အခန်း ၁၄
Vol. 2 Ch. 14
အခန်း ၁၄: ငါ့ရဲ့သားက ကြီးမားတဲ့ အားဆေးပဲ
ထိုစကားပြောပြီးနောက် လုချင်ရှန်းသည် သူ၏ ခေါင်းကို အနည်းငယ်ငုံ့ကာ တံတွေးကို ဂလုခနဲမြိုချလိုက်သည်။
သူ၏နံဘေးတွင်ရှိနေသော လုရှောင်ယန်သည် အသံမထွက်ရဲဘဲ သတိထား၍ သူ့ကို အဖော်ပြုပေးနေသည်။
သို့သော် သူ၏နှလုံးသားအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။
လုချင်ရှန်း ကိုယ့်ကိုယ်ကိုယ်ပေးထားသော ဓားဧကရာဇ်ဘွဲ့သည် အနည်းငယ် ချဲ့ကားထားသော်လည်း အစစ်အမှန်ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိထားသည်။
သူသည် ဓားအမိန့်နန်းဆောင်ကို တည်ထောင်ပြီး နှစ်ထောင်ပေါင်းများစွာတိုင်အောင် ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့ခြင်းသည် နောက်ပြောင်စရာ မဟုတ်ပေ။
ထိုသို့ဆိုသည့်တိုင် ဤအချိန်တွင် သူသည် လှိုဏ်ဂူထဲရှိလူအပေါ် ဤမျှထိ ရိုသေနေသည်။
မဟုတ်ဘူး... အဲ့ဒါက ရိုသေမှုသက်သက် မဟုတ်ဘူး... လုချင်ရှန်းဆီက အကြောက်တရား အရိပ်အယောင်လေးကို သူ ခံစားနေရတယ်...
လုချင်ရှန်းက 'ဘိုးဘေးအိုကြီး' ဟု ခေါ်သော ဤလူသည် အတိအကျ မည်သူ ဖြစ်သနည်း...
လုချင်ရှန်း ထိုလူအကြောင်း ပြောသည်ကို သူ မည်သည်ကြောင့် တစ်ကြိမ်တစ်ခါမျှ မကြားဖူးသနည်း။
မိနစ်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက်...
အနည်းငယ် အိုမင်းနေသော အသံတစ်သံက နောက်ဆုံးတွင် အတွင်းမှ ထွက်ပေါ်လာသည်။
"အထဲဝင်ပြီး ပြော..."
ဤသည်က လုံလောက်သွားလေပြီ။ လုချင်ရှန်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ပြီး မော့ကြည့်လိုက်ရာ ကျောက်တံခါး ဖြည်းညှင်းစွာ ပွင့်လာသည်ကို မြင်တွေ့လိုက်ရသည်။
လုချင်ရှန်းသည် လုရှောင်ယန်ကို အတွင်းသို့ ခေါ်ဆောင်သွားလေ၏။ သူတို့၏နောက်တွင် ကျောက်တံခါး ပြန်ပိတ်သွားပြီး မူလ ကန့်သတ်ချက် ပြန်လည်အသက်ဝင်လာကာ ချောက်ကမ်းပါး မျက်နှာပြင်၏ အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ကျောက်တံခါးအတွင်းတွင် တောင်၏ဗဟိုချက်ဆီသို့ စောင်းနေသော လိုဏ်ခေါင်းတစ်ခု ရှိနေသည်။
ဆွေးမြည့်နေသော အနံ့သဲ့သဲ့လေးက လေထုထဲတွင် ပျံ့နှံ့နေပေ၏။
ဤနေရာ၌ အလင်းရောင် မရှိသော်လည်း အင်မော်တယ်နယ်ပယ်တွင် ရှိနေသော လုချင်ရှန်းနှင့် လုရှောင်ယန်တို့အတွက် ဤသည်မှာ ဘာမှမဟုတ်ပေ။
လမ်းကို ကျွမ်းဝင်နေသော လုချင်ရှန်းက လုရှောင်ယန်ကို ရှေ့သို့ခေါ်ဆောင်သွားသည်။
မီတာ ရာဂဏန်းခန့် လျှောက်လှမ်းသွားပြီးနောက်....
