အခန်း ၁၆
Vol. 2 Ch. 16
အခန်း ၁၆: ရွှေအင်မော်တယ်များကို အနည်းငယ် ပစ်မှတ်ထားခြင်း
နောက်တစ်နေ့တွင် လုရန် စောစီးစွာ နိုးထလာသည်။
သူ အလိုအလျောက် နိုးလာခြင်း မဟုတ်ဘဲ စုယွဲ့လင်၏ မြေကြီးတုန်မတတ် တံခါးခေါက်သံကြောင့် အတင်းအကြပ် နိုးလာရခြင်းဖြစ်သည်။
လုရန်က အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်ပြီး စိတ်မကြည်မလင်ဖြင့် တံခါးဖွင့်လိုက်သည်။
"မနက်စောစောစီးစီး ငါ့ဝိညာဉ်ကို ခေါ်နေတာလား... ငါ့ကို ကောင်းကောင်းလေး အိပ်ခွင့်မပေးနိုင်ဘူးလား..."
လုရန်က ညည်းတွားလိုက်သည်။
"အို... ဆရာ... ဒီနေ့ ဘာနေ့လဲဆိုတာ မေ့သွားပြီလား... ကျွန်မတို့ ဓားအမိန့်နန်းဆောင်ကို သွားမှာလေ..."
စုယွဲ့လင်က တခစ်ခစ်ရယ်မောပြီး ပြောလိုက်၏။
"အော်... ဟုတ်သားပဲ... ဒါပေမဲ့ ဒီလောက် စောစောထစရာ မလိုပါဘူး..."
လုရန်က မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။
ထို့နောက် သူ၏နယ်ပယ်ကို စစ်ဆေးရန် ဤအခွင့်အရေးကို သူ ယူလိုက်သည်။
မဆိုးဘူး... တစ်ညအိပ်ပြီးနောက် အဆင့်မြင့် အင်မော်တယ်နယ်ပယ် အဋ္ဌမအဆင့်ကို ရောက်နေပြီ။
ဒီနှုန်းနဲ့ဆိုရင် မနက်ဖြန် မနက်လောက်ကျရင် ငါ ရွှေအင်မော်တယ်နယ်ပယ်ကို ရောက်နိုင်လား...
သူက လှည့်ကြည့်လိုက်ရာ စုမေနှင့် အခြားသူများသည်လည်း အဆင်သင့်ဖြစ်နေကြပြီကို တွေ့လိုက်ရသည်။
အလှလေးတစ်စု စောင့်ဆိုင်းနေသဖြင့် လုရန် အနည်းငယ် ပို၍ခွန်အားဖြစ်လာသည်ဟု ခံစားမိပေ၏။
"လူတိုင်း အဆင်သင့်ဖြစ်နေပြီဆိုတော့ သွားကြစို့..."
လုရန်က ပြောလိုက်သည်။
ထို့နောက် သူက သမ်းဝေလိုက်သည်။
စုယွဲ့လင်က သူ၏လက်မောင်းကို ချစ်စနိုးဖြင့် တွဲကာ အိမ်ငယ်လေးထဲမှ ထွက်လာခဲ့သည်။
ထို့နောက် စုယွဲ့လင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ခါးမှ အဖြူရောင် ပိုးကြိုးတစ်ချောင်း ပျံလွင့်လာပြီး ကောင်းကင်သို့တိုင်အောင် မြင့်တက်သွားကာ ကြီးမားသော ပိုးထည်တစ်ခုအဖြစ် လူးလွန့်ပြောင်းလဲသွားသည်။
"ဆရာ... ဒါက စိတ်ဝိညာဉ်ရတနာလေ... ကျွန်မ အကြိုက်ဆုံး တန်ရှောင်းရတနာပိုးထည်ပဲ..."
စုယွဲ့လင်က ရယ်မောပြီး ပြောလိုက်သည်။
"မဆိုးဘူး... ကြည့်ရတာ တော်တော်လေး ကောင်းတယ်..."
