← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅: ဒါက ထောင်ချောက်တစ်ခုပဲ

ယနေ့ညတွင်....

လုရန်နှင့်စုယွဲ့လင်တို့ ပင်မခန်းမဆောင်တွင် စကားပြောနေကြသည်။

ယခုအချိန်တွင် လုရန်၏နယ်ပယ်သည် အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်သို့ အလိုအလျောက် တက်လှမ်းသွားခဲ့ပြီး နဂါးဝါ ဆေးလုံး၏ အထောက်အပံ့ဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ဤအမြန်နှုန်းသည် လုရန် မျှော်လင့်ထားသည်ထက် များစွာပို၍လျှင်မြန်သည်။

ထို့ပြင် ယခုချိန်၌ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် စုယွဲ့လင်ကို ကျော်လွန်သွားခဲ့လေပြီ။

အထက်ဘုံသို့ တက်လှမ်းလာသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း စိတ်ဝိညာဉ်နယ်မြေတွင် နှစ်ပေါင်း တစ်သောင်းသုံးထောင်ကြာ နေထိုင်ခဲ့သော စုယွဲ့လင်ကို သူ ကျော်လွန်သွားခဲ့သည်။

သေချာသည်မှာ သူ၏စွမ်းအားသည် တခြားအကြီးအကဲများထက်လည်း ကျော်လွန်သွားခဲ့ခြင်းပင်။

အမျိုးသမီးများသည် ငှက်ကလေးများကဲ့သို့ စုဝေးနေကြပြီး လုရန်အပေါ် သူတို့၏ အကြည့်များသည် ယခုအချိန်၌ လေးစားမှုများဖြင့် ပြည့်နှက်နေ‌ပေ၏။

စုယွဲ့လင်က သူမ၏ဆရာသည် အလွန်အစွမ်းထက်ကြောင်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြောသည်ကို သူမတို့ ကြားခဲ့ဖူးသည်။ သို့သော် သူမသည် သူ့အပေါ် တွယ်တာမှုကြောင့် ချဲ့ကားပြောဆိုနေခြင်းဖြစ်သည်ဟု သူမတို့ အမြဲတစေ ယူဆခဲ့ကြသည်။

ယခု ကြည့်ရသည်မှာ စုယွဲ့လင်သည် လျှော့ပြောထားခြင်းသာ ဖြစ်ပုံရသည်။

သူမတို့အနက်မှ မည်သူမျှ လုရန်၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်တော့ပေ။

ဆိုလိုသည်မှာ အထက်ဘုံသို့ တက်လှမ်းလာသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း လုရန်၏နယ်ပယ်သည် သူမတို့အားလုံးကို ကျော်လွန်သွားခဲ့ခြင်းပင်။

"ဆရာ... ဆရာ့မှာ အစီအစဉ်တွေ ရှိလား..."

စုယွဲ့လင်က မေးလိုက်သည်။

"လောလောဆယ်တော့ မရှိသေးဘူး... ဒါပေမဲ့ မင်းက စိတ်ဝိညာဉ်နယ်မြေမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပြီလေ... မင်းရဲ့ ဆရာကတော်နဲ့ပတ်သတ်တဲ့ သဲလွန်စတွေကိုရော ကြားထားသေးလား..."

လုရန်က မေးလိုက်သည်။

"ဆရာကတော်... ချင်ဝူယောင်းလား..."

စုယွဲ့လင်က လွှတ်ခနဲ ပြောလိုက်၏။

သူမသည် သူမ၏ ဆရာကတော်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းကတည်းက အထက်ဘုံသို့ တက်လှမ်းသွားခဲ့သောကြောင့်ပင်။

သူမသည် လုရန်၏ ပထမဆုံး တပည့်ဖြစ်ပြီး သူ၏ တာအိုလက်တွဲဖော်လည်းဖြစ်သည်။

"စိတ်ဝိညာဉ်နယ်မြေရဲ့ ပြည်နယ်ကိုးခုက ကျယ်ဝန်းတယ်... ပြီးတော့ ကျွန်မက ရှပြည်နယ်ကနေ တစ်ခါမှ မထွက်ဖူးတော့ ဆရာကတော်ကို တွေ့ခွင့်မရခဲ့ဘူး... ဒါပေမဲ့ ဆရာ စိတ်ချပါ... သူ့ရဲ့ သတင်းကို ကျွန်မ ကြားဖူးပါတယ်... သူက အလယ်ပိုင်းပြည်နယ်မှာ ရှိနေပုံရတယ်..."

