေ။
နှစ်ပေါင်း တစ်သိန်းကြာအောင် အထက်ဘုံသို့ မတက်လှမ်းနိုင်ခြင်းက ပါရမီနည်းပါးမှုကို ရှင်းလင်းစွာ ဖော်ပြနေသည်။ သူ အထက်ဘုံသို့ တက်လှမ်းလာလျှင်ပင် အစကနေ ပြန်စရမည့် အစစ်အမှန် အင်မော်တယ်တစ်ဦးသာ ဖြစ်ပေမည်။
သို့သော် ယနေ့တွင် မနေ့ကမှ အထက်ဘုံသို့ တက်လှမ်းလာသော ဤအစစ်အမှန်အင်မော်တယ်သည် လုရှောင်ယန်၏ ကပ်ဘေးမီးတောက် ဓားစိတ်ဆန္ဒကို ခြေလှမ်းတစ်လှမ်းတည်းဖြင့် ခြေမွှဖျက်ဆီးလိုက်သည်။
ထို့ပြင်...
တိုတောင်းသော ညတစ်ညအတွင်းမှာပင် လုရန်၏ အရှိန်အဝါသည် မနေ့ကထက်ပင် ပို၍နက်ရှိုင်းလာပေ၏။
တစ်ချိန်တည်းမှာပင် လုရန်သည် စုယွဲ့လင်၏ ဆရာဖြစ်ပါက ဆိုလိုသည်မှာ...
စုမေက ချက်ချင်း အော်ဟစ်လိုက်သည်။
"မဟာလော့ ဓားဂိုဏ်းရဲ့ တပည့်တွေအားလုံး ဆရာဘိုးလေးကို ဂါရဝပြုကြစမ်း..."
ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကာ ဂါရဝပြုလိုက်ကြ၏။
"ဆရာဘိုးဘေးကို ဂါရဝပြုပါတယ်..."
ထိုအသံများသည် သိုင်းပညာလေ့ကျင့်ရေးကွင်းအတွင်း၌ ကြီးကျယ်ခမ်းနားစွာ ပဲ့တင်ထပ်သွားတော့သည်။
မုယွန်ကျုံးက သတိဝင်လာပြီး အော်ဟစ်လိုက်သည်။
"သူက လုရန်ပဲ... ဘုရားရေ... ဒါပေမဲ့ သူက ရွှမ်ထျန်းကုန်းမြေက မဟုတ်ဘူးလား..."
မုယောင်က ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ရွှမ်ထျန်းကုန်းမြေက အပြာရောင်ကြယ်က နေရာတစ်နေရာ ဖြစ်နိုင်တယ်လေ..."
ထို့နောက်...
လုရန်၊ စုယွဲ့လင်နှင့် တခြားသူများသည် သိုင်းပညာလေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာခဲ့ကြသည်။
ခန်းမဆောင်အတွင်းတွင် လုရန်သည် ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်ကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒီဂိုဏ်းကို သေချာ စီမံခန့်ခွဲထားတာပဲ... ကောင်မလေး....မင်းမှာ ဒီလို အရည်အချင်းရှိမယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... မဆိုးဘူး... မဆိုးဘူး..."
