← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇: သူက တကယ်ကြီး ရွှေအင်မော်တယ်လား

ယင်တောင်၏ အနောက်ဘက် တောင်ကြားလမ်းအတွင်း၌ တောင်ကျစမ်းချောင်းနံဘေးတွင် ခမ်းနားထည်ဝါစွာ ရပ်တည်နေသော ဓားအမိန့်နန်းဆောင်ကို မြင်တွေ့နိုင်သည်။

"ဂိုဏ်းအကာအကွယ်ဝင်္ကပါကို ဖွင့်မထားဘူး... ပြီးတော့ ကင်းစောင့်နေတဲ့ တပည့်တောင် မရှိဘူး... တကယ့်ကို ပြီးပြည့်စုံတဲ့ ထောင်ချောက်တစ်ခုပဲ... ဒီလုချင်ရှန်းက တစ်ခုခုတော့ ကြံစည်နေတာ သေချာတယ်..."

စုမေက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

စုယွဲ့လင်သည် လုရန်ကို လှမ်းကြည့်လိုက်၏။

"ဝင်သွားကြတာပေါ့..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

စုယွဲ့လင်သည် အံ့ကြိတ်ကာ တန်ရှောင်းရတနာပိုးထည်ကို ထိန်းချုပ်၍ ပျံသန်းသွားရုံသာ တတ်နိုင်တော့သည်။

နန်းဆောင်သခင်၏ ပင်မခန်းမဆောင်ရှေ့တွင်...

လုချင်ရှန်းသည် ဓားအမိန့်နန်းဆောင်၏ အကြီးအကဲ အသီးသီးနှင့် တပည့်များ ခြံရံနေကာ စောင့်ဆိုင်းနေသည်။

လုရန်တို့လူစု မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး လုချင်ရှန်းကို ကြည့်လိုက်ကြ၏။

စုယွဲ့လင်က ချက်ချင်းပြောလိုက်သည်။

"အလောင်းအစားက အလောင်းအစားပဲ... တကယ်လို့ နင် ရှုံးတယ်ဆိုရင် နင့်ရဲ့ဂိုဏ်းကို ဖျက်သိမ်းသင့်တယ်လေ... ငါတို့ကို ဒီကို ဘာလို့ ခေါ်တာလဲ..."

သို့သော် သူမကို အံ့အားသင့်စေသည်မှာ...

လုချင်ရှန်းက ခေါင်းခါယမ်းပြီး အံ့အားသင့်ဟန်ဆောင်ကာ ပြောဆိုလိုက်ခြင်းပင်။

"ဖျက်သိမ်းမယ်... ဒီစကားက ဘယ်ကရောက်လာတာလဲ... အဲ့ဒီအလောင်းအစားက နောက်ပြောင်ရုံသက်သက်ပါ... ဂိုဏ်းချုပ်စုက အဲ့ဒါကို တကယ်ကြီး အလေးအနက်ထားလိုက်တာလား..."

အရှက်မရှိလိုက်တာ...

"ဟွန့်... ငါ ထင်တဲ့အတိုင်းပဲ... လုချင်ရှန်း... နင်က ဂုဏ်သိက္ခာရှိတဲ့သူ မဟုတ်ဘူး... ဒီလိုဆိုမှတော့ ငါတို့ကို ဒီနေရာဆီ ဘာလို့ ဖိတ်ခေါ်ရတာလဲ..."

စုမေက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ငါ အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ... စုယွဲ့လင်က ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာရမယ်... ပြီးတော့ မဟာလော့ဓားဂိုဏ်းက ငါ့ရဲ့ ဓားအမိန့်နန်းဆောင်နဲ့ ပေါင်းစည်းရမယ်..."

လုချင်ရှန်းက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် သူက လုရန်ဆီသို့ တစ်ချက်ကြည့်လိုက်၏။

သူ ချက်ချင်းဆိုသလိုပင် ပို၍ယုံကြည်မှုရှိလာသည်ဟု ခံစားလိုက်ရသည်။

လုရန် ရောက်လာပြီ..မဟာအကြီးအကဲ ရောက်လာပြီ... စုယွဲ့လင် ရောက်လာပြီ... ပြီးပြည့်စုံတာပဲ...