စုယွဲ့လင်က ပြောလိုက်သည်။

"အလယ်ပိုင်းပြည်နယ်လား..."

လုရန် အံ့အားသင့်သွားပေ၏။

"ဟုတ်ပါတယ်... စီနီယာအစ်ကိုကုဟိုင်က စိတ်ဝိညာဉ်ဆေးပင်တစ်မျိုးကို ရှာဖွေချင်တာကြောင့် အလယ်ပိုင်းပြည်နယ်မှာ နှစ်တစ်ထောင်ကြာအောင် ခရီးသွားခဲ့ဖူးတယ်... သူ့ဆီကနေ သတင်းရခဲ့တာပါ..."

စုယွဲ့လင်က ဖြေကြားလိုက်သည်။

ကုဟိုင်ဆိုသည့် နာမည်ကို ကြားသောအခါ လုရန်၏ မျက်လုံးများ တောက်ပသွားတော့သည်။

"ကုဟိုင်လား... အဲ့ဒီဆေးအိုးလေးလား... မင်း သူ့ကို တွေ့ဖူးတယ်ပေါ့..."

လုရန်က ရယ်မောလိုက်သည်။

ဤကုဟိုင်သည် အတိတ်က ဆေးဆိုင်တစ်ဆိုင်တွင် လုရန် တွေ့ရှိခဲ့သူပင်။ သူ့ထံတွင် ဆေးဖော်စပ်ခြင်း ပါရမီရှိသည်ကို မြင်သောအခါ လုရန်က သူ့ကို အနားတွင် ခေါ်ထားခဲ့သည်။

နောက်ပိုင်းတွင် ကုဟိုင်သည်လည်း အထက်ဘုံသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေ၏။

ဤကုဟိုင်သည် ဆေးဖော်စပ်ခြင်းကို အလွန်အမင်း စွဲလမ်းနေပြီး ကျင့်ကြံခြင်းကို သူက အရန်ကိစ္စတစ်ခုအဖြစ်သာ လုပ်ဆောင်ခဲ့သည်။

သူသည် အင်မော်တယ်လမ်းစဉ်ကို စိတ်မဝင်စားသော်လည်း ဆေးလုံးများနှင့် ပတ်သက်လာလျှင် သူသည် အရက်စွဲနေသူတစ်ဦးနှင့် တူညီသည်။

"ကျွန်မတို့ မတော်တဆ ဆုံခဲ့ကြတာပါ... စီနီယာအစ်ကိုကုဟိုင်ရဲ့ ဆေးဂိုဏ်းက တာလော့တောင်ရဲ့ မြောက်ဘက် လီသုံးထောင်အကွာမှာ ရှိတယ်... တစ်ခါတစ်ရံမှာ သူက မဟာလော့ဓားဂိုဏ်းကို ကူညီဖို့အတွက် ဆေးလုံးတချို့ လာပို့ဖို့ တပည့်တွေကို စေလွှတ်တတ်တယ်... ဆရာကတော်က အလယ်ပိုင်းပြည်နယ်မှာ ရှိနေပြီး သူက တော်တော်လေး နာမည်ကြီးတယ်လို့ သူ့ဆီကနေ ကျွန်မ ကြားခဲ့တာပါ..."

စုယွဲ့လင်က ပြောလိုက်သည်။

လုရန်၏ မျက်လုံးများ တောက်ပသွားပြီး စိတ်သက်သာရာရသွားသလို အလွန်လည်း စိတ်ကျေနပ်သွားပေ၏။

သူမသည် နာမည်ကောင်းတစ်ခု ရထားပုံရသည် မဟုတ်လော....

"ကောင်းတာပေါ့... ရက်နည်းနည်းကြာရင် ငါ သွားမေးကြည့်မယ်... အဲ့ဒီဆေးအိုးလေးက တကယ်ပဲ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ခဲ့တာပဲ... နာမည်က နည်းနည်းတော့ ပေါ့ပျက်ပျက်နိုင်တယ်... ဆေးဂိုဏ်းလို့ပဲ ခေါ်တာလား... ဒါက သူ့ပုံစံပဲလေ..."

ထိုသို့ပြောဆိုပြီးနောက်....