ရှေ့ရှိ နေရာသည် ရုတ်တရက် ကျယ်ပြန့်သွားပြီး တောင်တစ်ခုလုံးနီးပါးကို အခေါင်းပေါက်ဖြစ်သွားစေသည့်အလား ဧရာမ ကျောက်ခန်းမဆောင်ကြီးတစ်ခုကို ဖော်ပြနေတော့သည်။
ခန်းမဆောင်၏ ထောင့်များတွင် ခြောက်ကပ်နေသော အရိုးများ စုပုံနေပြီး ဆွေးမြည့်နေသော အနံ့သည် လေထုထဲတွင် စွဲထင်နေပုံရပေ၏။
ခန်းမဆောင်၏အလယ်ဗဟိုတွင် ဖျာတစ်ချပ်ပေါ်၌ အဘိုးအိုတစ်ဦး ထိုင်နေသည်။
သူသည် ပိန်လှီပြီး အိုမင်းနေကာ ဖျာပေါ်တွင် ဒူးတစ်ဖက်ထောင်၍ သူ၏ တံတောင်ဆစ်ကို ထောက်ထားသည်။
သူသည် ဝါကြန့်ကြန့်နှင့် ရီဝေနေသော မျက်လုံးတစ်စုံဖြင့် သူတို့နှစ်ဦးကို စိုက်ကြည့်နေသည်။
"ဘိုးဘေးအိုကြီး... ကျွန်တော်..."
လုချင်ရှန်းက အနေရခက်စွာပြုံးပြီး စတင်ပြောဆိုလိုက်၏။
သို့သော် သူ စတင်လိုက်သည်နှင့် တပြိုင်နက်....
ဘိုးဘေးအိုကြီးသည် ရုတ်တရက် ခြောက်ကပ်ပြီး အရိုးပေါ် အရေတင်နေသည့် လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။
အစွမ်းထက်သော ဆွဲငင်အားတစ်ခုအောက်တွင် သူက လုချင်ရှန်းကို သူ့ဆီသို့ ဆွဲယူလိုက်သည်။
ဝှစ်...
သူသည် လုချင်ရှန်းကို လည်ပင်းမှ ကိုင်ထားလိုက်၏။
ထို့နောက် လုချင်ရှန်းကို မြေပြင်သို့ ဆွဲချလိုက်သည်။
လုချင်ရှန်းသည် မသိစိတ်အရ ရုန်းကန်ရန် ကြိုးစားလိုက်ပြီး ကောင်းမှုကုသိုလ်၏ ခရမ်းရောင်အလင်းစက်ဝန်းသည် သူ၏ခေါင်းနောက်တွင် ထွက်ပေါ်လာတော့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရာသည် ချိတ်ပိတ်ခံလိုက်ရသည့်အလား ငြိမ်းသတ်ခြင်းခံလိုက်ရသည်။
"ဘိုးဘေးအိုကြီး... ကျေးဇူးပြုပြီး... ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ..."
လုချင်ရှန်းက ခက်ခက်ခဲခဲအားယူပြီး ပြောလိုက်၏။
အဘိုးအိုက သူ့ကို နံဘေးသို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်သည်။
ဘုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သူသည် ကျောက်ခန်းမဆောင်၏ နံရံကို ဝင်တိုက်မိသွားပြီး ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားသော အက်ကွဲကြောင်းများနှင့်အတူ ချိုင့်ခွက်တစ်ခု ဖြစ်သွားတော့သည်။
"ငါ မင်းကို အကြိမ်ကြိမ် ပြောဖူးပါတယ်... မလိုအပ်ဘဲ ငါ့ကို မနှောင့်ယှက်နဲ့... ပြီးတော့ ကန့်သတ်ချက်ကို မဖွင့်နဲ့လို့... ငါ့ရဲ့စကားတွေကို မင်းနားထဲက လေလို သဘောထားနေတာလား..."