ဤသည်က တခြားအစီအစဉ်များကို စဉ်းစားရမည့် ဒုက္ခမှ သူ့ကို ကယ်တင်ပေးလိုက်သည်။

"နင် ဘယ်လို စိတ်ကူးယဉ်အိပ်မက်တွေ မက်နေတာလဲ... ယွဲ့လင်က နင့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်လို့ မျှော်လင့်နေတာလား... နင်က ထိုက်တန်လို့လားဆိုတာ သေးသွားပေါက်ပြီး ပြန်ကြည့်လိုက်ပါလား..."

စုမေက ချက်ချင်းဆိုသလိုပင် ဒေါသတကြီး ကျိန်ဆဲလိုက်၏။

ယခုအချိန်တွင် စုယွဲ့လင်က များစွာပို၍ သတိထားနေပုံရသည်။

သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဓားအမိန့်နန်းဆောင်၏ မဟာအကြီးအကဲများ ရှိနေသည့်အပြင် တပည့်များလည်း ရှိနေသည်။

ဒါပေမဲ့ ကြည့်ရတာ... ချုံခိုတိုက်ခိုက်မှု မရှိတဲ့ပုံပဲ....ဒါဆိုရင် လုချင်ရှန်းက ဒီလိုစကားတွေပြောဖို့ ဘယ်ကနေ ယုံကြည်မှုတွေ ရလာတာလဲ...

သူက တကယ်ပဲ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား...

"အပိုစကားတွေ ပြောမနေနဲ့တော့... ဒီနေရာမှာ မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ဖို့ ငါ့မှာ အားလပ်ချိန် မရှိဘူး... ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်... ဒီနေ့ ငါတို့ လာတာ မင်းတို့ရဲ့ ဓားအမိန့်နန်းဆောင်ကို ဖျက်ဆီးပစ်ဖို့ပဲ..."

လုရန်က ဝင်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ...

လုချင်ရှန်းက အားရပါးရ ရယ်မောပြီး ပြောလိုက်သည်။

"စိတ်ဝိညာဉ်နယ်မြေကို အခုလေးတင် ရောက်လာတဲ့ သာမန် အထက်ဘုံတက်လှမ်းသူတစ်ယောက်က ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့... မင်းကို ပြောပြဖို့ ငါ မကြောက်ဘူး... ငါ ပျော်ရွှင်ဖို့ ရည်ရွယ်ထားတဲ့ စုယွဲ့လင်ကလွဲလို့ ဒီကို လိုက်လာတဲ့ ကျန်တဲ့လူတွေကတော့ ပြန်ထွက်သွားရမှာ မဟုတ်ဘူး... ငါ့ရဲ့ ဓားအမိန့်နန်းဆောင်မှာ မြှုပ်နှံခံရတာက မင်းတို့အတွက် မတရားဘူးလို့ မဆိုနိုင်ဘူး..."

ဤအချိန်တွင် လုရန်ပင်လျှင် သိချင်စိတ် ဖြစ်ပေါ်လာသည်။

ဤလုချင်ရှန်းသည် သူ၏ယုံကြည်မှုကို မည်သည့်နေရာက ရလာသနည်း...

လုရန်သည် အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်တွင် ရှိနေပြီး သူ၏နယ်ပယ်သည် လုချင်ရှန်းထက် သာလွန်ကာ သူ၏လက်ထဲတွင် မွေးရာပါ ရှေးဟောင်းရတနာဖြစ်သည့် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ် ရှိနေသည်။ သူ ကြွားလုံးမထုတ်ရသေးမီမှာပင် ဤလုချင်ရှန်းက အရင်ဆုံး မောက်မာထောင်လွှားနေပေ၏။

"အရှက်မရှိ ကြွားလုံးထုတ်နေတာပဲ... အခုချက်ချင်း နင့်ရဲ့အသက်ကို ယူမယ်..."

စုယွဲ့လင်သည် ဆက်၍ သည်းမခံနိုင်တော့ဘဲ ကျောက်စိမ်းရောင် ဓားရှည်တစ်လက်က သူမ၏လက်ထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။

ထိုဓားရှည်ပေါ်တွင် အလင်းတန်းများ စီးဆင်းနေပြီး မှိုင်းညို့သော စိတ်ဝိညာဉ်ချီများ ထိုအရာ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေသည်။ ဤသည်မှာ စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်နိုင်ချေရှိပြီး မိန်းကလေးတစ်ဦး၏ အလှအပဆိုင်ရာ ခံစားမှုမျိုးနှင့် ကိုက်ညီကာ အလွန်လှပသည်။

သို့သော် သူမ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

ဝီ...