လုရန်က သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။

"နှစ်ပေါင်း တစ်သောင်းသုံးထောင်အတွင်းမှာ ကုဟိုင်ကလွဲပြီး တခြား ဂိုဏ်းတူမောင်နှမတွေကိုကော မင်း တွေ့ဖူးသေးလား... ဘာလို့ မင်းတို့တွေက စုစည်းမနေကြဘဲ သဲပုံကြီးလို ပြန့်ကျဲနေရတာလဲ..."

စုယွဲ့လင်က ခေါင်းညိတ်လိုက်၏။ သူမ အတော်များများကို တွေ့ဖူးပြီး ဂိုဏ်းတူမောင်နှမများ တွေ့ဆုံကြသောအခါ မျက်ရည်ကျရသည်မှာ မလွဲမသွေပင်။

သို့ရာတွင်...

"အထက်ဘုံကို တက်လှမ်းလာတဲ့ ဂိုဏ်းတူမောင်နှမတွေ အားလုံးမှာ ယုံကြည်ချက် တစ်ခုတည်း ရှိကြတယ်... ဒါက ဆရာ အထက်ဘုံကို တက်လှမ်းလာမယ့်အချိန်ကို စောင့်ဖို့ပါ..."

"အထက်ဘုံကို တက်လှမ်းပြီးတဲ့နောက် စိတ်ဝိညာဉ်နယ်မြေရဲ့ ပြည်နယ်ကိုးခုအတွင်းမှာရှိတဲ့ ဘယ်အင်မော်တယ်ဆေးကြောရေး ရေကန်မှာမဆို ကျပန်းပေါ်လာတတ်တော့ နေရာအတိအကျက မသေချာဘူး..."

"အထက်ဘုံကို တက်လှမ်းလာတဲ့ လူသစ်တွေက စိတ်ဝိညာဉ်နယ်မြေကို ဝင်ရောက်လာတဲ့အချိန်မှာ သူတို့က ဘယ်လို အခြေအနေမျိုးနဲ့မဆို ကြုံတွေ့ရနိုင်တယ်..."

"ဒါကြောင့် လုံခြုံရေးအတွက် ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေက ပြည်နယ်ကိုးခုတလျှောက်မှာ ပြန့်ကျဲနေပြီးတော့ ဆရာ အထက်ဘုံကို တက်လှမ်းလာတဲ့ အခိုက်အတန့်မှာ ကာကွယ်မှု ပေးနိုင်ဖို့ မျှော်လင့်နေကြတာပါ..."

...

မည်သို့ပင်ဆိုစေကာမူ....

ယခုမှ အထက်ဘုံသို့ တက်လှမ်းသူတစ်ယောက်အတွက် အန္တရာယ်များ အလွန်များပြားသည်။

စိတ်ဝိညာဉ်နယ်မြေတွင် အင်မော်တယ်များ နေရာတိုင်းတွင် ရှိနေသည် မဟုတ်သော်လည်း ထိပ်သီးပုဂ္ဂိုလ် အများအပြား ရှိနေသည်မှာ သေချာပေါက်ပင်။

လုရန် အထက်ဘုံသို့ တက်လှမ်းပြီးနောက် သတင်းအချက်အလက် မရှိဘဲ အန္တရာယ်ကို ခံစားရမည်အား သူတို့ ခွင့်မပြုနိုင်ပေ။

သို့သော် ယခု ကြည့်ရသည်မှာ...

ဤသည်က လုံးဝမလိုအပ်ချေ။

သူ အထက်ဘုံသို့ တက်လှမ်းလာသည်မှာ နှစ်ရက်သာ ရှိသေးပြီး သူသည် အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေလေပြီ။

ထို့ပြင် သူသည် အလေးအနက်ထား၍ ကျင့်ကြံသည် မဟုတ်ဘဲ အိပ်ရာထနောက်ကျရန်ပင် အချိန်ရသေးပေ၏။

ဤအမြန်နှုန်းနဲ့ဆိုရင် သူ ရက်အနည်းငယ်အတွင်း ရွှေအင်မော်တယ်အဖြစ် တက်လှမ်းသွားနိုင်သည်။

"မင်းတို့အားလုံး ခက်ခဲခဲ့မှာပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... အခု ငါ ရောက်နေပြီဆိုတော့ မင်းရဲ့ ဆရာကတော်ကို ရှာတွေ့တာနဲ့ ဂိုဏ်းက စုစည်းသွားမှာပါ..."