အဘိုးအိုက အေးစက်တင်းမာစွာ ပြောလိုက်၏။
ထို့နောက် သူက လုရှောင်ယန်ကို လှည့်ကြည့်လိုက်သည်။
လုရှောင်ယန်သည် အလွန်ကြောက်လန့်သွားသဖြင့် မလှုပ်ရှားရဲတော့ချေ။ သူ၏နှလုံးခုန်နှုန်း ရပ်တန့်တော့လုမတတ် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် အဘိုးအို လှုပ်ရှားလိုက်ချိန်မှာပင် သူ တွေ့လိုက်ရသောကြောင့်ပင်။
အဘိုးအို၏ခေါင်းနောက်တွင် အလွန်ကြီးမားသော ကောင်းမှုကုသိုလ်၏ ခရမ်းရောင်အလင်းစက်ဝန်းတစ်ခု ရှိနေသည်။
ပြီးတော့ အဲ့ဒါက ရွှေရောင်လေ...
အဲ့ဒါက ဒီအဘိုးကြီးက... ရွှေအင်မော်တယ်တစ်ယောက်ဆိုတဲ့ အဓိပ္ပာယ်ပဲ...
ဒဏ္ဍာရီလာ ရွှေအင်မော်တယ် တစ်ယောက်လား...
အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်တွင်ရှိသော လုချင်ရှန်းသည် ရွှေအင်မော်တယ်နယ်ပယ် အဘိုးအို၏ လက်ထဲတွင် ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ လွယ်လင့်တကူ ကိုင်တွယ်ခြင်း ခံလိုက်ရသည်။
သို့သော် လုချင်ရှန်းသည် မခုခံရဲချေ။ သူသည် သူ၏ဗြောင်းဆန်နေသော မရီဒါန်းများကို ငြိမ်သက်စေရန် အသက်ပြင်းပြင်း အကြိမ်အနည်းငယ်ခန့် ရှူသွင်းလိုက်သည်။
ထို့နောက် သူသည် လုရှောင်ယန်၏နံဘေးသို့ ပြန်သွားလိုက်၏။
"ငါ့ကို လာနှောင့်ယှက်ရတဲ့ ကိစ္စက ဘာလဲ... ပြော..." အဘိုးအိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လုချင်ရှန်းသည် နှောင့်နှေးမနေရဲချေ။ သူက အလွန်နှိမ့်ချစွာ ဦးညွှတ်ပြီး ပြောဆိုသည်။
"ဘိုးဘေးအိုကြီး... ကိစ္စကြီး တစ်ခု ဖြစ်သွားလို့ပါ... ဘိုးဘေးအိုကြီးက ကျွန်တော့်ကို ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."
ထို့နောက် သူသည် မဟာလော့ ဓားဂိုဏ်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ပြန်လည်ပြောပြလိုက်၏။
အဘိုးအိုက နားထောင်ပြီးနောက် သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ထိုအချိန်မှသာ သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အပြာရောင်ကြယ်က လုရန်အကြောင်း ငါ ကြားဖူးတယ်... အပြာရောင်ကြယ်က အထက်ဘုံတက်လှမ်းလာသူတွေနဲ့ ရင်းနှီးတဲ့သူတိုင်း သူက သူတို့ရဲ့ ဘိုးဘေးဆိုတာ သိတယ်... မင်းရဲ့ စိုးရိမ်မှုက အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး... သူ့ကို အခု မဖယ်ရှားရင် သူတို့ စုစည်းမိသွားတဲ့အချိန်ရောက်တာနဲ့ မင်း သေချာပေါက် သေရလိမ့်မယ်... အဲ့ဒါက စိတ်ဝိညာဉ်နယ်မြေကို ရှင်းလင်းနိုင်စွမ်းရှိတဲ့ ကြောက်စရာကောင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ..."
ထိုသို့ပြောပြီးနောက်...