ဓားအမိန့်နန်းဆောင်၏ အနောက်ဘက်တောင်ပေါ်မှ အနက်ရောင် ချီနဂါးရှည်တစ်ကောင်သည် တိမ်တိုက်များဆီသို့ တည့်မတ်စွာ ပျံ့လွင့်သွားပြီး ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"လူငယ်လေးတချို့ရဲ့ မာနကြီးတဲ့ စကားတွေပါလား..."

အမ်...

လုရန်တို့လူစု အံ့အားသင့်သွားကြသည်။ ဤဓားအမိန့်နန်းဆောင်တွင် ကျွမ်းကျင်သူတစ်ဦး ရှိနေသေးသလော။

သူတို့၏ ဆန့်ကျင်ဘက်ရှိ လုချင်ရှန်းသည် ပို၍ပင် စိတ်လှုပ်ရှားလာပေ၏။ သူက အော်ဟစ်လိုက်သည်။

"ဒီနေ့ ဘိုးဘေးအိုကြီးဟုန်ခွေ့ ရှိနေတာဆိုတော့ ဘယ်သူက ဘယ်သူ့အသက်ကို ယူမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

စုယွဲ့လင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ဘိုးဘေးအိုကြီး ဟုန်ခွေ့ ဆိုတာက ဘာကြီးလဲ... အဲ့ဒါက ဘယ်သူလဲ...

သူမ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ထင်းခြောက်ကဲ့သို့ ညှိုးနွမ်းခြောက်ကပ်နေသော ပုံရိပ်တစ်ခုသည် မိုးကုပ်စက်ဝိုင်းမှ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အလွန် လျင်မြန်စွာ ရွေ့လျားလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လုချင်ရှန်း၏ရှေ့သို့ ရောက်ရှိလာပြီး ခါးကိုင်းကိုင်းနှင့် ပြုံးရွှင်သော မျက်နှာထားဖြင့် မတ်တတ်ရပ်နေသည်။

သူသည် သာမန် အဘိုးအိုတစ်ဦးနှင့် တူညီပြီး သူတောင်းစားအိုကြီးတစ်ဦးနှင့်ပင် ပို၍တူညီနေပေ၏။

သို့သော် စုယွဲ့လင်တို့လူစု ထိတ်လန့်တကြားဖြင့် အသက်ရှူမှားသွားကြသည်။

သူတို့သည် အဘိုးအို၏ခေါင်းနောက်ရှိ ကောင်းမှုကုသိုလ် ခရမ်းရောင်ချီအလင်းစက်ဝန်းကို မြင်လိုက်ရသည်။ ဤသည်မှာ ရွှေရောင် ဖြစ်နေပေ၏။

ထို့ပြင် ထိုစက်ဝန်း၏လှည့်ပတ်မှုသည် အနည်းငယ် နှေးကွေးနေပုံရပြီး တောက်ပသော ရတနာအလင်းတန်းများကို ထုတ်လွှတ်ထားသည်။

မဟုတ်ဘူး...

ထိုအရာကို ကောင်းမှုကုသိုလ်၏ ခရမ်းရောင်ချီဟု မခေါ်နိုင်တော့ပေ။ ဤသည်မှာ ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းပင်။

ရွှေအင်မော်တယ်တစ်ဦး၏ ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်း....

စုယွဲ့လင်၏မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားသည်။

"ဆရာ... မြန်မြန်... ပြေး... ကျွန်မ သူ့ကို တားထားပေးမယ်..."

စုယွဲ့လင်က လုရန်ကို တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

သို့သော် လက်တွေ့တွင် အဆင့်မြင့် အင်မော်တယ်တစ်ဦးက ရွှေအင်မော်တယ်တစ်ဦးကို တားဆီးရန် ကြိုးစားခြင်းမှာ ကောင်းကင်ကို တက်လှမ်းရသည်ထက် ပို၍ခက်ခဲသည်။

လုရန်သည် ထိုရွှေရောင်စက်ဝန်းကို မသိသောကြောင့် စုယွဲ့လင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

သူက မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ... အဲ့ဒီအဘိုးကြီးရဲ့ ကောင်းမှုကုသိုလ်ရဲ့ ခရမ်းရောင်ချီက ဘာလို့ အဲ့ဒီအရောင် ဖြစ်နေတာလဲ... ငါတို့ဟာထက် အများကြီး ပိုကြည့်ကောင်းတယ်လေ... သူ အဲ့ဒါကို ဘယ်လို ရသွားတာလဲ..."