လုရန်က ပြောလိုက်သည်။

စုယွဲ့လင် ချက်ချင်းစိတ်လှုပ်ရှားသွားတော့သည်။

ဤသည်မှာ စုယွဲ့လင်နှင့် အပြာရောင်ကြယ်မှ အထက်ဘုံတက်လှမ်းသူများအားလုံး၏ တူညီသောဆန္ဒပင်။

စုမေတို့လူစုသည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးများထဲရှိ အံ့အားသင့်မှုကို ကျန်တစ်ယောက် မြင်တွေ့မိလေ၏။

စိတ်ဝိညာဉ်နယ်မြေတွင် အဆင့်အတန်းတချို့ရှိသူတိုင်းသည် အပြာရောင်ကြယ်ဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိထားကြသည်။ အကယ်၍ သူတို့သာ အတူတကွ စုစည်းမိသွားပါက စိတ်ဝိညာဉ်နယ်မြေ၏ ပြည်နယ်ကိုးခုတလျှောက် ထင်ရာစိုင်းနိုင်ရန် လုံလောက်ပေလိမ့်မည်။

ဤအချိန်တွင်...

ဓားအမိန့်နန်းဆောင်မှ လူများ ရောက်ရှိလာကြောင်း တပည့်တစ်ဦးက ရုတ်တရက် လာရောက်သတင်းပို့သည်။

"ဓားအမိန့်နန်းဆောင်က လူတွေလား... သူတို့ ဘာလို့ ဒီအချိန်ကြီး ရောက်လာရတာလဲ... ငြိမ်းချမ်းရေး လုပ်ဖို့လား..."

စုမေက ဇဝေဇဝါဖြင့် မေးလိုက်၏။

"ဖြစ်နိုင်ချေ အများဆုံးပဲ... သူတို့က မဖျက်သိမ်းချင်တော့ ငြိမ်းချမ်းရေး လုပ်ရုံပဲ ရှိတော့တာပေါ့..."

စုယွဲ့လင်က ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက လုချင်ရှန်းရဲ့ စရိုက်နဲ့ မတူဘူး... သူက လက်စားချေတတ်တဲ့သူလေ... လုရှောင်ယန်ရဲ့ ဓားတာအို အခြေခံအုတ်မြစ် ဖျက်ဆီးခံလိုက်ရတာဆိုတော့ သူက အမုန်းတရားတွေ သိမ်းဆည်းထားမှာပဲ... ဘာလို့ သူတို့က အရှက်မရှိ ငြိမ်းချမ်းရေး လာလုပ်ရမှာလဲ..."

စုမေက စဉ်းစားဟန်ဖြင့် ပြောဆိုသည်။

မကြာမီမှာပင် ဓားအမိန့်နန်းဆောင်မှ တပည့် ရောက်ရှိလာသည်။

သူသည် အရေးမပါသော သတင်းပို့သူ တစ်ဦးမျှသာဖြစ်ပြီး အင်မော်တယ်နယ်ပယ်တွင်ပင် မရှိချေ။

"ဓားအမိန့်နန်းဆောင် ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ မဟာလော့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို မနက်ဖြန် ဓားအမိန့်နန်းဆောင်ကို လာဖို့ ငါတို့ရဲ့ နန်းဆောင်သခင်က ဖိတ်ကြားလိုက်ပါတယ်..."

ထိုတပည့်က တိုက်ရိုက်ပြောဆိုသည်။

အို...

အဲ့ဒီကောင်က တကယ်ကြီး ဖျက်သိမ်းချင်တာလား...

ဒါပေမဲ့ သူတို့ ဖျက်သိမ်းချင်ရင်လည်း ဖျက်သိမ်းလိုက်ရုံပေါ့... ဘာဆွေးနွေးစရာ ရှိလို့လဲ...

"တခြားကိစ္စ ရှိသေးလား..."

စုမေက မေးလိုက်သည်။

တပည့်က ခေါင်းယမ်းလိုက်ပြီး ဤသည်က တစ်ခုတည်းသော သတင်းဖြစ်ကြောင်း အချက်ပြလိုက်သည်။

"နားလည်ပြီ... နင် သွားလို့ရပြီ..."

စုယွဲ့လင်က လက်ဝှေ့ယမ်းပြလိုက်သည်။

ထိုတပည့် ထွက်သွားပြီးနောက် စုမေက ချက်ချင်း ပြောလိုက်၏။

"ထောင်ချောက်တစ်ခုပဲ... အဲ့ဒါက သေချာပေါက် ထောင်ချောက်တစ်ခုပဲ... ငါတို့ သွားလို့ မရဘူး..."