လုရန်က မှတ်ချက်ပေးလိုက်သည်။
ထို့နောက် သူတို့အုပ်စုသည် တန်ရှောင်း ရတနာပိုးထည်ပေါ်သို့ ခုန်တက်ပြီး ကောင်းကင်သို့ ပျံသန်းသွားကြ၏။
ဤလှုပ်ရှားမှုက လုချင်ရှန်း၏ဆန္ဒကို အမှန်တကယ် ဖြည့်ဆည်းပေးလိုက်သည်။ စုယွဲ့လင်သည် မဟာအကြီးအကဲများနှင့် လုရန်တို့နှင့်အတူ အင်အားအပြည့်ဖြင့် ထွက်ခွာလာခဲ့လေပြီ။။
သေချာသည်မှာ သူတို့ မထွက်ခွာမီက မဟာလော့ ဓားဂိုဏ်း၏ ဂိုဏ်းအကာအကွယ်ဝင်္ကပါကို ဖွင့်ထားပြီး ဖြစ်သည်။
အကယ်၍ အစွမ်းထက်သော ရန်သူတစ်ဦး တိုက်ခိုက်လာပါက သူတို့ကို အချိန်အတော်ကြာ တားဆီးထားနိုင်ပေမည်။
ဓားအမိန့်နန်းဆောင်သည် ဤနေရာနှင့် သိပ်မဝေးသဖြင့် သူတို့ ပြန်လာရန် အချိန်အလုံအလောက် ရရှိသည်။
"ဆရာ... မနေ့ညက ကျွန်မနဲ့ စုမေ တစ်ညလုံး ဆွေးနွေးခဲ့ကြတယ်... ဒီခရီးစဉ်က ထောင်ချောက်တစ်ခု ဖြစ်နိုင်ခြေများတာမလို့ ကျွန်မတို့က သတိထားရမယ်..."
စုယွဲ့လင်က လုရန်ကို ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... သူတို့ တိုက်ချင်ရင် တိုက်ရုံပေါ့... တောင်တစ်လုံးမှာ ကျားနှစ်ကောင် နေလို့မရဘူး... အဲ့ဒီကောင်က သူ့ရဲ့ဂိုဏ်းကို တည်ထောင်ကတည်းက ချက်ချင်း ရှင်းပစ်ခဲ့သင့်တာ... မင်းရဲ့ စိတ်နေသဘောထားက အခုထိ သိပ်မပြတ်သားသေးဘူး..."
လုရန်က ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် မိုးကုပ်စက်ဝိုင်းကို ကြည့်ကာ သူက ဆက်ပြောသည်။
"ဒီနေ့ ထောင်ချောက်ဖြစ်ဖြစ် မဖြစ်ဖြစ် ဓားအမိန့်နန်းဆောင်ကို သေချာပေါက် ဖျက်ဆီးပစ်ရမယ်..."
အကြီးအကဲများသည်လည်း လုရန်ကို ကြည့်နေကြ၏။ ယခုအချိန်၌ လုရန်သည် သူတို့၏အမာခံကျောရိုး ဖြစ်နေလေပြီ။
သူသည် သူမတို့အနက် ကျင့်ကြံခြင်းစွမ်းအား အမြင့်မားဆုံးသူလည်း ဖြစ်နေသည်။
သူမတို့သည် လုရန်၏နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်သော်လည်း သူ၏အရှိန်အဝါသည် မနေ့ညကထက်ပင် ပို၍အားကောင်းနေပုံရသည်။
တစ်ချိန်တည်းမှာပင် လုရန်သည် ယနေ့ တက်ရောက်စာရင်းသွင်းရန် မေ့နေသေးကြောင်း သတိရသွားသည်။ ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး တက်ရောက်စာရင်းသွင်းရန် ရွေးချယ်လိုက်သည်။
ဒင်...