စုယွဲ့လင် ငိုချင်စိတ်ပေါက်လာသည်။

အခု ဘယ်အချိန်ရှိနေပြီလဲ... အဲ့ဒီအရာက ကြည့်ကောင်းလား မကောင်းဘူးလား ဆိုတာကိုပဲ အာရုံစိုက်နေတုန်းပဲလား...

"အဲ့ဒါက ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းလေ... ရွှေအင်မော်တယ်... အဲ့ဒီအဘိုးကြီးက ရွှေအင်မော်တယ်တစ်ယောက်..."

စုယွဲ့လင်က တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။

သူမ၏စကားကို ကြားသောအခါ အဘိုးအို၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

လုချင်ရှန်းသည်လည်း မျက်ခုံးပင့်ကာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေပြီး ဘိုးဘေးက စုယွဲ့လင်မှလွဲ၍ လူတိုင်းကို ဖိနှိပ်သတ်ဖြတ်ရန် လှုပ်ရှားလာမည့်အချိန်ကို စောင့်မျှော်နေပေ၏။

"ကောင်မလေး... မင်းက စုယွဲ့လင် ဖြစ်ရမယ်...ဟုတ်တယ်မလား... စိတ်ချပါ... မင်းက အသက်ရှင်ရမှာပါ... တခြားလူတွေကတော့..."

အဘိုးအိုက မှန်းဆ၍မရသော မျက်နှာထားဖြင့် ပြောလိုက်သည်။

သို့သော် သူ၏ စကားမဆုံးခင်မှာပင်...

လုရန်က ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စုယွဲ့လင်ကို ကြည့်လိုက်သည်ကို သူ မြင်လိုက်ရသည်။

သူက မေးလိုက်သည်။

"ရွှေအင်မော်တယ်လား... တကယ်လား... ဒီအဘိုးကြီးက ရွှေအင်မော်တယ်တစ်ယောက်လား..."

အို...

စုယွဲ့လင် အံ့အားသင့်သွားသည်။

ဆရာ့ မျက်နှာပေါ်က အဲ့ဒီအမူအရာက ဘာလဲ... စိတ်လှုပ်ရှားနေတာလား... ပျော်နေတာလား...

အဲ့ဒါက ရွှေအင်မော်တယ်နော်...

အဘိုးအိုနှင့် လုချင်ရှန်းတို့သည်လည်း ဆွံ့အသွားကြသည်။ ဤတုံ့ပြန်မှုက သိပ်မမှန်ပေ။

စုယွဲ့လင်၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သောအခါ လုရန်က အဘိုးအိုကိုကြည့်ကာအော်ဟစ်လိုက်သည်။

"အဘိုးကြီး... သေချာပြောစမ်း... ခင်ဗျားက တကယ်ပဲ ရွှေအင်မော်တယ်တစ်ယောက်လား... လိမ်ရင် မိုးကြိုးပစ်ခံရမယ်..."

အဘိုးအိုက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"ငါ့နာမည်က ဟုန်ခွေ့... ငါ ဘယ်တော့မှ လိမ်မပြောဘူး... ဒီရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းကို မင်း မမှတ်မိဘူးလား..."

လုရန်၏ မျက်လုံးများ ပို၍ တောက်ပလာသည်။

သူက ကြက်တစ်ကောင် အစာကောက်နေသကဲ့သို့ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"အခုမှ မှတ်မိတယ်... အခုမှ မှတ်မိတယ်... တကယ်ပဲ ခင်ဗျားရဲ့ အရှိန်အဝါကို ကျုပ် ထွင်းဖောက်မမြင်နိုင်ဘူး... သောက်ကျိုးနည်း... တကယ်ကြီးလား... တကယ်ပဲ တည်ရှိနေတာလား... တကယ်ပဲ ရွှေအင်မော်တယ်တစ်ယောက်ပဲ... ဘုရားရေ... ဒါက တအားမိုက်တာပဲ..."

လက်ရှိနေရာတွင် ရှိနေသူတိုင်း အနည်းငယ် ကြက်သေသေသွားကြသည်။

သူတို့သည် လုရန်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ဤလူသည် မည်သည့် ကယောင်ကတမ်းစကားများကို ပြောနေသနည်း...