စုယွဲ့လင်သည် လုရန်၏ဘေးတွင် လိမ္မာရေးခြားရှိစွာ ထိုင်ကာ ချိုမြိန်စွာ ပြုံးနေသည်။
သူမသည် အကြည့်ကို လွှဲဖယ်ခြင်းပင် မပြုချေ။
နှစ်ပေါင်း တစ်သောင်းကျော်အကြာတွင် နောက်ဆုံး၌ စိတ်ဝိညာဉ်နယ်မြေ၌ သူမ၏ဆရာနှင့် တွေ့ဆုံခွင့်ရခဲ့လေပြီ။ စုယွဲ့လင်သည် ယခုအချိန်တွင် အလွန်စိတ်ကြည်နူးနေပေ၏။
စုမေနှင့် တခြားအကြီးအကဲများသည် သူတို့၏နံဘေးပတ်လည်တွင် ထိုင်ကာ လုရန်ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။
လုရန်သည် ရာထူးအဆင့်အတန်း မြင့်မားသော်လည်း သူတို့နှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိပေ။
သူတို့သည် လုရန်အပေါ် စုယွဲ့လင်၏ ရိုသေမှုနှင့် မှီခိုမှုကို မျှဝေခံစားနိုင်ခြင်း မရှိကြချေ။
သို့သော် လုရန် ပြသခဲ့သော ဓားတာအို ပါရမီမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဆရာ... ဆရာက အခု အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာ ရှိနေတာ မဟုတ်လား ... ဒါပေမဲ့ ဆရာ့ရဲ့ အရှိန်အဝါက အရမ်းတည်ငြိမ်နေတာကို ကျွန်မ မြင်ရတယ်... ဆရာက ဘယ်အဆင့်ကို ရောက်နေပြီလဲ..."
စုယွဲ့လင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
စုမေနှင့်တခြားသူများ၏ အကြည့်များသည်လည်း ချက်ချင်းရွေ့လျားသွားပေ၏။
ဤသည်မှာ သူတို့ မေးလိုသော မေးခွန်းလည်း ဖြစ်နေသည်။
မေးခွန်းသည် အနည်းငယ် ထူးဆန်းပုံရနေကာ...
မနေ့ကမှ အထက်ဘုံသို့ တက်လှမ်းလာသော အစစ်အမှန် အင်မော်တယ်တစ်ဦးတွင် အဆင့်မည်မျှ ရှိနိုင်မည်နည်း။
အကောင်းဆုံး ပါရမီဖြင့်ပင် အစစ်အမှန် အင်မော်တယ်နယ်ပယ် ပထမအဆင့်သို့ ရောက်ရန် အနည်းဆုံး နှစ်ငါးရာခန့် ကြာမြင့်လိမ့်မည် မဟုတ်လော...
"အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ ထိုသို့ပြောလိုက်သည်နှင့် လက်ရှိနေရာတွင်ရှိနေသူတိုင်း အံ့အားသင့်သွားကြသည်။
အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်....
မနေ့ကမှ အထက်ဘုံကို တက်လှမ်းလာပြီး တစ်ရေးအိပ်လိုက်ရုံနဲ့ အခု အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်ကို ရောက်နေပြီလား...
အမ်...
'သူက ကျင့်ကြံခြင်းကို ဒီလောက်တောင် လွယ်လွယ်ကူကူ သဘောထားတာလား...'
ယခင်က စုယွဲ့လင်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရန် နှစ်ပေါင်း ခုနစ်ထောင် အချိန်ယူခဲ့ရသည်။
ယခင်က စုမေသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရန် နှစ်ပေါင်း ရှစ်ထောင် အချိန်ယူခဲ့ရသည်။
တခြားသော အကြီးအကဲများသည်လည်း ထပ်တူထပ်မျှပင်။
သို့သော် ဤလုရန်ကမူ...
လုရန်အပေါ် အကြွင်းမဲ့ယုံကြည်မှုရှိသော စုယွဲ့လင်ပင်လျှင် မယုံကြည်နိုင်သော မျက်နှာထား ဖြစ်နေသည်။
ဤအမြန်နှုန်းက မြန်လွန်းနေပေ၏။
"ကောင်မလေး... အခု မင်းက ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ..."
လုရန်က မေးလိုက်သည်။
"အဆင့်မြင့် အင်မော်တယ်... အဆင့်မြင့် အင်မော်တယ်နယ်ပယ် စတုတ္ထအဆင့်ပါ... လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကမှ ရောက်ခဲ့တာပါ..."