အဘိုးအိုက လုရှောင်ယန်ကို တစ်ချက်ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် လုရှောင်ယန်သည် သူ၏အသွေးအသားနှင့် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကိုပင် အဘိုးအိုက ထွင်းဖောက်မြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဓားတာအို အခြေခံအုတ်မြစ်က တကယ်ကို ပျက်စီးသွားပြီပဲ... ဒါပေမဲ့ အရိုးတည်ဆောက်ပုံကတော့ ရှိနေသေးတယ်..."
အဘိုးအိုသည် သူ၏ နှုတ်ခမ်းများကို သပ်ကာ သူ၏ မျက်လုံးများ အနည်းငယ် တောက်ပနေပြီး လုရှောင်ယန်ကို ကြည့်ကာ ပြောလိုက်၏။
"အဲ့ဒါက ဒီဂျူနီယာ ဆန္ဒရှိတဲ့ အရာပါပဲ... သူ့ရဲ့ ဓားတာအို အခြေခံအုတ်မြစ် ပျက်စီးသွားပြီဆိုတော့ ဒီကောင်လေးရဲ့ အင်မော်တယ်လမ်းစဉ်က အဆုံးသတ်သွားပါပြီ... ဒါပေမဲ့ သူ့ရဲ့ အရိုးတည်ဆောက်ပုံက ရှိနေသေးတယ်... ကြီးမားတဲ့ အားဆေးတစ်ခုအနေနဲ့ ဘိုးဘေးအိုကြီးဆီ သူ့ကို ပေးလို့ရပါတယ်..."
လုချင်ရှန်းက ပြောလိုက်သည်။
သူ၏နံဘေးတွင်ရှိနေသော လုရှောင်ယန်သည် ဤစကားကို ကြားပြီးနောက် ဇဝေဇဝါဖြစ်မှုကို ခံစားလိုက်ရသည်။
ဒါက ဘာအဓိပ္ပာယ်လဲ....
ကျွန်တော့်ကို ဒီအဘိုးကြီးဆီ ပေးမယ်ပေါ့...
ဟင်...
အဲ့ဒါက ဘာအဓိပ္ပာယ်လဲ...
လုရှောင်ယန်သည် အဘိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး အထူးသဖြင့် သူ၏ မျက်လုံးများထဲရှိ ထူးဆန်းသော အကြည့်ကို ကြည့်ကာ တံတွေးကိုမြိုချလိုက်သည်။
သူသည် အစိမ်းရောင်ဝတ်ရုံအောက်ရှိ အဘိုးအို၏ ပေါင်ခြံကြားကို မသိစိတ်အရ တစ်ချက်ကြည့်ပြီးနောက် သူ၏စိတ်နှလုံးသား ပြင်းထန်စွာ တုန်ရီသွားတော့သည်။
ဒီအဘိုးကြီးက... မဖြစ်နိုင်ပါဘူး...
"ဟားဟား... ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... မင်းက တော်တော်လေး ရက်ရောတာပဲ... ဒီလိုဆိုမှတော့ ဒီကောင်လေးက ငါ့အပိုင်ပဲ..."
အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူသည် လက်တစ်ဖက်ဖြင့် လုရှောင်ယန်ကို လက်ယပ်ခေါ်လိုက်၏။
လုရှောင်ယန်၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ လွင့်ထွက်သွားပြီး အဘိုးအို၏နံဘေးရှိ ကြမ်းပြင်ပေါ်သို့ တောင့်တောင့်ကြီး ကျသွားတော့သည်။
လုရှောင်ယန် မျှော်လင့်ချက်မဲ့သွားသည်။ သူ ခုခံချင်သော်လည်း သူ၏ခန္ဓာကိုယ် မလှုပ်ရှားနိုင်ပေ။
သူ စကားပင် မပြောနိုင်တော့ချေ။
လုချင်ရှန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"ဒါဆို... ဘိုးဘေးအိုကြီး... မဟာလော့ ဓားဂိုဏ်းကို သိမ်းပိုက်ဖို့ ကျွန်တော့်ကို ကူညီပေးနိုင်မလား... ပြီးတော့ အဲ့ဒီလုရန်ကို သတ်ပေးပါ... အပြန်အလှန်အနေနဲ့ ခင်ဗျားရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်..."