စုယွဲ့လင်နှင့် တခြားသူများသည်လည်း ထိုအချက်ကို သဘောတူကြသည်။

သို့သော် လုရန်က ပြောဆိုသည်။

"အဲ့ဒါက ဘယ်လို ထောင်ချောက်မျိုး ဖြစ်နိုင်မှာလဲ... မနက်ဖြန် ငါတို့ သွားကြည့်ကြတာပေါ့..."

သူ ဘဝင်မြင့်ပြီး သတိလက်လွတ် ဖြစ်နေခြင်း မဟုတ်ချေ။ လက်ရှိချိန်၌ လုရန်၏ နယ်ပယ်သည် လုချင်ရှန်းနှင့် တန်းတူဖြစ်နေလေပြီ။ မနက်ဖြန်တွင် သူသည် သူတို့ကို ခြေမွဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်လာမည်မှာ သေချာပေါက်ပင်။

ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်နှင့် ပေါင်းစပ်လိုက်ချိန်၌ သူသည် သူတို့ကို ဖိနှိပ်ကာ သတ်ဖြတ်နိုင်ပေမည်။

ဘယ်လို ပူးပေါင်းကြံစည်မှုပဲ ဖြစ်ဖြစ် လုချင်ရှန်း သေသွားတာနဲ့ ဓားအမိန့်နန်းဆောင်က သဲပုံကြီးလို ဖြစ်သွားလိမ့်မယ်...

အင်မော်တယ် နည်းစနစ်ဖြစ်သော အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်အတွက် သူ လေ့ကျင့်ရန် ရွှေအင်မော်တယ်တစ်ဦးမျှ မရှိခြင်းက နှမြောစရာပင်။

ဒါက တကယ့်ကို နှမြောစရာပဲ...

နောက်ထပ် ရက်အနည်းငယ်အတွင်း လုရန်သည် ရွှေအင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ချေရှိသည်။

ရွှေအင်မော်တယ်နယ်ပယ်တွင် ရှိနေစဉ် ရွှေအင်မော်တယ်တစ်ဦးကို သတ်ဖြတ်ခြင်းသည် ကောင်းမွန်သော်လည်း ယခုလောက် စိတ်ကျေနပ်စရာ ကောင်းမည် မဟုတ်ပေ။

ဤအချိန်တွင် ဓားအမိန့်နန်းဆောင်၌....

လုချင်ရှန်းသည် အကြီးအကဲများအားလုံးကို စုစည်းလိုက်၏။

"နန်းဆောင်သခင်... ခင်ဗျား ပြန်လာပြီးတဲ့နောက် သခင်လေး အတူတူ ပြန်လာတာကို ကျွန်တော်တို့ မတွေ့ရဘူး... သူက..."

တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ထိုလူ၏စကားမဆုံးခင်မှာပင် လုချင်ရှန်း၏ အေးစက်သော အကြည့်က ကျရောက်သွားသည်။

တစ်ဖက်လူသည် ချက်ချင်းဆိုသလိုပင် အသိတရားရှိစွာ ပါးစပ်ပိတ်သွားတော့သည်။

လုချင်ရှန်းသည် ထိုကိစ္စနှင့် ပတ်သက်၍ များများစားစား ရှင်းပြခြင်း မရှိချေ။

သူက ပြောဆိုသည်။

"မဟာလော့ဓားဂိုဏ်းကို သတင်းပို့ပြီးပြီ... တကယ်လို့ သူတို့ မလာရင် ငါတို့ တခြားနည်းလမ်း စဉ်းစားရလိမ့်မယ်..."

သတင်းပို့ရုံသက်သက်ဖြစ်သဖြင့် သူတို့ လာမည် မလာမည်ကို လုချင်ရှန်း အတပ်မပြာနိုင်ချေ။

သူ့ထံ၌ တခြားကောင်းမွန်သော ရွေးချယ်စရာများလည်း မရှိခဲ့ချေ။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် မဟာလော့ ဓားဂိုဏ်းမှ လူများ၏ စိတ်နေသဘောထားကို သူ ကောင်းစွာသိထားသည်။

စုယွဲ့လင်တွင် နူးညံ့သော စိတ်နေသဘောထားရှိပြီး ပြဿနာရှာရသည်ကို မနှစ်သက်ပေ။ လီတောင်ကို တိုက်ခိုက်ရန် လူများကို ခေါ်ဆောင်လာခြင်းက ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် သူ ဖိတ်ခေါ်ရုံသာ တတ်နိုင်တော့သည်။

သူတို့မလာပါက သူ တခြားနည်းလမ်းကို စဉ်းစားရပေမည်။

"သူတို့ လာရင်ကော..."