လုရန်၏စိတ်ထဲတွင် မည်မျှထိ စိတ်လှုပ်ရှားနေကြောင်း သူတို့ မသိခဲ့ကြပေ။

သူ၏လက်ထဲတွင် အင်မော်တယ် နည်းစနစ် နှစ်ခု ရှိသည်။

တစ်ခုက ရွှေအင်မော်တယ်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်တယ်...

တစ်ခုက ရွှေအင်မော်တယ်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ်...

တစ်နည်းအားဖြင့် သူ ဤနေရာမှာ ရပ်နေပြီး ထိုအဘိုးကြီးက သူ့ကို နေ့ရောညပါ ရိုက်နေရင်ပင် သူ၏ ဆံချည်တစ်မျှင်ကိုပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် လုရန် လှုပ်ရှားလိုက်သည်နှင့် ​ဤသည်က အင်မော်တယ်ကွပ်မျက်ခြင်း ဓားချ​က် ဖြစ်သွားပေမည်။

အန္တရာယ်အဆင့်အရ ပြောရလျှင် မီးဖိုခန်းထဲတွင် မီးမွှေးနေသော အထွေထွေလုပ်သားတပည့်များအပါအဝင် ဓားအမိန့်နန်းဆောင်ရှိ လူတိုင်းတွင် ဤအဘိုးကြီးသည် အမှန်အားဖြင့် လုရန်အတွက် အန္တရာယ်အကင်းဆုံးသူပင်။

သို့သော် လုရန်၏ တည်ငြိမ်အေးဆေးသော အမူအရာနှင့် မတူဘဲ...

စုယွဲ့လင်နှင့် အကြီးအကဲများ၏မျက်နှာများ ဖြူရော်နေကြသည်။

လုချင်ရှန်းသည် ဤမျှထိ မာနကြီးပြီး ယုံကြည်မှုရှိစွာဖြင့် သူတို့ကို ကြိုဆိုရန် ဂိုဏ်းတံခါးကို ကျယ်လောင်စွာဖွင့်ထားသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

မထင်မှတ်ဘဲ လုချင်ရှန်း၏နောက်တွင် ရွှေအင်မော်တယ်တစ်ဦး ကျောထောက်နောက်ခံ ရှိနေသည်။

ဤတစ်ကြိမ်တွင် သူမတို့သည် သေမင်း၏ လက်တွင်းသို့ အမှန်တကယ် ရောက်ရှိသွားခဲ့လေပြီ။

ရွှေအင်မော်တယ်တစ်ဦး၏ရှေ့တွင် သူမတို့ တိုက်ခိုက်ရန် နေနေသာသာ ထွက်ပြေး၍ပင် မရနိုင်ချေ။

ရွှေအင်မော်တယ်နှင့် အဆင့်မြင့်အင်မော်တယ်ကြားရှိ ကွာဟချက်မှာ ချောက်ကမ်းပါးကြီးတစ်ခုအလားပင်။

"ဆရာ... ဘာ... ဘာလုပ်ကြမလဲ... ကျွန်မတို့ ပြေးချင်ရင်တောင်... ကျွန်မ... ကျွန်မ သူ့ကို တားထားနိုင်မယ် မထင်ဘူး... တကယ်လို့... တကယ်လို့ ဆရာ့မှာ နည်းလမ်းရှိရင် မြန်မြန် ပြေးပါ..."

စုယွဲ့လင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"ပြေးရမယ် ဟုတ်လား... ငါ့နောက်မှာသာ လိမ်လိမ်မာမာနေပါ... မင်းရဲ့ ဆရာ ဒီနေရာမှာ ရှိနေမှတော့ ရွှေအင်မော်တယ်ဆိုတာ အလကားပဲ..."

လုရန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

သို့သော် စုယွဲ့လင်နှင့်တခြားသူများသည် ဤစကားများကို မယုံကြည်ကြသည်မှာ သိသာထင်ရှားလှ၏။

လုချင်ရှန်းက စိတ်မရှည်တော့သဖြင့် တိုက်တွန်းလိုက်သည်။

"ဘိုးဘေး... အချိန်က အရေးကြီးတယ်... ပြဿနာတွေ ပေါ်လာမှာကို စိုးရိမ်မိတယ်... လှုပ်ရှားရမယ့် အချိန်ရောက်ပြီ..."

All Chapters