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ...
အဘိုးအိုက ခေါင်းခါယမ်းပြီး ပြောဆိုလိုက်ခြင်းပင်။
"လီတောင်မှာ ကန့်သတ်ချက်တွေ ငါ ချထားတယ်... အချိန်တိုလေး ဖွင့်တာက အဆင်ပြေပါတယ်... ဒါပေမဲ့ ငါ လီတောင်ကနေ ထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်ဘူး... အနည်းဆုံးတော့ နောက်ထပ် နှစ်သုံးထောင်လောက်အထိပေါ့..."
ဒါက...
လုချင်ရှန်း၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။
သောက်ကျိုးနည်း...
ကျွန်တော်ရဲ့သားကိုတောင် ခင်ဗျားဆီ ပေးထားပြီးပြီကို... ခင်ဗျားက ကျွန်တော့်ကို ဒီလိုလုပ်တာလား...
ဘာမှမပေးဘဲ အလကားယူတာလား...
"ချင်ရှန်း... အရင်တုန်းက ငါ မင်းကို မိုးခြိမ်းသံဓားနည်းစနစ် ပေးခဲ့တယ်... ပြီးတော့ ဒီနေရာမှာ မင်းရဲ့ ဂိုဏ်းကို တည်ထောင်ဖို့အတွက် ကူညီပေးဖို့ ဆေးလုံးတွေ ပေးခဲ့တယ်... မင်းကို ငါ ဘယ်လို ဆက်ဆံခဲ့လဲ..."
အဘိုးအိုက ရုတ်တရက် မေးလိုက်သည်။
"ဘိုးဘေးအိုကြီးရဲ့ ကြီးမားတဲ့ ကျေးဇူးတရားကို ဒီဂျူနီယာ မမေ့ဝံ့ပါဘူး..."
လုချင်ရှန်းက အလျင်အမြန် ပြောလိုက်၏။
အဘိုးအို၏အကြည့် ရုတ်တရက် အေးစက်သွားပြီး သူက ဆက်ပြောသည်။
"ဒါဆို ဒီနှစ်ထောင်ပေါင်းများစွာအတွင်းမှာ ငါ့ဆီကို လူဘယ်နှယောက် မင်း ခေါ်လာခဲ့လဲ..."
လုချင်ရှန်း အနည်းငယ် နေရခက်သွားသည်။
သူသည်လည်း ကြောက်ရွံ့မှုတချို့ကို ခံစားလိုက်ရပြီး အလျင်အမြန် ပြောလိုက်သည်။
"ဒီဂျူနီယာ မကြိုးစားခဲ့တာ မဟုတ်ပါဘူး... အဲ့ဒါက... ထူးချွန်တဲ့ အရိုးတည်ဆောက်ပုံ ရှိတဲ့သူတွေက အများအားဖြင့် သူတို့ကို ကာကွယ်ပေးမယ့် အင်အားကြီးမားတဲ့ အင်အားစုတွေ ရှိတတ်တယ်... ပြီးတော့ သူတို့ကလည်း အင်မော်တယ်နယ်ပယ်မှာ ရှိနေရမယ်လေ... သူတို့ကို ရှာဖို့က အရမ်းခက်ခဲပါတယ်..."
ထိုသို့ပြောဆိုပြီးနောက်...
အဘိုးအိုသည် အတိတ်က စွမ်းဆောင်ရည်ကို ဖော်ထုတ်ပြီး သူနှင့် အပေးအယူလုပ်နေကြောင်း သူ သဘောပေါက်သွားပုံရသည်။
ထို့ကြောင့် သူက ပြောဆိုလိုက်၏။
"ဒါပေမဲ့ ဘိုးဘေးအိုကြီး စိတ်ချပါ... တကယ်လို့ မဟာလော့ ဓားဂိုဏ်းကို ကျွန်တော် သိမ်းပိုက်နိုင်ရင်... မဟာမူလဘူတ ခရမ်းဓားသိုင်းကို သင်ယူပြီး ဂိုဏ်းနှစ်ခုကို ပေါင်းစည်းပြီးတာနဲ့ ကျွန်တော် ရှာဖွေရတဲ့ အခက်အခဲက အများကြီး လျော့ကျသွားမှာပါ..."