စုယွဲ့လင်က မှန်ကန်စွာ တုံ့ပြန်အဖြေပေးသည်။
မုယွန်ကျုံး ပြောခဲ့သည်မှာ အမှန်ပင်။ စိတ်ဝိညာဉ်နယ်မြေတွင် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံမှုနှုန်းမှာ အလွန်နှေးကွေးလွန်းလှသည်။
လုရန် ကျင့်ကြံမည်ဆိုပင် များစွာမြန်ဆန်လိမ့်မည် မဟုတ်ပေ။
သူ၏နယ်ပယ် လျှင်မြန်စွာ မြင့်တက်လာမှုသည် အောက်ဘုံတွင် နှစ်ပေါင်းတစ်သိန်းကြာ တက်ရောက်စာရင်းသွင်းခြင်း၏ ကျေးဇူးကြောင့် လုံးလုံးလျားလျား ဖြစ်နေသည်။
သူသည် ချီများကို အလွန်အမင်း စုဆောင်းထားခဲ့ပေ၏။
"အဆင့်မြင့် အင်မော်တယ် ပြီးရင် ဘာနယ်ပယ်တွေ ရှိသေးလဲ..."
လုရန်က ဆက်မေးလိုက်သည်။
သူသည် စိတ်ဝိညာဉ်နယ်မြေ၏ ကျင့်ကြံခြင်းစနစ်အကြောင်း များများစားစား မသိသေးပေ။
"ရွှေအင်မော်တယ်... ရွှေအင်မော်တယ်ပြီးရင် မဟာပေါင်းစည်းခြင်းအင်မော်တယ် လာတယ်... ပြီးတော့ အင်မော်တယ်သခင် အင်မော်တယ်ဧကရာဇ်တို့ ရှိသေးတယ်... ဒါပေမဲ့ အဲ့ဒါတွေက မကြားဖူးသလောက် ရှားပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ရှေ့ဆက်သွားလေလေ ကျင့်ကြံမှုနှုန်းက ပိုနှေးလာလေလေမို့ပါ... နှစ်တစ်သောင်း တစ်သိန်း တစ်သန်းလောက်တောင် ကြာသွားနိုင်တယ်..."
စုယွဲ့လင်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
သို့သော် အင်မော်တယ်နယ်မြေတွင်ပင် သက်တမ်းမှာ ထိုမျှလောက်ထိ မရှည်လျားချေ။
နယ်ပယ်တစ်ခု မြှင့်တင်ခြင်းက သက်တမ်းကို ရှည်စေသော်လည်း အင်မော်တယ်ကျင့်ကြံခြင်း၏ ရှည်လျားသော လမ်းခရီးနှင့် နှိုင်းယှဉ်လျှင် လုံလောက်မှု မရှိသေးပေ။
ထိုအခြေအနေသည် လမ်းပိတ်နေသကဲ့သို့ ဖြစ်နေကာ နောက်ထပ် နယ်ပယ်များသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
လုရန် ခေါင်းညိတ်လိုက်သည်။ ဤသည်က တခြားသူများအတွက် မဖြစ်နိုင်သော်လည်း သူထံတွင် စနစ်ရှိနေသဖြင့် သူ အနည်းငယ်မျှ စိတ်ပူနေရန် မလိုအပ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနယ်ပယ်တွင် သက်တမ်း နှစ်ပေါင်းတစ်သိန်း ရှိရန်မှာ မဖြစ်နိုင်သော်လည်း လုရန် ကျော်ဖြတ်နိုင်ခဲ့သည်။
"ဒါနဲ့ ခုဏက လုချင်ရှန်းက မင်းနဲ့ ထိပ်တိုက်ရင်ဆိုင်နေတုန်းက မင်းတို့ခေါင်းနောက်က အလင်းစက်ဝန်းတွေက ဘာတွေလဲ..."
လုရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ထိုအရာက အတော်လေး ကောင်းမွန်လှကာ အင်မော်တယ်တစ်ယောက်၏ အရှိန်အဝါကို အမှန်တကယ် ပေးစွမ်းနိုင်ပေ၏။
"ကောင်းမှုကုသိုလ် ခရမ်းရောင်ချီလေ... ဒါက အဆင့်မြင့် အင်မော်တယ်နယ်ပယ်ကို ရောက်ရင် ရရှိတာပါ... တမင်တကာ ကျင့်ကြံနေဖို့ မလိုဘူး... အဲ့ဒါက အဆင့်မြင့် အင်မော်တယ်နဲ့ အစစ်အမှန် အင်မော်တယ်ကို ခွဲခြားပေးတဲ့ သင်္ကေတပဲ..."