အကြီးအကဲတစ်ဦးက မေးလိုက်သည်။

"ဒါဆိုရင် သူတို့ ဒီနေရာမှာ ထာဝရ နေရလိမ့်မယ်... အနာဂတ်မှာ မဟာလော့ ဓားဂိုဏ်းက ငါ့ရဲ့ ဓားအမိန့်နန်းဆောင်အပိုင် ဖြစ်လာလိမ့်မယ်..."

လုချင်ရှန်းက အေးစက်စက် ရယ်မောကာ ပြောလိုက်၏။

အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် တစ်စုံတစ်ယောက်က ပြောဆိုသည်။

"ဂိုဏ်းအကာအကွယ် ဝင်္ကပါကို ကျွန်တော် အသက်သွင်းလိုက်မယ်... ချုံခိုတိုက်ခိုက်မှုနဲ့ ဝင်္ကပါ တစ်ခုကို ပြင်ဆင်ထားမယ်... တကယ်လို့ သူတို့ မနက်ဖြန် တကယ်ကြီး ရောက်လာရင်..."

သူ၏စကားမဆုံးခင်မှာပင်....

လုချင်ရှန်းက လက်ဝှေ့ယမ်းပြပြီး ပြောဆိုသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဘာမှလုပ်စရာ မလိုဘူး... မနက်ဖြန် ဂိုဏ်းတံခါးတွေကို ဖွင့်ထားပြီး သူတို့လာမယ့်အချိန်ကို စောင့်နေလိုက်..."

လုချင်ရှန်းသည် တိုက်ခိုက်ရန် ဆန္ဒမရှိပေ။

အကယ်၍ သူ တိုက်ခိုက်လိုလျှင် သူ၏လူများကို ခေါ်ဆောင်သွားပြီး တိုက်ခိုက်ပြီး ဖြစ်ပေမည်။ အနောက်ဘက်တောင် ဘိုးဘေးအိုကြီးကို အကူအညီတောင်းရန် သူ ဒုက္ခခံနေမည် မဟုတ်ချေ။

သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် စုယွဲ့လင်ထက် အနည်းငယ် ပို၍မြင့်မားသော်လည်း သူမနှင့်တခြား အမျိုးသမီးများတွင် အတော်အသင့် စွမ်းအား ရှိကြသည်။ စုယွဲ့လင်တွင် မဟာမူလဘူတခရမ်းဓားနည်းစနစ်လည်း ရှိနေသည်။ အကယ်၍ သူတို့ အမှန်တကယ် တိုက်ခိုက်ကြပါက နှစ်ဖက်လုံး ထိခိုက်နစ်နာပေမည်။

နှစ်ဖက်လုံးရှိ တပည့်များသည် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ချေ ရှိပေ၏။

ဤသည်မှာ လုချင်ရှန်း၏ အစီအစဉ်နှင့် မကိုက်ညီချေ။

ဂိုဏ်းနှစ်ခုကို သူ ပေါင်းစည်းလိုသဖြင့် တပည့်အများအပြား သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းတို့ ဖြစ်သွားပါက ဤသည်မှာ အလဟဿ ဖြစ်သွားမည် မဟုတ်လော...

ထို့အပြင် သူကိုယ်တိုင်လည်း မည်သည့်အန္တရာယ်ကိုမျှ မစွန့်စားလိုချေ။

"ဒါပေမဲ့ ငါတို့ ဘာမှ မပြင်ဆင်ထားရင် သူတို့ ရောက်လာတဲ့အချိန်ကျရင် ဘာလုပ်ကြမလဲ... စုယွဲ့လင်နဲ့ တခြားသူတွေကို ဒီအတိုင်းသတ်ဖို့ ကြိုးစားတာက နည်းနည်းခက်ခဲနိုင်တယ် မဟုတ်လား..."

အကြီးအကဲတစ်ယောက်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ငါပြောတဲ့အတိုင်းသာ လုပ်... ငါ့မှာ နည်းလမ်း ရှိပါတယ်..."

လုချင်ရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

All Chapters