ထိုစကားကို ကြားသောအခါ...
အဘိုးအိုက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"မင်း ကတိတည်ဖို့ ငါ မျှော်လင့်တယ်... ငါ ဒီလီတောင်ကနေ မထွက်နိုင်လို့ မင်းကို မသတ်နိုင်ဘူးလို့ မထင်နဲ့... မင်းကို ငါ ကြီးထွားလာအောင် လုပ်ပေးနိုင်သလို ဖျက်ဆီးပစ်လို့လည်း ရတယ်... မင်း လိမ္မာရေးခြားရှိရှိနေဖို့ ငါ မျှော်လင့်တယ်..."
လုချင်ရှန်းသည် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။
"ဒီဂျူနီယာက မဝံ့ရဲပါဘူး..."
အဘိုးအိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"ငါ မင်းကို ကူညီနိုင်တယ်... ဒါပေမဲ့ လောလောဆယ် လီတောင်ကနေ ငါ ထွက်သွားမှာ မဟုတ်ဘူး... ဒီလိုလုပ်ရင် ဘယ်လိုလဲ... မဟာလော့ ဓားဂိုဏ်းက ကျွမ်းကျင်သူအားလုံးကို မင်းရဲ့ ဓားအမိန့်နန်းဆောင်ကို မျှားခေါ်လိုက်... အဲ့ဒီလုရန်ကိုရောပေါ့... အဲ့ဒီအချိန်ကျရင် သူတို့ကို ငါ ကိုယ်တိုင် သတ်ပစ်မယ်... ဘယ်လိုလဲ..."
လုချင်ရှန်း၏မျက်လုံးများ တောက်ပသွားသည်။
သေချာပေါက် ကောင်းတာပေါ့...
မဟာလော့ ဓားဂိုဏ်း ကျွမ်းကျင်သူတွေနဲ့ လုရန် သေသွားတာနဲ့ မဟာလော့ ဓားဂိုဏ်းက ငါ့လက်ထဲကို ရောက်လာမှာပဲ...
"ဒါပေမဲ့ ဘိုးဘေးအိုကြီး... စုယွဲ့လင်ကိုတော့ မသတ်ရဘူးနော်... ကျွန်တော်... အင်း..."
လုချင်ရှန်း တွန့်ဆုတ်သွားသည်။
အဘိုးအိုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုရှောင်ယန်ကို တစ်ချက်ကြည့်လိုက်၏။
ထို့နောက် သူက ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ငါ နားလည်ပါတယ်... စိတ်ချပါ... မင်း ပျော်ပါးဖို့အတွက် သူ့ကို အရှင်ထားခဲ့ပါ့မယ်..."
လုချင်ရှန်း အလွန်ဝမ်းသာသွားတော့သည်။ သူသည် လုရှောင်ယန်ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး ဦးညွှတ်ကာ နောက်ဆုတ်သွားလေ၏။
သူ မထွက်ခွာမီ ထပ်မံ၍ ပြောဆိုသည်။
"ဘိုးဘေးအိုကြီး... ကျေးဇူးပြုပြီး စောင့်ပါဦး... နှစ်ရက်အတွင်း သူတို့ကို လီတောင်ဆီ ကျွန်တော် မျှားခေါ်လာခဲ့ပါ့မယ်..."
လုချင်ရှန်းသည် တောင်အနောက်ဘက်မှ ထွက်ခွာသွားပြီး ကန့်သတ်ချက်ကို နောက်တစ်ကြိမ် ချိတ်ပိတ်လိုက်သည်။
လှိုဏ်ခေါင်းအတွင်း၌...
အဘိုးအိုသည် သူ၏ နှုတ်ခမ်းများကို သပ်ကာ လုရှောင်ယန်ကို ကြည့်လိုက်၏။