စုယွဲ့လင်က ရှင်းပြလိုက်သည်။
"ကောင်းမှုကုသိုလ် ခရမ်းရောင်ချီ..."
လုရန်က တီးတိုးရေရွတ်လိုက်သည်။
သူ၏ တိုးတက်မှုအရ နောက်ထပ် တစ်ညအိပ်ပြီးနောက် သူသည် အဆင့်မြင့် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ပြီး အလင်းစက်ဝန်းတစ်ခုကို ရရှိနိုင်ပေမည်။
ဒါက သောက်ရမ်းမိုက်တာပဲ...
"မလောပါနဲ့ ဆရာ... ဆရာ့ရဲ့ မြန်ဆန်တဲ့ ကျင့်ကြံမှုနှုန်းနဲ့ဆိုရင် အဆင့်မြင့်အင်မော်တယ်အဖြစ် တက်လှမ်းဖို့ဆိုတာ မလွဲမသွေပါပဲ..."
စုယွဲ့လင်က ပြောလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက်...
သူမက တစ်စုံတစ်ခုကို သတိရသွားသည့်အလား ဆက်ပြောသည်။
"ခုဏက ကောင်းကင်တိုင်းတာခြင်းပေတံကို စိတ်ဝိညာဉ်နယ်မြေမှာ သုံးလို့မရဘူးလေ... တကယ်လို့ ဆရာက သင့်တော်တဲ့ လက်နက်တစ်ခု လိုအပ်ရင် မဟာလော့ ဓားဂိုဏ်းရဲ့ ရတနာခန်းမဆောင်ထဲမှာ တချို့ ရှိပါတယ်... အဆင့်တွေက ညံ့ပေမဲ့ ယာယီသုံးဖို့တော့ လုံလောက်မှာပါ..."
အမှန်အားဖြင့် လုရန်သည် ကောင်းကင်တိုင်းတာခြင်းပေတံကို အသုံးပြုနိုင်ပေ၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီများ လုံးဝပြောင်းလဲသွားမည့် အချိန်အတော်လိုအပ်နေဆဲပင်။ သူ့ထံတွင် ချီများ ရှိနေသရွေ့ ကောင်းကင်တိုင်းတာခြင်းပေတံကို အသက်သွင်းနိုင်ပေမည်။
သို့သော် အောက်ဘုံမှ ချီဖြင့် အသုံးပြုရသော ကောင်းကင်တိုင်းတာခြင်းပေတံသည် ဤစိတ်ဝိညာဉ်နယ်မြေရှိ စိတ်ဝိညာဉ်ရတနာများနှင့် ရင်ဆိုင်ရချိန်တွင် စက္ကူနှင့် ခြားနားမည် မဟုတ်ချေ။
ထို့ကြောင့် သူ ထိုအရာကို အသုံးပြုလိုခြင်း မရှိပေ။
သို့သော် နတ်ဘုရားလက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများအကြောင်း တွေးမိသောအခါ လုရန်သည် ယနေ့အတွက် သူ တက်ရောက်စာရင်းသွင်းရန် မေ့နေသေးကြောင်း နောက်ဆုံးတွင် သတိရသွားသည်။
အဘယ်ကြောင့်ဆိုသော် တက်ရောက်စာရင်းသွင်းခြင်းက ဆုလာဘ်များ ပေးသောကြောင့်ပင်။
နံနက်စောစောတွင် သူ့ကို မုယွန်ကျုံးက ခေါ်သွားခဲ့သဖြင့် သူ အချိန်မရခဲ့ချေ။
ထို့ကြောင့် သူက တက်ရောက်စာရင်းသွင်းရန် ပေါ့ပေါ့ပါးပါး ရွေးချယ်လိုက်သည်။
ဒင်...