【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်....ဤတက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်စေပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ကျင့်ကြံခြင်း ဆုလာဘ် ၁၀ ဆ ရရှိပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ဖီးနစ်မြည်သံ ကောင်းကင်ကိုးထပ် ဆေးလုံးကို ရရှိပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...အင်မော်တယ် နည်းစနစ်ဖြစ်သော မင်ဝမ်ရုပ်ခန္ဓာကိုယ်ကို ရရှိပါသည်】
"ယေး... နောက်ထပ် အမြင့်ဆုံးရမှတ်တစ်ခုပဲ..."
လုရန်က အော်ဟစ်လိုက်သည်။
သူ အထက်ဘုံသို့ တက်လှမ်းလာသည်မှာ လေးရက်ကြာမြင့်ခဲ့လေပြီ။ သူ လေးကြိမ် တက်ရောက်စာရင်းသွင်းခဲ့ပြီး အမြင့်ဆုံးရမှတ် နှစ်ကြိမ် ရရှိခဲ့သည်။
ငါ့ရဲ့ကံတွေ သောက်ရမ်းကောင်းနေတာလား... ဒါမှမဟုတ် စိတ်ဝိညာဉ်နယ်မြေကို ရောက်လာကတည်းက ဖြစ်နိုင်ခြေ မြင့်တက်လာတာလား...
"အမြင့်ဆုံးရမှတ်... ဘာလဲ... အမြင့်ဆုံးရမှတ်ဆိုတာ ဘာလဲ..."
စုယွဲ့လင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"အို... ဘာမှမဟုတ်ပါဘူး... ပျံသန်းတာကိုပဲ အာရုံစိုက်ပြီး လမ်းကြည့်ပါဦး..."
လုရန်က ပေါ့ပေါ့ဆဆ ပြောလိုက်သည်။
စုမေနှင့်တခြားသူများသည် သူတို့၏ရှေ့ရှိ မနေ့ညကထက် အရှိန်အဝါ ပို၍အားကောင်းနေပြီးသော လုရန်၏အရှိန်အဝါ ရုတ်တရက် ပို၍မြင့်တက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
လုရန်၏နယ်ပယ်သည် အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေလေပြီ။
ဤခံစားချက်မှာ အလွန်သိသာထင်ရှားလှပြီး စုမေတို့လူစုကို စိတ်ဓာတ်ကျစေခဲ့သည်။
အင်မော်တယ်နယ်မြေတွင် တိုးတက်မှုအဆင့်တိုင်းအတွက် နှစ်တစ်ထောင်ခန့် ခါးသီးစွာ ကျင့်ကြံရန် လိုအပ်သည်။
ဘာလို့ လုရန်အလှည့်ကျမှ ဆက်တိုက်မြင့်တက်သွားရတာလဲ... ပါရမီအားကောင်းရင်တောင်မှ ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလေ... သူ ဘယ်လိုလုပ်လိုက်တာလဲ...
ဤအချိန်တွင် လုရန်သည် သူ အသစ်ရရှိထားသော ဆုလာဘ်များကို စတင်၍ လေ့လာနေပေ၏။
ဖီးနစ်မြည်သံ ကောင်းကင်ကိုးထပ် ဆေးလုံး..
ထိုအရာကို တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်တစ်ခုမှ ပေးအပ်ထားခြင်းဖြစ်သဖြင့် အမှိုက် မဟုတ်သည်မှာ သေချာပေါက်ပင်။
ဖော်ပြချက်အရ ထိုဆေးလုံးကို ရွှေအင်မော်တယ်တစ်ဦးက မဟာပေါင်းစည်းခြင်းအင်မော်တယ်နယ်ပယ်သို့ အဆင့်တက်ရာတွင် အသုံးပြုနိုင်သည်။ ထိုအရာတွင် တာအိုလှိုင်းဂယက် အနည်းငယ်ပါဝင်ပြီး ရွှေအင်မော်တယ်တစ်ဦးကို မဟာပေါင်းစည်းခြင်းအင်မော်တယ်အဖြစ် တက်လှမ်းရန် ကူညီပေးနိုင်ပေ၏။
"ရွှေအင်မော်တယ်ကနေ မဟာပေါင်းစည်းခြင်းအင်မော်တယ်ကို အဆင့်တက်တာက တိုက်ရိုက်မဟုတ်ဘူးလား..."
လုရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဆရာက ဘာလို့ မဟာပေါင်းစည်းခြင်းအင်မော်တယ်အကြောင်း အခုတည်းက လေ့လာနေတာလဲ... ကျွန်မလည်း အဲ့ဒါတွေကို သိပ်မရှင်းဘူး... ဒါပေမဲ့ မဟာပေါင်းစည်းခြင်းအင်မော်တယ်တွေက ကောင်းကင်တာအိုနဲ့ သဟဇာတဖြစ်တယ်လို့ ကောလာဟလတွေ ရှိတယ်... အဆင့်တက်ဖို့ဆိုရင် ကောင်းကင်တာအို အခွင့်အရေးကို ဉာဏ်အလင်းပွင့်ဖို့ လိုတယ်လေ..."
စုယွဲ့လင်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
ဉာဏ်အလင်းပွင့်ဖို့ဆိုတာကလည်း ပြောရခက်ပါတယ်...ညတွင်းချင်း ဉာဏ်အလင်းပွင့်ဖို့ ဖြစ်နိုင်သလို အဆင့်မတက်နိုင်ဘဲ နှစ်ထောင်ပေါင်း သောင်းပေါင်းများစွာကြာအောင် ပိတ်မိနေနိုင်တာပဲလေ...
လုရန်က တံတွေးမြိုချလိုက်ပြီး သူ၏ စိတ်ထဲတွင် တွေးတောလိုက်သည်။
'အင်မော်တယ် ဆေးလုံးဖြစ်ဖို့ ထိုက်တန်တာပဲ'
ကောင်းကင်တာအို အခွင့်အရေးကို ရရှိရန် ဉာဏ်အလင်းပွင့်ရမည်ကဲ့သို့ အရာများကို သူ အလွန်မုန်းတီးသည်။
အထက်ဘုံသို့ တက်လှမ်းရန် အခွင့်အရေး၏ အရိပ်အယောင်ကို မခံစားနိုင်ခဲ့သောကြောင့် အောက်ဘုံတွင် သူသည် နှစ်ပေါင်းတစ်သိန်းကြာ တက်ရောက်စာရင်းသွင်းခဲ့ရပေ၏။
ဤဆေးလုံးကို ကြိုတင်၍ပေးထားသော်လည်း လုရန်၏ နယ်ပယ်သည် လျင်မြန်စွာ မြင့်တက်လာနေပြီး မကြာမီ အသုံးပြုရလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူသည် ဉာဏ်အလင်းပွင့်ရန် မလိုအပ်ဘဲ တိုက်ရိုက်အဆင့်တက်နိုင်ပေမည်။ ထိုအရာကို ကြိုတင် ပြင်ဆင်မှုအဖြစ် ယူဆနိုင်ပေ၏။
ထို့နောက် လုရန်က အင်မော်တယ်နည်းစနစ်ကို စတင်၍ လေ့လာလိုက်သည်။
ယခင် အင်မော်တယ် နည်းစနစ်မှာ အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်ပင်။ ထိုနည်းစနစ် အနည်းငယ် ထူးဆန်းကာ ရွှေအင်မော်တယ်တစ်ဦးကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်သဖြင့် အလွန်ရူးသွပ်စရာကောင်းလှသည်။ ဤအင်မော်တယ် နည်းစနစ်က ဘယ်လိုဖြစ်မလဲဆိုသည်ကို သူ သိချင်နေမိသည်။
"မင်ဝမ်ရုပ်ခန္ဓာကိုယ်... ဒါက ကာကွယ်ရေး အမျိုးအစား အင်မော်တယ် နည်းစနစ်များ ဖြစ်နေမလား..." လုရန်က တီးတိုးရေရွတ်လိုက်သည်။
နှစ်တစ်သိန်းကြာ တက်ရောက်စာရင်းသွင်းခဲ့သည့် အတွေ့အကြုံကြောင့် အမည်ကို ကြည့်ရုံဖြင့် လုပ်ဆောင်ချက်ကို ခန့်မှန်းရန် မခက်ခဲပေ။