【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ဤတက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်စေသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ကျင့်ကြံခြင်း ဆုလာဘ် ၁၀ ဆ ရရှိပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်... မွေးရာပါ ရှေးဟောင်းရတနာဖြစ်သော ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို ရရှိပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်....အင်မော်တယ် နည်းစနစ်ဖြစ်သော အင်မော်တယ်ကွပ်မျက်ခြင်း ဓားချက်နည်းစနစ်ကို ရရှိပါသည်】
လုရန် အံ့အားသင့်သွားသည်။
တက်ရောက်စာရင်းသွင်းခြင်း၏ အမြင့်ဆုံးရမှတ်တစ်ခု....
အောက်ဘုံတွင်လည်း ထပ်တူထပ်မျှပင် ဖြစ်ခဲ့သည်။ အမြင့်ဆုံးရမှတ်တိုင်းသည် ပစ္စည်းကောင်းတစ်ခု ပေးမည်မှာ သေချာပေါက်ပင်။
လုရန်၏ အကောင်းဆုံး ပစ္စည်းများစွာကို တက်ရောက်စာရင်းသွင်းခြင်း၏ အမြင့်ဆုံးရမှတ်များမှ ရရှိခဲ့ခြင်းဖြစ်ပေ၏။ ထိုအရာများသည် များပြားပြီး အရည်အသွေးမြင့်မားသည်။
အမြင့်ဆုံးရမှတ်သည် နှစ်တစ်ထောင်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသဖြင့် ဖြစ်နိုင်ခြေ အနည်းငယ် နည်းပါးရုံမျှသာရှိသည်။
ဖြစ်နိုင်ခြေမှာ လက်တွေ့တွင် အကြိမ်တစ်သန်းလျှင် တစ်ကြိမ်ခန့်သာ ဖြစ်နေသည်။
စိတ်ဝိညာဉ်နယ်မြေတွင် တစ်ရက်သာ နေထိုင်ပြီးနောက် ဒုတိယအကြိမ် တက်ရောက်စာရင်းသွင်းခြင်းက အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမည်နည်း။
သူ၏ ကံကောင်းမှုများ ပေါက်ကွဲနေသလော သို့မဟုတ် ဖြစ်နိုင်ခြေ မြင့်တက်လာသလော...
လက်နက်မရှိ၍ သူ စိတ်ပူနေချိန်မှာပင် သူ့ကို ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ် ပေးအပ်ခဲ့လေ၏။
ထိုအရာ၏ အဆင့်မှာ မွေးရာပါ အမြင့်ဆုံးရတနာ ဖြစ်သည်။ လုရန်သည် တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်များမှ ရရှိသော ပစ္စည်းများသည် အခြေခံအားဖြင့် ထိပ်တန်းအဆင့်များဖြစ်ကြောင်း ကောင်းစွာသိထားသည်။
တစ်ချိန်တည်းမှာပင် စနစ်က သူ့ကို အင်မော်တယ် နည်းစနစ်တစ်ခုလည်း ပေးအပ်ခဲ့သည်။
ဤတစ်ကြိမ် တက်ရောက်စာရင်းသွင်းခြင်းက ပြီးပြည့်စုံလှသည်။
သူ၏ရှေ့တွင်ရှိနေသော...
စုယွဲ့လင်၊ စုမေနှင့် တခြားသော အကြီးအကဲများကမူ ငှက်ကလေးများအလား မှင်သက်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ စကားပြောနေစဉ်မှာပင်...
ဖျော့တော့သော ခရမ်းရောင် အလင်းစက်ဝန်းတစ်ခုသည် လုရန်၏ခေါင်းနောက်တွင် ထွက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။
ဤသည်မှာ ကောင်းမှုကုသိုလ်၏ ခရမ်းရောင်ချီပင်။
လွန်ခဲ့သောအချိန်တခဏကမှ အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်တွင် ရှိနေသော လုရန်သည် အဆင့်မြင့်အင်မော်တယ်အဖြစ် တက်လှမ်းသွားခဲ့လေပြီ။