အမှန်တကယ်ပင် ထိုသို့ဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်ကဲ့သို့ပင် ထူးဆန်းလှသည်။ လုရန်သည် သူတို့အား အိုးတစ်လုံးတည်းဖြင့် ဖန်တီးထားခြင်းလောဟုပင် သံသယဝင်မိလေ၏။
【မင်ဝမ်ရုပ်ခန္ဓာကိုယ်...မင်ဝမ်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါက မဟာမိုးကောင်းကင်အင်မော်တယ်၏ အောက်တွင် ပြိုင်ဘက်ကင်းသည်(အလိုအလျောက် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်ပြီး ရွှေအင်မော်တယ်တစ်ဦးထံမှ မည်သည့် တိုက်ခိုက်မှုပုံစံကိုမဆို ကာကွယ်နိုင်စွမ်းရှိသော်လည်း ရွှေအင်မော်တယ်များကိုသာ ကာကွယ်နိုင်သည်...ရွှေအင်မော်တယ်အောက်ရှိသူများကို အကျိုးသက်ရောက်မှု မရှိသလို ရွှေအင်မော်တယ်အထက်ရှိသူများကိုလည်း အကျိုးသက်ရောက်မှု မရှိချေ】
တိကျတယ်... သောက်ကျိုးနည်း အရမ်းကို တိကျတာပဲ...
'ဒီတက်ရောက်စာရင်းသွင်းခြင်း နှစ်ကြိမ်က ရွှေအင်မော်တယ်တွေကို နည်းနည်းပစ်မှတ်ထားနေတာ ထင်ရှားတယ်... ရွှေအင်မော်တယ်တွေက မင်းကို ဘာများ လုပ်ထားလို့လဲ...'
လုရန် ဆွံ့အသွားသည်။
အမြင့်ဆုံးရမှတ်နှစ်ကြိမ်တွင် သူ အင်မော်တယ် နည်းစနစ်နှစ်ခု ရရှိခဲ့သည်။ နည်းစနစ်တစ်ခုသည် ရွှေအင်မော်တယ်များထံမှ မည်သည့်တိုက်ခိုက်မှုကနေမဆို ကာကွယ်နိုင်ပြီး နောက်တစ်ခုကမူ ရွှေအင်မော်တယ်များကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ပေ၏။
တစ်နည်းအားဖြင့် လုရန်၏ ဘဝအဘိဓာန်တွင် ဤလောကရှိ ရွှေအင်မော်တယ်များအားလုံးသည် လုံးလုံးလျားလျား ပြီးဆုံးသွားလေပြီ။
ရွှေအင်မော်တယ်များ၏ တိုက်ခိုက်မှုအားလုံးသည် လမ်းဘေးရှိ သေမျိုးသူတောင်းစားတစ်ဦး၏ ရိုက်နှက်မှုလောက်ပင် သူ့အပေါ် နာကျင်စေမည် မဟုတ်ပေ။
ထို့ပြင် လုရန်က သူတို့ကို ပစ်မှတ်ထားလိုပါက အင်မော်တယ်ကွပ်မျက်ခြင်းဓားချက် တစ်ချက်တည်းသာ လိုအပ်ပြီး သူတို့ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေမည်။
"ဆရာ... ရှေ့မှာက လီတောင်လေ... ဓားအမိန့်နန်းဆောင်က လီတောင်ရဲ့ အနောက်ဘက်မှာ ရှိတယ်..." စုယွဲ့လင်၏အသံက လုရန်၏ အတွေးများကို ပြန်ဆွဲခေါ်လာသည်။
"အို... သွားကြတာပေါ့..."
လုရန်က ခေါင်းညိတ်လိုက်သည်။
"နေဦး..."
စုယွဲ့လင် တွန့်ဆုတ်သွားသည်။
"ဆရာ... အဲ့ဒီကိုသွားရင် ဓားအမိန့်နန်းဆောင်က အပြည့်အဝ ပြင်ဆင်ထားလောက်တယ်... ဆရာ့ရဲ့ နယ်ပယ်က ကျွန်မထက် ပိုမြင့်ပေမဲ့... ကျွန်မ နည်းနည်း အန္တရာယ်များတယ်လို့ ခံစားနေရတုန်းပဲ... ဆရာ ဒီကနေပဲ စောင့်နေပါလား... စုမေနဲ့ ကျွန်မ သွားပြီး လုချင်ရှန်း ဘာတွေ ကြံစည်နေလဲဆိုတာ သွားကြည့်လိုက်မယ်..."
ဒေါက်...
သူမ၏စကားမဆုံးခင်မှာပင် လုရန်က စုယွဲ့လင်၏ ခေါင်းကို လက်ဆစ်ဖြင့် အားကုန်ခေါက်ချလိုက်သည်။
စုယွဲ့လင်သည် နာကျင်မှုကြောင့် သူမ၏ခေါင်းကို ကိုင်ကာ လုရန်ကို ဝမ်းနည်းစွာ ကြည့်လိုက်၏။
"မင်းက အရည်အချင်းရှိလာလို့ ငါ့ကို အထင်သေးရဲနေတာလား... ငါက အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်မှာ ရှိနေတာ... အဲ့ဒီလုချင်ရှန်းကို ငါက ဘာလို့ ကြောက်ရမှာလဲ..."
လုရန်က အော်ငေါက်လိုက်သည်။
"ဒါပေမဲ့..." စုယွဲ့လင်က ချွဲနွဲ့သောလေသံဖြင့် ပြောဆိုသည်။ နှစ်ပေါင်း တစ်သောင်းသုံးထောင်အကြာမှသာ လုရန်နှင့် ပြန်လည်ဆုံတွေ့ခဲ့ရသဖြင့် စုယွဲ့လင်သည် မည်သည့်အန္တရာယ်ကိုမျှ မစွန့်စားရဲပေ။
"'ဒါပေမဲ့' တွေ ဘာတွေ လုပ်မနေနဲ့... ငါရှိနေတာကို မင်းက ဦးဆောင်စရာ မလိုဘူး... သွားမယ်... ငါတို့ အဲ့ဒီကို သွားမယ်..."
လုရန်က စိုက်ကြည့်ကာ ပြောလိုက်သည်။
စုယွဲ့လင်သည် ကူကယ်ရာမဲ့စွာဖြင့် တန်ရှောင်း ရတနာပိုးထည်ကို အရိပ်ကျနေသော လီတောင်၏ အနောက်ဘက်သို့သာ ပျံသန်းသွားစေရုံသာ တတ်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဓားအမိန့်နန်းဆောင်၏ အနောက်ဘက်ရှိ တောင်၏လှိုဏ်ခေါင်းအတွင်းတွင် ရှိနေသော ပိန်လှီလှီအဘိုးအိုသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ပြီး တီးတိုးရေရွတ်လိုက်၏။
"မဟာလော့ ဓားဂိုဏ်းက လူငယ်တွေ ရောက်လာပြီပဲ..."
အဘိုးအို၏နံဘေးတွင် ထူးဆန်းစွာ တွန့်လိမ်နေသော ပုံစံနှင့် အပေါက်များစွာရှိသည့် ခြောက်သွေ့နေသော မံမီရုပ်အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သော လုရှောင်ယန်၏အလောင်း ရှိနေသည်။